← Chapters

ထာဝရ အစည်းအရုံး၏ ကြိုဆိုမှု

Vol. 74 Ch. 1025

ထာဝရ အစည်းအရုံး၏ ကြိုဆိုမှု

Vol. 74 Ch. 1025

ဝမ်... ဝမ်...

ထာဝရ အစည်းအရုံး၏ စည်းစိမ် သင်္ဘောကြီးမှာ အားလုံး၏ အံ့သြ အထွေထွေ အကြည့်များ အောက်တွင်ပင် ထာဝရဂြိုဟ်ဆီ တဖြည်းဖြည်း ချဉ်းကပ်လာနေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်မှာ ကုန်းပတ်ထက်၌ ရပ်ရင်း အရောင်အသွေး စုံလင်လှသော အာကာသ ရှုမြင်ကွင်းနှင့် အနန္တ သင်္ဘောများကို ‌ငေးမော နေခဲ့၏။ သင်္ဘောများမှာ အရေအတွက်အားဖြင့် သိန်းပေါင်းများစွာ အထိ ရှိလိမ့်မည် ဖြစ်ကာ သန်းဂဏန်း အထိပင် မြင့်တက်ကောင်း မြင့်တက်နိုင်ပေသည်။ ၎င်းတို့အား မြင်တွေ့ရသည်က လှပကာ အသက်ဝင်လွန်းလှသည်။

ဝေ့ဝူယင်မှာ အဝတ်အစားများကို ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ သူက အနက်ရောင် သိုင်းဝတ်စုံကို ချွတ်ကာ ဖြူလွလွ အဂ္ဂိရတ် သမားတို့၏ ဝတ်စုံကို ဆင်မြန်းထား၏။ ၎င်းမှာ စစ်အမတေဖြင့် ဖန်တီးထားသည့် ဝတ်စုံ မဟုတ်ပါချေ။ သူ ကိုယ်တိုင် ဒီဇိုင်းဆွဲကာ လက်ဖြင့် ချုပ်ထားသည့် ဝတ်စုံ ဖြစ်ပေသည်။ အကယ်၍ အနီးကပ် ကြည့်မည် ဆိုပါက ဝတ်စုံထံမှ အသန့်စင်ဆုံး အဂ္ဂိရတ်မြူနှင့် တူသော သိမ်မွေ့သည့် အော်ရာ တစ်ခု ထွက်ပေါ်နေသည်ကို သတိထားမိလိမ့်မည် ဖြစ်သည်။

ဟိုးလွန်ခဲ့သည့် နှစ်များ အတွင်း၌ ဝေ့ဝူယင်မှာ နဂါးငွေ့တန်း ကြယ်တာရာ နယ်မြေ၌ နေထိုင်ကာ ပိုင်လင် နိဗာန အသွင်ပြောင်းခြင်း ဖြစ်စဉ်အား ကျော်ဖြတ်သည်ကို စောင့်ဆိုင်းခဲ့ရသည်။ သုံးနှစ်တာ ဆိုသည့် ကာလက အထီးကျန်သူများ အဖို့ အလွန်ပင် ကြာမြင့်လှကာ မ‌ရေမတွက်နိုင်သည့် ဝါသနာများကို လိုက်စားစေခဲ့သည်။ ဝေ့ဝူယင်ထံတွင် သူ ကိုယ်တိုင် ချုပ်လုပ်ထားသည့် ဝတ်စုံများစွာ ရှိပေသည်။

ဝေ့ဝူယင် အဂ္ဂိရတ် ဝတ်စုံ ဝတ်ဆင်လာရသည့် ရည်ရွယ်ချက်က ရှင်းလင်းပေသည်။ သူက ဤနေရာကို အဂ္ဂိရတ် ပညာရှင် တစ်ယောက် အနေဖြင့် လာခြင်း ဖြစ်သည်။ တိုက်ခိုက်ရေးသမား တစ်ယောက် အနေဖြင့် မဟုတ်ချေ။

