← Chapters

လူသေပေမယ့် တာအိုက ရှင်သန်နေတယ်

Vol. 58 Ch. 813

လူသေပေမယ့် တာအိုက ရှင်သန်နေတယ်

Vol. 58 Ch. 813

"တောင်ဝင်သင်္ချိုင်းက ဘာလဲ"

ခြင်္သေ့ကြီးက စပ်စုလိုက်သောအခါ မျက်ကန်းကြီး၏ အဖြူရောင်မျက်ဆံများက လှည့်ကြည့်လာသဖြင့် အရေထူသော သူကိုယ်တိုင်ပင် အနည်းငယ် ကျောချမ်းသွားခဲ့သည်။

"တော်ဝင်သင်္ချိုင်းက ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်ရဲ့ အုတ်ဂူဖြစ်ပြီး သူ့ရဲ့ နာမည်အစစ်အမှန်ကိုတော့ ဘယ်သူမှ မသိကြဘူး။ လူတွေကတော့ သူ့ကို မဟာလမ်းစဥ် ကောင်းကင်သခင်လို့ ခေါ်ကြတယ်"

မျက်ကန်းကြီးက တိတ်ဆိတ်နေသဖြင့် လူတိုင်း၏အထင်၌ သူက မဖြေဟု ထင်ထားသော အချိန်တွင် စကားသံ ထွက်ပေါ်လာသည်။

"ကောင်းကင်သခင်တဲ့လား"

"ဟုတ်တယ်။ သူက ဘယ်ခေတ်ရဲ့ ကျင့်ကြံသူဆိုတာ ဘယ်သူမှမသိကြဘူး။ တော်ဝင်သင်္ချိုင်းကလည်း ထိပ်တန်းနယ်မြေ မရှိခင်တည်းက တည်ရှိလာတာဖြစ်ပြီး ထိပ်တန်းကြယ်သခင်တွေတောင် အတွင်းပိုင်းကို မဝင်ရဲတဲ့အတွက် အပြင်ပိုင်းမှာတင် ရတနာတွေ ရှာဖွေကြတယ်။ သူ့ရဲ့သွေးစက်တွေကနေ အဆင့်နှစ် သက်ရှိသတ္တဝါတွေ ဖြစ်ပေါ်လာတဲ့အပြင် ဆန်းကျယ်တဲ့ ဆေးပင်တွေလည်း ပေါက်ရောက်လာကြတယ်။ သွေးတစ်စက်က မရေမတွက်နိုင်တဲ့ သက်ရှိတွေကို ဖန်တီးပြီး သာမန်လူတွေအတွက် သူက ဖန်ဆင်းရှင်နတ်ဘုရားနဲ့ တူညီတယ်"

မျက်ကန်းကြီးက ဤသို့ရှင်းပြနေစဥ် မျက်တွင်းဟောက်ပက်အတွင်းမှ အလင်းရောင်များ တောက်ပနေသကဲ့သို့ ထင်မှတ်ရ၏။ သူ၏စကားကြောင့် ယဲ့ချန်က အံ့သြသွားပြီး ကောင်းကင်သခင်အသက်ရှင်စဥ်က မည်သို့သော ကျင့်ကြံသူမျိုးဖြစ်ကြောင်း စိတ်ဝင်စားလာသည်။

"ငါ သိထားသလောက်ဆိုရင် သူက လူသားတစ်ယောက်ဖြစ်ပြီး သုညပိုင်ရှင် ဖြစ်တယ်"

မျက်ကန်းကြီးက ဆန်းကျယ်စွာပြုံး၍ ပြောလိုက်သောအခါ ယဲ့ချန်က ခေါင်းမော့၍ သူ့ကို တအံ့တသြ ကြည့်လိုက်မိသည်။ တစ်ဖက်လူ၏ နောက်ခံနှင့် သရုပ်မှန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆန်းကျယ်နေပြီဖြစ်သည်။

"လူတိုင်းက သင်္ချိုင်းထဲမှာ ကောင်းကင်သခင်ရဲ့ နတ်သွေးစက်နဲ့ ဝိညာဥ်ရှိမယ်လို့ ခန့်မှန်းကြပြီး ရှေးခေတ်ထဲက ကျင့်ကြံသူတွေ အများကြီး လိုက်ရှာခဲ့ပေမယ့် အကုန်ကျရှုံးခဲ့ကြတယ်။ အတွင်းပိုင်းကို ဝင်ဖို့ဆိုရင် ကောင်းကင်သခင်ရဲ့ မျိုးဆက်ကသာ စွမ်းဆောင်နိုင်လိမ့်မယ်"

