← Chapters

စိန်ခေါ်ပွဲ

Vol. 74 Ch. 1033

စိန်ခေါ်ပွဲ

Vol. 74 Ch. 1033

“...”

ထာဝရ နတ်ဘုရားမှာ ဘာစကားမှ ပြန်မပြောပဲ အချိန် အတန်ကြာ တိတ်ဆိတ် နေခဲ့သည်။ စက္ကန့်တိုင်း၌ လေထု၏ တင်းမာမှုကတော့ ပိုမို၍ တိုးလာနေခဲ့၏။ ထာဝရ အစည်းအရုံး မည်ကဲ့သို့ ဆုံးဖြတ်မည်ကို မည်သူမှ မသိကြချေ။

တစ်မိနစ်မျှ ကြာမြင့်ပြီး နောက်တွင်တော့ ထာဝရ နတ်ဘုရားက ဒုတိယ အကြိမ်မြောက် အဖြစ် စကားပြောလိုက်လေ၏။

“မဟာစက်ဝန်း ရှန့်ထို ညီလာခံမှာ အဂ္ဂိရတ် ပညာရှင်တွေ အများကြီးပဲ... အဲဒီ အထဲမှာမှ မင်းက ထူးခြားပြီး အဲဒီလို ဆုံးဖြတ်နိုင်တဲ့ အရည်အချင်း ရှိတဲ့ကြောင်း သက်သေပြ”

ဝေ့ဝူယင်က အချိန်ဆွဲခြင်း မပြုချေ။ တိုက်ရိုက်ပင် ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ... ခင်ဗျား ဘယ်လို ဖြစ်စေချင်လဲ”

“...”

ပလ္လင်ထက်ရှိ မြေကြီး ရှန့်ထိုများနှင့် ဖန်တီးခြင်း ပညာရှင် အားလုံး၏ အမူအရာများက အမျိုးမျိုး ကွဲပြား သွားကြ၏။ မကြာခင်... ပွဲကြီးပွဲကောင်း တစ်ခု လာတော့မည် ဖြစ်ကြောင်း သူတို့ ခံစားနေမိကြပြီ ဖြစ်လေသည်။

“မင်းက အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းကို ဘယ်စိန်ခေါ်ပွဲမှာ ဖြစ်ဖြစ် ကမ်းလှမ်းတယ် ဆိုတော့ လူတိုင်း ပါဝင်နိုင်တဲ့ စိန်ခေါ်ပွဲ တစ်ခု လုပ်လိုက်ရအောင်... အနိုင်ရတဲ့ လူက ရွေးချယ်ခံ စံနှုန်းကို စကား တစ်ခွန်းတည်းနဲ့ ဆုံးဖြတ်ခွင့် ရမယ်... မင်း ဘယ်လိုသဘောရလဲ အာရုဏ်ဦး ဧကရာဇ်ဝေ့...”

ထာဝရ ဧကရာဇ်၏ အသံက စိန်ခေါ်လိုသံများဖြင့် ပြည့်နှက်နေ၏။

“ကောင်းပြီလေ...”

ဝေ့ဝူယင်က ယုံကြည်ချက် ရှိစွာပင် လက်ခံလိုက်၏။ ဤသည်က ထိုအဂ္ဂိရတ် ရှန့်ထို တစ်ယောက်နှင့် ပထမဆုံး စစ်ထိုးမှု ဖြစ်လာလိမ့်မည် ဖြစ်သည်။ သူ ရှုံးနိမ့်ရန် ရည်ရွယ်ချက် မရှိပါချေ။ သို့သော်လည်း... တစ်ဖက်သတ် လောင်းကြေးမျိုးကိုတော့ သူ လက်ခံလိမ့်မည် မဟုတ်ချေ။

“ကျုပ်ဘက်က အာရုဏ်ဦး နေမီးတောက် ‌ဆေးညွှန်းကို ထည့်ရမယ် ဆိုရင် ပါဝင်ဖို့ ဆန္ဒရှိတဲ့ လူတိုင်းကလည်း ထိုက်တန်တဲ့ လောင်းကြေးတွေကို ထည့်သင့်တယ် မလား”

