← Chapters

ပုပ်ရဟန်းမင်းကြီး၏ အကြံပြုမှု

Vol. 74 Ch. 1034

ပုပ်ရဟန်းမင်းကြီး၏ အကြံပြုမှု

Vol. 74 Ch. 1034

“အဂ္ဂိရတ် တိုက်ပွဲရဲ့ စည်းမျဉ်းကို... အဂ္ဂိရတ် ပညာရှင် တစ်ယောက်ရဲ့ ပံ့ပိုးမှုနဲ့ ဆိုရင် လူတိုင်း ရွေးချယ်ခံ ဖြစ်နိုင်တယ် ဆိုတဲ့ ဝေ့ဝူယင်ရဲ့ အဆိုပြုချက်ပေါ် မူတည်ပြီး ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်... ဆိုတော့ကာ ခင်ဗျားတို့ရဲ့ ပူးပေါင်း ပါဝင်မှု လိုအပ်ပါတယ်...”

“ဘာလဲ...”

ထာဝရ နတ်ဘုရားက ပွဲကြည့် ပရိသတ်များကိုပါ ပြိုင်ပွဲအတွင်း ပါဝင်စေလိုသည်လား။ မြေကြီး ရှန့်ထိုများသာလျှင်မက... ပရိသတ် အားလုံး၏ အမူအရာများမှာ ပြောင်းလဲ သွား၏။

“သေမျိုး အဂ္ဂိရတ် အာဏာရှင် အားလုံးက အသက်ငါးရာအောက် ချီပျစ်ခဲခြင်း အဆင့်ခြောက် မရောက်သေးတဲ့ သေမျိုး တစ်ယောက်ကို ရွေးချယ်ရမယ်... ဇာတိဝိညာဉ်တွေကို မတည်ဆောက်ရသေးပဲ စိတ်ကြိုက် ‌ရွေးချယ်လို့ ရတဲ့ ကျင့်ကြံသူမျိုးပေါ့လေ... အချိန် သုံးနှစ်နဲ့ ခြောက်လထဲမှာ သူတို့က စိတ်ကြိုက် ရွေးပြီး လမ်းစဉ် တစ်ခုကို ဆုပ်ကိုင် နိုင်ရမယ်”

“ဒီစိန်ခေါ်ပွဲမှာ အဆင့်သုံးဆင့် ရှိလိမ့်မယ်... ဖွံ့ဖြိုး တိုးတက်ခြင်းအဆင့်... ရှင်းလင်းခြင်း အဆင့်နဲ့ ရွေးချယ်ခံ အဆင့်တို့ပဲ...

“တိုးတက်ခြင်း အဆင့်မှာ အဂ္ဂိရတ် အာဏာရှင်တွေက အဂ္ဂိရတ် ထုတ်ကုန်တွေကို သုံးပြီး ကိုယ်ရွေးချယ်ထားတဲ့ ကျင့်ကြံသူတွေကို ကျင့်ကြံပေးရမယ်... ပြင်ပ အကူအညီ မသုံးရဘူး”

"..."

"..."

"..."

အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ လူအုပ်ထဲမှ ရွေးချယ်၍ အကောင်းဆုံး ကျင့်ကြံသူကို ပျိုးထောင်ပေးခြင်း...။ ရွေးချယ်ခံရသူက သူတို့လည်း ဖြစ်ကောင်း ဖြစ်သွားနိုင်ပေသည်။

“ရှင်းလင်းခြင်း အဆင့်မှာတော့ ပျိုးထောင်ခံထားရတဲ့ ကျင့်ကြံသူ တစ်ယောက်ချင်းစီကို တိုက်ပွဲတွေ ဆင်နွှဲခိုင်းဖို့ပဲ... အနိုင်ရတဲ့လူကို မြေကြီး ရှန့်ထိုတွေရဲ့ သဘောတူညီမှုနဲ့ ဆုံးဖြတ်လိမ့်မယ်”