မျက်ကန်းကြီးက ယဲ့ချန်ထံ အဓိပ္ပါယ်ပါပါဖြင့် ကြည့်လာခဲ့သည်။ ကောင်းကင်သခင်၏ နတ်သွေးစက်နှင့် ဝိညာဥ်က သာမန်လူများ ပိုင်ဆိုင်ခွင့်မရနိုင်သော အရာများဖြစ်သောကြောင့် မည်သူမှ မရယူနိုင်ခြင်းက မထူးဆန်းတော့ပေ။

"တကယ်တော့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းအကြာက လူတစ်ယောက်က အတွင်းကို ဝင်နိုင်ခဲ့ဖူးတယ်"

"ဘယ်သူများလဲ"

ခြင်္သေ့ကြီးက အလောတကြီး စပ်စုလိုက်၏။

"သူက သွေးပြည်ထောင်နဲ့ ထာဝရပြည်ထောင်ရဲ့ နယ်စပ်က ချောင်ကျကျ ကြယ်တစ်လုံးက လာတာဖြစ်ပြီး သုညပိုင်ရှင်တစ်ယောက်လည်း ဖြစ်တယ်လို့ ငါ ကြားထားတယ်"

မျက်ကန်းကြီးဆိုလိုသော ကြယ်မှာ ကောင်းကင်မူလကြယ်ဖြစ်ကြောင်း ယဲ့ချန်က သံသယမရှိ လက်ခံလိုက်သည်။ ဤကြယ်၏ သမိုင်းတွင် ရောင်ယွမ်နှင့် သူ့အပြင် နောက်ထပ်သုညပိုင်ရှင်သုံးယောက် ရှိခဲ့ဖူးသောကြောင့် မည်သူဖြစ်ကြောင်း သူက စိတ်ဝင်စားနေခဲ့သည်။

"ဒါဆိုရင် သုညပိုင်ရှင် ဘယ်ရောက်သွားတယ်ဆိုတာကို စီနီယာ သိထားပါသလား"

ထိုကျင့်ကြံသူကိုသာ ရှာဖွေနိုင်လျှင် သတင်းအချက်အလက်များစွာ ရနိုင်သောကြောင့် ယဲ့ချန်က မျှော်လင့်တကြီး မေးလိုက်သည်။

"သူက တော်ဝင်သင်္ချိုင်းထဲက ပြန်ထွက်မလာနိုင်တာ နှမြောစရာ ကောင်းလွန်းတယ်။ တစ်ချိန်လုံးသာ သူတစ်ယောက်တည်းကသာ အတွင်းပိုင်းကို ဝင်နိုင်ခဲ့တယ်"

မျက်ကန်းကြီးက သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းပြလိုက်သောအခါ ယဲ့ချန်အနေဖြင့် ထိုကျင့်ကြံသူ အသက်ရှင်နေပါစေဟု ဆုတောင်းရုံသာ တတ်နိုင်သည်။ ထိုအချိန်၌ သူက မျက်ကန်းကြီး၏ဆေးမင်များက ပြောင်းလဲသွားကာ ရှုပ်ထွေးသော ကြယ်မြေပုံတစ်ခု ဖြစ်လာကြောင်း မြင်လိုက်ရသည်။ ဆက်လက်အာရုံစိုက်လိုက်သောအခါ ၎င်းက ထပ်မံပြောင်းလဲသွားကာ ဝင်္ကပါမြေပုံတစ်ခု ဖြစ်လာသောကြောင့် နားလည်ရခက်နေသည်။

"ဟေ့ကောင် ဘာဖြစ်တာလဲ"

ခြင်္သေ့ကြီးသည် ယဲ့ချန်က မျက်ကန်းကြီးကို မျက်တောင်မခတ်တမ်း ကြည့်နေသောကြောင့် သတိပေးလိုက်ခြင်းဖြစ်သည်။ သူ၏အသံကြောင့် ယဲ့ချန်က သတိဝင်လာပြီး ဆေးမင်များကို ထပ်ကြည့်လိုက်သောအခါ ပြောင်းလဲခြင်းမရှိကြောင်း၊ ထူးခြားမှုမရှိကြောင်း တွေ့လိုက်ရသည်။ သို့သော် သူက မြေပုံနှစ်ခုကို ထင်ထင်ရှားရှား မှတ်မိနေသောကြောင့် ထူးဆန်းနေချိန်တွင် မျက်ကန်းကြီးက ရည်ရွယ်ချက်ရှိရှိဖြင့် သွားများပေါ်အောင် ပြုံးပြလာခဲ့သည်။