ဝေ့ဝူယင်၏ နံဘေးတွင်တော့ ကြယ်ကွင်းပြင်၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူများ ဖြစ်သည့် မြေကြီး ရှန့်ထို လေးယောက် ဝန်းရံ လိုက်ပါလာ၏။ သူတို့က ဝူယု၊ မာ့ကျန်း၊ စွန်းလီနှင့် ဟန်ယုဟိုင်တို့ပင် ဖြစ်လေသည်။ သူတို့က သူ့နံဘေးတွင် ကာကွယ်သူများလို အတူတကွ စုစည်းရုံးနေကြ၏။

“နှစ်သုံးဆယ်တောင် ကျော်သွားခဲ့ပြီပဲ...”

ဝေ့ဝူယင် ငေးမိငေးရာ ငေးမောရင်း ရောက်တတ်ရာရာ တွေးလိုက်မိသည်။ သူ့လက်ချောင်းများက လည်ပင်းရှိ လော့ကတ်သီးလေးထံ ရောက်ရှိသွား၏။ ထိုနေရာ၌ သူ့မွေးရပ်မြေ အနန္တ ကုန်းမြေတိုက်ကြီး တည်ရှိနေပေသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုခန့်က သူက အသက်နှစ်ဆယ် အရွယ် ကျင့်ကြံသူ လူငယ်လေး တစ်ယောက် ဖြစ်ခဲ့သည်။ သူ့တွင် ဘာနောက်ခံမှ မရှိ။ ဘာထောက်ပံ့မှုမှ မရှိ။ ရန်သူများ၏ လက်ထဲမှ သက်စွန့်ဆံဖျား ပြေးရင်း နေသွေးနီနီဂိုဏ်းသို့ ရောက်ရှိခဲ့သည်။

ဆယ်စုနှစ် သုံးခု ကြာပြီးနောက်တွင်တော့ ကြယ်ကွင်းပြင် တစ်ခု၏ အထွတ်အထိပ် နေရာကို သူ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဖန်တီးခြင်း စွမ်းရည်နှင့် အတူ မရေမတွက်နိုင်သော အပြောင်းအလဲများကို သူ ယူဆောင် လာနိုင်ခဲ့သည်။ ထိုစဉ်အခါက ကောင်းကင်ထက်၌ တည်နေသည့် ဝူနက္ခတ် မျှော်စင်ကို သူ သွားရောက်လည်ပတ် ချင်ခဲ့သည်။ ယခုတွင်တော့ ကြယ်တာရာများကိုပင် ဖြတ်သန်း၍ သူ ခရီးနှင်နေနိုင်ခဲ့ပြီ ဖြစ်သည်။

အမွေခံ အပြစ်သား သွေးမျိုးဆက်မှာ ကျိန်စာ တစ်ခုသဖွယ် ဖြစ်ခဲ့သည့်တိုင် တစ်ချိန်တည်း၌ သူ့ကို စိတ်ကူးပင် မယဉ်ဖူးခဲ့သည့် မိုးကောင်းကင်များ အထိ ပို့ပေးခဲ့သည်။ သူ့ကို ပိုမို ကြီးပြင်းစေခဲ့သည်။ ပိုမို ရင့်ကျက်စေခဲ့သည်။ သူကိုယ်တိုင် သတ်ဖြတ်ခဲ့သည့် အရူးလူငယ်ကို ဝေ့ဝူယင် စိတ်ထဲမှ ကျေးဇူးတင်လိုက်မိ၏။

ထိုအခိုက်တွင်ပင်... စည်းစိမ် သင်္ဘောမှာ ထာဝရကောင်းကင်ဂြိုဟ်၏ ပိုင်နက် အတွင်း အတွင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကျောက်တိုင်မှာ တောက်ပသည့် အလင်းတန်းများကို ထုတ်လွှတ်ရင်း ထိုနေရာ၌ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ၎င်းက ရောက်ရှိလာသူတိုင်းကို ကြိုဆိုသည့် အလား... ပိတ်သိမ်းခြင်း အလျင်း မရှိပါသေးချေ၊

