ထာဝရ အစည်းအရုံး၏ ကြိုဆိုမှု (၂)
Vol. 74 Ch. 1026
ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ အလင်းများထဲကို ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဝူယုနှင့် ဟန်ယုဟိုင်တို့မှာလည်း တစ်ပြိုင်နက်တည်းလိုလို ဝင်ရောက်ကြသည့်တိုင် ဝေ့ဝူယင်တို့ထက် မဆိုသလောက်လေး နောက်ကျပေသည်။
ဝှစ်....
အလင်းထဲကို ရောက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော စွမ်းအား တစ်ခုက သားရဲနှင့် လူငယ်ကို ရစ်ပတ်သွားကာ လျှို့ဝှက် နယ်မြေ တစ်ခုထံ ပို့ဆောင်ရန် ကြိုးပမ်းလိုက်သည်။
“ဟမ်...”
ဝူယုနှင့် ဟန်ယုဟိုင်တို့၏ အမူအရာများက ချက်ချင်းပင် ပြောင်းလဲသွား၏။ ဝေ့ဝူယင်ကို ခေါ်ဆောင်ရန် ကြိုးပမ်းနေသည့် နေရာက သူတို့ သွားနေသည့် နေရာနှင့် ခြားနားသည့် လမ်းကြောင်း တစ်ခု ဖြစ်ကြောင်း သိရှိရန် အချိန်သိပ်မယူလိုက်ရပါချေ။ ထာဝရ အစည်းအရုံးက ဘာလုပ်ဖို့ ကြိုးပမ်းနေသနည်း။
ဘုန်း...ဘုန်း...
သူတို့က ချက်ချင်းပင် လျှို့ဝှက် အင်အားများကို ဖြန့်ကျက်ကာ ထိုစွမ်းအားကို ဖျက်ဆီးဖို့ ကြိုးပမ်း လိုက်ကြ၏။
“ကိစ္စ မရှိဘူး... အဲဒီမှာ အခြားလူတွေ ရှိတယ်”
ထိုအခိုက်တွင်ပင် ဝေ့ဝူယင်မှာ ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လာခဲ့၏။ ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့်... အာကာသ အလွှာများကို ဖြတ်မြင်နိုင်ရန် သူ့အတွက် မခက်ခဲလှချေ။
အလင်းတန်း သူ့ကို ပို့ဆောင်ရန် ကြိုးပမ်းနေသည့် လျှို့ဝှက် နယ်မြေတွင် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများနှင့် လေးထောင့်ကွက်များ ရှိနေကြောင်း တွေ့မြင်နိုင်ပေသည်။
မြေကြီး ရှန့်ထို နှစ်ယောက်မှာ အံ့သြသွားကြကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ ထိုအခါ လူငယ်က အတည်ပြုဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ပြသည်ကို တွေ့လိုက်ရ၏။ ဝူယုနှင့် ဟန်ယုဟိုင်တို့မှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြကာ လျှို့ဝှက် စွမ်းအင်များကို ပြန်လည် ရုတ်သိမ်းလိုက်ကြသည်။
ဟူး... ဟူး...
အလင်းတန်း၏ ပို့ဆောင်မှု နောက်ကို လိုက်ရင်း မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ ကြီးကျယ် ခမ်းနားသည့် ခန်းမကြီး တစ်ခု အတွင်း ရောက်ရှိသွား၏။ ထိုခန်းမကြီး၏ ကောင်းကင်ထက်တွင် ပလ္လင်ပျံများ ရှိနေကာ ကြမ်းပြင်ထက်တွင်တော့ ရွှေရောင်ဖျာများ ရှိနေသည်ကို တွေ့လိုက်ရသည်။
ဝူယုက ခန်းမကို တစ်ချက် ဝှေ့ကြည့်လိုက်ကာ ပလ္လင်ပျံ တစ်ခုဆီသို့ အရောက်၌ ရပ်တန့်သွား၏။ ထိုအပေါ်၌ ထိုင်နေသည့် ပုဂ္ဂိုလ်ကတော့ အခြားသူ မဟုတ်... စန်းလော့ယန်ပင် ဖြစ်လေသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ...”
