အဂ္ဂိရတ် သမားတို့၏ အရေးပါမှု
Vol. 74 Ch. 1030
“အဲဒီကောင်မလေးက ထန်မျိုးနွယ် အတွက် အရေးပါတယ်... ဟုတ်တယ်မလား...”
“...”
ဝေ့ဝူယင်က ထူးဆန်းဟန်ဖြင့် ပိုင်လင်ကို ကြည့်လိုက်၏။ သို့သော်လည်း... သူက အလိုက်သင့်ပင် အဖြေပေးလိုက်သည်။
“သူက ထန်ရှင်းယွင် ဆိုတာ ဖြစ်လိမ့်မယ်... သူ့အမေက လက်ရှိ ထန်ဘိုးဘေးပဲ... ထန်ရှင်းယွင်ကို ဗာမီလီယန် မီးတောက် နတ်မိမယ်လို့လည်း ခေါ်တယ်...”
ပိုင်လင်၏ ရွှေရောင် မျက်ဝန်းများက စိတ်လှုပ်ရှားမှုများနှင့် ပိုမို၍ တောက်ပလာ၏။
“ဒါဆို သူ့ကို ယူသွားရအောင်...”
“...”
ဝေ့ဝူယင်မှာ အံ့သြ ထိတ်လန့်သွားဟန်ဖြင့် ပိုင်လင်ကို ကြည့်လိုက်မိ၏။
“ဟီး... ဟီး...”
ပိုင်လင်က သူ့အတွေး သူ သဘောကျဟန်ဖြင့် လူဆိုးတစ်ကောင်လို ရယ်လိုက်၏။ ထို့နောက် သူမက ဝေ့ဝူယင်ကို ရှင်းပြလိုက်လေသည်။
“အဲဒီကောင်တွေက ကျွန်တော့်ကို ဖမ်းချင်တယ် မလား... အဲဒီ ကောင်မလေးကို ကျုပ်တို့ ပြန်ဖမ်းကြမယ်လေ... အဲဒါဆို သူတို့ ဘယ်လိုခံစားရလဲ ဆိုတာ သိသွားလိမ့်မယ်”
သူမ၏ အတွေးများက ရိုးရှင်းပေသည်။ မျက်လုံးတစ်လုံးလျှင် တစ်လုံးချင်း... သွားတစ်ချောင်းလျှင် တစ်ချောင်းချင်း.. ပေးဆပ်သင့်သည်။
“...”
ဝေ့ဝူယင်မှာ တစ်ခဏတာမျှ ဆွံ့အ နေမိ၏။ သူ၏ ပြန်ပေးဆွဲ အကျင့်က ပိုင်လင့်ထံကိုပါ ကူးစက် သွားလေသည်လား။ ဝေ့ဝူယင် ပိုင်လင့်ကို ဖျောင်းဖျရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် ထန်မျိုးနွယ် ကျင့်စဉ်နှင့် ကောလဟလများကို ပြန်လည် သတိရသွားကာ အကြံတစ်ခု ရသွားခဲ့သည်။ သူက ပြုံးလိုက်ကာ ပိုင်လင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“ကောင်းပြီလေ...”
လူငယ် တက်တက်ကြွကြွ သဘောတူလိုက်သည်ကို ကြည့်ကာ ပိုင်လင်မှာ တစ်ခဏတာမျှ ဆွံ့အသွားခဲ့၏။ တစ်ချိန်တည်၌ သူမ၏ စိတ်လှုပ်ရှားမှုများက ပိုမို၍ တိုးလာခဲ့လေသည်။ သူမ စဉ်းစားနေသည့် အစီအစဉ်က အလွန်ပင် ကြီးကျယ်ပေသည်။
ရွှေရောင်ဖျာ တစ်ခုထက်တွင်တော့ လင်းမင်မှာ လက်ဖနှောင့်များ ဖြူရော်သည် အထိ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားခဲ့၏။ အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုတည်းမှ လာကြသူများ ဖြစ်သည့်တိုင် သူနှင့် ထိုလူငယ် အကြားတွင် ကမ္ဘာမကြေ ရန်ငြိုးများ ရှိနေသလို သူ ခံစားရသည်။ ဝေ့ဝူယင်မှာ မိစ္ဆာ စစ်ပွဲ လောကနယ်မြေမှာ ကတည်းက သူ့ကို ဒုက္ခပေးလာခဲ့သူ ဖြစ်သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းသို့ ရောက်ရှိပြီး နောက်တွင်ပင် ထိုမိစ္ဆာကောင်၏ အရိပ်အောက်မှ သူ မလွတ်ခဲ့ချေ။ သူ ခံစားခဲ့ရသမျှ ဒုက္ခများ၊ ကြုံတွေ့ခဲ့ရသမျှ အခက်အခဲအားလုံးမှာ ထိုလူငယ်နှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေသည်။
