ဝေ့ဝူယင်၏ ထင်မြင်ချက်
Vol. 74 Ch. 1032
‘အသံထုတ်လွှင့်ခြင်း ရတနာလား...’
စန်းလော့ယန်၏ အမူအရာက ပြောင်းလဲသွား၏။ မိုင်ပေါင်းထောင်ချီ ကျယ်ပြန့်သည့် နေရာ တစ်ခုလုံးကို လွှမ်းခြုံ၍ အသံထုတ်လွှတ်ရန် ပမာဏများပြားလှသည့် ဝိညာဉ် အင်အားများ လိုအပ်သည်။ ၎င်းက လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် သာမညသာ ဖြစ်သည့်တိုင် သေမျိုး အနေဖြင့် အလှမ်းမှီရန် ကွာဝေးနေဆဲ ဖြစ်သည်။
အသံပိုင်ရှင်ကတော့ ဝေ့ဝူယင်ပင် ဖြစ်လေသည်။ အားလုံးကို တစ်ချက် ဝှေ့ကြည့်ပြီးနောက် ဝေ့ဝူယင်က သက်တောင့်သက်သာ ရှိသည့် အပြုံးနှင့် အတူ ဆက်ပြောလိုက်လေ၏။
“ဘာဝင်ခွင့်... ဘာအရည်အချင်း စမ်းသပ်မှုမှ ထပ်မလိုတော့ဘူး... ဘယ်စည်းဝိုင်းထဲမှာ နေနေ... အသက် ငါးရာအောက် ကျင့်ကြံသူတွေ အားလုံးဟာ ညီမျှတယ်... သူတို့ကြားမှာ ကွာခြားမှု မရှိဘူး”
ဝေ့ဝူယင် စကားဆုံးသည်နှင့် တစ်ပြိုင်နက် တစ်လောကလုံးမှာ ဆူညံ ပွက်လောရိုက် သွားကြ၏။ ညီမျှသည်လော... ကွဲပြားမှု မရှိသည်လော... ၎င်းက လက်ခံရန် ခက်ခဲသည့် အယူအဆ တစ်ခု ဖြစ်သည်။ ပလ္လင်များထက်မှ မြေကြီး ရှန့်ထိုများနှင့် ဖန်တီးရှင်း ပညာရှင်များပင်လျှင် ဝေ့ဝူယင်ကို အံ့အားသင့်စွာ ကြည့်လိုက်မိကြ၏။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... မင်း ဆိုလိုချင်တာက...”
စန်းလော့ယန်၏ မျက်လုံးများက ကျဉ်းမြောင်း သွား၏။ ညီလာခံ အတွက် ရေးဆွဲထားသည့် အစီအစဉ်များမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်တည်းကြောင့် ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါချေ။ ထို့အပြင်... ဤသည်က ထာဝရ အစည်းအရုံး ကိုယ်တိုင် တာဝန်ယူကာ ကြီးကြပ်နေသည့် ပွဲ ဖြစ်သည်။ ဝေ့ဝူယင်၏ တစ်ကိုယ်တော် ပြပွဲလည်း မဟုတ်ချေ။
ဝေ့ဝူယင်မှာ နောက်ဆုတ်သွားခြင်း မရှိပါချေ။ သူက ငွေရောင် မျက်ဝန်းများနှင့် ပလ္လင်ထက်ရှိ လူများကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ ဧကရီ ရှောင်ချန်းထံသို့ အရောက်၌ သူ့အကြည့်က ယာယီ ရပ်တန့်သွားကာ သူငယ်အိမ်များက မသိမသာ ကျဉ်းမြောင်း သွားသည်။ ထို့နောက် လျှင်မြန်စွာပင် ဆက်လက် ရွေ့သွား၏။