ဝူယု၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်သည်။ သူ၏ အသံက အေးစက်ကာ ရန်လိုခြင်းများနှင့် ပြည့်နှက်နေ၏။
“...”
စန်းလော့ယန်က မတုန်မလှုပ်ပင် ဝူယုကို ပြန်လည် ကြည့်လိုက်သည်။
“ဘာကို ဆိုလိုရမှာလဲ... အာရုဏ်ဦး စစ်သည် ဝူယု...”
သူ၏ လေသံက ထက်ရှမှုများနှင့် ပြည့်နှက်နေကာ မည်သည့် ခြိမ်းခြောက်မှုကိုမှ မမှုဟန် ရလေသည်။ ဝူယု၏ မျက်လုံးများက အန္တရာယ် အငွေ့အသက်များဖြင့် ပိုမို၍ ကျဉ်းမြောင်းသွားသည်။
ထိုအခိုက်တွင်ပင် အဓိက ခန်းမ အတွင်းရှိ အလင်း မျက်နှာပြင်ထက်ရှိ ပုံရိပ်များမှာ ပြောင်းလဲသွားကာ စငမြင့်တစ်ခုတည်းကိုသာ ဘက်ပေါင်းစုံမှ ပြသလာခဲ့၏။ ထိုစင်မြင့်၏ အလယ်တည့်တည့်တွင်တော့ မည်သူမှ မေ့နိုင်မှာ မဟုတ်သည့် ပုံရိပ် တစ်ခု ရှိနေခဲ့လေသည်။
သူကတော့ အခြားသူ မဟုတ်... နာမည်ကျော် အာရုဏ်ဦး အာဏာရှင် ဧကရာဇ် တစ်ဖြစ်လည်း ဝေ့ဝူယင်ပင် ဖြစ်လေတော့သည်။ ဝေ့ဝူယင်က ပိုင်လင်၏ ကျောထက်မှ မဆင်းသေးပဲ တည်ငြိမ်စွာပင် ပတ်ဝန်းကျင်ကို ဝှေ့ကြည့်ကာ အကဲခတ်လိုက်၏။
ဝူယုမှင့် ဟန်ယုဟိုင်တို့မှာ အလင်း မျက်နှာပြင်များကို ကြည့်ကာ ညီလာခံ၏ စဦးပိုင်း အဖြစ်အပျက်များကို ခန့်မှန်းလိုက်နိုင်၏။ သူတို့ ရောက်ရှိနေသည်က ညီလာခံ ကျင်းပရာ အဓိက ခန်းမ ဖြစ်ကာ စင်မြင့်မှာ ဤနေရာကို ဝင်ခွင့်အတွက် အရည်အချင်း စစ်သည့် နေရာ ဖြစ်ရပေမည်။ ရွှေရောင်ဖျာများထက်ရှိ လူငယ်များမှာ ထိုနည်းဖြင့် ဖြတ်ကျော်လာနိုင်သူများ ဖြစ်ရပေမည်။
ချက်ချင်းပင်... ဝူယု၏ မျက်လုံးများမှာ ဒေါသအလင်းတန်းများနှင့် ပြည့်နှက်သွားကာ စန်းလော့ယန်ကို စိုက်ကြည့်လိုက်လေသည်။
“စန်းလော့ယန်... မင်းက ငါ့သခင်လေးကို အဲဒီလို နေရာပို့ရဲတယ်ပေါ့”
ဘုန်း... ဘုန်း...
