ပလ္လင်ပေါင်း ၄၅၃
Vol. 74 Ch. 1024
ဝှစ်... ဝှစ်... ဝှစ်...
အချိန်နှင့် အမျှ အဓိက ခန်းမ ကြမ်းပြင်ထက်ရှိ ရွှေရောင် ဖျာကလေးများမှာ ပိုမို၍ တိုးလာ နေခဲ့သည်။ ထိုဖျာများ ပေါ်၌ ထိုင်နေကြသူများမှာ ကျင့်ကြံစရာပင် မလိုချေ။ ကြယ်တာရာ အမတေများမှာ အောက်ခြေမှ အဆက်မပြတ် စိမ့်ထွက်နေကာ သူတို့၏ ခန္ဓာကိုယ် သွေးကြောများထဲ ဝင်ရောက် အားဖြည့်ပေးနေကြ၏။ ငြိမ်ငြိမ်ကလေး ထိုင်နေရုံဖြင့်ပင် သူတို့၏ အမတေ စွမ်းအင်များ အပါအဝင် အရေးကြီးသည့် ကျင့်ကြံခြင်း အခြေခံများမှာ ပိုမို၍ တိုးလာနေခဲ့သည်။
ထို့အပြင် ၎င်းတို့မှာ သာမန် ကြယ်တာရာ အမတေများ မဟုတ်ချေ။ အဆုံးမဲ့ ကောင်းကင်၏ ဧရာမ နေကြယ်ကြီးမှ ထုတ်ယူ သန့်စင်ထားသည့် အမြင့်မားဆုံး အသန့်စင်ဆုံး ကြယ်တာရာ အမတေ ပုံစံများ ဖြစ်သည်။ ၎င်းကို ကြယ်ကွင်းပြင်၏ အရှားပါးဆုံး အမတေ တစ်မျိုး အဖြစ် ယူဆထားကာ နက္ခတ် အမတေ ဟု သီးခြား နာမည် ပေးထားကြ၏။ နက္ခတ် အမတေမှာ ကြယ်ပဲ့တင်သံ ဆေးလုံး ဖော်စပ်ရာတွင် လိုအပ်သည့် အမျိုးအစား တစ်ခုဖြစ်ကာ ကုန်ကြမ်း အဆင့်ဟု သတ်မှတ်နိုင်ပေသည်။
သို့သော်လည်း... လက်ရှိ ထာဝရ အစည်းအရုံးမှ ထောက်ပံ့ပေးထားသည့် အမတေက ကုန်ကြမ်း အဆင့် မဟုတ်ပါချေ။ အမျိုးမျိုးသော ဝင်္ကပါများ၊ အစီအရင်များဖြင့် သန့်စင်ထားကာ ကြယ်တာရာ အမြုတေ အဆင့်တိုင်း စုပ်ယူနိုင်အောင် ဖန်တီးပေးထားသည့် ကုန်ချော တစ်မျိုး ဖြစ်သည်။ ၎င်းမှာ ကျင့်ကြံခြင်း လမ်းစဉ်ကို စိတ်၊ ရုပ်၊ အမတေ၊ ဝိညာဉ် တည်းဟူသော လမ်းစဉ် လေးခုလုံးတွင် အကျိုးပြုနိုင်သည်။
ဟယ်ယန်းလဲ့မှာ နက္ခတ် အမတေများကို စုပ်ယူရင်း မိနစ်တိုင်း၊ မိနစ်တိုင်း၌ ပိုမို၍ သန်မာလာနေသလို ခံစားနေရ၏။ ဂိတ်တံခါးကို ကျော်ဖြတ်နိုင်ပါက အကျိုးကျေးဇူးများ ရရှိလိမ့်မည် ဟု စန်းလော့ယန် ပြောခဲ့တာ အံ့အားသင့်စရာ မရှိတော့ချေ။ ဟယ်ယန်းလဲ့ စုမေ့ကို မနာလိုစွာဖြင့် လှမ်းကြည့်လိုက်မိ၏။ ထိုမိန်းမမှာ ဂိတ်တံခါးကို ပထမဆုံး ကျော်ဖြတ်နိုင်ခဲ့လေရာ အကျိုးကျေးဇူး အများဆုံး ရရှိမှာ ကျိန်းသေပေသည်။
“တကယ် မိုက်တာပဲ...”