“ထာဝရ အစည်းအရုံးက ကြွားချင်တာနဲ့ လျှောက်ဖြုန်းတီးနေတာပဲ”

ဝူယုက အေးစက်စက် မှတ်ချက်ချလိုက်၏။ ထိုကျောက်တိုင်အား အသက်သွင်းရန် အလွန် များပြားလှသည့် ရင်းမြစ်များ လိုအပ်မည်မှာ အသေအချာပင် ဖြစ်သည်။ ညီလာခံ စတင်ခဲ့သည်မှာ လအနည်းငယ်ခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ ကုန်ကျစရိတ်က မတွေးရဲလောက်စရာပင်။

တစ်ကြိမ်တိုက်ပွဲ ဖြစ်ပြီးနောက်တွင် ထာဝရ အစည်းအရုံး အပေါ် ဝူယု၏ ခံစားချက်မှာ သိပ်မကောင်းပါတော့ချေ။ ထာဝရ ဧကရာဇ်၏ မျက်နှာကြောင့်သာ မဟုတ်ပါက... သူ ထိုအစည်းအရုံးကို တစ်ခါတည်း ဖျက်ဆီးဖို့ ကြိုးစားမိလိမ့်မည် ဖြစ်သည်။

“အဲဒါကိုက သူတို့ရဲ့ လမ်းစဉ်ပဲလေ... အခွင့်အရေး ရတာနဲ့ သူတို့က ဘယ်လောက် ချမ်းသာ ကြွယ်ဝတဲ့ အကြောင်း ကမ္ဘာကို ချပြကြတော့တာပဲ”

မာ့ကျန်းက ထူးမခြားနားဟန်ဖြင့် ဆိုလိုက်၏။ ဤသည်က ထာဝရ အစည်းအရုံး အလားတူ ပြုမူခဲ့သည့် ပထမဆုံး အကြိမ် မဟုတ်ပါချေ။ နောက်ဆုံးအကြိမ်လည်း ဘယ်တော့မှ ဖြစ်လိမ့်မည် မဟုတ်ချေ။

“အကြီးအကဲကျန်းရော ဘယ်လိုနေသေးလဲ...”

ဟန်ယုဟိုင်က ကျန်းကျိရီ၏ အခြေအနေကို မေးရင်း ခေါင်းစဉ်အား ‌ပြောင်းလဲ လိုက်၏။ ဝေ့ဝူယင်က ကျောက်တိုင်ကို စိုက်ကြည့် လေ့လာနေစဉ်တွင် မာ့ကျန်းက အဖြေပေးလိုက်လေသည်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့ ထောက်ပံ့ပေးထားတဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေနဲ့ ပုံမှန် ပြန်ကောင်းလာနေပါတယ်... ဒါပေမဲ့ ခုထိတော့ သတိလစ်နေတုန်းပဲ... ပြန်သတိရဖို့ဆိုရင် တစ်နှစ် နှစ်နှစ်လောက် အချိန်ယူရလိမ့်မယ် ထင်တယ်”

မြေကြီး ရှန့်ထို တစ်ယောက်၏ ပြန်လည် ကောင်းမွန်မှုနှုန်းမှာ အလွန် နှေးကွေးလေ့ ရှိကြသည်။ ပုံမှန်အားဖြင့် မြေကြီးရှန့်ထိုများမှာ ဒဏ်ရာ ရသည်နှင့် အချိန်ဆွဲထားလေ့ မရှိပဲ လောကီ ပြောင်းပြန်လှန်ခြင်း နည်းလမ်းကို သုံးကာ ပြန်လည် ကုသလေ့ ရှိသည်။ ကျန်းကျိရီမှာ ကိုမာတန်းဖြစ်သွားခဲ့လေရာ ထိုအတွက် အချိန်မရှိခဲ့ပါချေ။

