← Chapters

ရာဇပလ္လင်

Vol. 74 Ch. 1035

ရာဇပလ္လင်

Vol. 74 Ch. 1035

“လမ်းညွှန်သူရဲ့ အဆင့် ကွဲပြားမှုတွေလည်း ရှိနိုင်သေးတယ် မလား... အဲဒါဆိုရင် ဘယ်မျှတပါတော့မလဲ... ပြိုင်ပွဲကြီး တစ်ခုလုံးရဲ့ လမ်းစဉ်ကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားမှာပေါ့”

သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်က ထောက်ပြလိုက်၏။ အားလုံး၏ အကြည့်များက လျှို့ဝှက် စွမ်းအင်များကို ဖန်တီးကာ ပလ္လင် တစ်ခု ဖန်တီးနေသည့် ဝူယုထံသို့ မသိမသာ ရောက်ရှိသွားသည်။ အကယ်၍ ဝေ့ဝူယင်က သူ၏ အာရုဏ်ဦး စစ်သည်တော်ကို လမ်းညွှန်သူ အဖြစ် ဆုံးဖြတ်လိုက်လျှင် အလွန်အမင်း မမျှတရာ ကျသွားလိမ့်မည် ဖြစ်သည်။

လျှို့ဝှက် အာဏာရှင်များ၏ လျှို့ဝှက် တာအို အပေါ် နားလည်မှုမှာ သူတို့၏ လျှို့ဝှက် သင်္ကေတ အရေအတွက်နှင့် ထပ်တူကျသည်။ လမ်းစဉ် အရေအတွက် ပိုမို များပြားလေလေ သူတို့၏ လမ်းညွှန်နိုင်စွမ်းမှာလည်း ပိုမို မြင့်မားလေလေ ဖြစ်ပေလိမ့်မည်။

အာရုဏ်ဦး စစ်သည်မှာ မြေကြီး ရှန့်ထို အဆင့်ကို တက်တက်ချင်း ထာဝရ သူရဲကောင်းများကိုပင် အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။ သူ၏ လျှို့ဝှက် လမ်းစဉ် အရေအတွက်က ငါးခုထက် မနည်းမှာ သေချာသည်။ သူနှင့် အခြား မြေကြီး ရှန့်ထိုများ အကြားတွင် ကွာခြားမှု မရှိသည်ပဲ ထားဦး။

ညီလာခံကို ရောက်ရှိလာသူသည့် လျှို့ဝှက် အာဏာရှင် အဆင့် အရေအတွက်မှာ ဝေ့ဝူယင် အပါအဝင် ၂၄၅ ယောက် ရှိသည်။ မြေကြီး ရှန့်ထိုများကိုတော့ ဝူယုနှင့် မာ့ကျန်းတို့ပါ အပါ ၁၉၀ ယောက်သာ ရှိသည်။ ထိုမြေကြီး ရှန့်ထိုများထဲတွင် ဘယ်နှစ်ယောက်က သူတို့ အဆင့်အတန်းကို နှိမ့်ချကာ လမ်းညွှန်သူ အဖြစ် ဆောင်ရွက်ပေးဖို့ စိတ်ဝင်စားမည်နည်း။

သို့သော်လည်း... ဝူယုကတော့ ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်သည်။ သူက ထိုအတွက် အရိုးကြေကြေ အရည်ခမ်းခမ်း အစွမ်းကုန် ကြိုးစားမှာ သေချာလှသည်။ ထိုအခါ ရလဒ်က ကြောက်မက်ဖွယ် ကောင်းအောင် ကွာခြား သွားပေလိမ့်မည်။

“တကယ်လို့ အဂ္ဂိရတ် အာဏာရှင်တွေ ဆန္ဒရှိမယ် ဆိုရင် လမ်းညွှန်သူကို ကျုပ်တို့ ကန့်သတ်လို့ ရပါတယ်...”

ဝေ့ဝူယင်က ဝင်ရောက် ပြောလိုက်၏။ ထို့နောက်... သူက အပြင်စည်းဝိုင်း ကောင်းကင်ထက်ရှိ ကျင့်ကြံသူများကို လက်ညိုး ထိုးပြလိုက်သည်။

“ကျုပ်တို့တွေ လျှို့ဝှက် ကြယ်တာရာ အဆင့်ကို တစ်ပြေးညီ ကန့်သတ်လိုက်ရင် ဘယ်လို သဘောရလဲ... နိမ့်လည်း မနိမ့်ရဘူး... မြင့်လည်း မမြင့်ရဘူး... နောက်ပြီး အဲဒီ ဝန်ဆောင်မှု အတွက် သူတို့ကို ထိုက်တန်တဲ့ ပမာဏ တစ်ခု အထိ ဆုချီးမြှင့်ရမယ်... အဲဒီ အတွက်လည်း ကိုယ်နဲ့ သင့်တော်မယ် ထင်တဲ့လူကို စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်”

“...”

