← Chapters

ကြယ်တာရာ မြူနှင်း

Vol. 74 Ch. 1036

ကြယ်တာရာ မြူနှင်း

Vol. 74 Ch. 1036

“မီးဖီးနစ်က အရင်ကထက် ပိုပြီး သန်မာလာတယ်...”

ထျန်းမူယန်၏ မျက်လုံးများက တလက်လက် တောက်ပသွားကာ မှတ်ချက် ချလိုက်သည်။ မီးဖီးနစ်နှင့် ထန်မျိုးနွယ်၏ တိုက်ပွဲ အကြောင်း အစီရင်ခံစာများကို သူဖတ်ရှုခဲ့ပြီး ဖြစ်သည်။ ၎င်းတို့၏ အဆိုအရဆိုလျှင် မီးဖီးနစ်၏ ခွန်အားမှာ သေမျိုး တစ်ပိုင်း အရှင် အဆင့်များနှင့် ယှဉ်နိုင်သည် ဟု ဆိုသည်။ သို့သော်လည်း... ယခု သူမ ထုတ်လွှတ်နေသည့် အော်ရာက သူ့ကိုပင် အန္တရာယ် ရှိသလို ခံစားရစေ၏။

ဟုန်ယန်လျဲ့လန်မှာလည်း အဓိက ခန်းမ အတွင်း ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူမက ပုပ်ရဟန်း မင်းကြီး ဟုန်ယန်၏ နံဘေးရှိ သူမအတွက် ရည်ရွယ်ထားသော ပလ္လင်တစ်ခုပေါ်တွင် ထိုင်နေခဲ့၏။ ပိုင်လင်၏ ‌အော်ရာ မြင့်တက်လာသော အခိုက်၌ သူမ၏ အမူအရာက ‌ပြောင်းလဲ သွားခဲ့လေသည်။ ထိုအရာက သူမ၏ ရွှေရောင် ငှက်မွေးကြောင့်လော။ ထိုမီးဖီးနစ်မှာ မြေကြီး ရှန့်ထိုတစ်ပါးနှင့် ယှဉ်နိုင်သည့် ခွန်အားကို ပိုင်ဆိုင် လာခဲ့ပြီလော။

တစ်ချိန်တည်း၌... ထန်မျိုးနွယ်ဝင်များနှင့် ဘိုးဘေးတို့မှာ များပြားလှစွာသော လူအုပ်ထဲ၌ ရှိနေခဲ့ကြ၏။ သို့သော်လည်း... သူတို့ တစ်ယောက်ချင်းစီ၏ မျက်ဝန်းများက ပြင်းပြသော ဆန္ဒများနှင့် ပြည့်နှက်နေကာ ပိုင်လင် အပေါ် စုပြုံကျရောက် နေသည်။ သူတို့ လိုချင်သည့် အရာက ရှင်းလင်းပေသည်။ မီးဖီးနစ် အမတေ သွေးစက်ပင်။

ဝေ့ဝူယင်က ပိုင်လင်၏ သားမွေးများကို ပွတ်သပ်ပေးရင်း သူမ၏ စိတ်ခံစားချက်များ ပြေလျော့ သွားဖို့ ဖျောင်းဖျလိုက်၏။ သူ့အနေဖြင့် ထိုအကြီးအကဲနှင့် ယှဉ်ပြိုင် ငြင်းဆိုကာ မျက်နှာကို ဖျပ်ရိုက်နိုင်စွမ်း ရှိပေသည်။ သို့သော်လည်း... သူ ထိုကဲ့သို့ မလုပ်ရန် ဆုံးဖြတ်ထားသည်။ မဟုတ်ပါက... ဘယ်သူ့ကိုမှ လေးစားမှု မရှိသူ အဖြစ် နာမည် ဂုဏ်သတင်းကြီး သွားလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားခြင်း အပေါ် သာယာ နေခြင်းမှာ အနည်းငယ် ကလေးဆန်သည်ဟု ဝေ့ဝူယင် ခံစားရသည်။