ဟန်ယုဟိုင်က သက်ပြင်းတစ်ချက် ချလိုက်၏။ ဝေ့ဝူယင်ထံတွင် လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ ရှိနေသည်မှာ ကံကောင်းလှသည်။ မဟုတ်ပါက... သာမန် အဆင့်ကိုး ထုတ်ကုန်များဖြင့် ကျန်းကျိရီ၏ ပြန်လည် ကောင်းမွန်မှုနှုန်းမှာ ရာစုနှစ်နှင့်ချီ သွားပေလိမ့်မည်။ ကျန်းကျိရီမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ခွန်အား တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သူမအား ဆုံးရှုံးသွားရမည့် အဖြစ်မျိုးကို သူ မလိုလားပါချေ။

ထို့အပြင်... သူ့ထံတွင် ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်းဖြစ်လာလိုသည့် ဆန္ဒတစ်ခု ရှိပေသည်။ နောင်အခါ ဝေ့ဝူယင်နောက်ကို သူ လိုက်ပါရမည် ဆိုပါက အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်း မြေကြီး ရှန့်ထို တစ်ယောက် ကျန်ရစ်ခဲ့မှ ဖြစ်ပေလိမ့်မည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို လောကဂိုဏ်း အဖြစ်မှ လျော့ကျသွားတာမျိုး သူ မလိုလားပါချေ။

ဂီး...

ပိုင်လင်က အလင်းတန်းများ ထုတ်လွှတ်နေသည့် ကျောက်တိုင်ကြီးကို လှမ်းကြည့်ရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ သူမက မြေကြီး ရှန့်ထိုများ၏ ဘေးတွင် ရပ်နေကာ ရှည်မားသော အရပ်ကြီးဖြင့် အားလုံးကို အုပ်မိုးထား၏။

စွန်းလီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ မီးဖီးနစ်ဘက်ကို လှည့်ကြည့်လိုက်သည်။ ပထမဆုံး အကြိမ် အနေဖြင့် ပိုင်လင်ထံမှ အန္တရာယ် အငွေ့အသက်ကို ရရှိလိုက်သလို သူမ ခံစားလိုက်ရသည်။

ပိုင်လင်၏ နောက်တွင်တော့ ရွှေရောင် အသက်နန်းတော်၏ အခြား အကြီးအကဲများ ရှိနေခဲ့၏။ ထိုအထဲ၌ မာ့ဆုကျင်း ဦးဆောင်သည့် မာ့မျိုးနွယ်ဝင်များလည်း အပါအဝင်ပင် ဖြစ်သည်။ လူအုပ်၏ တစ်နေရာတွင်တော့ ရှည်လျားသည့် ဆံပင်များနှင့် လှပ ချောမောသည့် မိန်းကလေး တစ်ယောက် ငြိမ်သက်စွာ ရပ်နေခဲ့၏။ သူမက အလွန်ပင် ငယ်ရွယ်ပုံ ပေါ်ကာ ဆယ့်ခြောက်နှစ် ကျော်သေးပုံပင် မရချေ။

သို့သော်လည်း မိန်းကလေးမှာ သာမန် မဟုတ်ပါချေ။ ရွှေလေလံပွဲ ပြီးကတည်းက လူပြောအများဆုံး ခေါင်းစဉ် ဖြစ်နေခဲ့သည့် ပါရမီရှင်မလေး မာ့လုလင်းပင် ဖြစ်လေသည်။

