← Chapters

လင်ယွမ်ကို သင်ခန်းစာပေးခြင်း

Vol. 58 Ch. 815

လင်ယွမ်ကို သင်ခန်းစာပေးခြင်း

Vol. 58 Ch. 815

ယဲ့ချန်သည် ဆည်းဆာနတ်ဓားဖြင့် အနီးကပ်လာသမျှ ရန်သူများကို ခုတ်ပိုင်းပစ်နေပြီး တစ်ဖက်သတ်နိုင်ပွဲ ဖြစ်နေခဲ့သည်။ ထိပ်တန်းမဟာမိတ်၏ အကြီးအကဲများက လေ့ကျင့်ရေးကွင်းကို အစီအရင်တစ်ခုဖြင့် ကန့်သတ်ထားသောကြောင့် ကြယ်သခင်အဆင့် ရန်သူများ ဝင်ရောက်လာနိုင်စွမ်းမရှိသောကြောင့် သူ့အတွက် အလွန်လွယ်ကူနေသည်။ သို့သော် သူက အေးစက်စက်အလင်းတစ်ခု ချဥ်းကပ်လာနေသည်ကို နောက်ကျောဘက်မှ ခံစားလိုက်ရပြီး ၎င်း၏ပစ်မှတ်က နှလုံးသားတည့်တည့် ဖြစ်နေခဲ့သည်။ ထိုအလင်းက မြွေတစ်ကောင်ပမာ လျင်လျင်မြန်မြန် ရောက်လာနေသောကြောင့် အန္တရာယ်များလွန်းသည်ဖြစ်ရာ ကောင်းကင်နတ်ဆိုးများကို ကျောပေးလိုက်ပြီး ဆည်းဆာနတ်ဓားဖြင့် ကာကွယ်လိုက်ရသည်။ ရန်သူများ၏ တိုက်ကွက်များက သူ၏ကျောပြင်ကို ထိုးခွဲသွားကာ ဒဏ်ရာများဖြစ်ပေါ်လာစေပြီး အစွမ်းထက်သော်လည်း ကောင်းကင်ဖျက်ဆီးရေးရုပ်ခန္ဓာကို တစ်ချက်တည်း ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ပေ။ တစ်ချိန်တည်းမှာပင် ငွေရောင်မြှားတစ်စင်းက ဓားသွားကို ဒေါင်ခနဲထိမှန်ကာ ပြုတ်ကျသွားသဖြင့် သူက ဖမ်းယူလိုက်သည်။ သူက အသေအချာစစ်ဆေးလိုက်သောအခါ မြွေရုပ်ပုံများ ရေးထွင်းထားသော မြှားတစ်ချောင်းဖြစ်ကာ ထိပ်ဖျား၌ အပြာရောင်လင်းလက်နေသောကြောင့် အဆိပ်သုတ်လိမ်းထားကြောင်း သိလိုက်ရ၏။

ယဲ့ချန်သည် တစ်ဖက်လူကို ရန်မစခဲ့သော်လည်း ရန်သူများကို ရင်ဆိုင်နေစဥ် နောက်ကျောဘက်မှ လုပ်ကြံခံလိုက်ရသောကြောင့် ဒေါသတကြီး ဖြစ်လာခဲ့သည်။ အဝေးရှိ လင်ယွမ်သည် ယဲ့ချန်က မြှားကို ခုခံလိုက်နိုင်ကြောင်း မြင်သောအခါ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့၏။ သူ၏ပစ်မှတ်က ကောင်းကင်နတ်ဆိုးများကို တိုက်ခိုက်ရင်း မြှားကိုကာကွယ်နိုင်မည်ဟု မျှော်လင့်မထားဘဲ တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်မည်ဟု ထင်ထားခဲ့သည်။ သူ၏ တွက်ချက်ပစ်ခတ်မှုက တိကျသော်လည်း ယဲ့ချန်၏ ရုပ်ခန္ဓာအစွမ်းထက်ပုံနှင့် ကျင့်ကြံဆင့်က အဆင့်တစ်ဆယ်ထိပ်ဆုံးသို့ ရောက်နေကြောင်း မသိခဲ့ပေ။ တစ်ဖက်လူ၏အသိစိတ်က ကြောက်စရာကောင်းလောက်အောင် ထက်မြက်နေသောကြောင့် မြှားချက်ကို တိတိကျကျ ကာကွယ်နိုင်ခဲ့သည်။

"ယဲ့ချန် ဘာဖြစ်နေတာလဲ"