မြေကြီး ရှန့်ထိုအားလုံး၏ အမူအရာများက အမျိုးမျိုး ကွဲပြားသွား၏။ ၎င်းက... တိုက်ပွဲ၌ ရှုံးနိမ့်သွားလျှင်ပင် မြေကြီး ရှန့်ထိုများမှာ အားနည်းသူကို အနိုင်ရရှိသူ အဖြစ် ရွေးချယ်နိုင်သည်ဟု ဆိုလိုပေသည်။ ထာဝရ နတ်ဘုရားမှာ သူတို့ကို အလုံးစုံသော အာဏာ ပေးလိုက်ခြင်းပင် ဖြစ်သည်။ သူတို့ အနေဖြင့် တိုက်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ရာ၌ ရလဒ် အပြင် အသက်၊ ကျင့်စဉ် စသည့် အခြား အခြေအနေများကိုပါ ထည့်သွင်း ဆင်ခြေပေး၍ ရပေသည်။

“ရှင်းလင်းခြင်း အဆင့်မှာ ဆယ့်ရှစ်ယောက်ပဲ ကျန်တော့တဲ့ အခါကျရင် နောက်ဆုံး အဆင့် စတင်လိမ့်မယ်... ရွေးချယ်ခံ အဆင့်မှာ သူတို့ကို ကျင့်ကြံခြင်း အဆင့်တူနဲ့ ထိပ်သီး အင်အားစုကြီးတွေရဲ့ ရွေးချယ်ခံတွေ၊ ရွေးချယ်ခံလောင်းတွေနဲ့ တိုက်ခိုက်ခိုင်းမယ်... တကယ်လို့ ပြိုင်ဘက် မရှိဘူး ဆိုရင်လည်း လက်ရှိ ရွေးချယ်ခံ စံနှုန်း ဖြစ်တဲ့ ကပ်ဘေး သုံးခုနဲ့ ဆုံးဖြတ်ကြတာပေါ့... တကယ်လို့ သူတို့ အနိုင်ရရှိရင် ကျင့်ကြံခြင်း အဆင့် တစ်ဆင့် ပိုမြင့်တဲ့ ရွေးချယ်ခံနဲ့ ယှဉ်ပြိုင်ခိုင်းမယ်... ထပ်နိုင်ရင် နောက်တစ်ဆင့် မြင့်တာနဲ့ ထပ်ပြိုင်ရမယ်... အဲဒီ နည်းလမ်းအတိုင်း နောက်ဆုံး တစ်ယောက်ပဲ ကျန်တဲ့အထိ ပြိုင်ခိုင်းမယ်”

ထာဝရ နတ်ဘုရားက စိန်ခေါ်ပွဲ အဆင့်ကို အားလုံး နားလည် လွယ်ကူအောင် ရှင်းပြလိုက်၏။ ပလ္လင်ထက်ရှိ မြေကြီး ရှန့်ထိုများနှင့် ဖန်တီးခြင်း ပညာရှင်များ အပါအဝင် အားလုံးမှာ တိတ်တဆိတ် ခေါင်းများ ညိတ်လိုက်မိကြသည်။ ၎င်းက ဝေ့ဝူယင်၏ အဆိုပြုချက်နှင့်လည်း ကိုက်ညီပေသည်။ သို့သော်လည်း တစ်ခု ရှိတာက... ထိုအရာအားလုံးကို လေးဆယ့်နှစ်လ အတွင်း တကယ် ပြီးအောင် လုပ်နိုင်မည်လား ဟူ၍ပင်။

“မင်း ဘယ်လိုသဘောရလဲ... အဂ္ဂိရတ် အာဏာရှင်ဝေ့...”

ထာဝရ နတ်ဘုရား၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ ဝေ့ဝူယင်က တစ်ခဏမျှ တိတ်တဆိတ် စဉ်းစားလိုက်၏။ ထို့နောက် သူက ယုံကြည်ချက် ရှိသည့် အပြုံးတစ်ခုကို ဖော်ထုတ် လိုက်လေသည်။

“ကြိုက်တယ်...”

စကားလုံး နှလုံးတည်း ဖြစ်သည်။ သို့သော်လည်း... ထိုအရာက ဝေ့ဝူယင် ပြောနိုင်သမျှ အကုန် ဖြစ်သည်။ မကြိုက်လို့လို့ မရချေ။ ထာဝရ အစည်းအရုံးမှာ စိန်ခေါ်ပွဲ တစ်ခုလုံးကို သူ့စကားလုံးများကို အခြေခံ၍ ဖွဲ့စည်း သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းက စန်းလော့ယန် အပေါ် သူ လုပ်ခဲ့သလိုမျိုး ထပ်တူညီသည့် အခြေအနေတစ်ခု ဖြစ်သည်။

