ရောက်ရှိလာခြင်း
Vol. 74 Ch. 1023
“ထန်မျိုးနွယ်ရဲ့ ရွေးချယ်ခံ... အသက် ၁၀၄... ကျင့်ကြံခြင်း အခြေခံ... ကြယ်တာရာ အမြုတေ အဆင့်ခြောက်... စိန်ခေါ်မှု ပုံစံ... ထာဝရ နယ်မြေ ဆေးလုံး... ရန်သူအဆင့်... အဆင့်နိမ့် အချိန်သခင်”
“ဘုရားရေ... သူပဲ...”
“ထန်နတ်ဘုရားမလေး...”
ထန်ရှင်းယွင် စင်မြင့်ပေါ်ကို တက်လာသော အခိုက်၌ များစွာသော လူငယ်များမှာ ဆူပွက်သွားကြ၏။ ထန်ရှင်းယွင်မှာ မျက်နှာကာ ဇာပုဝါ တစ်ခုကို ဝတ်ဆင်ထားခြင်း မရှိတော့ချေ။ သူမက လှပ သိမ်မွေ့သည့် ရုပ်ရည်သွင်ပြင်ကို အားလုံး မြင်နိုင်အောင် ထုတ်ဖော်ပြသထား၏။
သူမ၏ ခါးကလေးက လက်တစ်ဖက်စာ နည်းပါး သေးကျဉ်လှကာ အနက်ရောင် ဆံနွယ်များမှာ ခါးဆီ ရောက်ထိ အထိ ဖြာကာ ကျဆင်းနေ၏။ သူမ၏ မျက်လုံးကလေးများက ပတ္တမြား ရတနာ တစ်ခုခု အလား တဖိတ်ဖိတ် တောက်ပနေသည်။ ထိုမျက်ဝန်းများဆီမှ အကြည့်တစ်ချက်ဖြင့်ပင် သူမမှာ ပုရိသတိုင်း၏ နှလုံးသားများကို သိမ်းပိုက်နိုင်စွမ်း ရှိသူ ဖြစ်သည်။
ထန်ရှင်းယွင်...
ထိုမိန်းကလေးမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ ပုရိသ ကျင့်ကြံသူတိုင်း၏ အသည်းကျော်ကလေး ဖြစ်သည်။ ထို့အပြင် သူမမှာ ရွေးချယ်ခံနှင့် နတ်မိမယ် ဂုဏ်ပုဒ် နှစ်ခုကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မထူးချွန်လည်း ခံနိုင်ရိုးလား။ မိန်းကလေးမှာ ထန်မျိုးနွယ် ဘိုးဘေး၏ တစ်ဦးတည်းသော သမီး ဖြစ်သည်။
အဆင့်နိမ့် အချိန်သခင်နှင့် ထန်ရှင်းယွင်၏ တိုက်ပွဲက သိပ်ပြီး ပြင်းထန်ခဲ့ခြင်းတော့ မရှိပါချေ။ ရှေ့မှ ယှဉ်ပြိုင်ခဲ့သည့် အခြား ရွေးချယ်ခံများလိုပင် မိန်းကလေးမှာ လောကအင်အားကို ခုခံနိုင်သည့် အထွတ်အထိပ် အဆင့် ကြယ်တာရာ ဝတ်ရုံ တစ်ခုကို ပိုင်ဆိုင် ထားခဲ့သည်။ ထိုအားသာချက် အပြင် မျိုးနွယ်မှ စီစဉ်ပေးသည့် အဆင့်မြင့်လက်နက်ကို အားကိုးကာ သူမမှာ ရန်သူကို အချိန်တိုအတွင်း အနိုင်ယူပစ်ခဲ့သည်။
ဟယ်ယန်းလဲ့၏ အနိုင် ရလဒ် ထွက်ပေါ်ပြီး နောက်တွင် စိန်ခေါ်ပွဲများမှာ ပိုမို လွယ်ကူ လာသယောင် ထင်ရသည်။ ပါဝင်ယှဉ်ပြိုင်သူများမှာ ထိပ်သီး အဆင့် တန်ခိုးရှင် ဂိုဏ်းကြီးများမှ ပြင်ဆင်အားကောင်းသည့် ရွေးချယ်ခံများ ဖြစ်နေသောကြောင့်လည်း ဖြစ်ဟန်တူသည်။ ကျရှုံးမှုများ ရှိနေသေးသည့်တိုင် ဂိတ်တံခါး ဖြတ်ကျော်မှုနှုန်းက ယခင်ကထက် အဆပေါင်းများစွာ ခုန်တက် လာနေသည်ကတော့ အမှန်တရားပင် ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်သူများထဲမှ ရွေးချယ်ခံ အားလုံးမှာ အောင်မြင်ခဲ့ကြကာ ရွေးချယ်ခံလောင်း တစ်ဝက်ကျော်ခန့်မှာလည်း ကျော်ဖြတ်နိုင်ခဲ့ကြသည်။ တိုက်ပွဲများ ပိုမို၍ တိုက်ခိုက်လေလေ... လူများမှာ အောင်မြင်ကြောင်း လမ်းစများကို ပိုမို၍ ဖော်ထုတ်နိုင်လေလေ ဖြစ်သည်။ နှစ်နာရီ အကန့်အသတ် ပြည့်သွားမည်ကို မည်သူမှ စိုးရွံ့ကြခြင်း မရှိကြတော့ချေ။
အဓိက ခန်းမကြီး အတွင်းရှိ ရွှေရောင်ဖျာများမှာ လူငယ် ကျင့်ကြံသူများဖြင့် ပြည့်နှက်၍ လာခဲ့၏။ နီးကပ်စွာ တည်ရှိနေသည့် ဖျာနှစ်ခုထက်တွင်တော့ ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့မှာ ဟယ်ယန်းလဲ့ကို သတ်ဖြတ်လိုစိတ် ပြင်းထန်သည့် မျက်ဝန်းများနှင့် တစ်ချက်တစ်ချက် လှမ်းကြည့်နေခဲ့သည်။ လူငယ်မှာ မိန်းကလေး နှစ်ယောက်ထံမှ အကြည့်များကို ခံစားမိလေရာ အနည်းငယ် နောက်ကျာမလုံသလို ခံစားလာရ၏။
သူက သူမတို့နှင့် ပတ်သက်ဖူး၍လော။ အတူတူ အိပ်ဖူး၍လော။ ထို့နောက်... မေ့လျော့သွားလေသလော။ ထိုမိန်းကလေး နှစ်ယောက်၏ အသွေးအသားများကို သူ စားသုံး၍လော။ ဟယ်ယန်းလဲ့မှာ အတွေးနယ်ကျွံရင်း စိတ်များပင် ညစ်ညမ်းလာခဲ့၏။ ကံဆိုးစွာပင် ဤနေရာ၌ လေ့လာနေသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များနှင့် မြေကြီးရှန့်ထိုများ ရှိနေခဲ့သည်။ သူ့အနေဖြင့် ကိုယ့်အပြုအမူ ကိုယ်ထိန်းသိမ်းတာ အကောင်းဆုံး ဖြစ်သည်။
တစ်ချိန်တည်း၌... မိန်းကလေး နှစ်ယောက်မှာ ဝိညာဉ်အာရုံဖြင့် တစ်ယောက်ကို တစ်ယောက် ဆက်သွယ်ကာ စကားပြော နေခဲ့ကြလေသည်။
“မမယု... သူ့ဆီမှာ မမယု ရှိနေတာ သေချာတယ်... ဒါပေမဲ့ သူက မမယု မဟုတ်ဘူး... နောက်ပြီး သတ်ပစ်ချင်လောက်အောင် မုန်းတဲ့ အဲဒီ ခံစားချက်ကရော ဘာလို့လဲ”
ဝူပိုင်ကျိုး၏ အသံက အေးစက်ခြင်းများနှင့် ပြည့်နှက်နေ၏။ အနန္တ ကုန်းမြေတိုက်ကြီးဆီက အပြာရောင် မျက်ဝန်းများနှင့် သဘောကောင်းသည့် မိန်းကလေး၏ ပုံရိပ်ကို သူမ ပြန်လည် မြင်ယောင် နေမိဆဲ ဖြစ်သည်။ နောက်ပိုင်း၌ ပြဿနာ တစ်ချို့ ရှိခဲ့သည့်တိုင်အောင် မမယုမှာ သူတို့အားလုံးကို အကြီးတစ်ယောက် လိုမျိုး နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။
နာ့ရှင်းရီမှာ တစ်စုံတစ်ရာကို စဉ်းစားဟန်ဖြင့် မျက်မှောင်ကြုတ် နေ၏။ အတန်ကြာပြီးနောက် သူက ဟယ်ယန်းလဲ့ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။
“နေဦး... သူများလား...”
“ဟမ်...”