ချန်တောင်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်ရင်း နက္ခတ် အမတေများကို အငမ်းမရ စုပ်ယူနေ၏။ အခြား ရွေးချယ်ခံများမှာလည်း ထူးမခြားနားပင်။ မသိပါက... သူတို့၏ အလွန်အကျူး အမူအရာများကမှာ သကြားလုံး ခန်းမထဲ ပြုတ်ကျသွားသည့် ကလေးများလိုပင်။
"ထာဝရ အစည်းအရုံး နက္ခတ် အမတေတွေကို ဒီလောက်တောင် ထောက်ပံ့ပေးနိုင်တာပဲ... သူတို့က အဆုံးမဲ့ ကောင်းကင်မှာ ရွှေရောင် အသက်နန်းတော်နဲ့ အတူတူ အချမ်းသာဆုံးဖြစ်နေတာ မထူးဆန်းတော့ဘူး”
ယုမျိုးနွယ် ရွေးချယ်ခံ တစ်ယောက်က ရွှေရောင်ဖျာ ထဲတွင် ပါဝင်နေသည့် ဝင်္ကပါများကို အကဲခတ်ရင်း အံ့သြတကြီး ရေရွတ်လိုက်၏။ တော်ဝင် ယုမျိုးနွယ်မှာ အဆုံးမဲ့ ကောင်းကင်တွင် အဆောင်များ၊ ဝင်္ကပါနှင့် အစီအရင်များ ထုဆစ်ပေးသူ အဖြစ် အလွန် ကျော်ကြားသည်။ အဆောင် ဝင်္ကပါများနှင့် ပတ်သက်လျှင် သူတို့မှာ တော်ဝင်ကလန် ရှစ်ခုတွင် ထိပ်သီး ဖြစ်သည်။
ဝူပိုင်ကျိုး ပင်လျှင် နက္ခတ် အမတေ၏ အကျိုးသက်ရောက်မှုများ အပေါ် အံ့အားသင့် နေခဲ့၏။ ၎င်းက... နာရီတိုင်း နာရီတိုင်း၌ အဆင့်ခုနစ် အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို စားသုံး နေရသလိုပင်။ ထို့အပြင် နက္ခတ် အမတေမှာ သန့်စင်စရာတောင် မလိုချေ။ ဝင်္ကပါများမှာ သူတို့ကိုယ်စား ကျင့်ကြံပေးနေကြခြင်း ဖြစ်သည်။
ထိုကဲ့သို့ ရွေးချယ်ခံ လူငယ်လေးများ ထာဝရ အစည်းအရုံး၏ အမျိုးမျိုး အထွေထွေသော ဧည့်ခံမှုများ အပေါ် အံ့အားသင့် နေကြချိန်တွင် ပလ္လင်များထက်ရှိ ပုဂ္ဂိုလ်ကြီးများကတော့ သူတို့၏ သီးခြား ကမ္ဘာများထဲတွင် နေထိုင်ကာ စိန်ခေါ်ပွဲများကို အကဲခတ် နေခဲ့ကြလေသည်။
အကယ်၍ ပလ္လင် တစ်ခုချင်းစီကို အမျိုးအစား ခွဲခြားကာ အနီးကပ် ရေတွက်ကြည့်မည် ဆိုပါက ပလ္လင်ကြီးပေါင်း ၁၁၈ ခု ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ၎င်းတို့ထဲ၌ အလွတ်များ ပါဝင်နေသော်လည်း အများစုမှာ အလွန် လွှမ်းမိုးနိုင်စွမ်း ရှိသည့် ပုဂ္ဂိုလ်ကြီးများနှင့် ပြည့်နှက်နေသည်။
ပိုမို သေးငယ်သည့် ပလ္လင်များကိုတော့ ဆေးအိုး၊ တူ၊ စေတီ အစရှိသဖြင့် မတူ ကွဲပြားသည့် သင်္ကေတများနှင့် ခွဲခြားထားသည်။ သင်္ကေတ တစ်ခုချင်းစီက ဖန်တီးခြင်း လမ်းစဉ် တစ်ခုကို ရည်ညွှန်းကာ အဆင့်ကိုး ပညာရှင်တိုင်း လိုလိုမှာ ညီလာခံကို တက်ရောက်ရန် နာမည်တပ် ဖိတ်ကြားခြင်းကို ခံခဲ့ရသည်။ ထိုအရာက သူတို့ကို အမြင့်မားဆုံး ဂုဏ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