မြေကြီး ရှန့်ထိုများမှာ ဧကရီ ရှောင်ချန်း အပါအဝင် သူတို့နှင့် မျက်လုံးချင်းဆိုင် ကြည့်ဝံ့သည့် ဝေ့ဝူယင်၏ သတ္တိကို စိတ်ထဲမှ ချီးကျူး လိုက်မိသည်။ အာရုဏ်ဦး ဧကရာဇ်မှာ ကောလဟလများထဲကထက်ပင် ပိုမို ကြီးကျယ် ခမ်းနားပုံ ပေါ်သည်။ အထူးသဖြင့်... သူ၏ ရုပ်ရည်သွင်ပြင်ပင်။ သူ၏ မျက်နှာ၊ ခန္ဓာကိုယ်... အရာအားလုံးက ပြီးပြည့်စုံလွန်းသည်။ အကယ်၍ သူသာ မိန်းကလေး တစ်ယောက် ဆိုပါက ခုနစ်ပြည်ထောင် စစ်ခင်းလောက်သည့် အလှပိုင်ရှင်ဟု တင်စားရမည်လား မသိချေ။
ဝေ့ဝူယင်၏ အကြည့်က စန်းလော့ယန်ထံသို့ နောက်တစ်ဖန် ပြန်အရောက်တွင် ရပ်တန့်သွား၏။
“ကျုပ် ဘာကို ဆိုလိုရမှာလဲ... ရိုးရိုးလေးပဲ... စိန်ခေါ်ပွဲ အောင်မြင်သွားရင်တောင် သူတို့ဆီမှာ ရွေးချယ်ခံ အဆင့်အတန်းကို ဆုံးဖြတ်ဖို့ အရည်အချင်း မရှိလို့ပဲ... အဲဒီ သတ်မှတ်ချက်က မြေကြီး ရှန့်ထိုတွေ အတွက်လည်း ပြောင်းလဲမှာ မဟုတ်ဘူး”
ဝေ့ဝူယင်၏ စကားလုံးများက မိုးကြိုးသွားများလို မြေကြီး ရှန့်ထိုများ၊ ပန်းပဲ ပညာရှင်များ၊ အဂ္ဂိရတ် ပညာရှင်များ၊ ဗိသုကာ ပညာရှင်များ၏ နားများထဲသို့ တိုးဝင် သွားသည်။ အားလုံး၏ အကြည့်များက ရှုပ်ထွေးကာ ပြောင်းလဲ သွားကြ၏။
စိတ်ဝင်စားစရာပဲ...။
ကြယ်တာရာ နယ်မြေ နံပါတ်တစ် အလှတရား၏ မျက်နှာထက်၌ ရှားပါးသော အပြုံးတစ်ခု မွေးဖွားလာခဲ့သည်။ သို့သော်လည်း... ထိုအခိုက်၌ လူအားလုံး နီးပါး၏ အကြည့်များက ဝေ့ဝူယင်ထံ ကျရောက်နေကာ နှမြောစရာ ကောင်းလွန်းလှသည်။
“အမှိုက်ကောင်... မင်းကများ ရာရာစစ”
အင်ပါယာ ဧကရာဇ်အိုကြီး တစ်ပါးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ အသံက ဆူနာလှိုင်းများလို အဓိက ခန်းမ တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ ကြီးကျယ် ခမ်းနားလှသည့် အင်ပါယာ မျိုးနွယ်၏ အရှေ့တွင် ထိုလူငယ်က ဘာမလို့နည်း။
ထို့အပြင်... ဝေ့ဝူယင်မှာ အခြား ကြယ်ကွင်းပြင် တစ်ခုမှ ရောက်ရှိလာသည့် ကျင့်ကြံသူ တစ်ယောက် ဟု သူ မယုံချေ။ အလွန်ဆုံး အနေဖြင့်... သူက အာကာသ အလွှာများထဲတွင် ပုန်းအောင်းနေသည့် ရှေးဟောင်း မေ့လျော့ခံ မျိုးနွယ်စု တစ်ခုမှသာ ဖြစ်နိုင်သည်။ အင်ပါယာ မျိုးနွယ်ဝင် တစ်ယောက် အနေဖြင့် မည်သည့် အင်အားစုကိုမှ သူ မကြောက်ချေ။
ဘေးနား၌ ရှိနေသည့် ထျန်းမူယန်ကတော့ မျက်လုံးများ ကျဉ်းမြောင်းသွားကာ အင်ပါယာ ဧကရာဇ်အိုကြီးကို လှည့်ကြည့်လိုက်၏။ သူ၏ အတွေးများက လူအိုကြီးနှင့် ခြားနားလှကာ လူငယ်လေးမှာ ထာဝရ ဧကရာဇ်နှင့် ဆက်စပ်နေသူ တစ်ယောက်ဟု ပြင်းထန်စွာ ယုံကြည်နေဆဲ ဖြစ်သည်။
“မြေကြီး ရှန့်ထိုတွေက ရွေးချယ်ခံ အဆင့်အတန်းကို ဆုံးဖြတ်ဖို့ အရည်အချင်း မရှိဘူးလို့ မင်းက ပြောချင်နေတာလား..”
