← Chapters

လေ့ကျင့်ရေးကွင်း

Vol. 58 Ch. 814

လေ့ကျင့်ရေးကွင်း

Vol. 58 Ch. 814

လူရှုပ်ထွေးသော စျေးနေရာမှ ထွက်ခွာလာပြီးနောက် ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ မြင်ကွင်းအတွင်းသို့ ခမ်းနားသော ရဲတိုက်ကြီးတစ်ဆောင် ဝင်ရောက်လာသည်။

"ဒါက ဘယ်လိုနေရာလဲ"

သူက ရေရွတ်ရင်း မော့ကြည့်လိုက်သောအခါ ၎င်း၏နံရံများက မီတာရာချီမြင့်မားကာ အချိန်လေဟာနယ်ဒူးလေးများ အတန်းလိုက် တပ်ဆင်ထား၍ တင်းကြပ်စွာ ကာကွယ်ထားကြောင်း တွေ့လိုက်ရသည်။

"လူငယ်လေး မင်းက အခြားကြယ်ကလာတာ ဖြစ်ရမယ်"

စျေး၏ထွက်ပေါက်ရှိ အဘိုးအိုတစ်ယောက်က တစ်ချက်ပြုံး၍ ယဲ့ချန်ကို ပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်ပါတယ် ဦးကြီး။ ကျုပ်ကို ဒီရဲတိုက်က ဘယ်လိုနေရာဆိုတာ ပြောပြနိုင်မလား"

"ဒါက လေ့ကျင့်ရေးကွင်းတစ်ခုဖြစ်ပြီး ထိပ်တန်းနယ်မြေက လူတိုင်း သိကြတယ်။ နှစ်စဥ်နှစ်တိုင်း ကြယ်ပေါင်းစုံက ပါရမီရှင်တွေ လာရောက်လေ့ကျင့်ကြပြီး ကောင်းကောင်းစွမ်းဆောင်နိုင်မယ်ဆိုရင် ထိပ်တန်းမဟာမိတ်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာနိုင်တယ်။ ခေါင်းဆောင်ခြောက်ယောက်က ဒီနေရာကို အမြဲတမ်းစောင့်ကြည့်နေပြီး မင်းရော စမ်းသပ်ကြည့်ချင်လား"

ယဲ့ချန်က ယဥ်ကျေးစွာ မေးလိုက်သဖြင့် အဘိုးအိုက အသေးစိတ် ရှင်းပြလာသည်။

"အထဲက အခြေအနေကိုရော ပြောပြပေးနိုင်မလား"

ယဲ့ချန်သည် ရဲတိုက်၏ဝင်ပေါက်မှတဆင့် ကျင့်ကြံသူများ အုပ်စုလိုက် ဝင်ရောက်နေသည်ကို မြင်နေရသဖြင့် နောက်ထပ်မေးမြန်းလိုက်သည်။

"မင်းက ဒီလောက်ယဥ်ကျေးနေမှတော့ ဒီအဘိုးကြီးက သိထားသမျှ ​ပြောပြပေးပါမယ်။ ဒီလေ့ကျင့်ရေးကွင်းကို စောင့်ကြည့်ဖို့ မဟာအကြီးအကဲ၁၅ယောက်က တာဝန်ယူထားပြီး သူတို့ရဲ့ကျင့်ကြံဆင့်ကို ဘယ်သူမှမသိဘူး။ သူတို့ရဲ့အဆင့်အတန်းက ခေါင်းဆောင်ခြောက်ယောက်ထက်တောင် ပိုမြင့်နိုင်တယ်ဆိုတဲ့ ကောလဟာလတွေ ရှိတယ်။ သူတို့ရဲ့အကြံတစ်ခုလောက်ကိုသာ ရရင် ကျင့်ကြံခြင်းမှာ အထောက်အကူအများကြီး ရနိုင်တယ်။ ဒါပေမယ့် သူတို့ကို တွေ့ခွင့်ရဖို့ဆိုတာက ကံတရားအပေါ် မူတည်နေတယ်"

အဘိုးအိုက ယဲ့ချန်အပေါ် အမြင်ကောင်းရှိသောကြောင့် ဆက်လက်ရှင်းပြခဲ့သည်။ သူက စစ်ဧကရာဇ်တစ်ယောက်ဖြစ်သောကြောင့် ဝင်ပေါက်တွင် လေ့ကျင့်ရေးကွင်းအကြောင်း လမ်းညွှန်ပေးရသူ ဖြစ်နိုင်သည်။ ယဲ့ချန်ကလည်း သဘောကောင်းသော ဤအဘိုးအိုအပေါ် ယဥ်ကျေးစွာ ဆက်ဆံပေးခဲ့သည်။

