အပိ အဂ္ဂိရတ်တာအို ပဲ့တင်ထပ်ခြင်း
Vol. 74 Ch. 1028
အဂ္ဂိရတ် တာအို လမ်းစဉ်၌... အဂ္ဂိရတ် ပညာရှင် တစ်ယောက် မိမိကိုယ်ကို အဆင့်ကိုး သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်ကြောင်း သက်သေပြရန် အဂ္ဂိရတ် ကြယ်တာရာများထက် ပိုမို ခိုင်မာသည့် သက်သေ အထောက်အထား မရှိပါချေ။
အလွန် ကျွမ်းကျင်သော အဆင့်ရှစ် အဂ္ဂိရတ် အင်ပါယာများမှာ ပြင်ပ အကူအညီများနှင့် အတူ အဆင့်ကိုး ဆေးလုံးများကို ပူးပေါင်း၍ ဖန်တီးကောင်း ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော်လည်း... အဂ္ဂိရတ် ကြယ်တာရာများကိုတော့ အဆင့်ကိုး မရောက်မချင်း ဘယ်တော့မှ ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပါချေ။ ၎င်းတို့မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များသာ ပိုင်ဆိုင်နိုင်သည့် တစ်ခုတည်းသော အမှတ်အသားများ ဖြစ်သည်။
“မင်း...”
စန်းလော့ယန် တစ်စုံတစ်ရာ မတုန့်ပြန် ရသေးခင်မှာပင် သူ့မျက်လုံးများက ဝေဝါးသွားကာ ရောင်စုံကြယ်တာရာ ခုနစ်စီဖြင့် ပြည့်နှက် သွား၏။ ၎င်းတို့က အဂ္ဂိရတ် လမ်းစဉ်၏ ကြီးကျယ် ခမ်းနားမှုကို ဖော်ကျူးကာ ဝေ့ဝူယင်၏ သေမျိုး အဂ္ဂိရတ် ကြယ်တာရာများနှင့် ရောင်ပြန်ဟပ်လာသည်။
သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ အသန့်စင်ဆုံး အဂ္ဂိရတ် မြူနှင်းများမှာ အဓိက ခန်းမအတွင်း စတင်ကာ ထိုးဖောက်လာ၏။ ၎င်းတို့က ထိပ်တန်း မှော်ဆေးအိုးများမှ ထွက်ပေါ်လာသည့် အသန့်စင်ဆုံး မြူနှင်းများထက် အရည်အသွေး ပိုမို နိမ့်ကျသည့်တိုင် နီးကပ်စွာ ဆင်တူပေသည်။
“ဒါက...”
တန်ခိုးရှင် အင်အားစု ခေါင်းဆောင်ကြီးများ အပါအဝင် များလှစွာသော မြေကြီး ရှန့်ထိုများမှာ ထူးဆန်းသော ဖြစ်စဉ်ကို ကြည့်ကာ အံ့အားသင့် သွားကြလေသည်။ သူတို့က ဝေ့ဝူယင်နှင့် စန်းလော့ယန်တို့ကို အပြန်ပြန် အလှန်လှန် ကြည့်လိုက်မိကြသည်။ အဂ္ဂိရတ် မြူနှင်းများမှာ သူတို့ နှစ်ယောက် အကြားရှိ ဗလာ ဟင်းလင်းပြင်ထဲမှ စတင်ကာ ဖြစ်နေခြင်း ဖြစ်သည်။
“ဆည်းဆာ အဂ္ဂိရတ် အာဏာရှင်မူ...”