ဝူယုနှင့် မာ့ကျန်းတို့ နှစ်ယောက်စလုံးမှာ မျက်မှောင်ကြုတ် နေကြ၏။ သို့သော်လည်း... သူတို့၏ မျက်လုံးများထဲရှိ အမူအရာများကတော့ အမျိုးမျိုး ကွဲပြား နေကြသည်။ ဝူယုက ဒေါသထွက်ကာ မချင့်မရဲ ဖြစ်နေစဉ်တွင် မာ့ကျန်းကတော့ မသေချာ မရေရာ ဖြစ်နေပုံ ရသည်။

ထာဝရ နတ်ဘုရားမှာ ဝေ့ဝူယင်ကို သူ လိုချင်သည့် အကွက်ထဲ ရောက်အောင် ဆွဲသွင်းခဲ့ခြင်း ဖြစ်ကြောင်း မာ့ကျန်း သိပေသည်။ ထိုလူအိုကြီးမှာ ပွဲအစတည်းက ပေါ်လာခဲ့ခြင်း မရှိပဲ ဝေ့ဝူယင်ကိ လွတ်လပ်စွာ ပြောဆို စေခဲ့သည်။ သူလိုချင်သည့် နေရာသို့ ရောက်ခါမှ ဖျပ်ခနဲ ပေါ်လာကာ အားလုံးကို ပြည့်စုံစွာ ထိန်းချုပ် သွားခဲ့သည်။

ဝူယုကတော့ ထာဝရ နတ်ဘုရား၏ ကစားကွက်များ၊ နည်းဗျူဟာမြောက် လှည့်ကွက်များ အပေါ် စိတ်မဝင်စားသလို ဂရုလည်း မစိုက်ချေ။ သူ ဒေါသထွက်နေသည့် အရာက အခြားတစ်ခု ဖြစ်သည်။ ကောင်းကင်တွင် မျောလွင့်နေသည့် ပလ္လင်များကို သူ လိုက်ကြည့်ခဲ့ပြီး ဖြစ်သည်။ ထိုအထဲတွင် သူ့အတွက် နေရာ မရှိချေ။ မာ့ကျန်း၊ ကျန်းကျိရီ၊ ဟန်ယုဟိုင်နှင့် အခြားလူ အားလုံး အတွက်တော့ တစ်ခုစီ ရှိပေသည်။

ပို၍ အရေးကြီးသည့် အရာက... ထာဝရ အစည်းအရုံးမှာ မာ့ကျန်း မြေကြီး ရှန့်ထို ဖြစ်လာတာကို သတိပြုမိပြီး ဖြစ်သည်ဟု ဆိုလိုပေသည်။ တစ်ချိန်တည်း၌ သူ့လို လူသိရှင်ကြား ဟိုးလေးတကြော်ကြော် မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းခဲ့သူကိုတော့ ပလ္လင်ပေးရန် ငြင်းဆိုခဲ့သည်။ ၎င်းက အဆုံးစွန်သော မလေးစားမှုကို ပြသလိုက်ခြင်း ဖြစ်သည်။

စိန်ခေါ်ပွဲနှင့် ပတ်သက်၍တော့ ဝူယုတွင် ဖိအား သိပ်မရှိချေ။ သူ့အမြင်အရ... ထာဝရ နတ်ဘုရားမှာ မွန်းစတား တစ်ကောင်ကို ကစားရန် ကြိုးစားနေသည့် အဆံချောင် မျောက်တစ်ကောင်သာ ဖြစ်သည်။ ဝေ့ဝူယင်ကို သာမန် နည်းလမ်းများဖြင့် အကဲခတ်၍ မရနိုင်ပါချေ။ ပါရမီရှင် တစ်ယောက်ကို ပြုစုပျိုးထောင်ခြင်း... ထိုအရာက ဝေ့ဝူယင် အကျွမ်းကျင်ဆုံး နယ်ပယ် ဖြစ်နိုင်သည်။ သူနှင့် မာ့ကျန်းတို့ အပါအဝင် အာဏာရှင် အဖွဲ့ဝင်များက အကောင်းဆုံး ဥပမာ ဖြစ်ပေသည်။

“မင်း ကြိုက်ပေမဲ့ ငါ မကြိုက်ဘူး...”

