ကျုံးဝေ့တပ်ဖွဲ့
Vol. 65 Ch. 961
မကြာမီ အချိန်အတွင်း အုပ်စုမှာ ကျိုးဟိုင်သို့ ရောက်ရှိလာခဲ့ကြ၏။
လျန်ရူရွှယ်သည်လည်း လင်းရီ၏ ရည်ရွယ်ချက်များကို ကောင်းစွာ သတိပြုမိလေသည်။ သို့သော် သူမ နှုတ်ဆိတ်၍သာ နေလိုက်၏။ ချင်မိသားစု၊ လျန်မိသားစုနှင့် ကောင်းမိသားစုတို့က ကျိုးဟိုင်တလွှားတွင်သာမက ဟွာရှ၌ပင် ဆိုစမှတ်ပြုရလောက်သည့် မိသားစုကြီးများဖြစ်သည်။
ထိုသူတို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေး ထိန်းသိမ်းထားနိုင်မည်ဆိုပါက လင်းရီအတွက်လည်း များစွာ အထောက်အကူဖြစ်ပေါ်စေမည်။ ဤသည်က နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လှိုင်းတံပိုး အကျိုးဆက်တို့အား ထိရောက်မှုရှိစွာဖြင့် ကူညီတောင့်ခံပေးနိုင်မည်ဖြစ်၏။
ထို့ကြောင့် သူမ ဤအတွက် လင်းရီကို အကူအညီပေးမည်မှာ သဘာဝပင်။
သို့သော် အစမှအဆုံးထိတိုင်အောင် လင်းရီအား ပဟေဠိဖြစ်နေစေသည့် ကိစ္စတစ်ခုကလည်း ရှိနေသေးပြန်သည်။
လျန်ရူရွှယ်၏ အဆင့်အတန်းဖြင့် ဆိုပါက သူမ ဖုန်းတစ်ချက် ဆက်လိုက်သည်နှင့် ဤကိစ္စအား လွယ်ကူရိုးရှင်းစွာ ဖြေရှင်းပေးနိုင်သည်။
ထိုသို့ဆိုလျှင် သူမ အဘယ်ကြောင့် လူကိုယ်တိုင် ရောက်လာခဲ့ရသနည်း။ ယခုလို ရောက်လာခဲ့သည်က သူမ၏ အဖိုးတန် အချိန်တို့အတွက် ထိုက်တန်မှု ရှိ၏လော။
အရေးကြီးဆုံးအချက်ကတော့ သူမ မိုဟုန်ရှန်းကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ခြင်းပင်။
မိုဟုန်ရှန်းသည်ကား မည်သူနည်း။ သူက ရန်ကွမ်းရှအတွက် အသက်ပင် စတေးပေးမည့် ကိုယ်ပိုင်သက်တော်စောင့်ဖြစ်၏။ အကယ်၍ အရေးကြီးသည့် တစ်စုံတစ်ရာ မရှိပါက ရန်ကွမ်းရှ အနားမှ ထွက်ခွာရန် အခွင့်အရေး မရှိပေ။
ဧကန္တ သူ အထဲရောက်နေသည့်အသံ ကြားသောကြောင့်လော။
ထိုအကြောင်းပြချက်ကြောင့် ရောက်လာခဲ့သည် ဆိုရန်ကလည်း သူတို့နှစ်ဦးက အင်မတန် ရင်းနှီးနေသည်မျိုးလည်း မဟုတ်ပြန်ပေ။ မည်သို့ပင်ဆိုစေ မိုဟုန်ရှန်း ရောက်ရှိလာမှုက လင်းရီအား တော်တော်လေး နားလည်ရခက်ခဲသွားစေခဲ့သည်။
ဝေခွဲမရ ဖြစ်နေသည့် အတွေးတို့က ဆက်တိုက်မေးခွန်းနေသော်ငြား လင်းရီ မည်သည်ကိုမျှ မေးမြန်းမနေပဲ အများရှေ့တွင် ပွင့်ပွင့်လင်းလင်း ကျေးဇူးတင်စကား ဆိုလိုက်၏။
