ချင်မိသားစု
Vol. 65 Ch. 963
ကျီချင်းရန်၏ အသံက အင်မတန် တိုးညင်းနေပြီး ဟော်ယွမ်ယွမ် အမှတ်မထင် ကြားသွားမည်ကို စိုးရိမ်နေသည့်ပုံပင်။
“ အင်း… သွားကြမယ်…”
‘ ဟွန့်.. လူကို အနိုင်ကျင့်ဖို့ပဲ သိတဲ့ မကောင်းတဲ့လူကြီး ..’ ကျီချင်းရန် နှုတ်ခမ်းကို ဖွဖွကိုက်ပြီး ပျော့ပျောင်းညင်သာစွာ ရေရွတ်လိုက်၏။
လင်းရီ အရင်ဆုံး သံတိုင်ဖြင့် မြေကို နက်နက်တူးဆွလိုက်ပြီး ချယ်ရီပင်ပေါက်ကို အထဲ စိုက်ထားလိုက်သည်။ ပြီးလျှင် အသင့်ရောစပ်ထားသည့် မြေဆီလွှာတို့ဖြင့် သေချာအုံထားလိုက်ပြီး ရေလောင်းလိုက်လေသည်။
[ ပထမဆုံးအကြိမ် အပင်စိုက်ပျိုးမှုအတွက် အတွေ့အကြုံမှတ် တစ်သိန်း ချီးမြင့်ပေးပါတယ် ]
[ အလုပ်ပြီးမြောက်နှုန်း : ၁၀ ရာခိုင်နှုန်း ]
[ ဆုလဒ် : အပင်သန်ဆေးရည် ]
[ဆုလဒ်ကို အိမ်က မီးဖိုချောင်ထဲ ပို့ထားပေးပါတယ်…]
“ အပင်သန်ဆေး…”
[ မှန်ပါတယ်.. အပင်တွေရဲ့ ကြီးထွားနှုန်းကို ၃၀ ရာခိုင်နှုန်းအထိ မြန်ဆန်စေပါတယ်…]
“ အင်း.. သိပ်တော့ အသုံးမဝင်ဘူးပဲ…. ငါ့အတွက်ဆိုရင်ပေါ့…”
ထိုသို့သော ဆုလဒ်မျိုးက ယခု အလုပ်အကိုင်အတွက်သာ အသုံးဝင်ပြီး သူ၏ တစ်ကိုယ်ရည်ကိုယ်ကာယ အတွက်တော့ အထောက်အကူ မဖြစ်စေပေ။
သို့တိုင်အောင် လင်းရီသည်လည်း ဆုလဒ်ကို လဲလှယ်ပိုင်ခွင့်မရှိသောကြောင့် လက်ခံရုံသာ တတ်နိုင်တော့၏။
အနည်းငယ် အမှိုက်ဆန်နေသော်လည်း လုံးဝ အသုံးမဝင်သည်မျိုး မဟုတ်ပေ။
[မစ်ရှင် - မြေကို ထယ်ထိုး၍ တစ်ခြံလုံးအား ပန်းပေါင်းစုံ ဝေဆာနေပါစေ… ]
[ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
မစ်ရှင်အသစ်ကို မြင်တော့ လင်းရီ စပြီး တွေးတောလိုက်သည်။
သူ့တွင် ဖန်လုံအိမ်တစ်လုံးနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းတစ်ခု ရှိထားပြီး ၎င်းတို့၏ အကျယ်အဝန်းကလည်း တော်တော်လေး မသေးပေ။ ထို့ကြောင့် ဤမစ်ရှင်ပြီးမြောက်ရန် သုံးရက်ခန့်တော့ အချိန်ပေးရပေမည်။
သို့သော် လက်ရှိ ရာသီဥတု အခြေအနေက အနည်းငယ် ချမ်းအေးနေဆဲ ဖြစ်သောကြောင့် ဖန်လုံအိမ်က အဆင်ပြေလိမ့်မည် ဖြစ်သော်လည်း ဟင်းသီးဟင်းရွက် စိုက်ခင်းကတော့ အသုံးပြုနိုင်ဦးမည် မဟုတ်ချေ။ မစ်ရှင်ပြီးမြောက်ရန်က ခန့်မှန်းထားသည်ထက် အချိန်အနည်းငယ်တော့ ကြန့်ကြာနေလောက်၏။