ခြင်္သေ့ကြီးက ရန်သူများကို လက်ဝါးကြီးဖြင့်ပုတ်ကာ ချေမှုန်းနေရင်း မေးလိုက်ခြင်းဖြစ်သည်။

"တစ်ယောက်ယောက်က မြှားနဲ့ ချောင်းပစ်ခဲ့တယ်"

ယဲ့ချန်က လင်ယွမ်ကို အေးစက်စက်စိုက်ကြည့်ရင်း ဖြေလိုက်၏။

"လွန်လှချည်လား။ ငါတို့က သူတို့ကို ရန်မစပေမယ့် လုပ်ကြံချင်တယ်ပေါ့"

ခြင်္သေ့ကြီးက မကျေမနပ် ရေရွတ်လိုက်သောအခါ ခရမ်းရောင်မီးတောက်များက ပို၍ပြင်းထန်လာခဲ့သည်။ လင်ယွမ်၏နောက်လိုက်များမှာ အခြေအနေက တင်းမာလာကြောင်း သတိထားမိသဖြင့် သူ့ကိုကာကွယ်ရန် ချက်ချင်းစုဝေးလိုက်ကြသည်။ ဝေဖုန်းက သူ့ကို တစ်ဖက်လူအား ရန်မစရန် သတိပေးခဲ့သော်လည်း နားမထောင်ခဲ့ပေ။ သို့သော် သူက နောက်လိုက်တစ်ဦး ဖြစ်နေသောကြောင့် ပြောခွင့်မရှိချေ။ သူက ယဲ့ချန်တို့ကို လင်းယုန်တစ်ကောင်ပမာ စောင့်ကြည့်နေရင်း သံကွင်းတစ်စုံကို ထုတ်ယူလိုက်သည်။ တစ်ဖက်လူက နောက်ဆုတ်သွားလျှင် ပြဿနာမရှိသော်လည်း တိုက်ခိုက်လာလျှင် သေချာပေါက် သတိထားရမည့်သူများ ဖြစ်နေခဲ့သည်။

ယဲ့ချန်နှင့် ခြင်္သေ့ကြီးက နောက်ဆုတ်ရမည့်အစား ရန်သူများကို တိုက်ခိုက်ရင်း သူတို့ထံ ချီတက်လာကြသဖြင့် ဝေဖုန်းက သံကွင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ တစ်ဖက်လူပြသထားသော အစွမ်းအရ အထင်သေးရန် မဖြစ်နိုင်သည့်အပြင် ခြင်္သေ့ကြီးက သာမန်အဆင့်တစ်ဆယ်ထက် များစွာပို၍သာလွန်နေသည်။ လင်ယွမ်သည် ယဲ့ချန်ကို တစ်ချက်တည်းနှင့် မသတ်နိုင်ခဲ့သောကြောင့် စိတ်ပျက်သွားသော်လည်း လေးကြိုးပေါ်လက်တင်၍ အချိန်မရွေးပစ်ခတ်ရန် အသင့်ပြင်ထားခဲ့သည်။ ထို့ကြောင့် ယဲ့ချန်က တရားခံကို ရိပ်စားမိလိုက်ပြီး လမ်းတလျှောက်ရှိ ကောင်းကင်နတ်ဆိုးများကို သတ်ဖြတ်ကာ မျက်နှာချင်းဆိုင်အထိ ချဥ်းကပ်လာသဖြင့် ပတ်ဝန်းကျင်လေထုက မီးပွင့်ကာနီးဖြစ်လာသည်။

"မိတ်ဆွေ ဒါက နားလည်မှုလွဲတာပါ။ ငါက ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ပစ်လိုက်ပေမယ့် လွဲချော်သွားခဲ့တယ်။ မင်း အဆင်ပြေတာ မြင်ရတော့ ဝမ်းသာပါတယ်"

လင်ယွမ်က ဤသို့ပြောလိုက်သော်လည်း လေသံက အထက်စီးမှဖြစ်ကာ တောင်းပန်သော အရိပ်အယောင် မရှိချေ။ သူ၏အမြင်၌ ရှင်းပြခြင်းကပင် ယဲ့ချန်ကို မျက်နှာသာပေးခြင်းဖြစ်ကာ တစ်ဖက်လူ၌ နောက်ခံကောင်းကောင်း ရှိနေနိုင်သောကြောင့်သာမဟုတ်လျှင် စကားတစ်ခွန်းပင် ပြောနေမည် မဟုတ်ပေ။