"သိုင်းပြိုင်ပွဲက မစသေးဘူးဆိုတော့ ငါတို့ အထဲကိုသွားပြီး စမ်းကြည့်ကြရအောင်"

ခြင်္သေ့အသွင် ပြန်လည်ပြောင်းထားသော ခရမ်းမီးတောက်ခြင်္သေ့ကြီးက လည်ဆံမွေးများကိုယမ်းခါ၍ စိတ်အားထက်သန်စွာ ပြောလိုက်သည်။ ယဲ့ချန်ကိုယ်တိုင်လည်း လေ့ကျင့်ရေးကွင်းကို စိတ်ဝင်စားနေသောကြောင့် အဘိုးအိုကို နှုတ်ဆက်ကာ ရဲတိုက်သို့ ဦးတည်လိုက်သည်။ သိုင်းပြိုင်ပွဲကြောင့် ထိပ်တန်းမဟာမိတ်၌ စုဝေးရောက်ရှိနေသော ပါရမီရှင်များက ကြိုတင်ပြင်ဆင်ရန်အတွက် လေ့ကျင့်ရေးကွင်းသို့ တဖွဲဖွဲ ဝင်ရောက်နေကြသည်။ လူတစ်ယောက်နှင့် ခြင်္သေ့တစ်ကောင်က ရဲတိုက်အတွင်း ဝင်ရောက်သွားသောအခါ ကျယ်ဝန်းသော ခန်းမကြီးတစ်ခုသို့ တိုက်ရိုက်ရောက်ရှိသွားကြသည်။ သူတို့က အခြားလူများ၏ စကားဝိုင်းများမှတဆင့် လေ့ကျင့်ရေးကွင်းအကြောင်း အချက်အလက်များစွာ ရလိုက်သည်။ ခန်းမ၏အလယ်၌ ဧရာမတည်နေရာပြောင်း အစီအရင်သုံးခုတည်ရှိနေပြီး စစ်ဧကရာဇ်၊ နတ်အစေခံနှင့် ကြယ်သခင်ဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားကာ လေ့ကျင့်ရေးအတွက်ဖြစ်သော်လည်း သေဆုံးသူအရေအတွက်က မနည်းချေ။ ၎င်းကို ထာဝရကြယ်သင်္ချိုင်းအတွင်းရှိ ကောင်းကင်နတ်ဆိုးနှင့် နတ်ဆိုးသက်ရှိများ နေထိုင်သော နေရာတစ်​နေရာနှင့် ဆက်သွယ်ထားသောကြောင့် အလွန်အမင်း အန္တရာယ်များပေသည်။

လွန်ခဲ့သော နှစ်တစ်ရာကျော်က ဤနေရာ၌ မတော်တဆမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ကောင်းကင်နတ်ဆိုးစစ်တပ် ရောက်လာသောကြောင့် ရာချီသော ပါရမီရှင်အားလုံး အသတ်ခံခဲ့ရသည်။ နောက်ဆုံးတွင် မဟာအကြီးအကဲများက ထိုစစ်တပ်ကို ချေမှုန်းပစ်လိုက်သော်လည်း ထိပ်တန်းမဟာမိတ်က ကြီးကြီးမားမား နစ်နာခဲ့ရသည်။ သို့သော်လည်း လေ့ကျင့်ရေးကွင်းက ဆက်လက်လည်ပတ်နေဆဲပင်ဖြစ်သည်။ မဟာအကြီးအကဲများအတွက် ကျင့်ကြံသူအစစ်အမှန်တစ်ယောက်ဖြစ်လာရန် ခန့်မှန်းမရနိုင်သော အန္တရာယ်များကို ရင်ဆိုင်ရန် လိုအပ်ပြီး သေခြင်းရှင်ခြင်း တိုက်ပွဲများမှတဆင့် လေ့လာသင်ယူရမည်ဟု ယုံကြည်ထားကြသည်။ အစီအရင်သုံးခု၏ဘေးတွင် ကျောက်စာတစ်ချပ်စီ စိုက်ထူထားကာ တစ်ခုချင်းစီမှ အချိန်လေဟာနယ်ချီများ စိမ့်ထွက်နေသကဲ့သို့ နာမည်ပေါင်းတစ်ရာကို ရေးထိုးထားသည်။ ထိုစာရင်းအတွင်း ဝင်ရောက်နိုင်သူများက လေ့ကျင့်ရေးကွင်း၌ ထိပ်တန်းပါရမီရှင်များဟု သတ်မှတ်နိုင်ပြီး အင်အားစုတိုင်းက သူတို့ကို သိမ်းသွင်းရန်အတွက် ကြိုးစားကြပေလိမ့်မည်။ ထိပ်တန်းဆယ်ယောက်အတွင်း ဝင်ရောက်နိုင်ပါက အမည်စာရင်း၌ တဖိတ်ဖိတ် လင်းလက်နေမည်ဖြစ်ကာ အဓိကဂိုဏ်းကြီးများ အာရုံစိုက်ခြင်းခံရပေလိမ့်မည်။ နာမည်စာရင်းသည် ငါးနှစ်တစ်ကြိမ် အပြောင်းအလဲရှိပြီး တစ်စုံတစ်ယောက်က ဤစာရင်းအတွင်း ဆက်လက်ရှိလိုလျှင် လေ့ကျင့်ရေးကွင်းသို့ အနည်းဆုံး ငါးနှစ်တစ်ကြိမ် ဝင်ရောက်ရန် လိုအပ်သည်။