လျှို့ဝှက် ကြယ်တာရာ အဆင့်များမှာ အံ့သြသွားကြ၏။ အာရုဏ်ဦး ဧကရာဇ်မှာ သူတို့လို အတုအယောင် လျှို့ဝှက် အာဏာရှင် အဆင့်များကို ညီလာခံ အတွင်း ပါဝင်ခွင့် ပြုလိုက်သည်လား။ ထို့အပြင်... ၎င်းမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များထံမှ ဆုလာဘတ်များ ရရှိနိုင်မည့် အခွင့်အရေးလည်း ဖြစ်နေပြန်သေးသည်။

“ကျုပ်ဘက်ကတော့ ကန့်ကွက်စရာ မရှိဘူး... ဒါပေမဲ့... အဂ္ဂိရတ် အာဏာရှင်တွေ အနေနဲ့ လမ်းညွှန်သူကို ကိုယ့်ရဲ့ အဂ္ဂိရတ် သူရဲကောင်း ဖြစ်စေ... ကိုယ့်အဖွဲ့အစည်းက လူကို ဖြစ်စေ... မရွေးချယ်ဖို့တော့ သတိလေး ချပ်စေချင်တယ်”

ပုပ်ရဟန်း မင်းကြီးက ဝေ့ဝူယင်၏ စကားကို သဘောတူညီလိုက်ကာ နောက်ထပ် ကန့်သတ်ချက် တစ်ခုကိုပါ အဆိုပြုလိုက်သည်။ ထိပ်တန်း ကျင့်ကြံသူများမှာ သူတို့၏ ကိုယ်ပိုင် အသက်အင်အားများကို အကုန်ခံကာ လူငယ်များအတွက် ဉာဏ်အလင်း ဖြစ်စဉ်များ ဖန်တီး ပေးနိုင်စွမ်း ရှိသည်။ သူက ထိုကန့်သတ်ချက်ဖြင့် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရန် တားဆီးလိုက်ခြင်း ဖြစ်သည်။

“ကျွန်မလည်း ကန့်ကွက်စရာ မရှိဘူး...”

ဧကရီ ရှောင်ချန်းကလည်း သူမ၏ အမြင်ကို ပြောလိုက်၏။ တစ်ချိန်တည်း၌ သူမ၏ အမြင်က မြေကြီး ရှန့်ထို အားလုံး၏ အမြင်များကို ကိုယ်စားပြုပေသည်။

“ကောင်းပြီလေ... ခင်ဗျားတို့ အကြံပြုတဲ့ အတိုင်းပဲ လုပ်ကြတာပေါ့... အခြား တင်ပြချင်ကြတာရော ရှိသေးလား”

ထာဝရ နတ်ဘုရား၏ အသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။

"..."

အားလုံးမှာ တိတ်ဆိတ်နေကြ၏။ လက်ရှိ စိန်ခေါ်ပွဲ၏ စည်းမျဉ်းများမှာ နည်းလမ်းများ၊ ကျင့်စဉ်များ၊ သင်ကြားမှုများ၏ အရေးပါမှုကို ဖယ်ရှား မပစ်လေရာ ရွေးချယ်ခံ စံနှုန်းများနှင့် ကိုက်ညီသည်ဟု ဆိုနိုင်ပေသည်။

ဘုန်း...

အားလုံး တိတ်ဆိတ် နေကြချိန်တွင် ဝူယု၏ လျှို့ဝှက် စွမ်းအင်များမှာ ရုတ်ချည်း ပေါက်ကွဲ သွား၏။ တောက်ပသော အလင်း တစ်ခုက ဖြာထွက်လာကာ အလွန် ကြီးမားသော ပလ္လင်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပလ္လင်ကြီး၏ ဘေးမျက်နှာထက်တွင်တော့ ငွေရောင် မီးတောက်များဖြင့် တမြေ့မြေ့ တောက်လောင်နေသည့် သင်္ကေတကြီး တစ်ခုကို ပုံဖော်ထား၏။ ၎င်းက “အာရုဏ်ဦး”ဟု အမည်ရလေသည်။