ဆေးအိုး သင်္ကေတများမှာ အဂ္ဂိရတ် ပညာရှင်များကို ကိုယ်စားပြုပေသည်။ ထိုပလ္လင်များမှာ အဂ္ဂိရတ် အော်ရာများဖြင့် လွှမ်းခြုံနေကာ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက... အခြား ပလ္လင်များထက် အနည်းငယ် ပိုမို ကြီးမားကြောင်း တွေ့ရှိရလိမ့်မည် ဖြစ်သည်။ အဓိက ခန်းမ အတွင်း၌ ထိုကဲ့သို့ ပလ္လင်ပေါင်း ၂၂၄ ခုံ ရှိကာ ထိုနှစ်ဆယ့် လေးခုံလုံးမှာလည်း သေမျိုး အဂ္ဂိရတ် ပညာရှင်များနှင့် ပြည့်နှက်နေခဲ့ပေသည်။
တူသဏ္ဌာန် သင်္ကေတများကတော့ ပန်းပဲ ပညာရှင်များကို ကိုယ်စားပြု၏။ အခြား ပလ္လင်များနှင့် ခြားနားစွာပင် ထိုကဲ့သို့ ပလ္လင် အရေအတွက်မှာ သုံးခုတည်းသာ ရှိ၏။ ထူးခြားချက် အနေဖြင့် ထိုသုံးခုစလုံးမှာ ပန်းပဲ နတ်ဘုရား အစည်းအရုံး ဟူသော အင်အားစု တစ်ခုတည်းမှ ဖြစ်သည်။ သို့သော်လည်း... သူတို့ တစ်ယောက်ချင်းစီမှာ မြေကြီး ရှန့်ထိုများ ဖြစ်ကာ မတူကွဲပြားသည့် ကြယ်တာရာ နယ်မြေများကို ကိုယ်စားပြုနေကြသူများ ဖြစ်သည်။ သူတို့က ပန်းပဲ နတ်ဘုရား အင်ပါယာ ပြီးလျှင် အစည်းအရုံး အတွင်း အဆင့်အမြင့်ဆုံး အကြီးအကဲများ ဖြစ်ကြပေသည်။
စေတီ သဏ္ဌာန် သင်္ကေတများကတော့ ဗိသုကာ ပညာရှင်များကို ကိုယ်စားပြု၏။ သူတို့က အရေအတွက်အားဖြင့် ဆယ့်ရှစ်ယောက် တိတိ ရှိကာ တစ်ယောက်ချင်းစီမှာ မတူကွဲပြားသည့် အဖွဲ့အည်းများမှ ဖြစ်ပေသည်။ ထို့အပြင် သေချာ ကြည့်မည် ဆိုပါက စေတီလေးများ၏ ထိပ်၌ မတူကွဲပြားသည့် သင်္ကေတလေးများ ပါဝင်နေကြောင်း တွေ့ရှိရလိမ့်မည် ဖြစ်သည်။
ထိုသင်္ကေတ တစ်ခုချင်းစီက အဆောင် ဖန်တီးရှင်များ၊ ဝင်္ကပါ သခင်များ၊ ကျင့်စဉ်နှင့် အစီအရင် ဖန်တီးရှင်များကို ကိုယ်စားပြုပေသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အကျော်ကြားဆုံး ဗိသုကာ ပညာရှင် သုံးယောက် ဖြစ်သည့် ဝိညာဉ် ဖန်တီးခြင်း ရှန့်ထို၊ ယုယီလန်းနှင့် ရွှေရောင် အသက်နန်းတော်၏ ရှောင်းရှီတို့၏ ပလ္လင်များမှာ ထိုအထဲ၌ နေရာယူထား၏။ ရှောင်းရှီကတော့ ယခုအချိန်ထိ ရောက်ရှိလာခြင်း မရှိသေးပါချေ။
ထာဝရ အစည်းအရုံးမှာ ပလ္လင်များကို စီစဉ်ရာတွင် ဂုဏ်သတင်း၊ အရေးပါမှု အလိုက် အကြီးအသေးကို မဆိုသလောက် ခွဲခြားထားကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ဥပမာ အားဖြင့်... နာမည်ကျော် ဗိသုကာ ပညာရှင် သုံးယောက်၏ ပလ္လင်များမှာ သူ့ဘေးပတ်လည်ရှိ ပလ္လင်များထက် ပိုမို၍ ကြီးမားပေသည်။