အဆိုပါ မနက်ပိုင်းတွင်တော့ လေးယောက်သား ပျိုးပင်ပေါက် ဆယ်ပင်ကို စိုက်ပျိုးနိုင်လိုက်သည်။ ဤသည်က လင်းရီ၏ မှန်းချက်နှင့် တော်တော်လေးကို ဝေးကွာနေသေးလေသည်။ အရေးထဲ ကောင်းကြီးမှ ပေါက်ပြားဖြင့် မြေလှန်ရင်း ခြေထောက်ခုတ်မိသောကြောင့် ဆေးထည့်ပေးလိုက်ရသေး၏။
“ ကောင်းကြီး… မင်း ဒီလောက်လေးတောင် မလုပ်တတ်မှတော့ မင်းတော့ သွားပြီပဲ…” လင်းရီ ပြောလိုက်၏။
“ အစ်ကိုကြီးလင်းကလည်း .. ကျုပ်မှ ဒီလိုမျိုးအလုပ်တွေ တစ်ခါမှ မလုပ်ဖူးပဲကို…” ကောင်းကျုံးယွမ်မှ ပြန်လည် စောဒကတက်လိုက်ပြီး “ ဒီလောက် လုပ်ပေးတာတောင် ကျေးဇူးတင်သင့်တယ်…”
“ မင်းပြန်ရင် ဂျင်ဆင်းယူသွား… ကိုယ့်ကိုယ်ကို အားပြည့်ဖြည့်လိုက်…”
“ အာ… ဘာမှလည်း မဆိုင်ပဲနဲ့….”
ခေတ္တ အနားယူပြီးနောက် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့မှ ချက်ပြုတ်ရန် ထွက်ခွာသွားကြလေသည်။
လင်းရီကတော့ ဆက်လက် အပင်စိုက်နေလိုက်၏။ မွန်းလွဲ တစ်နာရီလောက်ရောက်တော့ လင်းရီနှင့် ကောင်းကျုံးယွမ်တို့ အိမ်ရှေ့မြေကွက်လပ်ထဲ ထမင်းစားရန် ရောက်လာကြလေသည်။
“ ကောင်လေး… နင်တို့ ဝယ်လာခဲ့တဲ့ မျိုးစေ့တွေ ပြန်လဲခဲ့လိုက်ပြီလား…”
သူတို့ စားသောက်နေကြစဉ် တစ်ဖက်ဘေးအိမ်ရှိ အမျိုးသမီးကြီးမှ လှမ်းအော်မေးလာခဲ့၏။
“ ဟုတ် … အသစ်ပဲ ဝယ်ခဲ့လိုက်တော့တယ်…”
လင်းရီ ထွေထူးရှင်းပြမနေတော့ပဲ လိုတိုရှင်းတာ ပြန်ဖြေလိုက်သည်။
အကယ်၍ ကျိုးအိုက်မင်မှ အလုပ်ထုတ်ခံလိုက်ပြီး ယွီတဲ့ချန်မှ အချုပ်ကျသွားသည်ဟု ပြည့်ပြည့်စုံစုံ ပြောပြလိုက်ပါက အမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုများ ဖြစ်ပွားသွားနိုင်ပြီး
အနာဂတ်တွင် သူတို့အား ဘဲနှင့် အာလူးများ ရောင်းမပေးတော့သည်များတောင် ဖြစ်သွားနိုင်သည်။
နေ့လည်စာ စားသောက်နေစဉ် မိုဟုန်ရှန်းဆီမှ ဖုန်းခေါ်လာခဲ့၏။အကြောင်းအရင်းကတော့ လင်းရီ မျှော်လင့်ထားသည့်အတိုင်း ရန်ကွမ်းရှမှ သူနှင့် တွေ့ချင်နေလေသည်။