“အဂ္ဂိရတ် အာဏာရှင် ဟွမ်... ခင်ဗျားရဲ့ စကားတွေက ကျုပ်ကို ဉာဏ်အလင်း ပြလိုက်သလိုပါပဲ... ကျုပ်အတွက် ပလ္လင် မလိုပါဘူး... ဝူယု... ခင်ဗျားပဲ ယူလိုက်ပါ... တကယ်လို့ ဝူယု ထိုင်မှာကို မထိုက်တန်ဘူးလို့ ထင်တဲ့လူ ရှိမယ် ဆိုရင်တော့ ခင်ဗျားတို့ ကိုယ်တိုင် သူနဲ့ ဖြေရှင်းကြပါ”

ဝေ့ဝူယင်က ဟွမ်ရီကောင်းကို လက်နှစ်ဖက် ယှက်၍ အရိုအသေပေးလိုက်၏။ ထို့နောက် သူက ပိုင်လင်နှင့် အတူ အောက်သို့ ထိုးစိုက် ဆင်းသွားတော့သည်။

“...”

အားလုံး၏ အကြည့်များက ပလ္လင်ကြီး ဘေး၌ ရပ်နေသည့် ဝူယုထံသို့ ရောက်ရှိသွားကြ၏။ ဝူယုက တစ်ချက်ပင် စဉ်းစားခြင်း မပြုပဲ ပလ္လင်ထက်သို့ တက်ထိုင်လိုက်သည်။ ထို့နောက်... သူက သူ့ကို ကြည့်နေသည့် မြေကြီး ရှန့်ထိုများကို တစ်ချက် ဝှေ့ကြည့်လိုက်၏။

“ခင်ဗျားတို့မှာ ပြဿနာ ရှိတယ် ဆိုရင် ကျုပ်ဘက်ကလည်း ဒီနေ့ နည်းနည်း လေ့ကျင့်ခန်း လုပ်ရတာပေါ့... မြေကြီး ရှန့်ထိုတွေရဲ့ အသက်ကို မယူရတာတောင် အတော်ကြာနေပြီ... ဟဟ”

စန်းလော့ယန်မှာ ထိုမြင်ကွင်းကို ကြည့်ကာ လည်ချောင်းများ ခြောက်ကပ်လာသလို ခံစားလိုက်ရ၏။ လွှမ်းမိုးခြင်း၊ ရန်လိုခြင်း... တိုက်ရိုက်ဆန်ခြင်း... ထိုအရာက တစ်ခေတ်တစ်ခါတုန်းက မဟာ ဧကရာဇ် ဝူယုပင် ဖြစ်လေသည်။ မောက်မာခြင်း အရာတွင် ထာဝရ ဧကရာဇ်သည်ပင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

“...”

အားလုံးမှာ တိတ်ဆိတ် ငြိမ်သက် နေကြ၏။ ဟွမ်ရီကောင်း ပင်လျှင် သူ၏ ‌ဒေါသမျက်လုံးများကို ဖုံးကွယ်ရန် အတွက် ခေါင်းငုံ့နေသည်။ ဝူယုမှာ မြေကြီး ရှန့်ထိုများထဲတွင်ပင် သာမန် မြေကြီး ရှန့်ထို မဟုတ်ချေ။ အင်ပါယာ ဧကရာဇ် အချို့ထံမှ သတင်းစကားများ အရဆိုလျှင် ထိုလူအိုကြီးမှာ လမ်းစဉ် ရှစ်ခုကိုပင် ပိုင်ဆိုင်ထားသူ ဟု ဆိုသည်။ သူက ရန်စသင့်သည့် ဖြစ်တည်မှု မဟုတ်ချေ။

သို့သော်လည်း... များစွာသော မြေကြီး ရှန့်ထိုများထဲ၌ ဝူယုကို ရန်လိုစွာ စိုက်ကြည့်နေသည့် လိမ္မော်ရောင် မျက်ဝန်း တစ်စုံ ရှိနေခဲ့သည်။ ဝူယုမှာ သူ့ကို ချက်ချင်းပင် သတိထားမိကာ လှည့်ကြည့်လိုက်၏။

“အော်... ဘယ်သူများလဲ မှတ်တယ်...”