ဓားသွားအလား မျက်ခုံးမွေးများနှင့် အဖြူရောင် တာအို ဝတ်စုံဝတ် လူကြီး တစ်ယောက်က ဝေ့ဝူယင်ကို စူးရှစွာ စိုက်ကြည့်ရင်း မေးလိုက်သည်။ သူက ခါးတွင် ဘူးသီးခြောက် တစ်ခုကို ချိတ်ထားကာ နောက်ကြောတွင် ဓားတစ်စင်းကို လွယ်ထား၏။ သူက အခြားသူ မဟုတ်... ကြယ်ကွင်းပြင်တွင် နံပတ်တစ် ဓားသမား အဖြစ် ကျော်ကြားသည့် ကျန်းမျိုးနွယ် ခေါင်းဆောင် ကျန်းဝူတောင်းပင် ဖြစ်လေသည်။
အခြား မြေကြီး ရှန့်ထိုများမှာလည်း ဝေ့ဝူယင်ကို အလျှိုလျှို စိုက်ကြည့်လိုက်ကြသည်။ ၎င်းတို့၏ အကြည့်တစ်ချက် ဖြင့်ပင် ဝေ့ဝူယင်၏ ပတ်လည်ရှိ လေထုက သိပ်သည်းသွားကာ အမည်မသိ ဖိအား တစ်ခု ဖြစ်ပေါ်လာ၏။
သို့သော်လည်း... ဝေ့ဝူယင်မှာ ဖိအား တစ်စုံတစ်ရာကို ခံစားရဟန် မရပဲ သက်တောင့်သက်သာပင် ရှိနေသေးဆဲ ဖြစ်သည်။ သူက ကျန်းဝူတောင်းကို ပြန်လည် ကြည့်လိုက်ကာ တိုက်ရိုက်ပင် ခေါင်းညိတ်ပြလိုက်၏။
“အမှန်ပါပဲ...”
သူ၏ အတည်ပြု စကားလုံးများက လူတိုင်း၏ နှလုံးသားများကို အင်အားပြင်း ငလျင်တစ်ခု လှုပ်သည့် အလား တုန်ရီ သွားစေခဲ့၏။ မြေကြီးရှန့်ထိုများမှာ ရွေးချယ်ခံ အဆင့်အတန်းကို ဆုံးဖြတ်ရန် အရည်အချင်း မမှီလျှင်... မည်သူက အရည်အချင်း မှီသနည်း။
“ဟား... ဟား...”
ချန်းရီပိုက အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။
“တော်တော် သတ္တိရှိတဲ့ ကလေးပဲ”
ချန်းမျိုးနွယ် ခေါင်းဆောင်၏ စကားလုံးများက ချီးကျူးနေပုံ ပေါက်သည့်တိုင် အသံထဲ၌ လှောင်ပြောင်သည့် အငွေ့အသက်များ ပါဝင်နေသည်။ အင်ပါယာ မျိုးနွယ်ဝင် အများစု၏ ခံစားချက်များကလည်း အတူတူပင် ဖြစ်သည်။ ဝေ့ဝူယင်ကို ရှန့်ထို ဖန်ဆင်းရှင် အဖြစ် သိရှိထားသည့် ထျန်းလင်းယု ပင်လျှင် မျက်မှောင်ကြုတ် နေခဲ့၏။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... ထာဝရ အစည်းအရုံး စီစဉ်ထားတဲ့ အတိုင်း သွားရင် ပိုမကောင်းဘူးလား... ဆွေးနွေးပွဲမှာ ရှင့်အတွက်လည်း ထိုင်ခုံတစ်ခု ရှိနေမှာပါ... ဘယ်သူမှ ငြင်းဆိုမှာ မဟုတ်ဘူး... နောက်ပြီး စံသတ်မှတ်ချက် အသစ်နဲ့ ပတ်သက်ပြီး ကူညီဖို့ ကျွန်မတို့မှာလည်း မေးခွန်းတွေ ရှိပါတယ်”
သက်တံ့လောက ကြယ်တာရာ နယ်မြေ၏ တစ်ဦးတည်းသော မြေကြီး ရှန့်ထိုက ပဋိပက္ခကို ကြားဝင် ဖျန်ဖြေသည့် သဘောဖြင့် ဆိုလိုက်၏။ ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွားကာ လှည့်ကြည့်လိုက်၏။ သူမက ခုနစ်ရောင်ခြယ် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။ အသက် ၁၆ ပင် ကျော်ဦးမည်ပုံ မပေါ်ချေ။
သို့သော်လည်း... သူမထံမှ ဝိညာဉ် ရှန့်ထို ဧကရာဇ်ထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသည့် ခံစားချက် တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရသည်။ သူ့အတွင်းစိတ်က ထိုမိန်းကလေးမှာ အလွန်အမင်း ထိတ်လန့်စရာ ကောင်းကြောင်း ပြောပြနေ၏။ ထို့အပြင်... အပြစ်သား သွေးမျိုးဆက်ထံမှ ထူးခြားသည့် ခံစားချက် တစ်ခုကို သူ ခံစားရနေခဲ့သည်။
‘ကောင်းချီးခံ...’