ဝူယုက ပလ္လင်ကို ကြည့်ကာ စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ထိုပလ္လင်ကြီးမှာ အလွန် ကြီးမားကာ အခြား မြေကြီး ရှန့်ထိုများ၏ ပလ္လင်များထက် အကြမ်းဖျဉ်း နှစ်ဆယ် ရာခိုင်နှုန်းခန့် ပိုမို ကြီးမားပေလိမ့်မည်။ ထို့အပြင် ဒီဇိုင်းက အလွန် ကြွရွ ခမ်းနားလှကာ အားလုံးနှင့် ကွဲထွက်နေ၏။

အလွန် ကြီးမားလှသည့် ပလ္လင်ကြီးကို ကြည့်ကာ မြေကြီး ရှန့်ထိုများ၏ အမူအရာများက အမျိုးမျိုး ကွဲပြား သွားကြသည်။ ဝူယုက သူ့ကိုယ်သူ ပုပ်ရဟန်းမင်းကြီး ဟုန်ယန်၊ ဧကရီ ရှောင်ချန်းတို့ထက် ပိုမို ကြီးကျယ် ခမ်းနားသည် ထင်နေသည်လား။ မည်မျှ မောက်မာလိုက်သနည်း။

အင်ပါယာ ဧကရာဇ် အချို့၏ အမူအရာများက အလွန် မည်းမှောင် သွားကြ၏။ အထူးသဖြင့် ဧကရီ ရှောင်ချန်း ရှိနေသည့် အခြေအနေတွင် ထိုကဲ့သို့ ပြုမူလိုက်ခြင်းက အင်ပါယာ မျိုးနွယ်ကို တိုက်ရိုက် စော်ကားလိုက်ခြင်း ဖြစ်သည်။ အကယ်၍ လျှို့ဝှက် ငြိမ်းချမ်းရေး ကျိန်စာသာ မရှိပါက သူတို့ ဝူယုကို ဒေါသတကြီးဖြင့် တိုက်ခိုက်နေမိလောက်ပြီ ဖြစ်သည်။

ဝူပိုင်ကျိုးက ဖြူရော်စွာ ပြုံးလိုက်မိ၏။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းအား ကျင့်ကြံကြသည့် လူများမှာ မည်မျှ လွှမ်းမိုးနိုင်စွမ်း ရှိကြောင်း သူမ သိရှိပြီး ဖြစ်သည်။ သူမနှင့် လုံချန်တို့သည်လည်း အလားတူပင် ဖြစ်သည်။ အင်ပါယာ ဝိညာဉ်မှာ သူတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်နေကာ စိတ်၊ ခန္ဓာတို့နှင့် ချိတ်ဆက် နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း... ဝူယု နောက်ထပ် ပြောလိုက်သည့် စကားလုံးများက အားလုံးကို အံ့အားသင့် သွားစေခဲ့လေ၏။

“သခင်လေး... ပလ္လင်ရပြီ”

...

အဓိက ခန်းမ တစ်ခုလုံးမှာ တိတ်ဆိတ်နေ၏။ အကောင်အထည် မဖော်နိုင်သည့် ဖိအား တစ်ခုက မမြင်နိုင်သည့် လက်များသဖွယ် နေရာတိုင်းကို ရစ်ပတ် လွှမ်းခြုံ ထားသည်။ လူတိုင်း၏ မျက်လုံးများမှာ ဝူယုအပေါ် ကျရောက် နေကြ၏။ အာရုဏ်ဦး စစ်သည်တော်၏ လုပ်ရပ်နှင့် စကားလုံးများမှာ အဓိပ္ပာယ် ဖော်စရာ မလိုအောင် ရှင်းလင်းပေသည်။

၎င်းက... ဝေ့ဝူယင်မှာ အဓိက ခန်းမ အတွင်း ရှိနေသည့် မြေကြီး ရှန့်ထိုများနှင့် ဖန်တီးခြင်း ပညာရှင် အားလုံးထက် ပိုမို ကြီးကျယ် ခမ်းနားသည် ဟူ၍။

“နည်းနည်း သေးသေးတယ်... ပိုကြီးသင့်တယ်...”