ဝူယုမှာ ထိုမြေကြီး ရှန့်ထိုကို ချက်ချင်းပင် မှတ်မိလိုက်၏။ သူက ထာဝရ သူရကောင်းများထဲမှ လိမ္မော်ရောင် မျက်ဝန်းများနှင့် မြေကြီး ရှန့်ထို ဖြစ်သည်။ တစ်ချိန်တုန်းက သူ့ကို လျှို့ဝှက် ဝိညာဉ်သာ ကျန်သည် အထိ ဝူယု တိုက်ခိုက်ခဲ့ဖူးသည်။

ဝူယု၏ စိတ်ဝင်စားမှုများက ချက်ချင်းပင် ပြန်လည် လျော့ကျသွားကာ အခြားတစ်ဖက်ကို လှည့်လိုက်၏။ လှပသည့် ချင်းဖုန်းကို တွေ့လိုက်ရသော အခိုက်၌ သူ့ မျက်လုံးများက မသိမသာ တောက်ပသွားသည်။ သူက မိန်းကလေးကို သတိထားမိသည့်ဟန် ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။

“မဟာ အတွင်းရေးမှူးစန်း... စိန်ခေါ်ပွဲကို စလိုက်ကြမလား...”

ထာဝရ နတ်ဘုရား၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာကာ စန်းလော့ယန်ကို တာဝန်များ ပုံပေးလိုက်၏။ စန်းလော့ယန်မှာ ဝူယုထံမှ အကြည့်ကို ပြန်လည် ရုတ်သိမ်းကာ စိတ်ခံစားချက်များကို လျှင်လျှင်မြန်မြန် ပြန်လည် စုစည်း လိုက်သည်။

...

ဟူး... ဟူး...

ပိုင်လင်မှာ ပလ္လင်များ၏ အောက်ရှိ ကြမ်းပြင်ထံ ဆင်းသက် သွားခဲ့၏။ ၎င်းက စိန်ခေါ်ပွဲ အောင်မြင်သူများ နေထိုင်ရန် အခွင့်ရှိသည့် နေရာလည်း ဖြစ်သည်။

ရာနှင့်ချီသည့် ရွေးချယ်ခံများကို တစ်ချက် ဝှေ့ကြည့်ရင်း ပုံရိပ်တစ်ခု ရှိရာ အရောက်၌ သူ့ မျက်လုံးများက ရပ်တန့်သွား၏။ ဝေ့ဝူယင် ပေါ့ပေါ့ပါးပင် ပိုင်လင်၏ ကျောထက်မှ ခုန်ချလိုက်သည်။

ထို့နောက်... သူ ခြေတစ်လှမ်း မလှမ်းရသေးခင်မှာပင် နူးညံ့သော ခန္ဓာကိုယ်လေး တစ်ခုမှာ သူ့ ရင်ခွင်ထဲ ပြိုကျ လာခဲ့၏။ ထို့နောက် အသွေးအသားများထဲ အထိ အရည်ပျော်ကျ စိမ့်ဝင်ချင်သည့် အလား တင်းကြပ်စွာ ဖက်ထား လိုက်တော့သည်။

ဒိန်း... ဒိန်း... ဒိန်း...