အဆိုးတကာ့ အဆိုးဆုံးကတော့ စီနီယာ အမလင်းနှင့် အရှုပ်တော်ပုံများပင် ဖြစ်လေသည်။ ပိုင်ယုရှီတို့ ကဲ့သို့ လင်းမင်၏ ဘဝတွင် သဘောကျခဲ့ဖူးသော မိန်းကလေးများ ရှိခဲ့ဖူးသည်။ သို့သော်လည်း... သူ အမှန်တကယ် နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့ရသည်က လင်းရှန်းရှဲ့ တစ်ယောက်တည်းသာ ဖြစ်ပေသည်။
လွန်ခဲ့သည့် နှစ်များ အတွင်း... အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်း၌ စီနီယာ အမလင်းနှင့် ဝေ့ဝူယင်တို့ အကြောင်း ကောလဟလများစွာ ထွက်ပေါ်ခဲ့သည်။ ၎င်းတို့က သွယ်ဝိုက်သောအားဖြင့် အကျိုးဖြစ်ထွန်း စေခဲ့ကာ မှန်သည့်တိုင် ရည်စားလူလု အူနုကျွဲခတ် ခံစားချက်က မည်မျှ ဆိုးရွားကြောင်း လင်းမင်ကိုယ်တိုင် အသိဆုံး ဖြစ်သည်။
ပို၍ အော့နှလုံး နာစရာ ကောင်းသည်က ဝေ့ဝူယင်၏ ပြန်ပေးဆွဲ ခံရပြီး နောက်တွင် လင်းရှန်းရှဲ့မှာ သူ့ကို အနည်းငယ် ခွာလာခဲ့ခြင်း ဖြစ်သည်။ အကြောင်းရင်းက အဘယ်နည်း။ နေ့ဝက်မျှ အချိန်အတွင်း ဝေ့ဝူယင် ဘာတွေ လုပ်ခဲ့သည်ကို ကာယကံရှင်များသာ သိပေလိမ့်မည်။
ဝှစ်...
ရုတ်တရက်... လင်းမင်၏ နဖူးထက်ရှိ အမှတ်ကလေးမှာ ဒြပ်စင် အလင်းများဖြင့် တောက်ပသွားကာ အသံတစ်ခုက သူ့အတွေးအတွင်း ဝင်ရောက်လာခဲ့သည်။
“အဲဒီ အဂ္ဂိရတ် သမားနဲ့ ယှဉ်ဖို့ ကိုယ့်ကိုယ်ကို ဖိအား တအား မပေးနဲ့... ရန်ငြိုးတွေ အားလုံးကို မေ့ပစ်လိုက်... သူနဲ့ မိတ်ဆွေ ဖြစ်နိုင်ရင် အကောင်းဆုံးပဲ”
“မိတ်ဆွေ ဖြစ်ရမယ်...”
လင်းမင်မှာ ဟာသ တစ်ခုကို ကြားလိုက်ရသည့် အလား အော်ဟစ် ရယ်မောချင်လာခဲ့၏။ သို့သော်လည်း... အဓိက ခန်း အတွင်း ဖြစ်လေရာ သူ ထိန်းချုပ် ထားလိုက်ရသည်။ အသံက သက်ပြင်းတစ်ချက် ချကာ ဆက်ပြောလိုက်၏။
“ဒီကမ္ဘာမှာ ပါရမီရှင်တွေ၊ ဉာဏ်ကြီးရှင်တွေ မရေမတွက်နိုင်အောင် ရှိတယ်... ဒါပေမဲ့ သူတို့ထဲက အများစုက အခု မြေကြီးအောက်မှာ လှဲလျောင်း နေကြရပြီ... ဘာလို့လဲ သိလား”
လင်းမင်က မျက်မှောင်ကြုတ်လိုက်၏။
“ဒီကမ္ဘာမှာ လူတွေ အများကြီး ရှိတယ်... ဒါပေမဲ့ ရင်းမြစ်တွေကို ညီညီမျှမျှ ခွဲဝေဖို့ မဖြစ်နိုင်ဘူး... ပါရမီရှင်တိုင်းက ထိပ်သီး ကျင့်ကြံသူတွေ ဖြစ်မလာနိုင်ဘူး... ကပ်ဘေးတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရင်း အစောကြီး သေသွားကြတယ်...”