ကျင့်ကြံသူများက အုပ်စုကိုယ်စီဖွဲ့ကာ လေ့ကျင့်ရေးကွင်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြပြီး အများစုတွင် သုံးယောက်မှငါးယောက်အထိ ပါဝင်ပြီး အများဆုံးအုပ်စု၌ အယောက်နှစ်ဆယ်ကျော်ပေသည်။ ကျောက်စာပေါ်မှ စာရင်းကြောင့် ယဲ့ချန်က စိတ်အားတက်ကြွလာပြီး စကြဝဠာအတွင်းရှိ ပါရမီရှင်များကြားတွင် သူ၏အဆင့်ကို သိချင်နေခဲ့သည်။ ဤနေရာ၌ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးမှ ပါရမီရှင်များ စုဝေးနေသည် မဟုတ်ပါလော။

"ဆရာ ဝင်ကြစို့"

ထို့နောက် သူက ခြင်္သေ့ကြီးနှင့်အတူ နတ်အစေခံများအတွက် သတ်မှတ်ထားသော အစီအရင်အတွင်း ဝင်ရောက်လိုက်သည်။

"လေ့ကျင့်ရေးကွင်းမှာ သုံးရက်ကြာရင် အလိုလိုပြန်ထွက်လာလိမ့်မယ်"

အစီအရင်ကို စောင့်ကြပ်နေသည့် ကျင့်ကြံသူတစ်ယောက်က ခံစားချက်မဲ့စွာ သတိပေးလိုက်စဥ် သူတို့က ပျောက်ကွယ်သွားပြီဖြစ်သည်။ သူတို့က မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ မြင်ကွင်းက ရုတ်တရက်ပြောင်းလဲသွားပြီး ကောင်းကင်နတ်ဆိုးများနှင့် နတ်ဆိုးသက်ရှိများ နေရာတိုင်းရှိနေသည့် ပတ်ဝန်းကျင်တစ်ခုသို့ ရောက်သွားခဲ့ကြသည်။ သူတို့ပေါ်လာလာချင်း ၎င်းတို့က သတိထားမိသွားကြသည်။ ထာဝရကြယ်သင်္ချိုင်းအတွင်းရှိ အခြားနေရာများနှင့်မတူသည်မှာ လေ့ကျင့်ရေးကွင်းဧရိယာကို ဆန်းကျယ်သော စွမ်းအားတစ်ရပ်က စောင့်ကြည့်နေပြီး မဟာအကြီးအကဲများက စောင့်ကြည့်နေခြင်း ဖြစ်နိုင်သည်။ ဤနေရာကို သူတို့က မြင်နိုင်သောကြောင့် အခြားပတ်ဝန်းကျင်များထက် ပို၍လုံခြုံသော်လည်း ရတနာများက နှစ်ပေါင်းများစွာအတွင်း ရှာဖွေခံထားရသောကြောင့် ပြောင်သလင်းခါနေခဲ့သည်။