"ယဲ့ချန် ဒီမျက်ကန်းကြီးက မြင်နေရသလောက် မရိုးရှင်းဘူး။ သတိထားဦး"

ခြင်္သေ့ကြီးသည် ယဲ့ချန်ကို တစ်ဖက်လူက ဆန်းကျယ်စွာ ဖမ်းစားသွားမည်အား ကြောက်လန့်သောကြောင့် ဆက်တိုက်သတိပေးနေခဲ့သည်။

"ကျုပ် နားလည်ပါပြီ"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ မျက်ကန်းကြီး ထွက်ပေါ်လာခြင်းမှာ တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ဘဲ သူ့ကို ရည်ရွယ်ကာ ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။ မြေပုံနှစ်ခုကလည်း သူ့ကို လာစေလိုသော နေရာတစ်ခုနှင့် သက်ဆိုင်နေပေလိမ့်မည်။

"ကောင်းကင်သခင် အသက်ရှင်နေတုန်းက လောကကြီးကို လက်တစ်ဖက်တည်းနဲ့ ပြောင်းပြန်လှန်နိုင်ပေမယ့် နောက်ဆုံးမှာ သံသရာစက်ဝန်းကို မကျော်လွန်နိုင်ခဲ့ဘူး။ သေခြင်းနဲ့ ရှင်ခြင်းက နေ့နဲ့ ညလို ပြောင်းလဲနေပြီး စကြဝဠာထဲမှာ မြေမှုန်တွေအဖြစ် ပြောင်းလဲသွားရတယ်"

မျက်ကန်းကြီး၏ စကားကြောင့် ယဲ့ချန်က ရင်ထိတ်သွားကာ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သက်ရှိအားလုံးအတွက် သေခြင်းတရားက မလွတ်မြောက်နိုင်သော သံသရာတစ်ခု ဖြစ်သည်။

"ငါတို့က ဒီနေ့ ဒီနေရာမှာ ရှိနေပေမယ့် မနက်ဖြန် ဘယ်ကိုရောက်နေမယ်ဆိုတာ မသိနိုင်ဘူး။ အခွင့်အရေးရှိရင် အနာဂတ်မှာ ပြန်ဆုံကြတာပေါ့။ နှုတ်ဆက်ပါတယ်ကွာ ဟား ဟား"

မျက်ကန်းကြီးက တဟားဟားရယ်မော၍ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။ ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် ထိုလူ၏နောက်ကျောကို စိုက်ကြည့်နေစဥ် ရယ်သံက အဝေးသို့ ဖြည်းဖြည်းချင်း လွင့်ပျံသွားခဲ့သည်။

"အရာရာက သံသရာကနေ မလွတ်မြောက်နိုင်ဘူး။ ပြိုင်ဘက်ကင်းကျင့်ကြံသူတွေတောင် နောက်ဆုံးမှာ သေခြင်းတရားကို မရှောင်လွှဲဲနိုင်ဘူး။ ဒါပေမယ့် အစစ်အမှန်သူရဲကောင်းတွေက လူသေသွားရင်တောင် တာအိုကို ချန်ထားရစ်ခဲ့နိုင််တယ်"

ထပ်မံထွက်ပေါ်လာသော စကားသံကြောင့် သူတို့က မျက်ကန်းကြီးကို အလွန်လေးစားသွားကြသည်။ ဤသို့သော နားလည်မှုမျိုးကို ရထားသူက တာအိုကျင့်ကြံခြင်းတွင် သေချာပေါက် အဆင့်မြင့်ပေလိမ့်မည်။

"သူက ဘယ်သူလဲ။ မြေပုံနှစ်ခုကရော တော်ဝင်သင်္ချိုင်းနဲ့ သက်ဆိုင်နေတာလား။ သင်္ချိုင်းထဲကို ဝင်သွားပြီး ပြန်ထွက်မလာနိုင်တဲ့ ကျင့်ကြံသူကရော ဘယ်သူများလဲ။ ထိပ်တန်းအဆင့် ကြယ်သခင်တွေတောင် သင်္ချိုင်းထဲက သက်ရှိတွေကို မယှဥ်နိုင်ရင် ငါ့လက်ရှိခွန်အားနဲ့ကတော့ ဘာမှလုပ်နိုင်မယ် မထင်ဘူး"