ဝေ့ဝူယင် စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ သို့သော်လည်း... ကြောက်မက်ဖွယ် ကောင်းသည့် ခံစားချက်ကို ဖယ်လိုက်ပါက သူမမှာ သာမန် ရုပ်ရည် ပိုင်ရှင် တစ်ယောက်သာ ဖြစ်သည်။ သူမက ချိုမြိန်သည်။ အပြစ်ကင်းစင်သည်။ လူကြားထဲတွင် လွယ်လွယ် မေ့သွားနိုင်သည့် ရုပ်ရည်မျိုး ဖြစ်သည်။
ဝေ့ဝူယင် မိန်းကလေးကို ပြုံးပြလိုက်ကာ သူမ၏ ကောင်းမွန်သည့် ရည်ရွယ်ချက် အတွက် အသံတိတ် ကျေးဇူးတင် လိုက်၏။ သို့သော်လည်း... သူက ဆက်ပြောလိုက်လေသည်။
“ရွေးချယ်ခံ ဆိုတာကို ဘယ်သူ တီထွင်ခဲ့တာလဲ..”
အားလုံးမှာ တိတ်ဆိတ် ငြိမ်သက် သွားကြ၏။ ၎င်းအား တီထွင်ခဲ့သည့် ပုဂ္ဂိုလ်ကို သူ တို့ သိကြပေသည်။ သူက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး ဖြစ်ကာ မဟာစက်ဝန်း၏ ပထမဆုံးသော မြေကြီး အဂ္ဂိရတ် ရှန့်ထို ဖြစ်သည်။ တစ်ဦးတည်းသော လောက အဂ္ဂိရတ် ရှန့်ထို ဖြစ်သည်။ လွန်ခဲ့သည့် နှစ်တစ်သောင်း အတွင်း လွှမ်းမိုးမှု အရှိဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။ လက်ရှိ ရောက်ရှိနေသည့် ကျင့်ကြံသူများထဲတွင် ထိုပုဂ္ဂိုလ်ကြီး၏ ဂုဏ်သတင်း တစ်ဝက်ကိုမျှ မှီသူ မရှိပါချေ။
သူက အခြားသူ မဟုတ်... ထာဝရ ဧကရာဇ်ပင် ဖြစ်သည်။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။
“ဒါဆိုရင် ခင်ဗျားတို့ အားလုံး နားလည်လိမ့်မယ် ထင်ပါတယ်... လောကမှာ ရွေးချယ်ခံ အဆင့်အတန်းကို သတ်မှတ်ဖို့ အရည်အချင်း ပြည့်မှီတာက အဂ္ဂိရတ် ပညာရှင်တွေပဲ... ဘာလို့လဲ... ကျုပ်တို့က ပါရမီ မရှိတဲ့ လူတွေကို ပါရမီရှင်တွေ အဖြစ် ပြောင်းလဲပစ်နိုင်လို့... ခင်ဗျားတို့ အမှိုက်လို့ ထင်နေတဲ့ အရာတွေကို ရတနာ အဖြစ် ပြောင်းလဲပစ်နိုင်လို့... တစ်ချိန်တုန်းက ထာဝရ ဧကရာဇ်က သူ့ စံနှုန်းနဲ့ ဆုံးဖြတ်ခဲ့သလို အနာဂတ်ရဲ့ ရွေးချယ်ခံ အဆင့်အတန်းကိုလည်း ကျုပ်တို့ စံနှုန်းနဲ့ပဲ ဆုံးဖြတ်မယ်... ခင်ဗျားတို့က ကိုယ်တိုင် ရွေးချယ်ခံ စံနှုန်း အသစ်ကို ကိုယ်တိုင် သတ်မှတ်ချင်ရအောင် ခုချိန်ထိ ရွေးချယ်ခံ ဧကရာဇ် ဆိုတာ ပေါ်လာသေးလား”
“...”
