← Chapters

နေရာချထားခြင်း

Vol. 74 Ch. 1031

နေရာချထားခြင်း

Vol. 74 Ch. 1031

အဓိက ခန်းမ အတွင်းရှိ လူများမှာ စန်းလော့ယန်၏ ကြေညာချက်ကြောင့် အံ့သြ သွားကြ၏။

“သူတို့က တကယ်ကြီး လုပ်နေတာပဲ...”

ချန်းရီပိုက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထာဝရ အစည်းအရုံး ‌လောင်းကြေး ရှုံးနိမ့်ခဲ့ရခြင်းမှာ ဝေ့ဝူယင်၏ ထောင်ချောက်ထဲ ကျရောက်သွားခြင်းကြောင့် ဖြစ်သည်။ ပြင်တင်ဝေဖမ်မှုများကို ခံနိုင်ပါက သူတို့ထံတွင် ၎င်းကို ပယ်ချနိုင်သည့် အခွင့်အရေးများစွာ ရှိပေသည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ အစွမ်းအစကို ချန်းရီပို စိတ်ထဲမှ ကြိတ်ကာ ချီးကျူးလိုက်မိ၏။ အာရုဏ်ဦး ဧကရာဇ်မှာ သူ့ကိုယ်ကို သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်ကြောင်း ဖော်ပြခဲ့ရုံသာ မက... လွန်ခဲ့သည့် နှစ်များက ရွှေ‌ရောင် အသက်နန်းတော် အဆိုပြုထားသလို မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ပါ ဖြစ်ကြောင်းပါ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

နောက်ပြီး မီးဖီးနစ်...

နဂါးခေါင်းဆောင်းနှင့် မြေကြီးရှန့်ထို လက်အောက်တွင် ထန်မျိုးနွယ်၏ ဆုံးရှုံးမှုများ အကြောင်း မည်သူ မသိပဲ နေပါမည်နည်း။ သူတို့မှာ ငတုံးများ မဟုတ်ကြချေ။ ထန်းလန် အစစ်အမှန် ဧကရာဇ်နှင့် လောက အကျဉ်းထောင် ဧကရီတို့၏ ကျရှုံးမှုများမှာလည်း ထိုပုဂ္ဂိုလ်ကြီးကြောင့်ပင် ဖြစ်သည်။

ဝေ့ဝူယင်၏ နောက်ကွယ်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် မြေကြီး ရှန့်ထို နှစ်ယောက် ရှိပေသည်။ ထို့အပြင်... မီးဖီးနစ်နှင့် ရွှေရောင် အသက်နန်းတော်၏ ပံ့ပိုးမှုများလည်း ရှိပေသေးသည်။ သေမျိုး တစ်ယောက် အဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည့်တိုင် ဝေ့ဝူယင်မှာ မဟာစက်ဝန်း၏ ကြောက်စရာ အကောင်းဆုံး ပုဂ္ဂိုလ်များထဲ၌ ပါဝင်နေခဲ့ပြီ ဖြစ်သည်။

မြေကြီး ရှန့်ထိုများနှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ အကြည့်များက အင်ပါယာ ကလန်ဆီသို့ မသိမသာ ရောက်ရှိသွား၏။ ထန်မျိုးနွယ်ဝင် တစ်ယောက်နှင့် အင်ပါယာ ဧကရာဇ်တို့ အကြားမှ ဆက်နွယ်မှုကို အဆုံးမဲ့ ကောင်းကင်တွင် မသိသူ မရှိချေ။ အင်ပါယာ ကလန်က ထန်မျိုးနွယ် အတွက် ဝေ့ဝူယင်ကို ပြန်လည် ပေးဆပ်ခိုင်းမည်‌လော။

သို့သော်လည်း... ဧကရီ ရှောင်ချန်းနှင့် အင်ပါယာ ကလန်ကို ကိုယ်စားပြုသည့် မြေကြီး ရှန့်ထို ဆယ့်တစ်ယောက်မှာ တိတ်ဆိတ် နေကြသည်။ အချို့က မျက်လုံးများကို မှိတ်ထားကာ အချို့မှာလည်း ခန်းမ မျက်နှာကျက်ကို ငေးမော ကြည့်နေကြ၏။ တစ်ချိန်တည်း၌ အချို့မှာလည်း ဗလာမျက်လုံးများနှင့် ဝေ့ဝူယင်ကို လှမ်းကြည့်နေကြသည်။ သူတို့၏ အတွေးများကို ခန့်မှန်းရန်မှာ ခက်ခဲလှသည်။

ဝမ်... ဝမ်...