မာ့လုလင်း အပါအဝင် ရွှေရောင် အသက်နန်းတော်၏ အဖွဲ့ဝင် များစွာမှာ အဝေးမှ ဝေ့ဝူယင်ကို ငေးကြည့် နေခဲ့ကြသည်။ ထိုလူငယ်၏ နာမည်ကို သူတို့ ကြားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တကယ်တမ်း မြင်တွေ့လိုက်ရချိန်တွင်တော့ အလွန်ပင် အံ့အားသင့်ခဲ့ရသည်။ အထူးသဖြင့် သူ၏ ရုပ်ရည်ပင်။

သူက အလွန် ချောမောလွန်းလှသည်။ တစ်ချိန်တည်း၌ ငွေရောင် မျက်ဝန်းများနှင့် ပြုံးစစ နှုတ်ခမ်းတို့က ခန့်ညားခြင်း ဆိုသည့် အဓိပ္ပာယ်ကို ဖွင့်လှစ်နေသည်။ ရုပ်ရည်နှင့် ပတ်သက်၍ မိမိကိုယ်ကို ယုံကြည်ချက် ရှိသူများပင် ဝေ့ဝူယင်ကို ကြည့်မိချိန်တွင်တော့ သိမ်ငယ်မှုကို ခံစားလိုက်ရသည်။

“အားလုံး အဆင်သင့် ဖြစ်ပြီလား...”

စွန်းလီက ပိုင်လင်ထံမှ အကြည့်ကို ခွာရင်း နောက်ရှိ လူများကို ဆော်သြလိုက်၏။

“ဖြစ်ပါပြီ...”

အားလုံးက မဆိုင်းမတွပင် သံပြိုင် အော်ဟစ်လိုက်ကြသည်။ စွန်းလီက ကျေနပ်စွာဖြင့် ခေါင်းတစ်ချက် ညိတ်ရင်း ဝေ့ဝူယင်ထံမှ အတည်ပြုမှု တောင်းသည့်နှယ် လှမ်းကြည့်လိုက်၏။

နောက်ဆုံး၌ ဝေ့ဝူယင်က လက်ကို လော့ကတ်သီးလေးထံမှ ပြန်လည် ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူက ရှေ့ကို ခြေတစ်လှမ်း တိုးကာ ကောင်းကင်ဆီ ခုန်တက်လိုက်၏။ ပိုင်လင်က အလိုက်သင့်ပင် ‌‌‌ရှေ့သို့ တဟုန်ထိုး ပျံကာ ဝေ့ဝူယင် အောက်သို့ တိုးတင်လိုက်၏။

ဝှစ်...

စက္ကန့်အနည်းငယ် အတွင်းမှာပင် ဝေ့ဝူယင်မှာ ပိုင်လင်၏ ကျောထက်၌ ချိန်သားကိုက် နေရာယူခဲ့ပြီး ဖြစ်သည်။ ထို့နောက်... အားလုံး၏ အကြည့်များ အောက်တွင်ပင် သူတို့ နှစ်ယောက်မှာ ကျောက်တိုင်ရှိရာဆီသို့ ပျံသန်း သွားခဲ့ပြီ ဖြစ်သည်။

ဝှစ်... ဝှစ်...

ဝူယုနှင့် ဟန်ယုဟိုင်တို့မှာ ဝေ့ဝူယင်နောက်မှ နေ၍ ပျံသန်းကာ လိုက်ပါသွားကြ၏။ မာ့ကျန်းကတော့ ရွှေရောင် အသက်နန်းတော် အဖွဲ့ကို ကြီးကြပ်ရန် စွန်းလီနှင့် အတူတူ ကျန်ရစ်ခဲ့ပေသည်။ ဟုန်ယန်လျဲ့လန်ကတော့ အစောကြီးတည်းကပင် ဝင်သွားကာ သူတို့ အလာကို စောင့်နေခဲ့ပြီ ဖြစ်သည်။

သူမ အဘိုးနှင့်ပါ တွေးရမည့် အဖြစ်ကို တွေးရင်း မာ့ကျန်းမှာ ခေါင်းကိုက်သလို စတင် ခံစားလာခဲ့ရတော့၏။

***

All Chapters