ကျင့်ကြံသူနှစ်ဆယ်ကျော်က ဝှစ်ခနဲ​ရောက်ရှိလာပြီး ငွေရောင်ဝတ်ရုံဆင်တူ ဝတ်ဆင်ထားသဖြင့် တစ်ဖွဲ့တည်းဖြစ်နိုင်သည်။ အင်္ကျီကော်လာတွင် ငွေရောင်မြွေတစ်ကောင်ပုံ ရေးထိုးသော ဤအဖွဲ့က အားနည်းခြင်းမရှိဘဲ တစ်ဝက်လောက်က အဆင့်တစ်ဆယ် နတ်အစေခံများ ဖြစ်နေကြသည်။ သူတို့က ယဲ့ချန်တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း ကောင်းကင်နတ်ဆိုးများက ဒေါသတကြီးအော်ဟစ်၍ တိုက်ခိုက်ရန် ပြေးဝင်လာကြသည်။ နတ်ဆိုးများကလည်း ကြယ်သေများပေါ်တွင် သွားလာကျက်စားနေရာမှ ပျံသန်းလာပြီး သူတို့ကို ခုန်အုပ်လိုက်ကြသည်။ ၎င်းတို့ကလည်း အနိမ့်ဆုံး နတ်အစေခံအဆင့်များ ဖြစ်ကြသည်။

"သတ်ကြ"

ငွေဝတ်ရုံတပ်ဖွဲ့က ဒေါသတကြီးကြုံးဝါး၍ ထိုရန်သူများနှင့် ချက်ချင်း တိုက်ပွဲစတင်လိုက်သည်။ သူတို့၏ခေါင်းဆောင်က လင်ယွမ်ဆိုသူဖြစ်ကာ ငွေရောင်လေးတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူက အရပ်ရှည်ရှည်နှင့် ချောမောသော လူငယ်တစ်ယောက်ဖြစ်ကာ အနက်ရောင်ဆံပင်များကို စည်းထားကာ မျက်ဝန်းများ၌ မောက်မာမှုများ အတိုင်းသား ထွက်ပေါ်နေသည်။

"ကောင်းကင်နတ်ဆိုးတွေကို ငါ သတ်မယ်"

လင်ယွမ်က အမိန့်ပေးလိုက်ပြီး ကျော၌လွယ်ထားသော ကျည်တောက်အတွင်းမှ မြှားခြောက်ချောင်းကို ပြိုင်တူဆွဲထုတ်ကာ လေးကြိုးတပ်၍ ပစ်ခတ်လိုက်သည်။ ငွေရောင်အလင်းခြောက်ခုက ပြေးထွက်သွားကာ အဝေးရှိကောင်းကင်နတ်ဆိုးများကို ထိမှန်သွားသောအခါ ပစ်မှတ်တိုင်းက ပေါက်ကွဲသွားပြီး ပြာဖြစ်ကုန်သည်။ သူ၏နောက်လိုက်များက ကောင်းကင်နတ်ဆိုးများကို အပြင်းအထန်ဒဏ်ရာရအောင် တိုက်ခိုက်နိုင်သည့်တိုင်အောင် လင်ယွမ် သတ်ဖြတ်ရန်အတွက် မထိရဲကြပေ။ သတ်ဖြတ်ခြင်းအတွက် သူတစ်ယောက်တည်းကသာ တာဝန်ယူပြီး အကျိုးအမြတ် ဖြစ်ထွန်းနေသည်။ မြှားချက်များကြောင့် ကောင်းကင်နတ်ဆိုးများ ဆက်တိုက်သေဆုံးနေသော်လည်း အရေအတွက်များစွာက ဘက်ပေါင်းစုံမှ တိုးဝင်လာနေသောကြောင့် ခက်ခက်ခဲခဲ တိုက်ခိုက်နေရသည်။

ရန်သူများက ကျိုင်းကောင်အုပ်ကြီးများပမာ တဖွဲဖွဲ ဝင်ရောက်လာနေသောကြောင့် နေရာတိုင်း တိုက်ပွဲဖြစ်နေပြီး အလုံးစုံ သုတ်သင်ရန် မဖြစ်နိုင်ပေ။ ယဲ့ချန်က ဆည်းဆာနတ်ဓားကို ဆွဲထုတ်၍ ခုတ်ပိုင်းလိုက်သောအခါ ရာချီသော ရန်သူများ အတုံးအရုံးလဲကျ သေဆုံးသွာသည်။ ခြင်္သေ့ကြီးကလည်း တစ်ကိုယ်လုံးတွင် ခရမ်းရောင်မီးတောက်များ လောင်ကျွမ်းနေပြီး ပါးစပ်ကိုဟ၍ မှုတ်ထုတ်လိုက်သည်။ ထိမှန်ခံလိုက်ရသော ကောင်းကင်နတ်ဆိုးများမှာ နာနာကျင်ကျင်အော်ဟစ်၍ ချက်ချင်းပြာဖြစ်သွားကြသည်။ မီးပွားများထိမှန်ခံလိုက်ရသော ရန်သူများလည်း ပူလောင်လွန်းသဖြင့် ငယ်သံပါအောင် အော်ဟစ်နေကြသည်။