ပိုင်လင်ကတော့ သူ့ဝစီအတိုင်း မောက်မာစွာ ဆိုလိုက်၏။ သူမ၏ အမြင်၌ သခင် ဖြစ်သူသည်သာလျှင် အရာရာ ဖြစ်သည်။ ဝေ့ဝူယင်မှာ သည်ထက် အဆတစ်ရာ ပိုမို ကြီးမားသည့် ပလ္လင်နှင့်ပင် ထိုက်တန်သည်။

ဝေ့ဝူယင်မှာ ပိုင်လင်၏ သဘောထားကို ခံစားမိရာ စိတ်ထဲမှ ရယ်မောလိုက်မိ၏။ တစ်ချိန်တည်း၌... သူ ဝူယုကို စိတ်ထဲမှ အသိအမှတ် ပြုဟန်လိုက်မိသည်။ ထိုလူအိုကြီးမှာ ထာဝရ အစည်းအရုံး လုပ်ခဲ့သည့် နည်းအတိုင်း သူတို့ကို ပြန်လည် ချေပလိုက်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း... ထိုလုပ်ရပ်က အခြားလူများ၏ အာရုံ စူးစိုက်မှုများကို ဆွဲဆောင်နိုင်ကြောင်း ခန့်မှန်းမိပြီး ဖြစ်သည်။

မျှော်လင့်ထားသည့် အတိုင်း မကြာခင်မှာပင် အဓိက ခန်းမ အတွင်း ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။

“တကယ် မောက်မာလွန်းတာပဲ... အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖန်တီးနိုင်ရုံနဲ့တင် မင်းက ငါတို့ အားလုံးထက် ပိုပြီး ကြီးကျယ်တယ် နေတာလား... ကောင်လေး... မင်းမှာ ဘယ်လို လေးစားရမယ် ဆိုတဲ့ အသိ မရှိဘူးလား”

အသံပိုင်ရှင်မှာ မျက်ခုံးဖြူဖြူ၊ ဆံပင် မီးခိုးရောင်များနှင့် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူကြီး တစ်ဦး ဖြစ်သည်။ သူက ခပ်ဝိုင်းဝိုင်း မျက်နှာနှင့် စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထား၏။ ထိုပုဂ္ဂိုလ်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ထိပ်တန်း သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အဖြစ် ကျော်ကြားသူ ဖြစ်လေရာ... ဝေ့ဝူယင်မှာ တစ်ချက် ကြည့်ရုံဖြင့်ပင် မည်သူမှန်း သိလိုက်သည်။

ထိုလူကြီး၏ နာမည်က ခရမ်းပြာ ဆေးလုံး အဂ္ဂိရတ် အာဏာရှင် ဟူ၍ ဖြစ်သည်။ သူ့ကို ဟွမ်ရီကောင်း ဟုလည်း သိကြသည်။ သူက အင်ပါယာ မျိုးနွယ်၏ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်ကာ ကြယ်ကွင်းပြင် တစ်ခုလုံးတွင်ပင် ထိပ်တန်း သေမျိုး အဂ္ဂိရတ် အာဏာရှင် ငါးယောက် စာရင်း၌ ပါဝင်သည်။

ဟွမ်ရီကောင်း၏ ကျင့်ကြံခြင်း အခြေခံမှာလည်း မနိမ့်လှချေ။ ဘဝ၏ အချိန်အများစုကို အဂ္ဂိရတ် တာအိုတွင်သာ မြှပ်နှံထားသည့်တိုင် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ အကြီးအကဲ တစ်ဦး၏ ကြိမ်းမောင်းမှုကို ရင်ဆိုင် နေရသည့်တိုင် ဝေ့ဝူယင်မှာ တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း... ပိုင်လင်ကတော့ မည်ကဲ့သို့ သည်အတိုင်း နေပါမည်နည်း။ သူမ၏ ရွှေရောင် မျက်ဝန်းများ တလက်လက် တောက်ပလာသည်နှင့် အမျှ အဓိက ခန်းမ၏ အပူချိန်မှာ ပိုမို၍ တိုးမြင့်လာခဲ့၏။

တစ်ချိန်တည်း၌... ဝူယုက လူအိုကြီးကို လှမ်းကြည့်လိုက်သည်။ ဟွမ်ရီကောင်းမှာ နောက်ထပ် စကားဆက်ရန် ပြင်နေရာမှ တဆတ်ဆတ် တုန်သွားကာ ငြိမ်သက်သွား၏။ သူ့စိတ်ထဲတွင်တော့ သားရဲမှာ ချက်ချင်းပင် သူ့ မျက်စိရှေ့သို့ ရောက်ရှိလာကာ ဆွဲပေါက်တော့ မလို ခံစားနေရသည်။ သူ့နဖူးမှာ ချွေးစေးများဖြင့် စိုရွှဲလာခဲ့လေ၏။

***

All Chapters