အသံနှင့် အတူ လျှို့ဝှက် အော်ရာများမှာ ဝူယု၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် ပလ္လင်များကိုပင် ဖြတ်သန်းကာ ရိုက်ခတ်သွားသည်။ ခန်းမ တစ်ခုလုံးရှိ မြေကြီး ရှန့်ထိုများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြကာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ ထိတ်လန့်တကြား နောက်ဆုတ်သွားကြ၏။ ဟန်ယုဟိုင်က ငြိမ်သက်စွာပင် ရပ်ကြည့်နေသော်လည်း ဝူယု လိုအပ်ပါက ဝင်ရောက် ကူညီနိုင်ရန် အဆင်သင့် ပြင်ဆင်ထား၏။
စန်းလော့ယန်မှာ ကြောက်လန့် တုန်လှုပ်နေသည့် တိုင်အောင် အပြင်ပန်းတွင်တော့ တည်ငြိမ်သည့် အမူအရာ တစ်ခုကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
“စိတ်လျှော့... အာရုဏ်ဦး စစ်သည်... စိတ်လျှော့ပါ... ကျုပ်တို့ ခင်ဗျားရဲ့ သခင်လေးဆီ ဖိတ်စာ ပေးပို့ခဲ့ပါသေးတယ်... ဖိတ်ကြားချက်ကို သူ ကိုယ်တိုင် မတုန့်ပြန်တဲ့ အတွက် ကျုပ်တို့ဘက်က မတတ်သာပဲ ပြန်ဖျက်သိမ်းလိုက်ရတာပါ... ဆိုတော့ကာ ဂျူနီယာ တစ်ယောက် အနေနဲ့ အရည်အချင်း စစ်ပွဲကို သူ ဖြတ်ကျော်ရပါလိမ့်မယ်... စိတ်မပူပါနဲ့... သူ့အတွက် လွယ်ကူအောင် ကျုပ်တို့ လုပ်ထားပေးပါတယ်... တိုက်ပွဲအစား အဂ္ဂိရတ် စမ်းသပ်ပွဲလေး တစ်ခုကိုပဲ ဖြတ်ကျော်ရမှာပါ”
“...”
ဝူယုက ဒေါသကို လျှော့ချကာ ပတ်ဝန်းကျင်ကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ ခံပြင်းဒေါသထွက်မိသည့်တိုင် အာရုဏ်ဦး စစ်သည်မှာ အခြေအနေကို နားလည်သူ ဖြစ်သည်။
ကြယ်ကွင်းပြင် တစ်ခုလုံး အပေါ် သက်ရောက်သည့် ယာယီ ငြိမ်းချမ်းရေး ကျိန်စာ အကြောင်း မာ့ကျန်းထံမှ တစ်ဆင့် သူ သိရှိပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် အကြမ်းဖက် လှုပ်ရှားလိုက်မည် ဆိုပါက သူက ကြယ်ကွင်းပြင် တစ်ခုလုံး၏ ပစ်မှတ်ဖြစ်သွားပေလိမ့်မည်။ ကျိန်စာကြောင့်ပင် မြေကြီး ရှန့်ထို အားလုံး စိတ်ပါပါ၊ မပါပါ လှုပ်ရှားရလိမ့်မည် ဖြစ်သည်။
ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာနိုင်သည့် ပုဂ္ဂိုလ် တစ်ယောက် အပေါ် ထာဝရ အစည်းအရုံး၏ ကြိုဆိုမှုက အံ့မခန်းပါပင်။
...
