လောင်းကြေး
Vol. 74 Ch. 1027
“ကျုပ် ကျရှုံးခဲ့ရင်ရော...”
ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ စန်းလော့ယန်နှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ မည်သည်ကို ဦးတည်နေကြောင်း သူ သိလိုပေသည်။
“ဒါဆိုရင် ဂျူနီယာဝေ့ ဆီမှာ ရွေးချယ်ခံ အဆင့်အတန်းကို ဆုံးဖြတ်ဖို့ အရည်အချင်း မရှိဘူး ဆိုတာ အဖြေထွက်သွားမှာပေါ့”
စန်းလော့ယန်၏ အသံက အကြွင်းမဲ့ တည်ငြိမ်မှုများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်က တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“စိတ်တော့ စိတ်ဝင်စားစရာပဲ... ဒါပေမဲ့ နည်းနည်းတော့ ပျင်းစရာ ကောင်းနေသေးတယ်”
ပရိသတ်များမှာ သူ၏ အသံကို ကြားလိုက်ကြရာ အံ့အားသင့် သွားကြ၏။ သူ ပျင်းစရာ ကောင်းသည်ဟု ပြောလိုက်သည်လား။
စန်းလော့ယန်ပင်လျှင် တစ်ခဏမျှ တိတ်ဆိတ်သွား၏။ စက္ကန့်အနည်းငယ် ကြာပြီး နောက်မှ သူက ပြန်လည် စကားဆက်လိုက်လေသည်။
“အဲဒါက မင်းလွယ်ကူလိမ့်မယ်လို့ ထင်နေတာလား”
ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။
“လွယ်ကူတယ်လို့ မသုံးရဲပါဘူး... ဒီတိုင်း နည်းနည်းလေးပဲ ပျင်းစရာ ကောင်းနေတာပါ... ဆိုတော့ကာ သွေးပူလေ့ကျင့်ခန်းလေး ဖြစ်သွားအောင် ကျုပ်တို့တွေ လောင်းကြေးလေး နည်းနည်းပါးပါး ထပ်ကြရင် ဘယ်လိုလဲ”
“လောင်းကြေး...”
စန်းလော့ယန်မှာ အံ့အားသင့် သွားခဲ့၏။ ရွှေရောင်ဖျာ တစ်ခုထက်တွင်တော့ စုမေ့ကတော့ သဘောကျစွာဖြင့် တခစ်ခစ် ရယ်လိုက်သည်။ ဝေ့ဝူယင်မှာ ဘယ်လိုပွဲပဲ နွှဲနွှဲ အမြဲတမ်း လောင်းကြေးစားကြေး လုပ်တတ်သူ ဖြစ်သည်။
တစ်ခါတုန်းကလည်း သူက လောင်းကြေး နည်းနည်းပါးပါးဟု ဆိုကာ အဂ္ဂိရတ် အစည်းအရုံးကို အပိုင်သိမ်းခဲ့ဖူးသည်။
“စိတ်မပူပါနဲ့... ဒီတိုင်း ရိုးရိုးရှင်းရှင်း လောင်းကြေးလေးပါပဲ... တကယ်လို့ ကျုပ်သာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်တဲ့ အကြောင်း သက်သေပြနိုင်ရင်...”
ဝေ့ဝူယင်က ခေါင်းကို ချာလည် လှည့်ကာ လေးထောင့်ကွက်များ အတွင်းရှိ မရေမတွက်နိုင်သည့် ပရိသတ်များကို ကြည့်လိုက်၏။
“ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းကို အဓိက ခန်းမထဲ ဝင်ခွင့် ပေးလိုက်ပါ... နောက်ပြီး အပြင်မှာ ရှိနေတဲ့ လူတွေကိုရောပဲ... အဲ... နေဦး... အသက်ငါးရာ မပြည့်သေးတဲ့ ကျင့်ကြံသူတွေကိုတော့ စိန်ခေါ်ပွဲ အောင်မြင်သွားတဲ့ လူတွေအတိုင်း ထာဝရ အစည်းအရုံးက အကျိုးခံစားခွင့်တွေ ပေးရမယ်... ဒါက ကျုပ်ဘက်က တောင်းဆိုချက်ပဲ”
“...”