လောကကြီးမှာ တိတ်ဆိတ် နေကြ၏။ မည်သူမှ သူ့စကားကို မပယ်ရှားနိုင်ကြချေ။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် နှစ်ပေါင်းထောင်ချီ ဆက်တိုက် ကျရှုံးနေခဲ့မှုများက... မည်သည့် ရွေးချယ်ခံမှ ထာဝရ ဧကရာဇ်၏ စံနှုန်းကို မမှီသေးကြောင်း သက်သေထူနေပေသည်။
တကယ်တမ်း အားဖြင့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဝင်ရန် ထာဝရ ဧကရာဇ် သတ်မှတ်ခဲ့သည်က အသက်ငါးရာအောက် ကျင့်ကြံသူ ဖြစ်ရန် တစ်ခုတည်း ဖြစ်သည်။ ရွေးချယ်ခံ စံနှုန်းများမှာ ထိုမရေမတွက်နိုင်သော လူများထဲမှ လက်ရွေးစင်များကို ပြန်လည် စစ်ထုတ်ခြင်းမျှသာ ဖြစ်သည်။
“မင်းက မင်းရဲ့ အဆိုပြုချက်အပေါ် ယုံကြည်ချက် ရှိနေရင် ငါ မေးပါဦးမယ်... ဒီညီလာခံ အတွက် မင်းမှာ ဘာအကြုံပြုစရာ ရှိလဲ...”
ရုတ်တရက်... အသံတစ်ခုမှာ အဓိက ခန်းမ တစ်ခုလုံးကို လွှမ်းခြုံကာ ထွက်ပေါ်လာ၏။ ပလ္လင်များထက်၌ ထိုင်နေကြသည့် ကျင့်ကြံသူ အားလုံး၏ အမူအရာများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဝူယုမှာ ဘာကြောင့်မှန်း မသိသော်လည်း အသံထဲတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပါဝင်နေသလို ခံစားလိုက်ရ၏။
အသံပိုင်ရှင်က အခြားလူ မဟုတ်... ထာဝရ အစည်းအရုံး၏ လက်ထောက် ခေါင်းဆောင် တစ်ဖြစ်လည်း ထာဝရ နတ်ဘုရားပင် ဖြစ်လေသည်။ သူက ကြယ်တာရာ နယ်မြေ၏ လက်ရှိ အဂ္ဂိရတ် ရှန့်ထို သုံးဦး အနက် တစ်ဦးလည်း ဖြစ်သည်။ ထာဝရ နတ်ဘုရား ယခုလောက် မြန်မြန်ဝင်ပါလိမ့်မည်ဟု မည်သူမှ ထင်မှတ် မထားခဲ့ကြချေ။ မည်သို့ပင် ဆိုစေ... ညီလာခံမှာ ယခုမှ စဦး ဆွေးနွေးခြင်း အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလား။
ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွား၏။ အသံ မည်သည့် နေရာမှ လာသည်ကို သူ့ထံတွင် ဆုံးဖြတ်နိုင်စွမ်း မရှိပါချေ။ သို့သော်လည်း... အခြားလူများ၏ အမူအရာများမှ တစ်ဆင့် အသံပိုင်ရှင်က မည်သူ ဖြစ်ကြောင်းကိုတော့ သူ သိရှိပြီး ဖြစ်သည်။