သို့သော်လည်း ယခုက မွန်းလွဲပိုင်းသို့ပင် ရောက်နေပြီးဖြစ်သောကြောင့် လင်းရီ နောက်တစ်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်၏။ သူ့အတွေးများကို ပြန်လည်စုစည်းရန် လိုအပ်နေပြီး လက်ထဲရှိ အလုပ်များအား ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်နေသေးသည်။
ထိုမွန်းလွဲနောက်ပိုင်းတွင်တော့ လေးယောက်မှာ အလုပ် သိပ်လုပ်မနေပဲ ငါးကန်သို့ သွား၊ ငါးမျှားရင်း ဘဝမှာ အင်မတန် သက်တောင့်သက်တာ ရှိစွာဖြင့် ဖြတ်သန်းနေတော့၏။ လင်းရီ၏ အစီအစဉ်အတိုင်းဆိုပါက သူတို့ ရွာတွင် ညအိပ်နေကြမည် ဖြစ်သော်လည်း ရန်ကွမ်းရှ၏ ချိန်းဆိုမှုကြော့် ညနေပိုင်းတွင် ကျိုကျုံးဗီလာသို့ ပြန်လာခဲ့လိုက်ကြသည်။
နောက်တစ်နေ့နံနက်ခင်း ရှစ်နာရီဝန်းကျင်လောက်တွင် ကျီချင်းရန် ချောင်ရန်အုပ်စုသို့ ကားမောင်း၍ ထွက်ခွာသွားခဲ့၏။ သို့သော်လည်း သူမ ဝက်ပေါက်လေးများ မွေးချင်သည့် အတွေးကို မမေ့ပျောက်နိုင်သေးချေ။ ကံဆိုးချင်ပြန်တော့လည်း ဝက်ပေါက်လေးများက မွေးလောက်သည့် အနေအထားသို့ မရောက်သေးသောကြောင့် သူမ အဆိုပါ ကိစ္စအား ခေတ္တ ဘေးချိတ်ထားရတော့၏။
တပ်ဝင်ပေါက်ဝရောက်တော့ လင်းရီ မိုဟုန်ရှန်းထံ ဖုန်းဆက်လိုက်ပြီး တာဝန်ကျအစောင့်နှင့် ဖုန်းပေးပြောကာ တစ်ဖက်သူမှလည်း လင်းရီကို ချက်ချင်း အထဲသို့ ပေးဝင်လိုက်လေသည်။
မိုဟုန်ရှန်း သူ့အား ပို့ပေးလာခဲ့သည့် လိပ်စာအတိုင်း လိုက်လာရင်း လင်းရီ ကားကို နေထိုင်ရာခြံဝန်းထဲသို့ မောင်းနှင်လာခဲ့၏။
ရန်ကွမ်းရှနေသည့် နေရာက တောကျလေသည်။ လမ်းမှာလည်း ကားတစ်စီး ကောင်းကောင်းသွားနိုင်ရုံမျှသာ ကျယ်ဝန်းပြီး ဘေးတွင်တော့ သစ်ပင်ပန်းမန် အပြည့်နှင့် ဖြစ်၏။
လင်းရီ ကားကို ထိုးရပ်လိုက်တော့ မိုဟုန်ရှန်းမှ သူ့အား အပြင်ထွက်၍ စောင့်နေကြောင်း မြင်တွေ့လိုက်ရသည်။
“ စောင့်နေတာ ကြာရောပေါ့..” လင်းရီ ပြုံးလိုက်၏။
“ ငါလည်း ခုမှ ရောက်တာပါကွာ..”မိုဟုန်ရှန်း ပြောလိုက်ပြီး “ တက်သွားကြစို့… အကြီးအကဲရန်က မင်းကို မျှော်နေတာ…”
“ အင်း… ကျေးဇူးပြုပြီး…” လင်းရီ လမ်းပြပေးရန် တောင်းဆိုလိုက်၏။