အဓိက ခန်းမ အတွင်း၌ ဝင်္ကပါ လည်ပတ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေကာ မြင်ကွင်းက ပိုမို၍ ကျယ်ပြန့်လာ၏။ ရွှေရောင်ဖျာများထက်ရှိ ကျင့်ကြံသူ လူငယ်လေးများမှာ အထက်သို့ တဖြည်းဖြည်း မြင့်တက်လာနေသလို ခံစားနေရသည်။ သို့သော်လည်း... အမှန်တကယ်တွင် သူတို့ မြင့်တက်လာခြင်း မဟုတ်ပါချေ။ ခန်းမ၏ ကြမ်းပြင်က အောက်သို့ နိမ့်ကျသွားကာ ပိုမို ကျယ်ပြန့်လာခဲ့ခြင်း ဖြစ်သည်?

ဝမ်... ဝမ်...

ထို့နောက်... မိုင်ရာပေါင်းများစွာ ကျယ်ပြန့်သည့် ကွင်းကြီး တစ်ခုမှာ အဓိက ခန်းမ အတွင်း၌ ဖွဲ့စည်းလာခဲ့၏။ ၎င်းကို ဝန်းရံ၍ နောက်ထပ် ကွင်းကြီး နှစ်ခုမှာလည်း ဖြစ်ပေါ်လာခဲ့သည်။

သိသာ ထင်ရှားသည့် ကျင့်ကြံခြင်း အခြေခံ မရှိသူများမှာ အပြင်ဆုံး ကွင်းအတွင်းသို့ ပို့ဆောင် ခံလိုက်ရ၏။ ၎င်းက မိုင်သောင်းပေါင်းများစွာ ကျယ်ပြန့်ကာ ကျင့်ကြံသူပေါင်း ဘီလျံနှင့်ချီ နေထိုင်နိုင်သည် အထိ ကြီးမားပေသည်။

အသက်ငါးရာအောက် ကျင့်ကြံသူများကတော့ အသက်ငါးနှစ် ဖြစ်စေ... ငါးရာ ကိုးဆယ့်ကိုးနှစ် ဖြစ်စေ... ဒုတိယမြောက် စည်းဝိုင်း အတွင်း တိုက်ရိုက် ဆွဲခေါ်ခံလိုက်ရသည်။ ၎င်းက ရှောင်လွှဲ၍ မရနိင်သည့် ဖြစ်စဉ် တစ်ခု ဖြစ်လေရာ ကလေးငယ်များ၏ မိဘများ၊ ကာကွယ် စောင့်ရှောက်သူများမှာ သနားစဖွယ် အော်ဟစ်နေကြ၏။

“သားလေး... ငါ့သားလေး...”

“ယန်အာ.... ယန်အာ...”

“သူ့ကို ခေါ်မသွားပါနဲ့..”

အပြင်စည်းဝိုင်း တစ်ခုလုံးကား ပွက်ပွက်ညံ နေခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာပင် စန်းလော့ယန်၏ အသံက အားလုံးကို လွှမ်းခြုံကာ ထွက်ပေါ်လာခဲ့လေ၏။

“အားလုံးပဲ စိတ်အေးအေး ထားကြပါ... အသက်ငါးရာအောက် ကျင့်ကြံသူတွေကို ဒုတိယမြောက် စည်းဝိုင်းဆီ ပို့ဆောင် ပေးနေတာပါ... သူတို့က ‌ရွေးချယ်ခံတွေနဲ့ တန်းတူ ဧည့်ခံမှုတွေ ရကြပါလိမ့်မယ်... စိတ်မပူကြပါနဲ့... ညီလာခံ ပြီးတာနဲ့ သူတို့ အားလုံးကို ခင်‌ဗျားတို့ဆီ ဘေးမသီ၊ ရန်မခ ပြန်ပို့ပေးပါ့မယ်... ဒီမတိုင်ခင် အချိန်တော့ ထာဝရ အစည်းအရုံးက သူတို့ကို တာဝန်ယူထားမှာပါ”