"ပစ်မှတ်ကို လွဲသွားတယ်ပေါ့။ ရယ်စရာကောင်းလှချည်လား"

ယဲ့ချန်က လှောင်ရယ်လိုက်သည်။

"မြှားတွေဆိုတာက လွဲချော်တတ်တာ သဘာဝပဲ။ ငါ့သခင်လေးက တောင်းပန်ပြီးပြီ။ ဒီကိစ္စကို ပြဿနာမရှာရင် ကောင်းမယ်။ ငါတို့အချင်းချင်း မတိုက်ခိုက်ဘဲ ကောင်းကင်နတ်ဆိုးတွေကိုသာ သတ်ကြစမ်းပါ"

ဝေဖုန်းက ဝင်ပြောလိုက်ခြင်းဖြစ်ပြီး သူ၏လေသံကလည်း မောက်မာမှုများ အထင်းသား ပေါ်လွင်နေသည်။

"ဒါက တောင်းပန်တာလား"

ခြင်္သေ့ကြီးက အေးစက်စက်ပြောလိုက်သည်။ ယဲ့ချန်သာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့လျှင် မြှားချက်ကြောင့် သေဆုံးသွားနိုင်သည်။ သို့သော်လည်း တရားခံက အမှားကို ဝန်ခံလိုစိတ်မရှိသောကြောင့် သူ့ကို ဒေါသထွက်နေစေခဲ့သည်။ သူတို့က ကောင်းကင်နတ်ဆိုးများကို တိုက်ခိုက်နေစဥ် နောက်ကျောဘက်မှ ချောင်းမြောင်းလုပ်ကြံခံရခြင်းက သည်းခံနိုင်စရာမရှိချေ။ ယဲ့ချန်၏လက်ထဲရှိ ဆည်းဆာနတ်ဓားက အလင်းရောင်များ ချက်ချင်းတောက်ပလာသည်။

"ငါ့သခင်လေးက ထိပ်တန်းမဟာမိတ်၊ ငွေမြွေဘုရားကျောင်းရဲ့ သခင်လေးဖြစ်တယ်။ မင်းတို့က ဘယ်သူတွေလဲ။ ထိပ်တန်းနယ်မြေရဲ့ ဧည့်သည်တွေဆိုရင် အိမ်ရှင်ကို မျက်နှာသာပေးသင့်တယ်"

ဝေဖုန်းက မောက်မာစွာ ငေါက်ငမ်းလိုက်ပြီး လင်ယွမ်၏နောက်ခံဖြင့် ဖိအားပေးချင်နေခဲ့သည်။

"သြော် ဒီကောင်က ဒီလောက်အဖိုးတန်တာလား"

နောက်ခံအားကိုးဖြင့် မောက်မာသူများကို ယဲ့ချန်က အမုန်းတီးဆုံးဖြစ်သည်။ အတိတ်တွင် သူက ကောင်းကင်မူလကြယ်နှင့် ယဲ့မျိုးနွယ်ကို ငဲ့ကွက်နေရသဖြင့် စိတ်ထင်တိုင်းမလုပ်နိုင်ပေ။ လက်ရှိတွင် သူက ရုပ်ဖျက်၍ ထိပ်တန်းနယ်မြေသို့ ရောက်နေသောကြောင့် နောက်ဆံတင်းစရာမလိုဘဲ တိုက်ခိုက်နိုင်ပေသည်။ လင်ယွမ်နှင့် ဝေဖုန်းကဲ့သို့ လူစားမျိုးအတွက် ရိုက်နှက်ခံရမှသာ အမှားကို သိမြင်ကြပေလိမ့်မည်။

"ဒီခွေးကောင်က ဘယ်သူလဲ။ ငွေမြွေဘုရားကျောင်းကို အထင်သေးရဲတယ်လား။ သူ့ကို သတ်စမ်း"

အမြဲတစေ မောက်မာနေတတ်သော လင်ယွမ်က ဒေါသတကြီး အမိန့်ပေးလိုက်သည်။ သူ့အတွက် ရှင်းပြရခြင်းက နောက်ဆုတ်ပေးခြင်းဖြစ်သော်လည်း တစ်ဖက်လူ၏သတ်ဖြတ်လိုစိတ်က လျော့နည်းမသွားသောကြောင့် စော်ကားခံရသည်ဟု ထင်မြင်နေသည်။

"သခင်လေး”