ပလ္လင်များကို စုပေါင်း၍ ရေတွက်မည် ဆိုပါက ၄၅၃ လုံး တိတိ ရှိကာ တစ်ခုချင်းစီမှာ ကြယ်ကွင်းပြင်၏ အမြင့်မားဆုံးသော အဆင့်အတန်းများကို ကိုယ်စားပြုသည်။ ၎င်းက စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်း တစ်ခု ဖြစ်ကာ တစ်ချိန်တည်း၌ ညီလာခံ၏ အရေးပါပုံကိုလည်း ဖော်ပြနေသည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်၊ ရှောင်းရှီ၊ စွန်းလီ၊ ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ ကဲ့သို့ ယခုအချိန်အထိ ရောက်ရှိမလာသေးသည့် မြေကြီး ရှန့်ထိုများ၊ ဖန်တီးခြင်း ပညာရှင်များ ရှိနေသေးသည့်တိုင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ ၂၄၄ ခုသော ပလ္လင်များကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ပြည့်နှက်နေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ နေရာတစ်ခုပင်လျှင် ကင်းလွတ်နေခြင်း မရှိပါချေ။
ထိုပလ္လင်များထဲရှိ တစ်ခုထက်တွင်တော့ အဂ္ဂိရတ် ဝတ်စုံ ဝတ်ဆင်ထားသည့် အလွန် လှပသော မိန်းကလေး တစ်ဦး ရှိနေခဲ့၏။ သူမက ခပ်သွယ်သွယ် လက်ချောင်း ကလေးများဖြင့် ပလ္လင်၏ လက်ရန်းကို တဒေါက်ဒေါက် ခေါက်နေခဲ့သည်။ သူမ၏ အရောင်မတူသည့် မျက်ဝန်းများကတော့ စိတ်မရှည်သည့် အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။
“သူ ဘယ်မှာလဲ...”
သူမကား အခြားသူ မဟုတ်။ ထာဝရ အစည်းအရုံး၏ နာမည်ကျော် ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် မူယုယပင် ဖြစ်လေသည်။
မူယုယမှ ဝေ့ဝူယင် အလာကို စောင့်မျှော်နေသည့် တစ်ဦးတည်းသော သူ မဟုတ်ပါချေ။ ကြယ်ကွင်းပြင် တစ်ခုလုံးအား တုန်လှုပ်စေခဲ့သည့် ထိုနာမည်ကျော် ပါရမီရှင်ကို သေမျိုး အဂ္ဂိရတ် အာဏာရှင်တိုင်း လိုလို တွေ့မြင်လိုနေကြခြင်း ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ ဖန်တီးရှင် အနေဖြင့် ဝေ့ဝူယင် မပါပဲ ညီလာခံမှာ မပြည့်စုံနိုင်ကြောင်း သူတို့ သိပေသည်။
တစ်ချိန်တည်း၌... သူတို့ စဉ်းစားမရသည့် အရာ တစ်ခုက သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အတွက် စီစဉ်ထားသည့် ပလ္လင် ၂၂၄ ခုလုံး သက်ဆိုင်ရာ ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။ အကယ်၍များ ဝေ့ဝူယင် ရောက်ရှိလာခဲ့လျှင်... မည်သည့် နေရာတွင် ထားမည်နည်း။ ထာဝရ အစည်းအရုံးက ထိုအတွက် မည်ကဲ့သို့ စီစဉ်ထားသနည်း။