အသည်းပျော့သည့် မိဘများ၊ အုပ်ထိန်းသူများမှာ မျက်ရည်လည်ရွှဲဖြင့် လက်လျှော့ရန်သာ တတ်နိုင်ခဲ့၏။ သူတို့၏ ကလေး အချို့ဆိုလျှင် အသက် သုံးနှစ်ပင် မကျော်သေးချေ။ ယခုမှ စတင် ကျင့်ကြံရုံ ကျင့်ကြံခါစသာ ရှိပေသေးသည်။ ညီလာခံမှာ အနည်းဆုံး နှစ်ချီ၍ ကြာမြင့်နိုင်သည့် ပွဲတော်မျိုး ဖြစ်သည်။ ထိုအတောအတွင်း မိဘများနှင့် ခွဲနေရသည်မှာ သူတို့ အဆင်ပြေပါမည်လော။

သို့သော်လည်း... ထာဝရ အစည်းအရုံးက ညီလာခံ ပြီးဆုံးသည်နှင့် ဘေးမသီ၊ ရန်မခ ပြန်ပို့ပေးမည်ဟု ပြောခဲ့သည်။ ထိုအချက်က သူတို့ကို အနည်းငယ် စိတ်သက်သာရာ ရစေ၏။ ထာဝရ အစည်းအရုံးလို ဂုဏ်သိက္ခာ ကြီးမားသည့် အဖွဲ့အစည်းကြီးမှာ ကတိတည်မှာ ကျိန်းသေလှပေသည်။

တစ်ချိန်တည်း၌ စန်းလော့ယန်မှာ အဆောင်ကို သုံးကာ ဒုတိယမြောက် စည်းဝိုင်းကို ပိုမို၍ ဆန့်ထုတ် နေခဲ့၏။ အသက် ငါးရာအောက် ကျင့်ကြံသူတိုင်းအား နေရာချထားရသည်မှာ အတော် ခေါင်းကိုက်ရသော ကိစ္စ ဖြစ်သည်။

‘ထာဝရ နတ်ဘုရားက ရေရှည်ကို တွေးနေလို့ပေါ့ကွာ...’

စန်းလော့ယန်မှာ စိတ်ထဲမှ မချင့်မရဲ ဖြစ်နေသလို ခံစားနေရ၏။ သို့သော်လည်း... အပြင်ပန်းတွင်တော့ သူက တည်ငြိမ်သည့် မျက်နှာပေးကို ဖမ်းထားကာ ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်သည်။

“စောနက ပြောခဲ့တဲ့ အတိုင် နက္ခတ် အမတေတွေက အကန့်အသတ်နဲ့ တည်ရှိနေတယ်... ဒါကြောင့် အခြား နည်းလမ်းနဲ့ လောင်ကြေးကို ကျေနပ်အောင် ဆောင်ရွက်ပေးမယ်... အဲဒီ အပေါ် ဘယ်လို သဘောရလဲ”

ဝေ့ဝူယင်မှာ တဖွဲဖွဲ ရောက်ရှိလာနေသည့် ကျင့်ကြံသူများကို ငေးကြည့်နေရာမှ စန်းလော့ယန်ဘက်သို့ ပြန်လည် လှည့်လိုက်သည်။ နက္ခတ် အမတေမှာ သဘာဝ နေကြယ် အမြုတေ အတွင်း တည်ရှိနေသည့် ရင်းမြစ် တစ်ခု ဖြစ်သည်။ အဓိကခန်းမ အတွင်း စတင် ဝင်ရောက်ပြီး ကတည်းက ရွှေရောင်ဖျာများအောက်၌ ရှိနေသည့် ထိုပြိုင်စံရှား အမတေများကို သူ တွေ့ရှိပြီး ဖြစ်သည်။

ထာဝရ အစည်းအရုံးက အသက်ငါးရာအောက် ကျင့်ကြံသူ သိန်းချီ အတွက် နက္ခတ် အမတေများနှင့် ညီမျှသည့် ဧည့်ခံမှုမျိုး ပေးမည် ဆိုခြင်းမှာ အနည်းငယ် မယုံကြည်နိုင်စရာ ကောင်းလွန်းသည်။ သူ ကိုယ်တိုင်ပင်လျှင် ထိုမျှလောက် အကုန်အကျ ခံရန် လက်တွန့်မိလိမ့်မည် ဖြစ်သည်။

“ခင်ဗျားတို့ စိတ်တိုင်းကျ လုပ်ပါ...”