ရုတ်တရက် ခန်းမ တစ်ခုလုံးကို လွှမ်းခြုံ၍ အသံတစ်ခု ထွက်ပေါ်လာ၏။ ချက်ချင်းပင်... အားလုံး၏ အာရုံများက အသံလာရာသို့ စုစည်း‌ရောက်ရှိသွားသည်။

စကားပြောလိုက်သူမှာ လူအိုကြီး တစ်ယောက် ဖြစ်ကာ နေမီးတောက်များ ပါဝင်သည့် ကြက်သွေးရောင် ဝတ်စုံကို ဆင်မြန်ထားသည်။ သူ၏ နဖူးထက်တွင်တော့ နေကြယ် သင်္ကေတ တစ်ခုမှာ သက်ဝင် လှုပ်ရှားကာ လင်းလက် နေ၏။ လူအိုကြီးမှာ ခပ်ပိန်ပိန်ပါးပါး ဖြစ်ကာ ကြီးမားသည့် ပလ္လင်ကြီး တစ်ခုထက်တွင် သင့်တောင့်သက်သာစွာ ထိုင်နေခဲ့လေသည်။ သူက အခြားသူ မဟုတ်... အင်ဖာနို နေမီးတောက် ဘုရားကျောင်း၏ ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဟုန်ယန်ပင် ဖြစ်လေသည်။

တတိယမြောက် အင်အား အကြီးဆုံး ကြယ်တာရာ နယ်မြေမှ ခေါင်းဆောင်ကြီး စကားပြောလာပြီ ဖြစ်လေရာ အားလုံးမှာ တိတ်တဆိတ် နားထောင် လိုက်ကြရ၏။ ထာဝရ နတ်ဘုရားသည်ပင် ချွင်းချက် မရှိပါချေ။ သူက တိုက်ရိုက်ပင် ခွင့်ပြုလိုက်၏။

“ကျေးဇူးပြုပြီး ခင်ဗျား အမြင်ကို ပြောနိုင်ပါတယ်... ပုပ်ရဟန်းမင်းကြီး”

“ကောင်းပြီ‌လေ...”

ပုပ်ရဟန်း မင်းကြီးက ခေါင်းတစ်ချက် ညိတ်ကာ ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“ဒီအဂ္ဂိရတ် တိုက်ပွဲ ပုံစံအသစ်က အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ စကားကို စစ်ဆေးပြီး ဘယ်သူက ရွေးချယ်ခံ စံနှုန်း အသစ်ကို အဓိက သတ်မှတ်နိုင်မလဲ ဆိုတာ ဆုံးဖြတ်ဖို့ မလား... အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျုပ် သဘော မတူစရာ မရှိဘူး... တစ်ချိန်တုန်းက ထာဝရ ဧကရာဇ်ဟာလည်းပဲ အဲဒီလို နည်းဗျူဟာမျိုးကို သုံးခဲ့တာပဲ”

"အဲဒီ နည်းလမ်းအပေါ် ကျုပ် သံသယ မရှိဘူး... ဒါပေမဲ့ ကျုပ် မေးခွန်းထုတ်ချင်တာက သွားမယ့် လမ်းစဉ်ပဲ... ခင်ဗျားတို့ အားလုံး သိထားကြတဲ့ အတိုင်း အချို့ အင်အားစုတွေမှာဆိုရင် အဂ္ဂိရတ် အာဏာရှင် ဧကရာဇ်တွေ၊ အဂ္ဂိရတ် ရှန့်ထိုတွေ မရှိဘူး... ဒါပေမဲ့ သူတို့က ခေတ်အဆက်ဆက်မှာ အစွမ်းထက် ကျင့်စဉ်တွေ၊ နည်းလမ်းတွေနဲ့ အမွေအနှစ်တွေကို သုံးပြီး ထိပ်သီး အင်အားစုတွေနဲ့ ယှဉ်နိုင်တဲ့ ရွေးချယ်ခံတွေ ပြုစုပျိုးထောင် ပေးနိုင်ခဲ့ကြတယ်... အဂ္ဂိရတ် ပညာရပ် သက်သက် ယှဉ်ပြိုင်ဖို့ အတွက် အဲဒီလို နည်းလမ်းတွေ၊ ကျင့်စဉ်တွေကို မသုံးဘူး ဆိုရင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် ကျုပ်တို့ အထိုင်ချထားတဲ့ လမ်းစဉ်ကို လွဲချော် မသွားစေဘူးလား”

“...”