ထိုအရာက လူတိုင်း သိပြီးသား အမှန်တရား ဖြစ်သည်။ လောကနိယာမ ဖြစ်သည်။ အဘယ်ကြောင့် အထူးအဆန်းလုပ် မေးနေရသနည်း။
လင်းမင်၏ အတွေးကို ခံစားမိသည့် အလား အသံပိုင်ရှင်က သက်ပြင်းတစ်ချက် ချလိုက်၏။
“ကောင်လေး... မင်းရဲ့ မိုးကောင်းကင်က လုံလောက်အောင် မကျယ်ပြန့်သေးဘူးပဲ... ကဲပါလေ... ငါကပဲ ရှင်းပြတော့မယ်... ကျင့်ကြံသူ တစ်ယောက်ဟာ ကောင်းကင်နဲ့ မြေကြီးကနေ ဖြစ်တည်လာတဲ့ ရင်းမြစ်တွေကို သုံးပြီး ကျင့်ကြံကြရတယ်... ဒါကို လူတိုင်း သိတဲ့ အမှန်တရားပဲ...”
“ငါတို့ရဲ့ အနန္တ ကုန်းမြေ ကြယ်တာရာ နယ်မြေမှာ... မင်းကတော့ အင်ပါယာ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ ထာဝရ ကြယ်တာရာ နယ်မြေ ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ပိုရင်းနှီးမလား... ထားပါတော့လေ... အဲဒီ နေရာမှာ ဆိုရင် ကျင့်ကြံသူတွေရဲ့ အကန့်အသတ်က ဘယ်လောက် ဖြစ်မယ် လို့ မင်းထင်လဲ”
“...”
လင်းမင် မျက်မှောင်ကြုတ်လိုက်၏။ တစ်ခါတုန်းက ထိုခေါင်းစဉ်နှင့် ပတ်သက်၍ လင်းရှန်းရှဲ့ ပြောခဲ့ဖူးတာကို သူ ပြန်လည် သတိရလိုက်မိသည်။ သူမ၏ အဆိုအရ ဆိုလျှင်... အမြင့်ဆုံး အကန့်အသတ်မှာ ကြယ်တာရာ အမြုတေ အဆင့်လေး ဖြစ်နိုင်ချေ ရှိသည်။
အစစ်အမှန် ဒြပ်စင်နန်းတော်တွင် နေထိုင်စဉ် အခါက သုံးလွှာ ကြယ်တာရာ နယ်မြေ အကြောင်း သူ လေ့လာခဲ့ဖူးသည်။ အမျိုးမျိုးသော မှတ်တမ်းများ၏ အဆိုရ ဆိုလျှင် လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော် ကာလအတွင်း ထာဝရ ကြယ်တာရာ နယ်မြေတွင် မည်သည့် ကျင့်ကြံသူမှ လောကသခင် အဆင့်ကို မရောက်ခဲ့ချေ။ အစွမ်းအထက်ဆုံး ဖြစ်သည့် စန်းမျိုးနွယ်၏ ကျင့်ကြံသူ နှစ်ယောက်ပင်လျှင် အတုအယောင် လောကသခင် အဆင့် ဖြစ်သည်။
“အမြင့်ဆုံး ကြယ်တာရာ အမြုတေ ငါးလို့ ထင်ပါတယ်...”
လင်းမင်က တွန့်ဆုတ်စွာဖြင့် အဖြေပေးလိုက်၏။ အသံပိုင်ရှင်က သဘောကျဟန်ဖြင့် အနည်းငယ် ရယ်မောလိုက်သည်။
“မင်းပြောတဲ့ ကြယ်တာရာ အမြုတေ ငါးပဲ ထားပါတော့လေ... အဲဒီလို နေရာမျိုးမှာ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူတွေ ဘာလို့ ပေါ်ဖူးတာလဲ... သူတို့ရဲ့ ပါရမီတွေက အရမ်းကို ထူးခြားနေလို့လား... မဟုတ်ဘူး... အဖြေက အဂ္ဂိရတ် တာအိုပဲ ကောင်လေး... အဂ္ဂိရတ် တာအိုက ကျင့်ကြံခြင်း လမ်းစဉ်ကို ပြောင်းလဲနိုင်တယ်... အမှိုက်တွေကို ရတနာ ဖြစ်လာစေနိုင်တယ်... ရတနာတွေကို မခန့်မှန်းနိုင်တဲ့ အကန့်အသတ်တွေ အထိ ရောက်စေတယ်...”