မိုဟုန်ရှန်း၏ ဦးဆောင်မှုအောက်တွင် လင်းရီ မိုဟုန်ရှန်း နားနေသည့် နေရာသို့ ရောက်ရှိလာလေသည်။ သူမူလက အိမ်တွင်း၏ အပြင်အဆင်ကို မှန်စီရွှေချ ခမ်းနားကြီးကျယ်နေမည်ဟု မျှော်လင့်ထားခဲ့သော်လည်း လူကိုယ်တိုင် ရောက်ရှိလာသည့်အချိန်တွင်တော့ မည်သည့် ကြီးကျယ်ခမ်းနားသည့် အသုံးအဆောင် ပစ္စည်းကိုမျှ လင်းရီ မမြင်တွေ့ရချေ။ သားသားနားနား ရှိသည့်အရာဆိုလို့ ရထားသည့် ရဲဝံ့သည့် ဆုတံဆိပ်များအား မှန်ဘောင်သွင်းထည့်ထားသည့် အရာတစ်ခုမျှသာ ရှိပေမည်။ သာမန်ဆန်သည့် နေရာကို ကြည့်ရင်း လင်းရီ၏ စိတ်ခံစားချက်တို့ကလည်း သဘာဝထဲ ကျရောက်သွားသကဲ့သို့ ခံစားနေရ၏။ထို့ပြင် အခန်းထဲ ရေနွေးကြမ်း လက်ဖက်ခြောက်အနံ့ကလည်း ထုံသင်းပျံ့လို့နေသည်။
“ လာပြီလား… ငါမင်းကို စောင့်နေတာ တော်တော်လေးတောင် ကြာနေပြီ..” ရန်ကွမ်းရှ ပြောလိုက်ပြီး “ ဒီမှာ အမောပြေ ရေနွေးကြမ်း အရင်သောက်လိုက်ဦး.. မီလိလေး ငါ့အတွက် ယူလာခဲ့ပေးတာလေ… တော်တော်လေး ကောင်းတယ်…”
“ အကြီးအကဲရန်က ယဉ်ကျေးလွန်းနေပါပြီ… ကျုပ်တို့ချင်း အပြင်လူမှ မဟုတ်ပဲကို…”
“ အင်း… အဲ့တာလည်း ဟုတ်ပါတယ်… “ ရန်ကွမ်းရှ ပြောလိုက်ပြီး “ အဲ့ဒါဆို ငါမင်းကို တည့်တိုးပဲ မေးမယ်.. မင်းအဲ့ဒီ သမိုင်းမတင်မီ ကိစ္စတွေ အကြောင်း ဘယ်လိုလုပ်ပြီး ရှာတွေ့သွားခဲ့တာ…”
ရန်ကွမ်းရှ ယခုလို မေးခွန်းမျိုး မေးလာလိမ့်မည်လို့ လင်းရီ မျှော်မှန်းထားပြီး ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင် သူ့အတွက် မေးခွန်းအား ဖြေဆိုရန် မည်သို့မျှ မဖြစ်နိုင်ချေ။
“ အဲ့တာတော့ ကျွန်တော် ပြောပြလို့မရဘူး..” လင်းရီ ပြောလိုက်ပြီး “ တခြားအကြောင်းပဲ ပြောကြတာပေါ့…”
“ ငါ့ကိုတောင် ပြောပြလို့ မရဘူးလား…”
လင်းရီ ခေါင်းညိမ့်လိုက်၏။
“ အင်း… “
ရန်ကွမ်းရှ ထိုင်ခုံနောက်သို့ ကျောပြန်မှီသွားခဲ့ပြီး သူ၏ ရှုံ့တွနေသည့် လက်ကတော့ လက်တင်နေရာကို အဆက်မပြတ် တတောက်တောက်လုပ်နေလေသည်။ အချိန်ကြာအောင် အတွေးနက်နေပြီးနောက် သူ အစမ်းသဘောလေသံဖြင့် “ ချင်မိသားစုက မင်းကို ပြောပြခဲ့တာလား..”