ပရိသတ် အားလုံးမှာ တိတ်ဆိတ် ငြိမ်သက် သွားကြ၏။ ရွှေရောင်ဖျာ တစ်ခုထက်တွင်တော့ ဝူပိုင်ကျိုးက ခေါင်းညိတ်လိုက်သည်။

“အင်ပါယာ ကောင်းကင်ချီ နည်းလမ်း ဆိုရင် အရမ်းကို အစွမ်းထက်တယ်...အဂ္ဂိရတ် တာအိုရဲ့ ပံ့ပိုးမှု မပါရင်တောင် ရွေးချယ်ခံတွေနဲ့ ယှဉ်နိုင်အောင် ခွင့်ပြုပေးနိုင်တယ်”

ပုပ်ရဟန်း မင်းကြီးမှာ ကျင့်ကြံခြင်း နည်းလမ်းများကိုပါ ထည့်သွင်းကာ ရွေးချယ်ခံ စံနှုန်း အသစ် အတွက် ခွန်အားကို ထပ်ပေါင်း ထည့်လိုနေခြင်း ဖြစ်သည်။ အဂ္ဂိရတ် ပညာရှင်များမှာ ကျင့်ကြံသူ တစ်ယောက်၏ ပါရမီနှင့် ကျင့်ကြံခြင်းတို့ကို တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်မှာ မှန်သည်။ သို့သော်လည်း... ထိုတိုးတက်မှုထဲ၌ ကျင့်စဉ်များ၊ နည်းလမ်းများ၊ လမ်းညွှန်မှုများ မပါဟု မဆိုလိုပါချေ။

ကျင့်စဉ်များ၊ အစီအရင်များမှာ ကျင့်ကြံသူများ၏ နားလည်နိုင်မှု ခွန်အားနှင့် စွမ်းရည်တို့ကို ကြီးမားစွာ ထောက်ပံ့ပေးနိုင်သည်။ အဂ္ဂိရတ် အာဏာရှင်များမှာ အလွန် ချမ်းသာ ကြွယ်ဝသူများ ဖြစ်လေရာ သူတို့ထံတွင် အမွေအနှစ်များစွာ ရှိမည် ဖြစ်ကြောင်း သံသယ ဖြစ်စရာ မလိုချေ။ သို့သော်လည်း... ထိုအသေးစိတ် အချက်အလက်ကို ထည့်သွင်းသင့်ပေသည်။

မြေကြီး ရှန့်ထို အချို့မှာ ခေါင်းတဆတ်ဆတ် ညိတ်ကာ ပုပ်ရဟန်းမင်းကြီး ဟုန်ယန်၏ စကားကို သဘောတူ လိုက်ကြ၏။ ဝေ့ဝူယင်သည်လည်းပဲ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ ကျင့်စဉ်၊ အစီအရင် တစ်ခုမှာ ကျင့်ကြံခြင်း လမ်းစဉ်ကို မည်မျှ သက်ရောက်စေနိုင်ကြောင်း သူ ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။

“ဒီလိုလုပ်ကြရင် ဘယ်လိုလဲ...”

ဧကရီ ရှောင်ချန်းက ဝင်ရောက်ကာ ဆိုလိုက်၏။

“အဂ္ဂိရတ် အာဏာရှင်တွေမှာ ရှိတဲ့ ဘယ်ကျင့်စဉ်ကို မဆို သုံးနိုင်တယ်... နောက်ပြီး ရွေးချယ်ခံ ကလေးတွေ အဂ္ဂိရတ် ထုတ်ကုန်တွေ သန့်စင် မနေတဲ့ အချိန်၊ အနားယူနေတဲ့ အချိန်တွေမှာ သက်ဆိုင်ရာ အဂ္ဂိရတ် အာဏာရှင် ကိုယ်တိုင် ရွေးချယ်ထားတဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ လမ်းညွှန်မှုကိုလည်း ခံယူနိုင်တယ်”

အားလုံးမှာ သူမ၏ အကြံပြုချက်က ခေါင်းညိတ် လက်ခံလိုက်ကြ၏။ ဧကရီ ရှောင်ချန်းမှာ လှပသော မျက်နှာ တစ်ခုတည်းကို ပိုင်ဆိုင် မထားတာ ရှင်းလင်းလှပေသည်။

***

All Chapters