ဝေ့ဝူယင်၏ နဂါး နှလုံးသားက ပြင်းထန်စွာ ခုန်လာခဲ့၏။ အလားတူပင် ဆန့်ကျင်ဘက် ပုံရိပ်ထံမှ နှလုံးခုန်သံများကိုလည်း သူ ကြားနေရသည်။

“ကျွန်မ ရှင့်ကို လွမ်းနေတာ... သိလား”

နူးညံ့သည့် အသံကလေး တစ်ခုမှာ မိန်းကလေး၏ နှုတ်မှ ပွင့်ဟလာ၏။ ဝေ့ဝူယင် လှပသည့် ရွှယ်ရီဖေးကို ငုံ့ကြည့်ကာ ခါးလေးကို သိုင်းဖက်လိုက်သည်။ သူက သူမ၏ အဖူးထက်ကို နှုတ်ခမ်း အပ်ရင်း အကြင်နာ ပန်းတစ်ပွင့် ချွေလိုက်၏။ ထို့နောက် နားရွက်နားသို့ ကပ်ကာ နှစ်ကိုယ်ကြားစာ တီးတိုး ပြောလိုက်လေသည်။

“ကိုယ်လည်း မင်းကို လွမ်းနေတာ”

“...”

ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့ကို နှလုံးသားချင်း ထပ်တူညီကြသူများ အဖြစ် တင်စားလျှင် မှားမည် မထင်ချေ။ သူတို့မှာ အစစ်အမှန် နဂါး အသွင် ပြောင်းလဲခြင်းကို ကျင့်ကြံထားကြသူများ ဖြစ်သည်။ တစ်နည်းဆိုရသော်... သူတို့၏ နှလုံးသားများမှာ နဂါး နှလုံးသားများဖြစ်သည်။ တူညီသည့် ရင်းမြစ်၊ သွေးမျိုးဆက် ချိတ်ဆက်မှုတို့နှင့် အတူ သူတို့ အကြား၌ ကြီးမားသည့် ချိတ်ဆက်မှု တစ်ခု ရှိပေသည်။

ဒိတ်... ဒိတ်...

ရုတ်တရက် ကျယ်လောင်သည့် ရင်ခုန်သံများကို ဝေ့ဝူယင် ကြားလိုက်ရ၏။ ဝေ့ဝူယင်က အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ရင်းနှီးပြီးသား ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ သူ၏ မျက်လုံးများက အလွန်အမင်း တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်နေ၏။

ဝေ့ဝူယင်၏ မျက်လုံးများက ဖြည်းညင်းစွာပင် ထိုပုံရိပ်၏ ရင်ဘတ်ဆီသို့ ရွေ့လျား သွားသည်။ ထိုပုဂ္ဂိုလ်မှာ အခြားလူ မဟုတ် ဟယ်ယန်းလဲ့ပင် ဖြစ်လေသည်။ ရှန့်ထို လက်စွပ်ထဲမှ နှလုံးသား ကင်းမဲ့နေသည့် မိန်းကလေး၏ အလောင်းကို ဝေ့ဝူယင် ပြန်လည် မြင်ယောင် လိုက်မိ၏။

“မင်းမပိုင်တဲ့ ပါရမီကို မင်း ဘယ်တော့မှ ပိုင်မှာ မဟုတ်ဘူး...”

ဝေ့ဝူယင်က တစ်ဦးတည်း တီးတိုး ရေရွတ်သလို ပြောလိုက်၏။ ထိုအခိုက်တွင်ပင် ကောင်းကင်ရှိ အော်ရာ တစ်ခုက သူ့အပေါ် ပိကျလာသလို ခံစားလိုက်ရသည်။ ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်တော့ ဟန်ကလန် ခေါင်းဆောင်ကို တွေ့လိုက်ရ၏။ ကောင်းကင်၌ ဝူယုနှင့် ပိုင်လင်တို့ လှုပ်ရှားလာသော အခိုက်၌ ဟယ်မျိုးနွယ်မှာ သူ့အော်ရာကို ခပ်မြန်မြန်ပင် ပြန်လည် ရုတ်သိမ်း သွားသည်။

“ပါရမီ ခိုးထားတာလား...”