မကြာမီ သူတို့အားလုံး ပန်နီဆူလာဟိုတယ်သို့ ရောက်ရှိလာကြလေသည်။
ဟိုတယ်ရှေ့ရောက်တော့ ချိန်ပင်းချန်က နှုတ်ဆက်ပြီး ထွက်ခွာရန် ဟန်ပြင်သည်။ သို့သော် လင်းရီ သူ့အား ဆွဲထားလိုက်၏။
သူ့အတွက် ဤတိုင်ကွန်းကြီး သုံးယောက်နှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိထားပါက အလုပ်လုပ်ရာတွင် ပို၍ အဆင်ပြေစေပေမည်။ သို့သော်လည်း ဤသည်က မည်မျှတာသွားလိမ့်မလဲဆိုသည်ကတော့သက်ဆိုင်သူများသာ သိနိုင်မည်ဖြစ်၏။
ထမင်းစားလို့ ပြီးခါနီးလောက်ကျတော့ လင်းရီ သန့်စင်ခန်း ခဏသွားလိုက်သည်။ သူ အပြင် ပြန်ထွက်လာတော့ မိုဟုန်ရှန်းမှ သူထွက်အလာကို စောင့်နေသည့်နှယ် အပေါက်ဝဘေး၌ မတ်တပ်ရပ်နေလေသည်။
“ ဘယ်လိုတုန်း အစ်ကိုရှန်း… အစားအသောက်တွေ ခံတွင်းတွေ့ရဲလား…” လင်းရီ ပြုံးလျက် မေးလိုက်ပြီး “ ကျုပ်မြင်တာတော့ ခင်များ ဝိုင်သိပ်မကြိုက်ဘူးနဲ့တူတယ်… တစ်ခွက်တည်း သောက်တာ တွေ့လိုက်တယ်နော.. နောက် တခြား တံဆိပ်တွေနဲ့ လဲပေးရဦးမလား…”
“ နေပါကွာ…” မိုဟုန်ရှန်း ခေါင်းရမ်းလိုက်ပြီး “ ငါ တပ်ထဲ ပြန်သွားရဦးမှာ… လစ်မစ် ပါမစ်အတိုင်းပဲ သောက်လို့ရတယ်… ခွင့်ရတော့မှပဲ အားပါးတရ သောက်လို့ရအောင် မင်းကို လာရှာတော့မယ်…”
“ အိုကေ… ကျုပ် အဲ့စကားကို မှတ်ထားမယ်… အချိန်ကျလာရင်တော့ မမူးမချင်း မပြန်ကြေးပဲ…”
မိုဟုန်ရှန်း ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူ ဘေးဘီကို တစ်ချက် အကဲခတ်လိုက်ပြီး ဘယ်သူမှ ရှိမနေမှန်း သေချာတော့မှ “ မင်း အခု အချိန်နည်းနည်းလောက် ရလား… ရရင် ငါ မင်းကို ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ချို့လောက် ပြောချင်တယ်..”
“ ပြောလေ.. ကျုပ်တို့ချင်း အပြင်လူမှ မဟုတ်ပဲကို…ဒီလိုမျိုး စကားခံနေစရာ မလိုပါဘူး….”
“ ဒါဆို ရှေ့က သီးသန့်ခန်းထဲ စကားသွားပြောကြတာပေါ့…”
“ ကောင်းပြီလေ…”
ဤသို့ဖြင့် လင်းရီနှင့် မိုဟုန်ရှန်းတို့ တံခါးတွန်းဖွင့်၍ သီးသန့်ခန်းထဲ ဝင်လာခဲ့ကြသည်။
အထဲရောက်တော့ မိုဟုန်ရှန်းမှ စီးကရက်ဘူးထုတ်လိုက်ပြီး “ ဒီထဲ ဆေးလိပ်သောက်လို့ ရတယ်မလား…”
“ ခင်များ လုပ်ချင်သာတာလုပ်….”