"ဒီကောင်တွေက ဘယ်သူတွေလဲ"

လင်ယွမ်က ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏အစွမ်းကြောင့် အံ့သြသွားကာ အနားရှိ သက်လတ်ပိုင်းလူတစ်ယောက်ကို တစ်ချက်ကြည့်၍ မေးလိုက်သည်။ ထိုလူက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်ဖြစ်ပြီး တစ်ကိုယ်လုံး ကြွက်သားများပြည့်နှက်နေကာ ကြမ်းတမ်းသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။ သူ၏အရှိန်အဝါအရ အဆင့်တူများကြားတွင် ထိပ်တန်းတစ်ယောက်ဖြစ်ကြောင်း သိသာပေသည်။

"သူတို့ကို တစ်ခါမှ မမြင်ဖူးဘူး။ ဘယ်ကလာတယ်ဆိုတာကို မသိဘူး။ သူတို့က အခြားအင်အားစုတွေ ပျိုးထောင်ပေးထားတဲ့ ပါရမီရှင်တွေ ဖြစ်နိုင်တယ်။ သခင်လေး သူတို့က သေချာပေါက်မရိုးရှင်းဘူး"

သက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်၍ လေးလေးစားစားဖြေလိုက်သည်။

"ဒီကောင်က မရိုးရှင်းရင်ရော ဘာဖြစ်လဲ။ ထိပ်တန်းနယ်မြေမှာ ဒီသခင်လေးအတွက် မျက်စိထဲထည့်ရလောက်တဲ့ ပါရမီရှင် သိပ်မရှိပါဘူး"

မျိုးနွယ်ကောင်းကောင်းနောက်ခံဖြင့် မွေးဖွားလာရသော လင်ယွမ်အဖို့ မောက်မာခြင်းက သဘာဝဖြစ်၍ နှာခေါင်းရှုံ့ကာ ကဲ့ရဲ့လိုက်သည်။ သူ့အတွက် ပြိုင်ဘက်ကောင်းတစ်​ယောက်ရှာတွေ့ရန် အလွန်ခက်ခဲသောကြောင့် အခြားကျင့်ကြံသူများကို အထင်သေးတတ်သူဖြစ်သည်။ သက်လတ်ပိုင်းလူက သတိပေးချင်သော်လည်း ပါးစပ်ပိတ်၍ ဘေးနားတွင် တိတ်တဆိတ် ရပ်နေလိုက်သည်။ လင်ယွမ်အတွက် ယဲ့ချန်၏ဆည်းဆာနတ်ဓားက လောဘတက်စရာဖြစ်နေပြီး အလွန်အစွမ်းထက်နေသောကြောင့် မည်သည့်အဆင့်ဖြစ်ကြောင်း သိချင်နေခဲ့သည်။ ထိပ်တန်းနယ်မြေတွင် ဤသို့လက်နက်ကောင်းမျိုး ရှာတွေ့ရန် ခက်ခဲပြီး သူသာ ပိုင်ဆိုင်ထားလျှင် ထိပ်တန်းဆယ်ယောက်အတွင်း ဝင်ရောက်ရန် အလွန်လွယ်ကူပေလိမ့်မည်။ သူက မောက်မာသော်လည်း သတိထားတတ်သူဖြစ်ပြီး တစ်ဖက်လူတွင် သူ ရန်မစသင့်သော နောက်ခံမျိုး ရှိထားနိုင်သည်ဟု စဥ်းစားနေခဲ့သည်။ သို့သော် လောဘစိတ်ကြောင့် တစ်ဖက်လူကို တစ်ချက်တည်းဖြင့် သတ်ပစ်ပြီး သက်သေများဖျောက်ပစ်ရန် ကြံစည်လိုက်သည်။

ယဲ့ချန်က ဆည်းဆာနတ်ဓားဖြင့် များပြားလှသော ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်နေစဥ် လင်ယွမ်သည် သူ၏ကျောဘက်မှနေ၍ ထူးထူးဆန်းဆန်း စိုက်ကြည့်နေခဲ့သည်။ သူက မြှားခြောက်ချောင်းကို လေးကြိုးတင်လိုက်ချိန်တွင် မြှားခေါင်းများက အေးစက်စက် လင်းလက်တောက်ပနေခဲ့လေသည်။

All Chapters