စင်မြင့်ထက်တွင်တော့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း သူ မည်သည့် နေရာကို ရောက်ရှိနေကြောင်း သိရှိလိုက်၏။ ညီလာခံ ကြိုဆိုမှုက စိတ်ဝင်စားစရာ ကောင်းသည်ဟု သူ တွေးလိုက်မိသည်။ သူက ခေါင်းကို ပတ်ချာလည် လှည့်ကာ ပရိသတ်များကို အကဲခတ်လိုက်သည်။
တစ်ချိန်တည်း၌ မရေမတွက်နိုင်သည့် ပရိသတ်များမှာလည်း ရုတ်ချည်း ရောက်ရှိလာသည့် ဝေ့ဝူယင်ကို အံ့သြ မှင်သက်စွာဖြင့် ငေးကြည့် နေမိကြ၏။ ထိုလူငယ်လေး၏ ရုပ်ရည်က နတ်ဘုရားတို့ ဖန်ဆင်းထားသလို အလွန် ချောမောလွန်းလှသည်။ အထူးသဖြင့် သူ၏ ငွေရောင် မျက်လုံးများမှာ လောက၏ အမှန်တရားများကို သိုလှောင်ထားသည့် အလား တဖိတ်ဖိတ် တောက်ပနေကာ ဝိညာဉ်များ အတွင်း ထိုးဖောက်နိုင်သည့် အလား ထင်ရသည်။
တစ်ချိန်တည်း၌ သူ၏ ဖြူလွလွ ဝတ်စုံက အဂ္ဂိရတ် တာအို၏ သင်းပျံ့သော အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ သူတို့၏ ဝိညာဉ်များကို နှိုးဆွနေသည်။ လူငယ်နှင့် ရင်းနှီး ကျွမ်းဝင် ခင်မင်လိုသည့် ဆန္ဒမှာ အားလုံး၏ နှလုံးသားများထဲတွင် အလိုအလျောက် နေရာယူ လာခဲ့၏။ သူက မည်သူနည်း။ ထိုမေးခွန်းက အားလုံး၏ စိတ်များ အတွင်း ပျံ့နှံ့လာခဲ့၏။
လူအုပ်ကို လှည့်ပတ်ကြည့်ရင်း ရင်းနှီးပြီးသား ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသော အခိုက်၌ ဝေ့ဝူယင်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက ဖြည်းညင်းစွာ ဖွဲ့စည်းလာသည်။ ထိုအပြုံးကို မြင်တွေ့လိုက်ရသော အခိုက်၌ မရေမတွက်နိုင်သည့် မိန်းမငယ်လေးများမှာ နှလုံးသားများ အရည်ပျော်ကျလာသလို ခံစားလိုက်ရ၏။
“တကယ် သူပဲ...”
မင်ယုလင်က အံ့အားသင့်စွာ ရေရွတ်လိုက်၏။ ဝေ့ဝူယင်ကို မိစ္ဆာ စစ်ပွဲ လောကနယ်မြေ၌ ဆုံတွေ့ဖူးသော်လည်း လုံးဝ ကွဲပြားသည့် အသစ် တစ်ယောက်ကို တွေ့မြင်ရသလို သူမ ခံစားနေရသည်။
လွန်ခဲ့သည့်နှစ်များကလည်း လူငယ်မှာ ချောမောခဲ့ပေသည်။ သို့သော်လည်း... တန်ခိုးရှင် စာရင်းဝင်များနှင့် နှိုင်းယှဉ်နိုင်ရုံလောက်သာ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ သူက ထိုစာရင်းနှင့် လုံးဝ ခြားနားသည့် အဆင့်တစ်ခုဆီ တက်လှမ်း သွားခဲ့ပြီ ဖြစ်သည်။