ဝေဖုန်းက အကျဉ်းအကြပ်ထဲသို့ ရောက်နေခဲ့သည်။ တစ်ဖက်လူက ငွေမြွေဘုရားကျောင်းကို ဂရုမစိုက်သောကြောင့် နောက်ခံက သေချာပေါက် မရိုးရှင်းနိုင်ပေ။ အကယ်၍ ပြဿနာကြီးမားလျှင် သူက အကြီးအကဲများကို ရှင်းပြရအလွန်ခက်ပေလိမ့်မည်။

“သတ်စမ်း”

ထုတ်ဖော်၍ ခြိမ်းခြောက်လာခဲ့သည်။

“ငါတို့က လေ့ကျင့်ရေးကွင်းကို ရောက်နေတဲ့အတွက် တိုက်ခိုက်ကြရင် ဘယ်သူ့အတွက်မှ မကောင်းဘူး။ ပြီးတော့ မဟာအကြီးအကဲတွေက စောင့်ကြည့်နေလို့ တစ်ယောက်သေသွားရင် မင်းတို့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”

“ကြည့်ရတာ ငါတို့က လူတကယ်သတ်လို့မရဘူး ထင်တယ်။ အပြင်ကိုရောက်ရင် ဒီကောင့်ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်”

ခြင်္သေ့ကြီးက မကျေမနပ် ရေရွတ်လိုက်ခြင်းဖြစ်သည်။

“လူသတ်လို့မရပေမယ့် အပြစ်ပေးလို့ရပါသေးတယ်။ ကျုပ်က ကောင်းကင်နတ်ဆိုးတွေကို တိုက်ခိုက်နေတုန်းမှာ ဒီကောင်က လေးနဲ့ ချောင်းပစ်ခဲ့တယ်။ မဟာအကြီးအကဲတွေ‌ရောက်လာရင်လည်း ကျုပ်ရှင်းပြလိုက်မယ်”

ယဲ့ချန်က အော်ဟစ်ရင်း ပြေးတက်သွားကာ လင်ယွမ်ကို ရုတ်တရက် ဖမ်းဆွဲလိုက်သည်။

“မင်းတို့ဘက်က အရင်ဆုံးတိုက်ခိုက်လာမှတော့ ငါ့အဆိုးမဆိုနဲ့”

ဝေဖုန်းက တိုက်ခိုက်လာသော ယဲ့ချန်ကို တားမြစ်ရန်အတွက် သံကွင်းတစ်ခုကို ပစ်ခတ်လိုက်သည်။

“ဘေးဖယ်နေစမ်း”

ခြင်္သေ့ကြီးက လက်ဝါးကြီးဖြင့် သံကွင်းကို ဘုန်းခနဲပုတ်ထုတ်လိုက်သောအခါ ၎င်းက ဝေဖုန်း၏ ရင်ဘတ်ကို ဝင်ဆောင့်သွားကာ အဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။ သူတို့က အဆင့်တူများဖြစ်သော်လည်း ဝေဖုန်း၏ အစွမ်းက ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာအောက် များစွာနိမ့်ကျနေသည်။ ဤအဖြစ်ကို ဝေဖုန်းကိုယ်တိုင် မျှော်လင့်ထားခြင်း မရှိပေ။ ယဲ့ချန်က သားရဲတစ်ကောင်ပမာ ခုန်အုပ်လာသောကြောင့် လင်ယွမ်က ထိတ်လန့်သွားကာ နောက်ဆုတ်လိုက်ပြီး နောက်လိုက်များက ရှေ့တက်လာကြသည်။ သူ့အတွက် ယဲ့ချန်ကို ကိုယ်တိုင်တိုက်ခိုက်စရာမလိုဟု သတ်မှတ်ထားပုံရသည်။

“သေချင်နေကြတာလား”

ယဲ့ချန်က တစ်လှမ်းမှနောက်မဆုတ်ဘဲ ဝင်ရောက်လာသော နတ်‌အစေခံများကို အစွမ်းထက်ရုပ်ခန္ဓာဖြင့် တဘန်းဘန်းမြည်အောင် ဆောင့်ပစ်လိုက်သည်။ အဆင့်တစ်ဆယ်နတ်အစေခံများပင် သူ့ကို မတားနိုင်သောကြောင့် လင်ယွမ်က နောက်လိုက်များကို ဆဲရေးရင်း လေးကြိုးကို ဆွဲတင်းလိုက်သည်။ သို့သော် သူက မြှားတစ်စင်းပင် မပစ်နိုင်သေးခင်မှာပင် ယဲ့ချန်က ‌ရှေ့သို့ချက်ချင်းရောက်ရှိလာကာ လက်တစ်ဖက်ဖြင့် လေးကို ရိုက်ထုတ်ပစ်လိုက်ပြီး ကျန်လက်သီးက ရန်သူ၏ရင်ဝသို့ တူဖြင့်ထုချလိုက်သည့်ပမာ ထိုးနှက်လိုက်သည်။ လင်ယွမ်မှာ နံရိုးများကျိုးထွက်သွားကာ နာကျင်မှုကြောင့်‌ အော်ဟစ်ရင်း လွင့်ထွက်သွားကာ သွေးပွက်ပွက်အန်၍ စုတ်ပြတ်သွားခဲ့သည်။