ဝေ့ဝူယင်နှင့် ထာဝရ ဧကရာဇ်မှာ ထိုစကားလုံးများကို ပွင့်လင်းစွာပင် ပြောနေခြင်း ဖြစ်လေရာ သန်းနှင့်ချီသည့် လူတိုင်းမှာ ရှင်းလင်းစွာ ကြားနိုင်ပေသည်။

ဝေ့ဝူယင်က “ပါဝင်ဖို့ ဆန္ဒရှိသည့်လူ” ဟု သုံးနှုန်းလိုက်သော အခိုက်၌ ပလ္လင်ထက်ရှိ မြေကြီး ရှန့်ထိုများ၏ အကြည့်များက သေမျိုး အဂ္ဂိရတ် အာဏာရှင်များပေါ်သို ကျရောက်သွား၏။ ထာဝရ ဧကရာဇ်က ဝေ့ဝူယင် အနေဖြင့် သူ့ကိုယ်သူ သက်သေပြရန် စိန်ခေါ်ပွဲတစ်ခု ဆင်နွှဲသင့်ကြောင်း ရှင်းလင်းစွာပင် ညွှန်ပြခဲ့သည်။ ထိုစိန်ခေါ်ပွဲတွင် ရွေးချယ်ခံ အဆင့်အတန်းကို ဆုံးဖြတ်ရန် အခွင့်အရေး ရှိသည်ဟု ဝေ့ဝူယင် ယူဆထားသည့် လူအားလုံး ပါဝင်နိုင်ပေလိမ့်မည်။

‘သူတို့က ဒုတိယမြောက် ထာဝရ ဧကရာဇ်ကို ရွေးချယ်ဖို့ လုပ်နေတာလား... ခေတ်သစ်တစ်ခု အတွက် စံသတ်မှတ်ချက်ကို အဂ္ဂိရတ် ပညာနဲ့ ဆုံးဖြတ်ဖို့ လုပ်နေတာလား...’

မြေကြီး ရှန့်ထို အဆင့် အချို့မှာ မျက်မှောင်ကြုတ် သွားကြ၏။ သူတို့က စကားပြောရန် ဟန်ပြင်လိုက်ကြ သော်လည်း ချက်ချင်းပင် သူတို့၏ ဆက်သွယ်ရေး သလင်းကျောက်များက အကြီးအကဲများထံမှ သတင်း စကားများဖြင့် လင်းလက် သွားကြသည်။ အချို၏ အမူအရာများမှာ မှောင်မည်း နေကြဆဲ ဖြစ်သော်လည်း တိတ်ဆိတ် သွားကြ၏။

“မင်းပြောတာ မှန်တယ်...”

ထာဝရ နတ်ဘုရားက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။ သို့သော်လည်း... သူက ယခုအချိန်ထိ ထွက်ပေါ်လာမည့် လက္ခဏာပင် မရှိသေးချေ။

“မင်းတစ်‌ယောက်တည်းကိုပဲ လောင်းကြေး ထပ်ခိုင်းရင် မမျှတရာ ကျသွားမှာပေါ့... ဒါပေမဲ့ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းရဲ့ တန်ဖိုးကို ခန့်မှန်းဖို့က ခက်ခဲလွန်းတယ်... အဲဒါနဲ့ ညီမျှတဲ့ ပစ္စည်းကို ပေးနိုင်မယ့်သူ ရှားမှာ သေချာတယ်... ဒီလို လုပ်လိုက်ရအောင်... တစ်ခါတုန်းက အဂ္ဂိရတ် ပညာရှင်တွေ အားလုံးနဲ့ အဂ္ဂိရတ် ညီလာခံ တစ်ခု လုပ်ချင်တယ်လို့ မင်းပြောဖူးတယ် မလား... အောင်နိုင်တဲ့လူကို အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းပေးမယ် လို့လေ... အဲဒီ အချိန်နဲ့ စိန်ခေါ်မှုကို ဒီနေ့လို့ ပြောင်းလိုက်ရအောင်... အဲဒါဆို လူတိုင်းလည်း ပါဝင်နိုင်လိမ့်မယ်... မင်းလည်း နောက်ထပ် အလုပ်မရှုပ်တော့ဘူး”

“...”