ဝူပိုင်ကျိုးက နာ့ရှင်းရီကို ကြည့်လိုက်သည်။ အချိန်နှင့် အမျှ နာ့ရှင်းရီ၏ အမူအရာက ပိုမို၍ မှောင်မည်းလာသည်။
“မမ ချင်ချူးမူဆီကနေ မိစ္ဆာ စစ်ပွဲ လောကနယ်မြေထဲမှာ ဝေ့ဝူယင်နဲ့ တိုက်ခိုက်ခဲ့တဲ့ လူတစ်ယောက် အကြောင်း ငါ ကြားဖူးတယ်... အဲဒီ ရန်သူက အခြား တစ်ယောက်ရဲ့ သွေးအမတေကို သုံးပြီး ကျင့်ကြံထားတာတဲ့...”
နဂါးငွေ့တန်း ကြယ်ကွင်းပြင် ပျက်စီးပြီးနောက် နေရာ အသစ် မကူးပြောင်းခင် အတုအယောင် ကမ္ဘာငယ်ထဲ၌ သူမနှင့် ချင်ချူးမူတို့ ဆုံတွေ့ခဲ့သေးသည်။ သူမတို့ နှစ်ယောက် ပြောခဲ့သည့် မရေမတွက်နိုင်သော အကြောင်းအရာများထဲတွင် ထိုဖြစ်ရပ် အကြောင်းလည်း အပါအဝင် ဖြစ်သည်။
“မိစ္ဆာ စစ်ပွဲ လောကနယ်မြေ....”
ဝူပိုင်ကျိုးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ နာ့ရှင်းရီက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... ငါ ရွေးချယ်ခံတွေ အကြောင်း လေ့လာရင်းနဲ့ ဟယ်ယန်းလဲ့ အကြောင်းလည်း ဖတ်ဖူးတယ်... သူ့ရဲ့ ပါရမီက အစက သာမန်ပဲ... ဒါပေမဲ့ မိစ္ဆာ စစ်ပွဲ လောကနယ်မြေက ပြန်လာပြီးတဲ့နောက် နဂါးတံခါးကို ဖြတ်လိုက်တဲ့ ငါးတစ်ကောင်လို လုံးဝ ပြောင်းလဲ သွားတယ် တဲ့”
“သူက မမယုရဲ့ သွေးအမတေကို သုံးပြီး ကျင့်ကြံထားတာလား”
ဝူပိုင်ကျိုး၏ မျက်လုံးများထဲ၌ ဒေါသနှင့် ပျော်ရွှင်မှုများမှာ တစ်ပြိုင်နက်တည်း မွေးဖွားလာသည်။ ထိုသို့ဆိုလျှင် လျဲ့ယု အသက်ရှင်နေနိုင်သေးသည်။ မည်သို့ပင် ဆိုစေ... သွေးအမတေကို ထုတ်ယူရန် ကျင့်ကြံသူမှာ အသက်ရှင်နေရန် လိုအပ်သည် မဟုတ်ပါလား။
ဝူပိုင်ကျိုး၏ အမူအရာက ဝေဝါးမှုများနှင့် နောက်တစ်ဖန် ပြန်လည် ပြည့်နှက်သွား၏။
“ဒါပေမဲ့ ဘာလို့လဲ... မမယုမှာက ချင်ချူးမူလို ထူးခြားတဲ့ ခန္ဓာကိုယ်မျိုးမှ မရှိတာ”
“...”
ထိုမေးခွန်းကိုတော့ နာ့ရှင်းရီ မဖြေနိုင်ပါချေ။ သို့သော်လည်း... သေချာတာ တစ်ခုက ဟယ်ယန်းလဲ့နှင့် လျဲ့ယုမှာ ဆက်စပ်နေသည်။ သူမ ခေါင်းကို မော့ကာ ဟယ်မျိုးနွယ် မြေကြီးရှန့်ထို ထိုင်နေသည့် ပလ္လင်ကို ကြည့်လိုက်၏။ မမြင်နိုင်သည့်တိုင် ထိုပုဂ္ဂိုလ်ထံမှ အကြည့်စူးစူးကို သူမ ခံစားနိုင်ပေသည်။
နာ့ရှင်းရီ အနည်းငယ် စိုးရိမ်သွားမိ၏။ ကြည့်ရသည်က... သူမနှင့် ဝူပိုင်ကျိုးတို့ထံမှ အမုန်းတရားများကို ဟယ်ဘိုးဘေးမှာလည်း ခံစားမိဟန် ရ၏။ သတ်ဖြတ်လိုစိတ်အား ထိန်းချုပ်မထားမိသည့် အတွက် သူမ ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်မိသည်။ မည်သို့ပင် ဆိုစေ... မြေကြီး ရှန့်ထိုများ ရှေ့၌ သူမတို့မှာ ပုရွက်ဆိတ်များလို ခွန်အားမဲ့လှသည် မဟုတ်ပါလား။ ကံကောင်း ထောက်မတာ တစ်ခုက လက်ရှိ၌ သူမတို့မှာ လျှို့ဝှက်ကျိန်စာ၏ ကာကွယ်မှု အောက်၌ ရှိနေခြင်း ဖြစ်သည်။
မိန်းကလေးက အသက်ကို ပြင်းပြင်းရှိုက်လိုက်၏။ မည်သို့ပင် ဆိုစေကာမူ... လျဲ့ယု၏ ကိစ္စကို သူမ ရှာဖွေ စစ်ဆေး ဖော်ထုတ်မည် ဖြစ်သည်။ အကယ်၍ ဟယ်ယန်းလဲ့ တစ်ခုခု ကျူးလွန်ထားသည် ဆိုလျှင် ထိုအတွက် သူ ပေးဆပ်ရပေလိမ့်မည်။
...