“ကျုပ် အကြံပြုရရင် အရည်အချင်း စမ်းသပ်မှု ဆိုတာကို ပြောင်းလဲ ပစ်လိုက်... အသက်ငါးရာအောက် ကျင့်ကြံသူတွေ အားလုံးက ရွေးချယ်ခံ ဖြစ်ဖို့ အရည်အချင်း ရှိတယ်... သူတို့ ကြားမှာ ကွာခြားမှု ရှိနေရတဲ့ အကြောင်းရင်းက နောက်ခံ အင်အားစုနဲ့ ကံကောင်းမှုတွေ ကြောင့်ပဲ... ဒါပေမဲ့... ဘယ်လို နည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် စိန်ခေါ်ပွဲကို အောင်မြင်သွားရင်တောင် သူတို့တွေဆီမှ ရွေးချယ်ခံ အဆင့်အတန်းကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး... အဲဒီတော့ အရည်အချင်း စမ်းသပ်မှု ဆိုတာက အပိုပဲ”
ဝေ့ဝူယင်မှာ အချက်နှစ်ချက်ကို လက်ကိုင်ပြုကာ ပြောသွားခဲ့ခြင်း ဖြစ်သည်။ ပထမ တစ်ချက်က အသက် ငါးရာအောက် ကျင့်ကြံသူတိုင်းတွင် ရွေးချယ်ခံ ဖြစ်ရန် အရည်အချင်းများ ရှိသည် ဟူ၍ ဖြစ်သည်။ ဒုတိယ အချက်ကတော့.... ကျင့်ကြံခြင်းတွင် ဘယ်အဆင့် ရောက်ရောက် ရွေးချယ်ခံ အဆင့်အတန်းကို ဆုံးဖြတ်ပိုင်ခွင့် မရှိဟူ၍ပင်။
ထိုနှစ်ချက်ထဲ၌ ပထမ တစ်ချက်က များစွာသော လူငယ်များ၏ နှလုံးသားများကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့၏။ တစ်ချိန်တည်း၌... မျှော်လင့်ချက် ရောင်ခြည်များ ရစ်သိုင်းလာသလို သူတို့ ခံစားလိုက်ရသည်။ အဂ္ဂိရတ် အာဏာရှင်ဝေ့ ပြောသလို ဆိုလျှင် သူတို့က အရည်အချင်း မရှိသူများ မဟုတ်ပါချေ။ လုံလောက်သည့် နောက်ခံ ပံ့ပိုးမှုတို့ မရှိသောကြောင့်သာ ဖြစ်သည်။
ရွှေရောင်ဖျာ တစ်ခုထက်တွင်တော့ လင်းမင်မှာ တိတ်တဆိတ် ထိုင်ကာ ပြပွဲကို ကြည့်နေခဲ့၏။ ဝေ့ဝူယင်မှာ လူအများ၏ အာရုံ စူးစိုက်မှုကို ရရှိရန် တမင်သက်သက် လုပ်နေသည်ဟု သူ ခံစားရသည်။
“ကောင်လေးက သူရဲ့ တော်တော်ဆင်တာပဲ...မျက်လုံးတွေက အစ...”
ရုတ်တရက်... သူ့နဖူးမှ အမှတ်ကလေးမှာ လင်းလက်သွားကာ အသံတစ်ခု ထွက်ပေါ်လာသည်။ လင်းမင်မှာ အနည်းငယ် အံ့သြသွား၏။
“ဘာကို ပြောချင်တာလဲ...”
အသံပိုင်ရှင်က တစ်ခဏမျှ တိတ်ဆိတ်သွားကာ သက်ပြင်းတစ်ချက် ချလိုက်၏။
“အရင်တုန်းက ထာဝရ ဧကရာဇ်မှာလည်း သူ့လို အတွေးမျိုး ရှိခဲ့ဖူးတယ်... သူက ပါရမီရှင်၊ အမှိုက် စတဲ့ အသုံးအနှုန်းတွေကို မယုံကြည်ခဲ့ဘူး... အခွင့်အရေးကောင်းတွေ ရရှိခဲ့တဲ့လူနဲ့ မရခဲ့တဲ့လူ ဆိုပြီးပဲ သုံးနှုန်းခဲ့တယ်... အဲဒါက ကြားရတာ နည်းနည်း ကသိကအောက် ဖြစ်စရာတော့ ကောင်းမှာပေါ့... ဒါပေမဲ့ မင်းသာ သူ့ရဲ့ ရွေးချယ်ခံ ဖြစ်ဖူးမယ် ဆိုရင် အဲဒါကို နားလည်သွားလိမ့်မယ်”
“...”
လင်းမင်မှာ ငြိမ်သက်သွား၏။ စိတ်ထဲတွင်တော့ အဂ္ဂိရတ် တာအို အပေါ် တွေးတောစရာများ ပိုမို၍ များလာပြီဟု ခံစားလိုက်ရသည်။
***