ထိုအခိုက်တွင်ပင်...ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ၊ မြေကြီး ရှန့်ထို တစ်ယောက်ထံမှ ထိတ်လန့်တကြား အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။
မူယုယသည်လည်းပဲ အလားတူပင် ထူးဆန်းသော ဖြစ်စဉ်ထဲသို့ စတင် ကျရောက်နေခဲ့ပြီ ဖြစ်သည်။ မတူကွဲပြားသည့် အရောင်များနှင့် သူမ၏ မျက်ဝန်း တစ်ဖက်တစ်ချက်စီမှာ အဂ္ဂိရတ် ကြယ်တာရာများကို စတင် ဖော်ထုတ်လာခဲ့၏။
ထူးဆန်းသော ကူးစက်မှုက ထိုမျှနှင့် ရပ်တန့်သွားခြင်း မရှိချေ။ အဓိက ခန်းမ အတွင်း ရှိနေသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် ၂၈၈ ယောက်လုံးပါ တစ်ယောက်ပြီး တစ်ယောက် အဂ္ဂိရတ် ကြယ်တာရာများကို စတင်ကာ ထုတ်လွှတ်လာခဲ့၏။ တဒင်္ဂ အတွင်းမှာပင် ခန်းမကြီး တစ်ခုလုံးမှာ အသန့်စင်ဆုံးသော မြူနှင်းများ အတွင်း စတင်ကာ နစ်မြုပ် သွားခဲ့ပြီ ဖြစ်သည်။
ရွှေရောင်ဖျာများထက်ရှိ လူငယ်များမှာ ချက်ချင်းပင် သူတို့၏ ကြယ်တာရာ အကာအကွယ်များကို ထုတ်ဖော်ကာ ခုခံဖို့ ကြိုးပမ်းလိုက်ကြ၏။ သို့သော်လည်း... အသန့်စင်ဆုံး မြူနှင်းများမှာ အတားအဆီး မရှိသည့် အလား အကာအရံများကို ထိုးဖောက်ကာ သူတို့ ချွေးပေါက်များဆီသို့ပါ စိမ့်ဝင်လာခဲ့သည်။ ထိုအငွေ့အသက်များကို ရှူသွင်းမိသော အခိုက်၌ ကြယ်တာရာ ဝိညာဉ်များက ပြိုင်တူ ဟိန်းဟောက်လာခဲ့လေ၏။
“အံ့သြစရာပဲ...”
လင်းမင် အံ့သြမှင်သက်စွာ ရေရွတ်လိုက်မိ၏။ ထူးဆန်းသော အငွေ့အသက်များ သွေးကြောများ တစ်လျှောက် စိမ့်ဝင်သွားတိုင်း အလွန် တပ်မက်ဖွယ် ကောင်းသည့် ကြည့်နူးမှုကို သူ ခံစားရသည်။
တစ်ချိန်တည်း၌... ခန္ဓာကိုယ် အနှံ့အပြား၌ ရှိနေသည့် အဂ္ဂိရတ် အကြွင်းအကျန်များမှာ လျှို့ဝှက် ဆန်းကြယ်သည့် နည်းလမ်းများဖြင့် စတင် ပြိုကွဲလာကာ သန့်စင် ဖြိုခွဲခြင်း မပြုရသေးသည့် အဂ္ဂိရတ် ထုတ်ကုန်များမှာလည်း အလျှင်အမြန်ပင် ခန္ဓာကိုယ် အပေါ် အကျိုးသက်ရောက်လာကြောင်း တွေ့ရှိလိုက်ရ၏။
အသက် သုံးရှိုက်စွာ အတွင်းမှာပင် ထူးဆန်းသော မြူမှုန်များ၏ အကျိုးသက်ရောက်မှုက နက္ခတ် အမတေများထက် သာလွန်ကြောင်း သူ သတိပြုမိလိုက်၏။ တစ်မိနစ် ကြာမြင့်ပြီး နောက်တွင်တော့ ခန္ဓာကိုယ် အလေးချိန်က ပေါင်ချိန် တစ်သောင်းလောက် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ထျန်းတျန်နှင့် ကြယ်တာရာ အမြုတေတို့၏ အကျိုး သက်ရောက်မှုကြောင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များမှာ သဘာဝ မကျစွာပင် အလွန် လေးပင်သည်။ ထိပ်တန်း ကျင့်ကြံသူကြီးများ ဆိုလျှင် ဂြိုဟ်ကြီးများထက်ပင် ပိုမို လေးသည်။