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်၏။ စန်းလော့ယန်က ခေါင်းတစ်ချက် ညိတ်ကာ ဆက်ပြောလိုက်သည်။

“နောက်ပြီးတော့... ကျုပ်တို့က ဒီဧည့်ခံမှုကို စဦး ဆွေးနွေးပွဲ အဆုံးသတ်တဲ့ အချိန် ဒါမှမဟုတ် ခြောက်လ ပြည့်တာနဲ့ ရပ်နားဖို့ စီစဉ်ထားပြီးသားပါ... အဲဒါက ကျုပ်တို့ရဲ့ မပြောင်းလဲမယ့် မူလ ရည်ရွယ်ချက်ပါပဲ”

ဝေ့ဝူယင်က တစ်ခဏမျှ စဉ်းစားကာ ခေါင်းညိတ်လိုက်၏။

“နားလည်ပါတယ်...”

ခြောက်လဆိုလျှင်ပင် ထာဝရ အစည်းအရုံး အတွက် ဆုံးရှုံးမှုက အလွန် ကြီးမားနေချေပြီ ဖြစ်သေလည်။ လောင်းကြေးကိစ္စကို ပိုမို၍ တွန်းအားပေးရန် သူ့ထံတွင် ရည်ရွယ်ချက် မရှိတော့ချေ။ ထို့အပြင်... အသက်ငါးရာအောက် ကျင့်ကြံသူများ အကျိုးအမြတ် ရခြင်း၊ မရခြင်းက သူနှင့်လည်း မသက်ဆိုင်လှချေ။ သူ လောင်ကြေးထပ်ခဲ့သည့် အကြောင်းရင်းမှာလည်း ထာဝရ အစည်းအရုံးဘက် ငြင်းဆန်သည်နှင့် ထိုအခွင့်အရေးကို နင်းကာ အမြတ်ထုတ်ရန် ဖြစ်သည်။

ဝေ့ဝူယင် စည်းဝိုင်း သုံးခုကို ဝှေ့ကြည့်လိုက်ပြန်၏။ အပြင်စည်းဝိုင်း၌ များလှစွာသော သာမည ကျင့်ကြံသူများ ရှိနေကြကာ ဦးရေမှာ သန်းကျော်ပေလိမ့်မည်။ ဒုတိယမြောက် စက်ဝန်းတွင်တော့ အသက်ငါးရာအောက် ကျင့်ကြံသူများ နေရာယူထားသည်။ သူတို့၏ အ‌ရေအတွက်က သိန်းချီလောက်ပေသည်။ တတိယမြောက်နှင့် ဗဟိုစက်ဝန်း အတွင်းတွင်တော့ သူအပါအဝင် စိန်ခေါ်မှုမှ တစ်ဆင့် ဖြတ်ကျော်လာခဲ့သည့် ရွေးချယ်ခံများ၊ မြေကြီး ရှန့်ထိုများ ရှိနေပေသည်။ စည်းဝိုင်း သုံးခုစလုံး ပေါင်းပါက... ကျင့်ကြံသူ ဦးရေမှာ နှစ်သန်းကျော်ခန့် ရှိပေလိမ့်မည်။

စက်ဝိုင်းများမှာ ကျင့်ကြံသူများကို အရေးပါမှု အလိုက် အဆင့်အတန်း ခွဲခြားကာ နေရာချထားခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် မြင်နိုင်ပေသည်။ သို့သော်လည်း... ပြဿနာက လက်ရှိ အချိန်အထိ လျှို့ဝှက် အာဏာရှင် အဆင့် အများစုမှာ အပြင်စည်းဝိုင်း အတွင်းတွင်သာ ရှိနေသေးခြင်း ဖြစ်သည်။ သူတို့ အနေဖြင့် သင့်တင့် လျောက်ပတ်သည့် နေရာတစ်ခု ရရှိသင့်ပေသည်။

ထာဝရ အစည်းအရုံးမှာလည်း ထိုပြဿနာကို မြင်ဟန် ရ၏။ စန်းလော့ယန်က အပြင်စည်းဝိုင်းကို လှမ်းကြည့်ရင်း ကြေညာလိုက်လေသည်။

“လျှို့ဝှက် အာဏာရှင် အဆင့်တွေ ရှေ့ကို တိုးလာခဲ့ကြပေးပါ”

ဝှစ်... ဝှစ်...