စင်မြင့်ထက်တွင်တော့ ဝေ့ဝူယင်မှာ လှည့်ပတ် အကဲခတ်ရင်း ဟင်းလင်းပြင် ဂိတ်တံခါးကို တွေ့ရှိလိုက်ရ၏။ သူ ရရှိထားသည့် အစီရင်ခံစာများ အရဆိုလျှင် ထိုဂိတ်တံခါးမှာ အဓိက ခန်းမဆီကို ဦးတည်နေပေသည်။ ဂိတ်တံခါး ဘေးရှိ ကျောက်တိုင်များကတော့ ဝင်ခွင့် စစ်ဆေးမည့် ပြိုင်ဘက်များကို ဖန်ဆင်းနိုင်ပေသည်။
ထာဝရ အစည်းအရုံးက သူ့အား မည်ကဲ့သို့ ကြိုဆိုချင်နေသည်ကို ဝေ့ဝူယင် စဉ်းစား မရပါချေ။ သူတို့က သူ့ကို တိုက်ခိုက်စေချင်သလော။ ဤအခွင့်အရေးကို ယူကာ သူ့ကို သတ်ချင်နေသလော။
သူ အတွေးမလွန်ရသေးခင်မှာပင်... စန်းလော့ယန်၏ အသံက စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံကာ ထွက်ပေါ်လာခဲ့လေ၏။
“ဂျူနီယာဝေ့... မင်းက အဆင့်ကိုး သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်တာကြောင့် အဓိက ခန်းမ အတွင်း တိုက်ရိုက် ဝင်ခွင့် ရရှိဖို့ ထာဝရ အစည်းအရုံးက ဆုံးဖြတ်ထားခဲ့တယ်... ဒါပေမဲ့ မင်းက အစောပိုင်း ဖိတ်ကြားမှုကို မလေးစားပဲ ပျက်ကွက်ခဲ့တယ်... အဲဒါကြောင့်ပဲ တရားဝင် သေမျိုး အဂ္ဂိရတ် အာဏာရှင်တိုင်းက ဖိတ်ကြားမှုကို ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ်”
ဝေ့ဝူယင်က ငြိမ်သက်စွာပင် နားထောင် နေခဲ့၏။ စန်းလော့ယန်မှာ သူ၏ မည်သည့် ဂုဏ်သတင်းကိုမှ ထည့်သွင်းခြင်း မပြုပဲ “ဂျူနီယာဝေ့” ဟုသာ တိုက်ရိုက် ခေါ်ခဲ့သည်။ ထိုအရာက သူ့အပေါ် လေးစားမှု မရှိကြောင်း တိုက်ရိုက် ဖော်ပြလိုက်ခြင်းပင် ဖြစ်၏။
“...”
တစ်ချိန်တည်း၌ မရေမတွက်နိုင်သော လူများထံမှ အာမေဍိတ်သံများ ထွက်ပေါ်လာ၏။ သူတို့၏ နှလုံးသားများက ပေါက်ထွက်တော့မည့် အလား တဒိတ်ဒိတ် ခုန်နေကြသည်။ သို့သော်လည်း... ယခုတစ်ကြိမ် သူတို့၏ အံ့အားသင့်မှုက ရုပ်ရည်ကြောင့် မဟုတ်ပါချေ။ ထိုလူငယ်လေးမှာ မည်သူ ဖြစ်ကြောင်း သိရှိသွားကြသောကြောင့်ပင်။
အာရုဏ်ဦး ဧကရာဇ်...
မဟာစက်ဝန်းတွင် ထိုနာမည်ကို မသိသူ ဘယ်မှာ ရှိပါမည်နည်း။ သူက လူပြောအများဆုံး ခေါင်းစဉ် တစ်ခု ဖြစ်ကာ အကျော်ကြားဆုံးသော ပုံရိပ်လည်း ဖြစ်သည်။ ခေတ်တစ်ခေတ်အား ပြောင်းလဲစေခဲ့သည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ ဖန်တီးရှင်လည်း ဖြစ်သည်။ မဟာစက်ဝန်း ရှန့်ထို ညီလာခံ ပင်လျှင် သူ့ကြောင့် ဖြစ်ပေါ်လာရသည်ဟု လူအများအပြားက ယုံကြည်ကြသည်။