မိုဟုန်ရှန်း ပြုံး၍ ခေါင်းညိမ့်လိုက်ပြီး လင်းရီကို တစ်လိပ်ပေးလိုက်သည်။ လင်းရီလည်း မငြင်းလိုက်ပေ။ နှစ်ယောက် တစ်ယောက်ကလှည့်စီ မီးညှိရင်း အရင်ဆုံး တစ်ဖွာ ဖွာလိုက်တော့ ဆေးလိပ်ငွေ့တို့က အခန်းထဲ လွင့်မြောသွားခဲ့လေသည်။ ထိုစဉ် မိုဟုန်ရှန်း သူ့ ကုတ် အင်္ကျီ အတွင်း အိတ်ထောင်ထဲ နှိုက်၍ နီညိုရောင် လေးထောင့်တံဆိပ်တစ်ခုကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။
တံဆိပ်က ကြီးကြီးမားမားတော့မဟုတ်။ အချင်း သုံးလေး စင်တီမီတာမျှသာ ရှိသည်။
၎င်းတံဆိပ်ပေါ်တွင် ရွှေရောင်တံစဉ်တစ်ခုနှင့် ကြယ်ငါးပွင့် ပါရှိပြီး ဂျုံနှံတို့ဖြင့် ဝန်းရံထားကာ လွန်စွာမှ ထူးခြားနေပုံပေါ်သည်။
“ အစ်ကိုရှန်း.. ဒါက ဘာလေးလဲ…”
“ ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်…” မိုဟုန်ရှန်းပြောလိုက်ပြီး “ အကြီးအကဲရန်ရဲ့ ကိုယ်ပိုင် သက်တော်စောင့်အပြင်… ငါက ကျုံးဝေ့တပ်ဖွဲ့ရဲ့ အရန်တပ်ဖွဲ့ဝင်တစ်ဦးပဲ…”
“ ဟမ်…”
လင်းရီ စိတ်ထဲ အထိတ်တလန့် ဖြစ်ပျက်သွားခဲ့သည်။ သူ မိုဟုန်ရှန်းနှင့် လက်ရည်စမ်းဖူးသောကြောင့် တစ်ဖက်သူ မည်မျှ သန်မာအားကောင်းလဲဆိုတာ ကောင်းကောင်းကြီး နားလည်လေသည်။ ထိုသို့သော ကျွမ်းကျင်သူကပင် အရန်တပ်ဖွဲ့ဝင်အဆင့်မျှဆိုတော့ အဆိုပါ ကျုံးဝေ့တပ်ဖွဲ့က မည်မျှ အံ့အားသင့်ဖို့ ကောင်းလိုက်ပါမည်နည်း။
“ အဲ့တာ တပ်ဖွဲ့အသစ်လား..”
မိုဟုန်ရှန်း ခေါင်းရမ်းလိုက်သည်။
“ သူ့သမိုင်းက နှစ်တစ်ရာကျော်နေပြီ… ဒါပေမယ့် လူရှေ့သူရှေ့ ဘယ်တော့မှ ထွက်ပေါ်မလာခဲ့ဖူးဘူး..”
“ နောက်ပြီးတော့ကော.. ဒါပေမယ့် အစ်ကိုရှန်းလိုလူကတောင် အရန်တပ်ဖွဲ့ဝင် အဆင့်ပဲဆိုတော့ အဲ့ဒီ ကျုံးဝေ့တပ်ဖွဲ့က သေချာပေါက် သာမန်တော့ မဟုတ်လောက်ဘူးထင်တယ်…”
မိုဟုန်ရှန်း ငြင်းဆန်ခြင်းမရှိစွာဖြင့် ခေါင်းညိမ့်ဝန်ခံလိုက်သည်။
“ မင်းမှန်တယ်… တကယ်လို့ မင်း အဲ့ဒီ အဖွဲ့အစည်းထဲ ဝင်ချင်တယ်ဆိုရင် မင်းရဲ့ တန်းထျန်ထဲက အတွင်းအားကို သေချာ အသုံးချတတ်မှ ရမယ်ဆိုတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတစ်ခု ရှိတယ်… ဒါပေမယ့် ငါကတော့ အသုံးချနိုင်လောက်တဲ့အထိ မကျွမ်းကျင်သေးဘူး.. ဒါကြောင့်မို့ အရန်တပ်ဖွဲ့ဝင်ပဲ ဖြစ်နေတာပေါ့….”
“ ဒါပေမယ့် အဲ့တာက အသုံးဝင်လို့လား…” လင်းရီ သူ့စိတ်ထဲ လျှပ်တပြက် ပေါ်ပေါက်လာသည့် မေးခွန်းအား ထုတ်ပြောလိုက်ပြီး “ ကျုပ် တန်းထျန်ထဲက အတွင်းအားကို အသုံးချတတ်ကြောင်းတော့ ဝန်ခံပါတယ်… ဒါပေမယ့် တစ်စုံတစ်ယောက်က သေနတ်နဲ့ လာပစ်ရင်တော့ သေနိုင်နေတုန်းပဲလေ.. ကျုပ်ရဲ့ စကေးတွေက အစ်ကိုရှန်းထက် ကျွမ်းကျင်နေတယ်ဆိုရင်တောင် ဘာမှ ထူးခြားသွားတာ မရှိပါဘူး… “
ထိုမေးခွန်းကို ကြားတော့ မိုဟုန်ရှန်း နှုတ်မှ ဆတ်ခနဲ ပြန်ပြောချင်နေသော်လည်း သူ၏ စိတ်ကို အတင်းချုပ်တည်းထားရင်း စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်နေလိုက်သည်။
အချို့ကိစ္စများက ထုတ်ပြောရန် အချိန်မတန်သေးချေ။
“ ဒီလိုကွာ… မင်း နှစ်သစ်ကူး မတိုင်ခင်တုန်းက ရန်ချိန်ကို သွားခဲ့သေးတယ်မလား….”