ယဲ့ချန်က အတွေးနက်နေရင်း မျက်ကန်းကြီးကို လှမ်းကြည့်လိုက်သော်လည်း အရိပ်အယောင်ကို မတွေ့ရသည့်အပြင် ဝိညာဥ်အသိစိတ်ဖြင့်လည်း မည်သို့မှ အာရုံမခံနိုင်ခဲ့ပေ။ မျက်ကန်းကြီး ပျောက်ကွယ်သွားသောအခါ ကြောက်မက်ဖွယ်ဖိအားကို ခံစားနေရသော ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက စိတ်သက်သာရာ ရသွားကြသည်။ မျက်ကန်းကြီးနှင့် ယဲ့ချန်၏စကားများကို သူတို့က ရှင်းရှင်းလင်းလင်း မကြားခဲ့ရသည့်အတွက်လည်း မည်သည့်အကြောင်းကိုမှ မသိကြတော့ပေ။

"ဆရာ သွားကြစို့"

ယဲ့ချန်က ဆော်သြောလိုက်ပြီး ခြင်္သေ့ကြီးနှင့်အတူ သတင်းများ ဆက်လက်စုံစမ်းရန်အတွက် ထွက်ခွာသွားခဲ့သည်။

ထိပ်တန်းနယ်မြေသို့ ရောက်ရှိလာသော ကြယ်သခင်များကြားတွင် အဆင့်တစ်ဆယ် နတ်အစေခံများ၏ပြိုင်ပွဲက ဆွေးနွေးစရာ အကောင်းဆုံးခေါင်းစဥ် ဖြစ်နေခဲ့သည်။ အဆင့်တစ်ဆယ် နတ်အစေခံများအတွက် ကြယ်သခင်အဆင့်တက်ရန်က အရေးကြီးလွန်းပြီး ဤပြိုင်ပွဲ၌ အစွမ်းပြနိုင်လျှင် ကြယ်တစ်လုံးအပိုင်စားရပြီး ချက်ချင်းကောင်းစားသွားနိုင်သည်။ နှစ်စဥ်နှစ်တိုင်း ရှင်းဟွမ်အသစ်များ မွေးဖွားလာနေပြီး ကြယ်သခင်များ၏ ကာကွယ်မှုကို လိုအပ်နေသောကြောင့် သူတို့အတွက် ဤပြိုင်ပွဲက ကောင်းကင်သို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်သွားနိုင်သော မဟာအခွင့်အရေးကြီး ဖြစ်နေခဲ့သည်။

"မီးတောက်နီနန်းတော်မှာ အချိန်လေဟာနယ် အဆင့်ငါးကို နားလည်ထားတဲ့ ပါရမီရှင်တစ်ယောက် ရှိနေတယ်။ အဆင့်တစ်ဆယ် နတ်အစေခံပြိုင်ပွဲရဲ့ ပထမနေရာက သတ်မှတ်ထားပြီးဖြစ်နေပါပြီ"

နတ်အစေခံတစ်ယောက်က သူသိလာရသော သတင်းကို ပြောလိုက်သောအခါ ကျန်နတ်အစေခံများကလည်း မနာလိုအားကျနေကြသည်။

"ဂိုဏ်းကြီးတွေရဲ့ ပါရမီရှင်တွေက မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေကို နေ့တိုင်း အသုံးပြုကြရတယ်။ မင်းသာ ငါ့ကို ဒီအရင်းအမြစ်တွေပေးရင် ငါလည်း အစွမ်းထက်လာနိုင်တယ်။ ငါက နိမ့်ကျတဲ့ ကြယ်တစ်ခုမှာ မွေးဖွားလာရတာကိုက ကံဆိုးတာပါ"

"အပိုတွေမပြောနဲ့။ မင်းရဲ့အရည်အချင်း လက်တောက်လောက်လေးနဲ့ အရင်းအမြစ်တွေ ရရင်တောင် ဘာမှဖြစ်မလာနိုင်ဘူး"

မကျေမနပ်ဖြစ်နေသူကို အပေါင်းအပါများက လှောင်ပြောင်ရယ်မောနေကြသည်။

"ယဲ့ချန် ငါ သတင်းတစ်ခု စုံစမ်းလာနိုင်တယ်။ ကြယ်သခင်ဖြစ်လာချင်ရင် နတ်အစေခံတစ်ယောက်က အနည်းဆုံး အချိန်လေဟာနယ် တာအိုအဆင့်တစ်ကို နားလည်ထားရမယ်။ ဒါတွေကို အရောင်ခုနစ်မျိုးနဲ့ အဆင့်ခုနစ်ခု သတ်မှတ်ထားပြီး အချိန်လေဟာနယ်စွမ်းအင်နဲ့ ရှင်းဟွမ်တစ်ယောက်ရဲ့ အကူအညီကိုသာရရင် ကြယ်သခင်အဆင့် တက်နိုင်လိမ့်မယ်။ ကြယ်သခင်အဆင့် မတက်နိုင်ခင် အဆင့်များများ နားလည်ထားလေလေ ကြယ်သခင်အဆင့်ရောက်ရင် ပိုအစွမ်းထက်လေလေပဲကွ"