“ကိုယ့်ဘေးမှာ ပြိုင်စံရှား အဂ္ဂိရတ် ပညာရှင် တစ်ယောက်သာ ရှိနေရင် ဘာလို့ ကောင်းကင်နဲ့ မြေကြီးရဲ့ အကန့်အသတ်ကို စိတ်ပူရတော့မှာလဲ... ပြိုင်စံရှား ရင်းမြစ်တွေကို ဘာလို့ ယှဉ်လုစရာ လိုတော့မှာလဲ... ဝေ့ဝူယင်က အဲဒီလို ဖြစ်လာနိုင်တဲ့ ဖြစ်လာနေတဲ့ လူမျိုးပဲ... ငါ့ဘက်ကတော့ ပြောစရာ ရှိတာ ပြောပြီးပြီ... ကျန်တာ ကိုယ့်ဘာသာ ဆုံးဖြတ်ပါ”
“...”
လင်းမင်မှာ ဉာဏ်အလင်း ရသွားသလို ခံစားလိုက်ရ၏။ ဝေ့ဝူယင်နှင့် မိတ်ဆွေဖွဲ့ဖို့ မဖြစ်နိုင်သည့်တိုင် သဘာဝ ပတ်ဝန်းကျင်၏ အကန့်အသတ်နှင့် အဂ္ဂိရတ် တာအို၏ အရေးပါပုံကို သူ ပိုမို၍ နားလည်လာခဲ့ပြီ ဖြစ်သည်။ ရုတ်တရက်... သူ တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ စိတ်ဝင်တစားဖြင့် မေးလိုက်၏။
“အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ အကန့်အသတ်ကရော...”
“အင်း... မြေကြီး ရှန့်ထို အဆင့်လောက် ဖြစ်လိမ့်မယ်... ဒါပေမဲ့ ခုလို ပတ်ဝန်းကျင်မျိုး ဖြစ်လာတာက အချိန်တိုလေးပဲ ရှိသေးတာ ဆိုးတယ်... နောက် နှစ်တစ်သိန်းလောက် ထပ် အချိန်ပေးလိုက်မယ် ဆိုရင် မြေကြီး ရှန့်ထို ထောင်ချီသွားလိမ့်မယ်...”
အသံက တွေးတွေးဆဆဖြင့် ရှင်းပြလိုက်၏။ အဆုံးမဲ့ ကောင်းကင်မှာ ဧရာမ အဆင့် နေကြယ်ကြီး အပြင် မဟာစက်ဝန်းတွင် အကြီးမားဆုံးသော လျှို့ဝှက် ခါးပတ်ကြီးကိုပါ ပိုင်ဆိုင်ထားသည်။ ၎င်းကို လွန်ခဲ့သည့် နှစ်သောင်း၊ သုံးသောင်းလောက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၎င်း မရှိခင်က အဆုံးမဲ့ ကောင်းကင်တွင် မြေကြီး ရှန့်ထို တစ်ယောက်မှ မရှိခဲ့ချေ။
သို့သော်လည်း... ဖွဲ့စည်းပြီးသွားချိန်တွင်တော့ ဒါဇင်နှင့်ချီသည် အထိ များပြားလာခဲ့ပြီ ဖြစ်လေသည်။
...
ထိုအခိုက်တွင်ပင် စန်းလော့ယန်မှာ လက်ထဲရှိ အဆောင်နှင့် အတူ ပြင်ဆင်မှုများ ပြုလုပ်ပြီးစီး သွား၏။ သူက ပင့်သက် တစ်ချက် ရှိုက်လိုက်ကာ စမ်းသပ်ရေး ခန်းမနှင့် ထာဝရ ကောင်းကင် အပြင်ဘက်ရှိ လူတိုင်းကို ကြည့်လိုက်သည်။
“ခုချိန်က စပြီး မဟာစက်ဝန်း ရှန့်ထို ညီလာခံက အားလုံးကို ဝင်ခွင့် ပြုလိုက်ပါပြီ... ဆန္ဒရှိတဲ့လူ မှန်သမျှ ဆွေးနွေးပွဲကို ဝင်ရောက် လာကြပါ”
ဘုန်း...
သူ့အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ကျောက်တိုင်မှာ သုံးဆမျှ ပိုမို ကြီးမားလာကာ အလင်းတန်းများမှာလည်း သုံးဆအထိ ပိုမို တောက်ပလာခဲ့တော့သည်။
***