ဝေ့ဝူယင် မျက်မှောင်ကြုတ် သွား၏။ ထာဝရ နတ်ဘုရား၏ စကားက မှားတော့လည်း မမှားချေ။ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်း တန်ဖိုး အတိုင်းသာ လောင်းကြေးထည့်ရမည် ဆိုလျှင် သေမျိုး အဂ္ဂိရတ် အာဏာရှင် ၉၉ ရာခိုင်နှုန်းကို တစ်ခါတည်း ရှင်းလင်းပြီးသား ဖြစ်သွားပေလိမ့်မည်။

အဂ္ဂိရတ် ပညာရှင်များ... အထူးသဖြင့် အဆင့်ကိုး အဂ္ဂိရတ် အာဏာရှင်များမှာ ကြယ်ကွင်းပြင်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်များ ဖြစ်သည့်တိုင် အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းမှာ ခေတ်တစ်ခေတ်ကို ပြောင်းလဲ စေနိုင်သည့် ရတနာ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ ထာဝရ နတ်ဘုရားမှာ ဝေ့ဝူယင်၏ ‌ထောင်ချောက် အတွင်း သက်ဆင်းခြင်း မရှိတော့ချေ။

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။

“အဲဒီလို ဆိုရင် အဂ္ဂိရတ် ညီလာခံ စည်းမျဉ်းအတိုင်း သွားရတော့မယ် ဆိုပါတော့လေ... ထားပါ... ဒါပေမဲ့ တစ်ခု ရှိတာက ကျုပ်လို သေမျိုး အဂ္ဂိရတ် အာဏာရှင်လေး တစ်ယောက်က ကိုယ့်ရဲ့ အကြီးကျယ်ဆုံး ဖန်တီးမှုကို လောင်းကြေးထပ် ပြိုင်တဲ့ပွဲမှာ အဂ္ဂိရတ် ရှန့်ထိုတွေကို ဝင်ခွင့် ပြုလိုက်ရင် မမျှတရာ ကျသွားမှာပေါ့ ဟုတ်တယ်မလား...”

မြေကြီး ရှန့်ထို အားလုံးမှာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်ကြ၏။ လူငယ်လေးက ထိုအခွင့်အရေးကို ယူကာ အဂ္ဂိရတ် ရှန့်ထို အားလုံးကို ဖယ်ထုတ်ဖို့ ကြိုးပမ်းနေသည်လား။ သို့သော်လည်း... ထာဝရ နတ်ဘုရားကတော့ ငြင်းချက် မထုတ်ပဲ လက်ခံလိုက်သည်။

“ဟုတ်ပါတယ်... ကောင်းပြီလေ... ဒီစိန်ခေါ်ပွဲကို အဆင့်ကိုး သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ အတွက်ပဲ သတ်မှတ်ပေးလို့ ရတယ်... စိန်ခေါ်ပွဲ ဝင်ခွင့် အတွက် စည်းမျဉ်းနဲ့ အခြေအနေတွေကို ပြောင်းလိုက်ကြတာပေါ့... မင်း ဘယ်လို သဘောရလဲ”

ဝေ့ဝူယင်က တစ်ခဏမျှ စဉ်းစားလိုက်၏။

“ကောင်းပြီလေ... အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ မငြင်းရင် ကျုပ်လည်း ငြင်းစရာ မရှိပါဘူး... လူတိုင်း ပါနိုင်ရင် ပိုကောင်းတာပေါ့... ဒါပေမဲ့ အဂ္ဂိရတ် ရှန့်ထို ထာဝရ နတ်ဘုရား... ပုံမှန် အဂ္ဂိရတ် တိုက်ပွဲတွေနဲ့ မတူတဲ့ စည်းမျဉ်း တစ်ခုနဲ့ ယှဉ်ပြိုင်စေဖို့ ခင်ဗျား ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်... နောက်ပြီး ခင်ဗျား ပြောနေတဲ့ အစီအစဉ်ထဲမှာ ကျုပ်ရဲ့ အဆိုပြုချက်ကို သက်သေပြနိုင်တဲ့ အချက် မပါသေးဘူး”

ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် မူယုယက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... အဂ္ဂိရတ် တိုက်ပွဲက အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ အဆိုပြုချက်ကို သက်သေ မပြနိုင်ဘူး...”