“မင်းကများ ငါ့ကို တကယ်တိုက်ခိုက်ရဲတယ်ပေါ့။ အသေဆိုးနဲ့သေအောင် လက်စားချေမယ်ကွ”

သူက လက်ညှိုးငေါက်ငေါက်ထိုး၍ အရူးတစ်ယောက်ပမာ ကျိန်ဆဲနေခဲ့သည်။ ယဲ့ချန်က သူ့ကို ခြိမ်းခြောက်သူများကို ကြည့်မရသည့်အပြင် လွှတ်ပေးလိုက်ပါက အနာဂတ်တွင် ပြဿနာဖြစ်လာနိုင်ကြောင်း နားလည်ထားခဲ့သည်။ ထို့ကြောင့် ဆက်လက်ထိုးနှက်လိုက်သောအခါ တဘန်းဘန်းမြည်သံများအောက်တွင် လင်ယွမ်၏မျက်နှာက ယောင်ကိုင်းလာပြီး သွားများ ကျွတ်ထွက်ကုန်သည်။ သူက ဒေါသတကြီးဖြင့် တစ်ခုခုကို အော်ဟစ်နေသော်လည်း မျက်နှာကို ဖြတ်ကန်ခံလိုက်ရသောကြောင့် ဗလုံးဗထွေးအော်သံများသာ ထွက်ပေါ်လာခဲ့သည်။ ဖြစ်နိုင်သည်မှာ ဆဲဆိုခြိမ်းခြောက်နေခြင်း ဖြစ်နိုင်သော်လည်း ယဲ့ချန်က သဲအိတ်ပမာ သဘောထား၍ ရက်ရက်စက်စက် ဆက်တိုက်ကန်ကျောက်ထိုးနှက်နေခဲ့သည်။ နောက်ကွယ်မှ လုပ်ကြံတတ်သူတစ်ယောက်ကို ကောင်းကောင်းကြီးရိုက်နှက်၍ သင်ခန်းစာပေးသင့်ပေသည်။ သို့မဟုတ်ပါက အနာဂတ်စစ်ပွဲများတွင် အခြားကျင့်ကြံသူများလည်း နောက်ကျောကို ဓားဖြင့် ထိုးခံရနိုင်ချေရှိသည်။ သူက လင်ယွမ်ကို မဟာအကြီးအကဲများ ထွက်ပေါ်မလာခင်အထိ ရိုက်နှက်ရန် ကြံစည်ထားပြီး အကယ်၍ သူတို့က ဝင်ရောက်မစွက်ဖက်လျှင် လင်ယွမ်ကို အလေးမထားကြောင်း သိရပေလိမ့်မည်။ ထို့နောက် သူက ဤရန်သူကို လေ့ကျင့်ရေးကွင်းအတွင်းမှ အသက်ရှင်လျက် ထွက်ခွာခွင့် ပေးမည်မဟုတ်ချေ။ အကယ်၍ သူတို့က ကာကွယ်ပေးမည်ဆိုလျှင် သူ့အတွက် ကံဆိုးသည်ဟု သတ်မှတ်ရပေလိမ့်မည်။ လင်ယွမ်ကဲ့သို့ လူစားမျိုးက အသက်ရှင်နေထိုင်ရန် မထိုက်တန်ပေ။

“ခွေးကောင်”

လင်ယွမ်က ဆက်တိုက်ရိုက်နှက်ခံနေရသော်လည်း အညံ့ခံရမည့်အစား အော်ဟစ်ဆဲဆိုနေသည်။ သူ့ကို ကယ်တင်ချင်သော နောက်လိုက်များမှာလည်း ယဲ့ချန်လက်ချက်ဖြင့် အားလုံးလွင့်ထွက်သွားကာ သခင်လေးဖြစ်သူ အရိုက်ခံနေရသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။

All Chapters