လျှို့ဝှက် အာဏာရှင် အဆင့်များမှာ အနည်းငယ် အံ့သြသွားကြ၏။ သို့သော်လည်း... သူတို့က မတုန့်မဆိုင်းပင် ရှေ့သို့ ပျံတက်လာကြသည်။ သို့သော်လည်း... သူတို့အထဲမှ များစွာမှာ အပြင်စည်းဝိုင်း အထက်တွင်ပင် မမြင်နိုင်သည့် အကာအရံ တစ်ခု၏တားဆီးခြင်း ခံလိုက်ရသည်။ သူတို့ အားလုံးမှာ လျှို့ဝှက် ကြယ်တာရာ အဆင့်များ ဖြစ်ကာ အတုအယောင် လျှို့ဝှက် အာဏာရှင်များ အဖြစ် မှတ်ယူခံထားရသူများ ဖြစ်ပေသည်။

လျှို့ဝှက် ဝိညာဉ်အဆင့်များကတော့ ဒုတိယမြောက် စည်းဝိုင်း အတွင်းအထိသို့ ဆက်လက် ပျံဝင်လာနိုင်ခဲ့ကြသည်။ တစ်ချိန်တည်း၌ သေမျိုးတစ်ပိုင်း အရှင်အဆင့်များကတော့ ဗဟိုစည်းဝိုင်း အတွင်းရှိ ရွေးချယ်ခံများနှင့် မီတာ အနည်းငယ်ခန့် အကွာတွင် ရပ်တန့်သွားကြသည်။

စန်းလော့ယန်က ကျေနပ်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ကာ အားလုံးကို ဝှေ့ကြည့်လိုက်၏။ ဒုတိယ စည်းဝိုင်းသို့ အရောက်တွင်တော့ သူ့ မျက်လုံးများက ရပ်တန့်သွားသည်။

“အသက်ငါးရာအောက် လူငယ်လေးတို့... မင်းတို့ဟာ မဟာစက်ဝန်းရဲ့ အနာဂတ် ဖြစ်တယ် ဆိုတာ အထူးတလှယ် ပြောစရာ လိုမယ် မထင်ဘူး... ထာဝရ အစည်းအရုံးက မင်းတို့ အားလုံးကို အဓိကခန်းမထဲ ဝင်‌ရောက်ခွင့် ပြုလိုက်ပြီ ဆိုပေမဲ့ အဲဒီလောက်နဲ့ ကျေနပ်နေရင် ကိုယ့်ကိုယ်ကို ဆွဲနှစ်ရာ ကျသွားလိမ့်မယ်... မင်းတို့ အနေနဲ့ ပိုပြီး အရေးပါတဲ့ ထိုင်ခုံတွေကို ဆုပ်ကိုင်နိုင်တယ်... ပိုပြီး အရည်အချင်း ရှိတယ် ဆိုတာ၊ အနာဂတ်ရဲ့ ရွေးချယ်ခံတွေ ဖြစ်လာနိုင်တယ် ဆိုတာ သက်သေပြနိုင်တယ်... အဲဒီ အတွက် ဆန္ဒ ရှိတဲ့လူ မှန်သမျှ စိန်ခေါ်ပွဲတွေ ဆင်နွှဲဖို့ ထာဝရ အစည်းအရုံးက ထပ်စီစဉ်ထားတယ်”

“...”

အားလုံး၏ အမူအရာများမှာ ပြောင်းလဲ သွားကြ၏။ ပိုမို ကြီးကျယ်ခမ်းနားသည့် ကိုယ်စားပြုမှု အတွက် အသက်များကို စတေးရန် လိုအပ်သေးသည်လော။ စိန်ခေါ်ပွဲများက များစွာသော လူများ အတွက် အိပ်မက်ဆိုးများ သဖွယ် ဖြစ်သည်။ သို့သော်လည်း... ‌လူ့သဘော သဘာဝ အရ ရှေ့ဆုံး ထိုင်ခုံများ အတွက် စိန်ခေါ်လိုသူများစွာ ကျန်ရှိနေသေးဆဲ ဖြစ်သည်။

“မလိုပါဘူး...”

ရုတ်တရက် အသံက တစ်ခုမှာ အဓိကခန်းမ တစ်ခုလုံးကို ဖြန့်ကျက်ကာ ထွက်ပေါ်လာခဲ့လေ၏။

***

All Chapters