ထိုကဲ့သို့ ထူးဆန်းသော ပြောင်းလဲမှုများကို ကြုံတွေ့နေရသည်က လင်းမင် တစ်ယောက်တည်း မဟုတ်ပါချေ။ စုမေ့၊ ရွှယ်ရီဖေး၊ ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့ အပါအဝင် အခြား ရွေးချယ်ခံများ၊ ရွေးချယ်ခံလောင်းများမှာလည်း အလားတူ ဖြစ်စဉ်များနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။ အထူးသဖြင့်... ခန္ဓာကိုယ် အတွင်းရှိ အဂ္ဂိရတ် အကြွင်းအကျန်များ ပျောက်ကွယ်သွားခြင်းက သူတို့အတွက် ဘဝသစ် တစ်ခု ပြန်လည် မွေးဖွားပေးလိုက်သလိုပင် ဖြစ်၏။
အဓိက ခန်းမ အတွင်းရှိ လျှို့ဝှက် အာဏာရှင် အဆင့်များကတော့ အသန့်စင်ဆုံး မြူနှင်းများ၏ သက်ရောက်မှုများကို မခံရပါချေ။ သူတို့က ထိုအငွေ့အသက်များ ခန္ဓာကိုယ်ထဲ မဝင်ရောက်အောင် အစောကြီးတည်းက တားဆီးခဲ့ပြီးဖြစ်ပေသည်။
အကယ်၍ သူတို့ မတားဆီးခဲ့လျှင်ပင် အကျိုးသက်ရောက်ရှိမှု ရှိလိမ့်မည် မဟုတ်ချေ။ လျှို့ဝှက် အာဏာရှင်တို့၏ ကျင့်ကြံခြင်း အခြေခံမှာ သေမျိုး တာအို၏ အကန့်အသတ်ကို ကျော်လွန်နေလေရာ နိမ့်ကျသည့် တာအို၏ ကောင်းချီးပေးမှုကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။
သို့ဖြစ်လေရာ... သူတို့မှာ အံ့သြအထွေထွေဖြင့် ကြည့်နေရုံမျှသာ တတ်နိုင်ခဲ့လေ၏။ ခုနစ်မိနစ် တိတိ ကြာမြင့်ပြီး နောက်တွင်တော့ အသန့်စင်ဆုံး မြူနှင်းများမှာ နွေလာနှင်းပျောက် သလို ပျောက်ချင်းမလှ ပြန်လည် ပျောက်ကွယ် သွားခဲ့လေသည်။ အဓိက ခန်းမ တစ်ခုလုံးမှာ တိမ်ကင်းစင်သည့် နေ့တစ်နေ့လို ပြန်လည် လင်းချင်း သွားခဲ့၏။ မန်နာများက ပုံမှန်အတိုင်း ပြန်လည်ကာ စီးဆင်းလာသည်။
ထိုဖြစ်စဉ်ကြီး ပြီးဆုံးသွားသည့်နောက် မြေကြီး ရှန့်ထိုများနှင့် လူငယ်များမှာ အံ့သြတကြီးဖြင့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို ကြည့်လိုက်မိကြသည်။ သို့သော်လည်း... သူတို့ အထဲမှ များစွာမှာ အသိစိတ် ကင်းမဲ့နေသည့် အလား မှိုင်တွေ ငေးငိုင် နေကြသည်။ တစ်ချိန်တည်း၌ အချို့မှာလည်း ထူးဆန်းသည့် အမူအရာများ ဖြစ်ပေါ်နေကာ အခြားလူများကို လေ့လာ စူးစမ်းဟန်ဖြင့် ကြည့်နေကြ၏။
ဝေ့ဝူယင်နှင့် စန်းလော့ယန်တို့ကတော့ တစ်ယောက်ကို တစ်ယောက် ယခုအချိန်ထိ စူးစိုက် ကြည့်နေကြဆဲ ဖြစ်သည်။ သို့သော်လည်း... ထူးဆန်းသော ဖြစ်စဉ်က အဆုံးသတ် သွားခဲ့ပြီ ဖြစ်လေရာ သူတို့ မျက်လုံးများထဲရှိ သေမျိုး အဂ္ဂိရတ် ကြယ်တာရာများမှာလည်း ပျောက်ကွယ် သွားခဲံပြီ ဖြစ်သည်။
“အဲဒါက ဘာဖြစ်တာလဲ...”