အထက်ကောင်းကင်တွင်တော့... ရေပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ် လူကြီး တစ်ယောက်မှာ မုတ်ဆိတ်ရှည်ကြီးများကို ပွတ်သပ်ရင်း ပလ္လင်ထက်၌ သက်တောင့်သက်သာ ထိုင်နေခဲ့၏။ သူ၏ အော်ရာက သမုဒ္ဒရာ တစ်စင်းလို နက်ရှိုင်းလွန်းလှကာ မုန်တိုင်းများလိုလည်း ပြင်းထန်လှသည်။ အသက်လတ် လူကြီး၏ စူးရှတောက်ပသော မျက်လုံးများကတော့ အောက်ရှိ မိန်းကလေး နှစ်ယောက် အပေါ်တွင် ကျရောက်နေ၏။
“ဟယ်ပို့ကျန်း... မင်းရဲ့ ပါရမီရှင်လေးမှာ အချစ် အကြွေးတွေ ရှိနေတဲ့ ပုံပဲကွ... ဟဟ”
မြေကြီး ရှန့်ထို တစ်ယောက်က ရယ်မောရင်း နောက်ပြောင်လိုက်၏။ သူက ချန်းမျိုးနွယ်၏ မြေကြီး ရှန့်ထို ချန်းရီပိုပင် ဖြစ်လေသည်။
ချန်းမျိုးနွယ်နှင့် ဟယ်မျိုးနွယ်တို့မှာ အဆုံးမဲ့ ကောင်းကင်တွင် အကြီးမားဆုံး ပြိုင်ဘက်များ ဖြစ်သလို တစ်ချိန်တည်း၌ အရင်းနှီးဆုံး မဟာမိတ်များလည်း ဖြစ်ပေသည်။ နိုဘယ်ကလန်များထဲတွင် သူတို့ထက် ရင်းနှီးသည့် အင်အားစုများ မရှိချေ။
“ဟက်... လူငယ်တွေကတော့ လူငယ်တွေပါပဲ”
ဟယ်ပို့ကျန်းက သမာရိုးကျ မြင်ကွင်း တစ်ခုကို မြင်ရသည့် ပုံံစံဖြင့် ခေါင်းခါလိုက်လေ၏။
...
တစ်ချိန်တည်း၌ ဝေ့ဝူယင်နှင့် အခြားလူများမှာ ထာဝရ နယ်မြေ၏ နယ်စပ် တစ်နေရာသို့ ရောက်ရှိ လာခဲ့ကြလေ၏။ ထိုနေရာ၌ ရွှေရောင် အသက်နန်းတော်၏ ဟင်းလင်းပြင် သင်္ဘောများမှာ ရှေ့သို့ ခရီးဆက်ခြင်း မရှိပဲ ရပ်တန့်နေကြဆဲ ဖြစ်သည်။ သူတို့က နန်းတော်သခင် မာ့ကျန်းကို စောင့်ဆိုင်း နေကြခြင်းပင်။
ဝေ့ဝူယင်က အဝေးရှိ ရောင်စုံ အစက်အပျောက်ကလေးကို လှမ်းကာ ကြည့်လိုက်၏။
“ဟီး ဟီး... ကျွန်တော်တော့ အခြားလူတွေနဲ့ တွေ့ချင်ဖို့ မစောင့်နိုင်တော့ဘူး”
ပိုင်လင်က ဝေ့ဝူယင်ကို စိတ်စွမ်းအင်ဖြင့် ဆက်သွယ်ကာ ပြောလိုက်၏။
“ငါရောပဲ...”
ဝေ့ဝူယင်က အသာအယာ ပြုံးကာ ပြောလိုက်လေ၏။
***