အားလုံးမှာ တိတ်ဆိတ်သွားကြ၏။ ဝူယုက အောက်ကို ငုံ့ကာ ရွှေရောင်ဖျာများကို အကဲခတ်လိုက်သည်။ စိန်ခေါ်ပွဲ အောင်မြင်သွားသည့် လူငယ်များ အပေါ် ထာဝရ အစည်းအရုံး၏ ထောက်ပံ့မှုက မသေးလှချေ။ အကယ်၍ ရှိရှိသမျှ အသက်ငါးရာအောက်တိုင်းကိုသာ ထိုကဲ့သို့ ဧည့်ခံရမည် ဆိုပါက ပုံမဖော်နိုင်သည့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့သွားရလိမ့်မည် ဖြစ်သည်။
စန်းလော့ယန်မှာ မျက်မှောင်ကြုတ် သွား၏။ ဝေ့ဝူယင်၏ လောင်းကြေးကို ငြင်းပယ်ဖို့ သူ ဟန်ပြင် လိုက်သော်လည်း သူ့ဝိညာဉ်လက်စွပ်က ဖျပ်ခနဲ တောက်ပသွားခဲ့သည်။ ထာဝရ နတ်ဘုရားထံမှ ဆက်သွယ်မှု တစ်ခုပင်။
စက္ကန့်ပိုင်းခန့် အပြန်အလှန် စကားပြောပြီးနောက် စန်းလော့ယန်က ပင့်သက်တစ်ချက် ရှိုက်ကာ ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်၏။
“တကယ်လို့ မင်း ကျရှုံးခဲ့ရင်ရော...”
ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် သူက မရေမတွက်နိုင်သည့် ပရိသတ်များကို တစ်ချက် ဝှေ့ကြည့်ကာ ကြေညာလိုက်လေသည်။
"ဒီလူတွေ အားလုံးကို သက်သေထားပြီး ကျုပ် သစ္စာဆိုတယ်... ကျုပ်ကိုယ်ကျုပ် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်ကြောင်း သက်သေ မပြနိုင်ရင် အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းက ခင်ဗျားတို့ ထာဝရ အစည်းအရုံး အပိုင်ပဲ”
“ဘာလဲ...”
ယခုတစ်ကြိမ်တွင်တော့ လေးထောင့်ကွက်ထဲရှိ ပရိသတ်များသာ မက ပလ္လင်ထက်ရှိ ပုံရိပ်များပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။
အာရုဏ်ဦး နေမီးတောက် ဆေးလုံး...
မဟာစက်ဝန်း ရှန့်ထို ညီလာခံ ဖြစ်ပေါ်လာစေခဲ့သည့် ထိုဆေးလုံးကို မည်သူက လျစ်လျူဝံ့မည်နည်း။ အားလုံးမှာ ဝေ့ဝူယင်ကို ထိတ်လန့်စွာ ကြည့်လိုက်မိကြ၏။ ဝေ့ဝူယင်က သူ၏ အဖိုးအတန်ဆုံး ဆေးညွှန်းကို ရန်သူနှင့် လောင်းကြေးစားကြေး ဆွဲတော့မည်လား။
တစ်ချိန်တည်း၌ သူတို့မှာ ထာဝရ အစည်းအရုံး လက်မခဲလောက်ဟု တွေးလိုက်မိ၏။ ဝေ့ဝူယင်မှာ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းကိုပင် လောင်းကြေးထပ်ရဲလေရာ သူထံတွင် ယုံကြည်ချက် ရှိနေ၍ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း... စန်းလော့ယန်ထံမှ နောက်ထပ် ထွက်ပေါ်လာသည့် စကားလုံးများက သူတို့ မျှော်လင့်ထားကြသည်နှင့် ခြားနားပေသည်။
“ကောင်းပြီလေ... ငါတို့ လောင်းကြေးကို လက်ခံတယ်... ဒါပေမဲ့.... ငါတို့ဘက်က ပြောင်းလဲ...”
“လောင်းကြေးကို ခင်ဗျားတို့ လက်ခံတယ်ပေါ့...”
ဝေ့ဝူယင်က ကြားဖြတ် နှောက်ယှက်လိုက်၏။
“ဟုတ်တယ်... တကယ်လို့ မင်း အနေနဲ့...”
စန်းလော့ယန်က စကားဆက်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က သူ့ကို စကားဆုံးအောင် ပြောခွင့် မပေးပါချေ။
“တကယ်လို့ ကျုပ် အနေနဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်ကြောင်း သက်သေပြနိုင်ရင် ကျုပ်နိုင်တယ်လို့ ကျုပ်ယူတယ် မလား”
“...”