လင်းရီ ခေါင်းညိမ့်လိုက်သည်။
“ ခင်များက အဲ့တာကို သိနေတယ်လား…”
“ ဒီတိုင်း သတင်းကြားမိလို့ပါ… ဒါပေမယ့် မပူနဲ့… ငါတို့ မင်းနောက်ကို နောက်ယောင်ခံ လိုက်နေတာ မဟုတ်ဘူး… ဒီတိုင်း မင်း တစ်ချို့ လူတွေနဲ့ ပြဿနာ ဖြစ်ပြီး သတိထားမိသွားတာ…”
လင်းရီ မေးစေ့ကုတ်ရင်း ခေါင်းကို ဖြည်းညင်းစွာဖြင့် တဆတ်ဆတ် ညိမ့်လိုက်သည်။
“ လီမိသားစုနဲ့ ဝေ့မိသားစုလေ… ဒါပေမယ့် ဒီတိုင်း ပါမွှားလေးတွေပါပဲ….”
“ အေး အဲ့ဒီ ပါမွှားလေးကလည်း အစပျိုးမှု တစ်ခုပဲ… “ မိုဟုန်ရှန်း ပြောလိုက်ပြီး “ ခု ကျုံးဝေ့တပ်ဖွဲ့က မင်းကို ခေါ်ယူချင်နေတယ်… ဒါပေမယ့် မင်းရဲ့ ထူးခြားတဲ့ အဆင့်အတန်းကြောင့် အကြီးအကဲရန်ကို အရင်ဆုံး ဆက်သွယ်အကြောင်းကြားလိုက်တာ… အဲ့တာ ဒီကိစ္စအပေါ် မင်း ဘယ်လို အမြင်ရှိလဲဆိုတာ ငါသိချင်တယ်…”
“ ကျုပ်မှာ ထူးခြားတဲ့ တိုက်ခိုက်ရေး နည်းပညာ ရှိတာနဲ့ပဲ သူတို့က ခေါ်ယူချင်နေတယ်ပေါ့…” လင်းရီ ပြောလိုက်ပြီး “ ဒီခေတ်က လက်သီးချင်း ယှဉ်ပြိုင် ထိုးသတ်တဲ့ ခေတ်မှ မဟုတ်တော့တာ… ကျုပ်တို့ရဲ့ တစ်ဦးတစ်ယောက်ချင်း တိုက်ခိုက်ရေး စွမ်းရည်တွေက ထူးကဲသာလွန်နေရင်တောင် အများကြီး ခြားနားသွားစေမှာမှ မဟုတ်ပဲနဲ့ တကယ့် အမှန်အကန် အကျိုးသက်ရောက်မှု ရှိစေတာက ခေတ်မှီနည်းပညာတွေပဲ… လူတစ်ယောက် ဒါမှမဟုတ် တပ်ဖွဲ့တစ်ဖွဲ့ကလည်း မဟုတ်ဘူး…”
“ မင်းပြောတာက အဓိပ္ပာယ် ရှိပါတယ်… ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့က စစ်ရေး မစ်ရှင်တွေကို ထမ်းဆောင်နေတာ မဟုတ်ဘူး.. သူတို့က လျှို့ဝှက်မစ်ရှင်တစ်ခုကို ဆောင်ရွက်နေတာ… အသေးစိတ် ပြောပြပေးလို့မရတာတော့ မင်းနားလည်ပေးပါ…”
လင်းရီ ခေါင်းမော့၍ မိုဟုန်ရှန်းကို သေချာကြည့်လိုက်သည်။ မိုဟုန်ရှန်းကလည်း သူ့ပြန်စိုက်ကြည့်နေပြီး အချိန်မှာ တဒင်္ဂ ရပ်တန့်သွားသည့်နှယ်ပင်။ဆယ်စက္ကန့်မျှ ကြာပြီးနောက် လင်းရီဘက်မှ စကားအရင် စလာခဲ့ပြီး “ ကျုံးဝေ့တပ်ဖွဲ့ ထမ်းဆောင်နေတဲ့ မစ်ရှင်က သမိုင်းမတင်မီ အဖွဲ့အစည်းနဲ့ ဆက်နွယ်နေတာလား…”
ထိုစကားများ ပြောပြီးသည်နှင့် တစ်ပြိုင်နက် မိုဟုန်ရှန်း၏ အမူအရာမှာ ချက်ချင်း အေးခဲတုန်လှုပ်သွားခဲ့တော့၏။ သူ့နှုတ်ခမ်းပင် တဆတ်ဆတ် တုန်ယင်သွားခဲ့ပြီး လင်းရီ ဤအကြောင်း သိနေလိမ့်မည်လို့ သူ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
“ မင်းလည်း ငါ့အထောက်အထားကို ကောင်းကောင်းကြီး သိပါတယ်…. အမိန့်တွေကို ငါ့ဘက်က တသွေမတိမ်း လိုက်နာဖို့ တာဝန်ရှိတယ်.. ဒီတော့ တချို့ကိစ္စတွေကျ ငါမင်းကို ပြောပြဖို့ မဖြစ်နိုင်ဘူး.. ဒါပေမယ့် ဒီနေ့ စကားတွေကိုတော့ ငါ အကြီးအကဲရန်ဆီ ပြန် အစီအရင်ခံလိုက်မယ်.. ငါ့အထင်တော့ သိပ်မကြာခင် အကြီးအကဲရန် မင်းနဲ့ တွေ့ဖြစ်လောက်တယ်.. တကယ်လို့ မင်းမှာ မေးစရာတွေ ရှိတယ်ဆိုရင် သူနဲ့တွေ့မှ မေးပေါ့..”