များစွာသော လူများမှာ တစ်ခုတည်းသော မေးခွန်းကို အပြန်ပြန် အလှန်လှန် မေးလိုက်ကြ၏။ သို့သော်လည်း... မည်သူကမှ မဖြေပါချေ။
ချန်းမျိုးနွယ်၏ မြေကြီး ရှန့်ထို ချန်းရီပိုမှာ စိတ်ကြမ်းကိုယ်ကြမ်း ဖြစ်လေရာ ဆက်လက် သည်းမခံနိုင်တော့ပဲ တိုက်ရိုက်ဆန်စွာပင် မေးမြန်းလိုက်၏။
“စန်းလော့ယန်... အဲဒါ ဘာဖြစ်တာလဲလို့”
သူ၏ ကျယ်လောင်သော အော်ဟစ်သံက စန်းလော့ယန်ကို လှုပ်နှိုးမိလိုက်ဟန် ရ၏။ သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ရီသွားကာ မျက်လုံးများကို ဝေ့ဝူယင်ထံမှ အကြည့်ကို လွှဲဖယ်လိုက်သည်။ ထို့နောက် သူက မျက်လုံးများကို မှိတ်ကာ အသက် ပြင်းပြင်း ရှူလိုက်သည်။ ထိုမျက်ခွံများကို နောက်တစ်ကြိမ် ပြန်လည် ဖွင့်လိုက်သော အခိုက်၌ သူ့ မျက်လုံးများထဲတွင် လေးစားသည့် အငွေ့အသက်များ နေရာယူနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်၏။
စန်လော့ယန်က နောက်တစ်ကြိမ် ပင့်သက်ရှိုက်လိုက်၏။ ထို့နောက်... လေးနက်သည့် မျက်လုံးများနှင့် ချန်းရီပို အပါအဝင် အားလုံးကို ဝှေ့ကြည့်ကာ ကြေညာလိုက်လေသည်။
“အဂ္ဂိရတ် တာအိုရဲ့ ပဲ့တင်ထပ် ဖြစ်စဉ် တစ်ခုပါပဲ...အဂ္ဂိရတ် အာဏာရှင်ဝေ့က သေမျိုး အဂ္ဂိရတ် ကြယ်တာရာတွေ အကြားမှာ ဆက်သွယ်မှု တစ်ရပ်ကို ဖန်တီးခဲ့ပြီး ဆန္ဒအားလုံးကို ပေါင်းစည်းခဲ့ပါတယ်... ဒါက ကျုပ်တို့ အားလုံးကို ပါဝင်စေခဲ့တဲ့ အကြောင်းရင်းပဲ”
“အဂ္ဂိရတ် တာအို ပဲ့တင်ထပ် ဖြစ်စဉ်...”
မြေကြီး ရှန့်ထိုများမှာ တိုးတိုးတိတ်တိတ် လိုက်လံ ရေရွတ်လိုက်မိကြ၏။ စန်းလော့ယန်မှာ ထိုဖြစ်စဉ်၏ အကျိုးကျေးဇူးများ အကြောင်းကို တိတိကျကျ ပြောမသွားခဲ့သည့်တိုင် “အဂ္ဂိရတ် အာဏာရှင်ဝေ့” ဆိုသည့် ခေါင်းစဉ်ကို ပြောင်းသုံးကာ ဝေ့ဝူယင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်ကြောင်း ဝန်ခံသွားခဲ့သည်။ ထို့အပြင်... သူ့လေသံထဲမှ လေးစားသည့် အငွေ့အသက်များက ယခင်ကနှင့် ဆန့်ကျင်ဘက် ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ စိတ်တစ်ခုလုံးမှာ ပြင်းထန်သည့် ခံစားချက်များနှင့် တုန်လှုပ် နေခဲ့၏။ သူ့အသိစိတ် ပင်လယ် အတွင်းရှိ စိတ်စွမ်းအင်များမှာ ခမ်းခြောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုမျှ ခမ်းနားသည့် ပဲ့တင်သံ ပေါင်းစည်းခြင်း ဖြစ်စဉ်မျိုးကို သူတစ်ကြိမ်တစ်ခါမှ ကြုံတွေ့ဖူးခြင်း မရှိသေးချေ။
ဖြစ်စဉ် စတင်သည့် အချိန်က စလို့ အဂ္ဂိရတ် တာအိုနှင့် ပတ်သက်သည့် အမျိုးမျိုးသော ဉာဏ်အလင်းများကို သူ ခံစားခဲ့ရသည်။ ထိုဉာဏ်အလင်းများမှာ အခြား အဂ္ဂိရတ် အာဏာရှင်များ၏ များလှစွာသော အတွေ့အကြုံများမှ ပေါင်းစပ်ကာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အခွင့်အရေးကို ဝေ့ဝူယင် မည်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။