“...”

အခြားလူများမှာလည်း တိတ်တဆိတ် သဘောတူ လိုက်မိကြ၏။ အဂ္ဂိရတ် ထုတ်ကုန်များကို မည်သူက ပိုမြန်အောင်၊ ပိုအရည်အသွေး မြင့်မားအောင် ဖော်စပ်နိုင်သည် ဆိုသည့် အရာက ဝေ့ဝူယင်၏ အဆိုပြုချက် မှန်ကြောင်း၊ မှားကြောင်း သက်သေ မပြနိုင်ပါ‌ချေ။ ၎င်းက ကျွမ်းကျင်မှုနှင့် ပါရမီတို့ကိုသာ ပြသခြင်း ဖြစ်သည်။

“အဲဒီ အကြောင်းမပြောခင်မှာ မဟာစက်ဝန်းရဲ့ မြေကြီး ရှန့်ထိုတွေကို ကျုပ်ဆီမှာ မေးစရာ တစ်ခု ရှိပါတယ်... ကျုပ်တို့ ဒီနည်းလမ်းနဲ့ ရွေးချယ်ခံ စံနှုန်း ဆုံးဖြတ်တာကို ငြင်းစရာ ရှိပါသလား”

ထာဝရ နတ်ဘုရားက တိုက်ရိုက်ဖြေခြင်း မပြုချေ။ ထို့အစားသူက မြေကြီး ရှန့်ထိုများကိုသာ ဆွေးနွေးဝိုင်း အတွင်း ဆွဲသွင်းလိုက်၏။ အကယ်၍ မြေကြီး ရှန့်ထိုများသာ သဘောမတူပါက သူက ရှေ့ဆက်ရန် ရပ်ဆိုင်းတော့မည့် သဘော ရှိသည်။

"...”

မြေကြီး ရှန့်ထိုများမှာ အချိန် အကြာကြီး တိတ်ဆိတ်သွားကြ၏။ ကျင့်ကြံခြင်း လောက၌ အဂ္ဂိရတ် ပညာရပ်၏ အရေးပါပုံကို သူတို့လည်း နားလည်ကြပေသည်။ သူတို့သည်လည်း ငယ်ရွယ်စဉ် အခါက ဒဏ္ဍာရီများ ချန်ထားရန် အဂ္ဂိရတ် ထုတ်ကုန်များကို သုံးခဲ့ရသည်သာ ဖြစ်သည်။ အချို့ဆိုလျှင် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ပေါ်လာကာ သူတို့ကို ကူညီ မပေးခင် အချိန်အထိ ဘာမှ မဟုတ်ခဲ့ကြချေ။ အဂ္ဂိရတ် ပညာရှင်တို့ ရွေးချယ်ခံ စံနှုန်းအား ဆုံးဖြတ်မည့် အဖြစ်ကို ကန့်ကွက်ပါက ထာဝရ ဧကရာဇ်ကို မလေးစားရာ ကျသွားလိမ့်မည် ဖြစ်သည်။

အင်ပါယာ မျိုးနွယ်ဝင်များပင်လျှင် သူတို့၏ အဆင့်အတန်းဖြင့် ငြင်းဆိုရန် ဆန္ဒ မရှိကြချေ။ သူတို့ထံတွင် ခေတ်သစ် တစ်ခု အတွက် စံနှုန်းကို ဆုံးဖြတ်နိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်မှာ မှန်သည်။ သို့သော်လည်း... မဟာစက်ဝန်း ရှန့်ထို ညီလာခံမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် ထာဝရ နယ်မြေ ဆေးလုံး နှစ်ခုပေါ် အခြေခံ၍ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေတွင် လက်သီးသာလျှင် လူငယ်များ၏ အနာဂတ်ကို ဆုံးဖြတ်နိုင်သည်ဟု သွားပြောပါက ရူးရာကျသွားလိမ့်မည် ဖြစ်သည်။