သိသာစွာဖြင့် လင်းရီ မှန်မှန်ကန်ကန် ခန့်မှန်းနိုင်လိုက်လေသည်။ သို့သော်လည်း မိုဟုန်ရှန်း၏ အမြင်တွင်တော့ လင်းရီ၏ မေးခွန်းကို ပြန်ဖြေသည်က လျှို့ဝှက်အချက်အလက်များအား ပေါက်ကြားစေသည်နှင့် တူညီသောကြောင့် သူ တစ်ခွန်းမှ ဟ၍ မရချေ။
လင်းရီ ကျုံးဝေ့ တပ်ဖွဲ့အတွင်း ဝင်လိုခြင်း ရှိမရှိကိုလည်း သူ များများစားစား မေးမြန်း၍ မရနိုင်ပေ။ စကားဝိုင်းသည်လည်း ယခုလို အခြေအနေအထိ ကျရောက်လာပြီးဖြစ်သောကြောင့် အဆုံးသတ်ရတော့မည့် အချိန်ပင်။
“ ကောင်းပြီလေ… ကျုပ် သဘောပေါက်ပါတယ်.. အကြီးအကဲရန် အားတဲ့အချိန်သာ ကျုပ်ဆီ ဖုန်းဆက်လိုက်…”
“ ကောင်းပြီ.. ငါဆက်သွယ်လိုက်မယ်..”
“ သွားစို့… စားပြီးကုန်ကြပြီလားတောင် မသိဘူး..”
“ ငါတော့ စားချင်စိတ် မရှိတော့ဘူး..” မိုဟုန်ရှန်း ပြောလိုက်ပြီး “ ငါ ဒီအကြောင်းတွေ အကြီးအကဲရန်စီ အမြန်တင်ပြမှ ဖြစ်မှာ…. မင်းလည်း ကြိုပြီး ပြင်ဆင်ထား… သူ သိပ်မကြာခင် မင်းကို ဆက်သွယ်လာလောက်တယ်..”
“ ကျုပ်ဘက်ကတော့ အချိန်မရွေး အဆင်သင့်ပဲ..”
“ ဒါဆို ငါ အရင် လစ်တော့မယ်..” မိုဟုန်ရှန်း လင်းရီ၏ ပခုံးကို ပုတ်လိုက်ပြီး “ ရှောင်မီကို ငါကားယူသွားပြီ ပြောလိုက်.. သူမကိုတော့ မင်းပဲ လိုက်ပို့လိုက်တော့…”
“ အသေးမွှားလေးပါ… ကျုပ်တာ၀န်ထားလိုက်...”
လင်းရီ မိုဟုန်ရှန်းကို ဟိုတယ်အပေါက်ဝအထိ လိုက်ပို့ပေးလိုက်ပြီး ဝမ်ထျန်းလုံကို မောင့်ထိုင်အရက်နှစ်လုံးနှင့် Latour Castle တစ်လုံးယူဆောင်လာခဲ့ခိုင်းကာ အပြန်လက်ဆောင် ထည့်ပေးလိုက်၏။
မိုဟုန်ရှန်း ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း လင်းရီ သူ့ကိုယ်သူ ရည်ရွတ်လိုက်သည်။
“ နောက်ဆုံးတော့ တံခါးပေါက်ရှေ့ ရောက်လာခဲ့ပြီပဲ….”