စန်းလော့ယန်မှာ ဝေ့ဝူယင်၏ အဆက်အပြတ် နှောင့်ယှက်မှုများကြောင့် စိတ်မရှည်သလို ခံစားလိုက်ရ၏။ သို့သော်လည်း... သူက ထိုခံစားချက်များကို မြိုသိပ်ကာ အဖြေပေးလိုက်သည်။
“အင်း... မင်းအနေနဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်တဲ့ အကြောင်း သက်သေပြနိုင်ခဲ့ရင်ပေါ့လေ... တကယ်လို့ သက်သေမပြနိုင်ဘူး ဆိုရင်တော့... မင်း အနေနဲ့”
"ကောင်းပြီလေ...”
ဝေ့ဝူယင်က စန်းလော့ယန်ကို နောက်တစ်ကြိမ် ဖြတ်ပြောကာ လက်ခုပ်နှစ်ချက် တီးလိုက်၏။
ဂီး...
ပိုင်လင်က တွန်သံ တစ်ချက် ပေးရင်း အတောင်ပံများကို ဖြန့်လိုက်သည်။ ထို့နောက် သူမက ခပ်မှန်မှန် နှုန်းထားဖြင့်ပင် ဂိတ်တံခါးထံ ပျံသန်း သွားတော့၏။
"...”
ပိုင်လင် ဂိတ်တံခါး ရှေ့သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ဂိတ်တံခါးမှာ တစ်စုံတစ်ရာ၏ အတင်းအကြပ် တားဆီးခြင်းကို ခံထားရသည့် အလား ခါတိုင်းလို ပို့ဆောင်ခြင်း စွမ်းအားကို တစ်အောင်စမျှ ထုတ်လွှတ်ခြင်း မပြုချေ။ ၎င်းက ဝေ့ဝူယင်ကို ဖြတ်သန်းခွင့် ပေးရန် လုံးဝ ရည်ရွယ်ချက် မရှိသည့်ပုံ ရလေသည်။
သို့သော်လည်း ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ ခြေတစ်လှမ်းမျှ တုန့်ဆိုင်းခြင်း မရှိပါချေ။ သည်အတိုင်းပင် ဂိတ်တံခါးထဲ လှမ်းဝင်ကာ ပျောက်ကွယ်သွားခဲ့လေ၏။
ဝှစ်...
မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ အဓိကခန်းမ အတွင်း၌ ပြန်လည် ပေါ်လာခဲ့ကြ၏။ ရောက်လျှင်ရောက်ချင်းပင် ဝေ့ဝူယင်က ခေါင်းကို မော့ကာ စန်းလော့ယန်၏ ပလ္လင်ရှိသည့် နေရာကို လှမ်းကြည့်လိုက်သည်။ သူက ရှာဖွေရန် လျှပ်တစ်ပြက်မျှပင် အချိန်ဖြုန်းခြင်း မရှိပါချေ။
“ကောင်းပြီလေ...”
ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ချိန်တည်းတွင်ပင် သူ၏ ငွေရောင် မျက်လုံးများမှာ စတင်ကာ ပြောင်းလဲ လာခဲ့တော့၏။
“...”
မြေကြီး ရှန့်ထိုများ ဖန်တီးခြင်း ပညာရှင်တိုင်းမှာ ထိုအပြောင်းအလဲကို တွေ့ကာ တုန်လှုပ်သွားကြ၏။ ဝေ့ဝူယင်၏ မျက်လုံးများထဲ၌ မတူကွဲပြားသည့် အရောင်များနှင့် ကြယ်ခုနစ်ပွင့် ရှိနေခဲ့ပေသည်။ ၎င်းတို့က အဂ္ဂိရတ် တာအို၏ လမ်းစဉ် ခုနစ်ရပ်ကို ကိုယ်စားပြုသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များသာ ပိုင်ဆိုင်နိုင်သည့် လက္ခဏာများလည်း ဖြစ်သည်။
သေမျိုး အဂ္ဂိရတ် ကြယ်တာရာများ...
ဝေ့ဝူယင်က စန်းလော့ယန်၏ မျက်လုံးများ တည့်တည့်ကို စိုက်ကြည့်ရင်း ပြုံးပြလိုက်လေ၏။
***