သူ ချက်ချင်းပင် ဧဒင်၏ စိတ်စွမ်းအင်များကို သုံးကာ ဉာဏ်အလင်းများကို စုပ်ယူဖို့ ကြိုးပမ်းခဲ့သည်။ ရနိုင်သမျှ အရာအားလုံး ရယူဖို့ အားထုတ်ခဲ့သည်။ နောက်ဆုံး... အသိစိတ် ပင်လယ် အတွင်း စိတ်စွမ်းအင် တစ်စက်မျှပင် မကျန်ရှိတော့သည် အထိ...။
ပုံမှန်အားဖြင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် ၂၈၈ ယောက်၏ ထောင်ပေါင်းများစွာသော အောင်မြင်မှု၊ ကျရှုံးမှု အတွေ့အကြုံများ၊ ထိုးထွင်း သိမြင်မှုများ၊ ပေါင်းစပ်မှုများကို ဆွေးနွေး ဖလှယ်ရန် နှစ်သိန်းပေါင်းများစွာပင် ကြာမြင့်လိမ့်မည် ဖြစ်သည်။
ဧဒင်၏ စိတ်စွမ်းအင်များ အားလုံး ကုန်ဆုံး သွားပြီးသည့် နောက်တွင် ဝေ့ဝူယင်မှာ အိုရီ၊ ဘုရင်နှင့် ခရာတို၏ စွမ်းအင်များကိုပါ အဂ္ဂိရတ် ဧဒင် အင်အား အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း... ကံမကောင်းလှစွာပင် အဂ္ဂိရတ် တာအို ပဲ့တင်ထပ်ခြင်း ဖြစ်စဉ်မှာ ရပ်တန့်သွားခဲ့သည်။
ဝေ့ဝူယင် ဆေးရည် တစ်ပုလင်းကို ထုတ်ယူကာ ချက်ချင်း သောက်သုံးလိုက်၏။ ၎င်းက စိတ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးနိုင်သည့် ဆေးရည် တစ်မျိုး ဖြစ်သည်။
“သခင်လေး... အဆင်ပြေရဲ့လား...”
ဝူယုက ဝေ့ဝူယင်ကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ မေးလိုက်၏။ ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်သည်။ သူ့ငွေရောင် မျက်ဝန်းများက ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေ၏။ ဘယ်လိုပဲဖြစ်ဖြစ်... ဤညီလာခံကတော့ တန်သွားခဲ့ပြီ ဖြစ်သည်။ ခုနစ်မိနစ်မျှ အတွင်းမှာပင် နှစ်ပေါင်း သောင်းချီသည့် အဂ္ဂိရတ် ထိုးထွင်း သိမြင်မှုများကို သူ ရရှိလိုက်ပြီ ဖြစ်သည်။ ၎င်းကပင်... သူ့ကျင့်ကြံရမည့် အချိန်ကို ရာစုနှစ်နှင့်ချီ သက်သာစေပေလိမ့်မည်။
ကံမကောင်းတာ တစ်ခုက... အဂ္ဂိရတ် တာအို ပဲ့တင်ထပ်ခြင်း ဖြစ်စဉ်မှာ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ကို နှစ်ပေါင်း ခုနစ်ရာ ကြာမှ တစ်ကြိမ် သက်ရောက် စေနိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်က... သူ့အနေဖြင့် နောက်နှစ်ခုနစ်ရာ အတွင်း အလားတူ အကျိုးကျေးဇူးမျိုး ရရှိတော့မည် မဟုတ်ပါချေ။
‘အဂ္ဂိရတ် တာအိုက သမာရိုးကျ စည်းမျဉ်းတွေကို တကယ် ချိုးဖျက်နိုင်တာပဲ...’
ဝေ့ဝူယင် အံ့သြတကြီး တွေးတောရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ထိုအခိုက်တွင်ပင်... ဝူယုက စန်းလော့ယန်ဘက် လှည့်ကာ တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်လေတော့သည်။
“သူ့အဆင့်အတန်းကို အခု မင်းဝန်ခံလိုက်ပြီ ဆိုတော့ ထာဝရ အစည်းအရုံးက ကတိတည်လိမ့်မယ်လို့ ငါတို့ အားလုံး မျှော်လင့်တယ်”
***