မြေကြီး ရှန့်ထိုများစွာပင် လျှို့ဝှက် အာဏာရှင် အဆင့်ကို မတက်လှမ်း နိုင်ခဲ့သည့် မျိုးဆက်များစွာ ရှိပေသည်။ အချို့ဆိုလျှင် အဆင့်တက်ဖို့ ကြိုးပမ်းရင်း ကပ်‌ဘေးများထဲ၌ သေဆုံး သွားခဲ့ကြသည်။ သို့သော်လည်း... အချက်အလက်များ အရဆိုလျှင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ အဂ္ဂိရတ် စစ်သည်များ၊ သူရဲကောင်းများမှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချရန် ရာနှုန်း အများဆုံး ဖြစ်ပေသည်။

“အဲဒီလို နည်းလမ်းနဲ့ ဆုံးဖြတ်မှာကို ကျွန်မတို့မှာ ငြင်းစရာ အကြောင်းပြချက် မရှိပါဘူး...”

နောက်ဆုံး၌ ဧကရီ ရှောင်ချန်းမှာ ဝင်ရောက် ပြောကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ မြေကြီး ရှန့်ထိုများမှာ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။ သူတို့ အားလုံးကို ကိုယ်စားပြု၍ စကားပြောပေးမည့် ပုဂ္ဂိုလ် တစ်ယောက် လိုပေသည်။ သို့သော်လည်း... မည်သူက ထိုကဲ့သို့ လုပ်ရဲမည်နည်း။ မည်သူ့ထံတွင် ထိုကဲ့သို့ အဆင့်အတန်း ရှိသနည်း။

မဟာစက်ဝန်း၏ အသန်မာဆုံး ပုဂ္ဂိုလ်နှင့် လက်ထပ်ထားသည့် ဧကရီသာလျှင် ချွင်းချက် မရှိ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

ဧကရီ ရှောင်ချန်းက ဆက်ပြောလိုက်၏။

“သူတို့ရဲ့ ရပ်တည်ချက်က တရားမျှတ နေသရွေ့ ရွေးချယ်ခံ စံနှုန်းကို ဘယ်သူက ဆုံးဖြတ်နိုင်သလဲ ဆိုတဲ့ ကိစ္စ အပေါ် ကျွန်မတို့ ငြင်းချက်ထုတ် နေမှာ မဟုတ်ပါဘူး... အပြီးသတ် ဆုံးဖြတ်တဲ့ နေရာမှာသာ ဘက်လိုက်မှုတွေ ကင်းစေဖို့၊ ညီညွှတ် မျှတမှု ရှိစေဖို့ ကျွန်မတို့ ဝင်ပါသင့် ပါရမှာ ဖြစ်ပါတယ်”

သူမ၏ စကားလုံးများက စိန်ခေါ်ပွဲကို လက်ခံသည့်တိုင် တစ်ချိန်တည်း၌ မြေကြီး ရှန့်ထိုများ၏ အရေးပါမှုကို ထည့်သွင်းထားဆဲ ဖြစ်သည်။

“ကောင်းပြီလေ...”

ထာဝရ နတ်ဘုရား၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ သူ၏ အသံထဲတွင် ထူးဆန်းသည့် အကြောင်းအရာ တစ်ခု ပါဝင်နေကြောင်း လူတိုင်း ခံစားလိုက်ရသည်။

“မဟာစက်ဝန်း ရှန့်ထို ညီလာခံရဲ့ အခြေအနေတွေနဲ့လည်း ကိုက်ညီအောင်... အဂ္ဂိရတ် ညီလာခံ စည်းမျဉ်းနဲ့ အနိုင်ရလဒ် အတွက် အခြေအနေကို ပြောင်းလဲဖို့ ကျုပ်ဆီမှာ အကြံတစ်ခု ရှိပါတယ်”

‘နောက်ဆုံးတော့...’

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်လုံးများမှာ တောက်ပသွားကာ နားများကို စွင့်ထား လိုက်ကြသည်။ အဂ္ဂိရတ် တိုက်ပွဲတွင် မည်သည့် အရာများ ပါဝင်နေမည်ကို သူတို့ သိချင် နေကြပြီ ဖြစ်လေသည်။

***

All Chapters