လူအုပ်ကြီးမှာ အံ့အားသင့် သွားကြ၏။ ဟယ်ယန်းလဲ့၏ ဖြူရော်နေသည့် အမူအရာကို ကြည့်ကာ ထိုအရာက ဖြစ်နိုင်ချေ ရှိသည်ဟု သူတို့ တွေးလိုက်မိကြသည်။

ဝေ့ဝူယင်က ထိုအကြောင်းကို ခပ်မြန်မြန် မေ့ပစ်လိုက်၏။ သူနှင့် လျဲ့ယုတို့ အကြားတွင် ဘာကျေးဇူး၊ ဘာအကြွေးမှ မရှိလေရာ သူ ဝင်ပါလိမ့်မည် မဟုတ်ချေ။ ဝူပိုင်ကျိုး၊ ချင်ချူးမူနှင့် နာ့ရှင်းရီတို့က လက်စားချေချင်သည် ဆိုလျှင်တော့ သူတို့၏ ‌ရွေးချယ်မှုသာ ဖြစ်သည်။ ထိုအတွက် သူ ပံပိုးပေးမည် ဖြစ်သည်။

ဟယ်ယန်းလဲ့မှာ ဝေ့ဝူယင် အကြည့်လွှဲသွားသော အခါတွင်မှ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။ သူ့လည်ပင်းအား ဖြတ်သန်းကာ အသက်ကို နှုတ်သွားသည့် ဆေဘာအလင်းကို သူ ယနေ့ထိ အမှတ်ရနေဆဲ ဖြစ်သည်။ ၎င်းက တစ်သက်တာ မမေ့နိုင်သည့် အိပ်မက်ဆိုး ဖြစ်သည်။ တစ်နေ့ တစ်ချိန်၌ မြေကြီး ရှန့်ထို အဆင့်ထက် ပိုမြင့်သည့် အကန့်အသတ်များကို ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် ထိုဆေဘာအလင်းကို သူ မေ့လိမ့်ဦးမည် မဟုတ်ချေ။

နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ဝေ့ဝူယင်၏ စကားအရ အရာရာမှာ ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။ ဟယ်ယန်းလဲ့ထံမှ လျဲ့ယု၏ အော်ရာကို ခံစားမိခြင်းမှာ တိုက်ဆိုင်မှု သက်သက် မဟုတ်တော့ချေ။ အလွန်ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များမှာ သူတို့ထံမှ တစ်ပြိုင်နက်တည်း လိုလို ထွက်ပေါ်လာခဲ့၏။

အနက်ရေင် ဆံပင်တိုများနှင့် ကြည်လင် ရှင်းလင်းသည့် မျက်ဝန်းနက်များ ပိုင်ရှင် မိန်းကလေး တစ်ယောက်မှာ တည်ငြိမ်သော ခြေလှမ်းများနှင့် ဝေ့ဝူယင်ထံ ချဉ်းကပ်လာခဲ့၏။ သူမကို တွေ့လိုက်ရသော အခိုက်၌ ဝေ့ဝူယင်၏ နှလုံးသားထဲတွင် နွေးထွေးသည့် ခံစားချက် တစ်ရပ် ဖြစ်ပေါ်လာသည်။ ထိုခံစားချက်မျိုး သူ မခံစားခဲ့ရသည်မှာ ဆယ်စုနှစ်တစ်ခုခန့် ကြာခဲ့ပြီ ဖြစ်သည်။

“စုမေ့...”

ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု မွေးဖွားလာ၏။

“အရှင်ဝေ့...”