ဝေ့ဝူယင်၏ တည်ရှိမှုက မဟာစက်ဝန်းတွင် ဒဏ္ဍာရီ တစ်ခု သဖွယ် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း ရွှေရောင်ဂိတ်တံခါး နန်းတော် အပါအဝင် သူ့အား ခြေရာခံနိုင်ခဲ့သူ တစ်ယောက်မှပင် မရှိခဲ့ချေ။ အချို့က ဝေ့ဝူယင်မှာ တကယ် မရှိသည့် စိတ်ကူး ပုံရိပ် တစ်ခု၊ ရွှေရောင် အသက်နန်းတော် ဖန်တီးထားသည့် ဇာတ်ကောင် တစ်ခု အဖြစ်ပင် သီအိုရီများ ထုတ်ခဲ့ကြသည်။
သို့သော်လည်း... ယခုတွင်တော့ ဝေ့ဝူယင်မှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူက နတ်ဘုရားတို့ ဖန်ဆင်းသကဲ့သို့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသည်။ ထိုအရာက အမှန်ကတယ် ဖြစ်နေသလော၊ ဝိညာဉ် ပုံရိပ်ယောင် တစ်ခုလောပင် သူတို့ ဝေခွဲ မရကြတော့ချေ။
တစ်ခဏမျှ ရပ်နားပြီးနောက် စန်းလော့ယန်၏ အသံမှာ နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့၏။
“အခု မင်း ရောက်လာခဲ့တာက ညီလာခံ အတွက် ဂုဏ်ယူစရာ ကိစ္စ တစ်ခုပါပဲ... ဒါပေမဲ့ စည်းမျဉ်းက စည်းမျဉ်းပဲ... လူငယ်မျိုးဆက်ရဲ့ တစ်ယောက် အနေနဲ့ အခြား လူငယ်တွေလိုမျိုးပဲ အဓိက ခန်းမထဲ ဝင်ခွင့် အတွက် အရည်အချင်း စစ်ဆေးခံရမယ်... ချွင်းချက် အနေနဲ့ မင်းက အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်တဲ့ အတွက် အဂ္ဂိရတ် တာအိုနဲ့ပဲ စစ်ဆေးခံရမယ်”
နောက်ဆုံး၌ ထာဝရ အစည်းအရုံးမှာ သူတို့၏ ရည်ရွယ်ချက်ကို ထုတ်ဖော် ပြောလာခဲ့ပြီ ဖြစ်သည်။ နေဦး... ထာဝရ အစည်းအရုံး တစ်ခုတည်း၏ ရည်ရွယ်ချက် မဟုတ်... အဓိက ခန်းမ အတွင်းရှိ လူတိုင်း၏ ရည်ရွယ်ချက် ဖြစ်ပေသည်။
“ကောင်းပြီလေ... စိန်ခေါ်မှုက ဘာလဲ...”
ဝေ့ဝူယင်က မျက်ခုံးကို ပင့်ရင်း မေးလိုက်၏။ စန်းလော့ယန်က ထိုမေးခွန်းကိုပင် စောင့်ဆိုင်းနေသည့် အလား တုန့်ဆိုင်းခြင်း မပြုပဲ အဖြေပေးလိုက်လေသည်။
“ဂျူနီယာဝေ့... ငါတို့ မင်းကို ဆေးညွှန်း တစ်ခု ပေးမယ်... အဲဒီ ဆေးညွှန်းအတိုင်း ထုတ်ကုန် တစ်ခု ဖော်စပ်နိုင်တာနဲ့ မင်း စိန်ခေါ်မှုကို အောင်မြင်ပြီ”
“အချိန် အကန့်အသတ်ကရော...”
ဝေ့ဝူယင်က မေးလိုက်၏။ ပုံမှန်အားဖြင့် အဆင့်ကိုး ထုတ်ကုန်များ ဖော်စပ်မှုမှာ ကြာမြင့်တတ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား ဖော်စပ်ရန် မာ့မျိုးနွယ် အချိန် နှစ်လခန့် ယူခဲ့ရသည်မှာ အကောင်းဆုံး ဥပမာ ဖြစ်သည်။
“အချိန်ကန့်သတ်မထားဘူး... ဒါပေမဲ့ မင်းအနေနဲ့ ကျရှုံးခွင့် ငါးကြိမ်ပဲ ရှိတယ်...”
စန်းလော့ယန်က တည်ငြိမ်သည့် လေသံဖြင့် ဆိုလိုက်လေ၏။
***