ယဲ့ချန်က အချိန်လေဟာနယ်အဆင့်အကြောင်း အဖြေရှာနေစဥ် ခြင်္သေ့ကြီးက အချိန်ကိုက် စုံစမ်းပေးနိုင်ခဲ့သည်။ ကျင်ကြံသူတစ်ယောက် ဖြစ်လာရန်အတွက် ချီကိုနားလည်ရန် လိုအပ်ပြီး စကြဝဠာအတွင်း ကြယ်သခင်တစ်ယောက်ဖြစ်ချင်လျှင် အချိန်လေဟာနယ်ချီကို နားလည်သဘောပေါက်ရပေလိမ့်မည်။ ၎င်းက သာမန်ကောင်းကင်ချီများထက် ပို၍အဆင့်မြင့်ပြီး ၎င်းတို့ကို ခွဲခြားထားသော အရောင်များကြောင့် သူ အဆင့်တက်စဥ်က ထွက်ပေါ်လာသော သက်တန့်ရောင် ခုနစ်ရောင်အကြောင်း သတိရလိုက်သည်။ စကြဝဠာအတွင်း အရာရာက ဆက်နွယ်နေပုံရပြီး ထိုအလင်းတန်းများက သရုပ်ထင်ခြင်း ဖြစ်နိုင်သည်။

"အချိန်လေဟာနယ် အဆင့်မြင့်လေလေ ကြယ်သခင်အဆင့်ရောက်ရင် ပိုအစွမ်းထက်လေလေတဲ့လား"

အချိန်လေဟာနယ်ရုန်းတစ်ခုကိုပင် နားလည်ဆင်ခြင်ရန် မနည်းကြိုးစားနေရသော ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဖြစ်နိုင်သည်မှာ ရှင်းဟွမ်တစ်ယောက်၏ အကူအညီမပါလျှင် နတ်အစေခံတစ်ယောက်က ကြယ်သခင်အဆင့် တက်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ သူ၏ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးက ၎င်းချီများစွာကို စုပ်ယူထားသော်လည်း သူက ရာနှုန်းပြည့် နားမလည်သေးသကဲ့သို့ ထုတ်သုံးနိုင်စွမ်းလည်း မရှိချေ။ ခန္ဓာကိုယ်အတွင်းမှ အချိန်လေဟာနယ်ချီများ စီးဆင်းနေသည်ကို အာရုံခံလိုက်တိုင်း တစ်ခုခုကို ဝါးတားတား နားလည်လာသော်လည်း မရှင်းလင်းသေးပေ။

အဆင့်တစ်ဆယ် နတ်အစေခံများကြားတွင် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ပိုင်ဆိုင်ထားသော ယဲ့ချန်သည် ရုပ်ခွန်အားရော ကျင့်ကြံဆင့်ပါ ထိပ်တန်းအဆင့်သို့ ရောက်နေခဲ့သည်။ သို့သော်လည်း သူ၏ကျင့်ကြံချိန်က နည်းပါးလွန်းနေသဖြင့် အချိန်တိုအတွင်း အချိန်လေဟာနယ်ချီအကြောင်း နားလည်ရန် မဖြစ်နိုင်ပေ။ ၎င်းကို နားလည်နိုင်သော နတ်အစေခံများမှာ အနည်းဆုံး သက်တမ်းနှစ်တစ်ရာ ကျော်နေပြီဖြစ်သည်။ နှစ်တစ်ရာအတွင်း ၎င်းကို အဆင့်တစ်အထိ နားလည်နိုင်လျှင်ပင် ပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်ပြီး အဆင့်သုံးနှင့်အထက် နားလည်ဆင်ခြင်နိုင်ပါက ရှားပါးပါရမီရှင်များ ဖြစ်ပေသည်။ သူတို့သာ ကြယ်သခင်အဆင့်ရောက်လျှင် သာမန်ကြယ်သခင်များက အဆင့်တူချင်း ယှဥ်ပြိုင်နိုင်မည် မဟုတ်ဘဲ အနာဂတ်က အကန့်အသတ်မဲ့သွားနိုင်လေသည်။

All Chapters