အခြားလူများက ဝေ့ဝူယင်ကို အဂ္ဂိရတ် အာဏာရှင်ဝေ့၊ အာဏာရှင် အင်ပါယာ၊ အာရုဏ်ဦး ဧကရာဇ်၊ သခင်လေး... စသည်ဖြင့် အမျိုးမျိုး သုံးနှုန်းကြသည့်တိုင်အောင် စုမေ့ကတော့ အမြဲတမ်း နာမ်စား တစ်ခုတည်းကိုသာ သုံးနှုန်းသည်။ ၎င်းက “အရှင်ဝေ့” ဟူ၍။

စုမေ့က ဝေ့ဝူယင်၏ အရှေ့ မီတာ အနည်းငယ်ခန့် အကွာတွင် ရပ်ကာ ဦးညွှတ် နှုတ်ဆက်လိုက်၏။ မိန်းကလေးကို ကြည့်ရင်း ဝေ့ဝူယင်၏ အပြုံးက ပိုမို၍ တောက်ပလာကာ နွေးထွေးမှု၊ ချစ်မြတ်နိုးမှု၊ ယုံကြည်မှုတို့နှင့် ရောနှော ပြည့်နှက် လာသည်။ ၎င်းက သူ့ထံတွင် မြင်ရခဲသည့် ရှားတောင့်ရှားခဲ တုန့်ပြန်မှု တစ်ခုပင်။

ထိုအခိုက်တွင်ပင် စန်းလော့ယန်၏ အသံမှာ အဓိက ခန်းမ တစ်ခုလုံးကို ဖြန့်ကျက်ကာ ထွက်ပေါ်လာခဲ့၏။

“မဟာစက်ဝန်း အဂ္ဂိရတ် တိုက်ပွဲလို့ နာမည်ပေးထားတဲ့ ယှဉ်ပြိုင်ပွဲကို နောက်လာမယ့် ခုနစ်ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်... ကြယ်တာရာ မြူတွေကို ကျုပ်တို့ နေရာတိုင်းကို ဖြန့်ပေးထားပါ့မယ်... အားလုံးပဲ ကျင့်ကြံကြပါ... အခွင့်အရေးကို လက်လွတ် မခံပါနဲ့... လအနည်းငယ် ကြာတာနဲ့ ကျုပ်တို့ ပြန်ရုတ်သိမ်း သွားမှာပါ”

“သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ အနေနဲ့လည်း ကျင့်ကြံနိုင်ကြပါတယ်... ဒါပေမဲ့ ဒီအချိန် အတွင်းမှာ ခင်ဗျားတို့ရဲ့ အနာဂတ် ရွေးချယ်ခံကို ဂရုတစိုက် ရွေးချယ်ထားကြဖို့ မမေ့ပါနဲ့... တကယ်လို့ ခင်ဗျားတို့ ဆန္ဒရှိမယ် ဆိုရင် လမ်းညွှန်သူကိုရောပဲပေါ့...”

ဟူး... ဟူး...

စန်းလော့ယန်၏ စကားဆုံးသည်နှင့် ရောင်စုံ မြူနှင်းများမှာ ခန်းမ အတွင်း တဖြည်းဖြည်း ပျံ့နှံ့လာခဲ့၏။ ၎င်းတို့မှာ အဂ္ဂိရတ် ထုတ်ကုန်များနှင့် သန့်စင်ထားသည့် ကြယ်တာရာ မြူနှင်းများ ဖြစ်ပေသည်။ ကြယ်တာရာ မြူနှင်းများမှာ အထွတ်အထိပ် အဆင့် ကြယ်တာရာ အမတေ အမျိုးအစားထဲ၌ ပါဝင်သည်။၎င်းတို့မှာ အလွန်ပင် အန္တရာယ် ကင်း၍ သိမ်မွေ့ကာ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများပင် အန္တရာယ် မဖြစ်စေပဲ စုပ်ယူနိုင်လိမ့်မည် ဖြစ်သည်။

ကြယ်တာရာ မြူနှင်းများမှာ နက္ခတ် အမတေနှင့် ခြားနားသည့်တိုင် အလားတူ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့် ရင်းမြစ်များ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ထိုကဲ့သို့ အခြေအနေမျိုးကို လျှို့ဝှက် ကုန်းမြေများတွင်သာ ရရှိနိုင်ပေသည်။

ထာဝရ အစည်းအရုံးကား စကားတည်ခဲ့ပေသည်။

***

All Chapters