“ဝေ့ဝူယင်သာ မလာရင် ညီလာခံက ဟာသ ဖြစ်နေမှာ သေချာတယ်”
မာ့မျိုးနွယ်၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် မာ့လဲ့ဟန်က ခေါင်းကို ခါယမ်းရင်း ဆိုလိုက်၏။ သူ့အမြင်အရ ဆိုလျှင် ညီလာခံအား ဖြစ်ပေါ်လာစေခဲ့သည့် အဓိက ပုဂ္ဂိုလ် မရှိပါပဲ ရလဒ်အား ဆုံးဖြတ်ခြင်းမှာ အမှားတစ်ခုသာ ဖြစ်သည်။
“အချိန်မတန်သေးလို့ မလာသေးတာ နေမှာပါ”
အဖြူရောင် မုတ်ဆိတ်ရှည်များနှင့် အဘိုးကြီး တစ်ဦးက ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်၏။ သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ သေမျိုး အဂ္ဂိရတ် အာဏာရှင်ပင် ဖြစ်၏။
ထာဝရ အစည်းအရုံးမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ တစ်ယောက်မှ ပျက်ကွက်ခြင်း မရှိအောင် သေချာ ဂရုတစိုက် စီစဉ်ခဲ့သည်။ လပိုင်းခန့် အလိုတည်းကပင် သူတို့က ထာဝရ သူရဲကောင်းများကို အထောက်တော်များ အဖြစ် စေလွှတ်ကာ ပင့်ဖိတ်ခဲ့ခြင်း ဖြစဟ်သည်။ လစ်ဟာမှု အနည်းငယ်ပင် မဖြစ်ပေါ်စေခဲ့ပါချေ။
ထိုအချိန်အထိ... လောကသခင် အဆင့်အောက် ရွေးချယ်ခံနှင့် ရွေးချယ်ခံလောင်း တစ်ရာကျော်မှာ အဓိက ခန်းမ အတွင်းကို ရောက်ရှိခဲ့ပြီး ဖြစ်ပေသည်။ သူတို့ထဲမှာ အများစုမှာ နိုဘယ်ကလန် ရှစ်ခုနှင့် ထိပ်သီး တန်ခိုးရှင် အင်အားစုကြီးများမှ ဖြစ်ပေသည်။
ထိုကဲ့သို့ စိန်ခေါ်မှုများ ဆက်လက် ဖြစ်ပွားနေစဉ်တွင် ပလ္လင်ထက်ရှိ ပုဂ္ဂိုလ်ကြီးများမှာ အစွမ်းထက် အော်ရာများ နီးကပ်လာနေသည်ကို ခံစားလိုက်ရလေသည်။ လျှို့ဝှက် အာဏာရှင် အဆင့်တိုင်းမှာ တိုင်ပင် မထားရပါပဲ ကောင်းကင်ကို ပြိုင်တူလိုလိုပင် မော့ကြည့် လိုက်မိကြ၏။
“ရွှေရောင် အသက်နန်းတော် ရောက်လာပြီ”
မူယုယ၏ အရောင်မတူသည့် မျက်လုံးများမှာ စိတ်လှုပ်ရှားသည့် အလင်းတန်းများဖြင့် တောက်ပသွားခဲ့၏။ သူတို့က နောက်ကျနေလေရာ အကြောင်းရင်း တစ်ခုသာ ရှိပေလိမ့်မည်။ ၎င်းက ဝေ့ဝူယင်ကို ခေါ်ဆောင် လာကြခြင်းပင်။
ရွှေရောင်ဖျာများ ထက်တွင်တော့ မိန်းကလေး လေးယောက်မှာ ပြိုင်တူပင် သူတို့၏ လက်စွပ်များကို ငုံ့ကြည့်လိုက်မိကြ၏။ ဆက်သွယ်ရေး အဆောင်များမှာ သတင်းစကား တစ်ခုကို ယူဆောင်ကာ သူတို့ထံ အချက်ပြလာခဲ့ပြီ ဖြစ်သည်။ ၎င်းကား သူ ရောက်လာပြီ ဟု။
သိမ်မွေ့သည့် အပြုံးများမှာ မိန်းကလေးများ၏ နှုတ်ခမ်းကလေးများထက်၌ ပြိုင်တူပင် မွေးဖွားလာခဲ့လေ၏။
***