“ ဟမ်…”
လင်းရီ လက် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး သောက်လတ္တံ့ ရေနွေးကြမ်းခွက်ပင် ပါးစပ်ဖျား၌ ဖိတ်စင်လုနီးပါး ဖြစ်သွားခဲ့၏။
ရန်ကွမ်းရှ ပြောသည့် ချင်မိသားစုက ချင်းဟန်၏ ချင်မိသားစု မဖြစ်နိုင်ကြောင်းကိုတော့ လင်းရီတပ်အပ်သိသည်။ အခြား မိသားစု တစ်ခုကသာ ဖြစ်ရပေမည်။
သို့သော်လည်း အဆိုပါ ချင်မိသားစုက မည်သည့် အရပ်ဌာနေကနည်း။
ထိုချင်မိသားစုက သမိုင်းမတင်မီလူ့အဖွဲ့အစည်းအကြောင်း သိရှိနေမည်ကတော့ သံသယရှိနေရန် လိုအပ်လိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်ပင် သူတို့ နာမည်က အဘယ်ကြောင့် ယခုလိုအချိန်၌ ရန်ကွမ်းရှ၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာရသနည်း။
ရေနွေးကြမ်း အရသာခံကြည့်ပြီးနောက် လင်းရီ ခေါင်းခါရမ်းလိုက်သည်။ “ သူတို့နဲ့ ဘာမှမဆိုင်ဘူး.. ဘယ်သူကမှ ကျွန်တော့်ကို ဒီအကြောင်း ပြောပြခဲ့တာ မဟုတ်ဘူး…”
ဤတစ်ကြိမ်တွင်တော့ ရန်ကွမ်းရှ၏ အမူအရာမှာ လုံးဝ ငြိမ်သက်သွားခဲ့တော့၏။
အကယ်၍ ချင်မိသားစု မဟုတ်ဘူးဆိုပါက မည်သူက ထိုအကြောင်းတို့အား ပြောပြခဲ့သနည်း။
ဧကန္တ လင်းကျင်ကျန်း ပြန်လာခဲ့သည်များလား။
သို့သော်လည်း သူ၏ အကျင့်စရိုက်ဖြင့် ဆိုပါက အကယ်၍ အမှန်တကယ် ပြန်လာခဲ့လျှင် လင်းရီအား အကြောင်းစုံ ရှင်းပြမည်မှာ သေချာသလောက်ပင်။
“ မင်း သတင်းအရင်းအမြစ်က လုံခြုံစိတ်ချရတယ်လို့ အာမခံနိုင်လား…” ရန်ကွမ်းရှ မေးမြန်းလိုက်၏။
“ သေချာတာပေါ့..” လင်းရီ ပြောလိုက်ပြီး “ နိုင်ငံကို ဘယ်လို အန္တရာယ်မှ သယ်ဆောင်လာမှာ မဟုတ်ပါဘူ..”
ထိုသို့ ပြောပြီးနောက် လင်းရီ ထပ်မံ စကားမပြောပြီး ခေတ္တ တုံ့ဆိုင်းနေပြီး “ ပြီးတော့ ကျွန်တော်က ဘယ်အဖွဲ့အစည်းဝင်မှလည်း မဟုတ်ဘူး… အကြီးအကဲရန် စိတ်ချလက်ချ နေလို့ရတယ်…”
မူကလတော့ လင်းရီ ယနေ့ စကားဝိုင်းတွင် ခေါင်းစဉ်တည်ချင်သည်က သမိုင်းမတင်မီ လူ့အဖွဲ့အစည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များပင်။
သို့သော်လည်း ရန်ကွမ်းရှမှ ချင်မိသားစုနာမည် ထုတ်ပြောလာချိန်တွင်တော့ သူ၏ အတွေး အလုံးစုံမှာ ထိုနာမည်အပေါ် ကျရောက်သွားခဲ့တော့သည်။
အဆိုပါ ချင်မိသားစုက သူနှင့် တမျိုးတဖုံ ဆက်စပ်နေရမည်ဟုလည်း လင်းရီ ရေးတေးတေး ခံစားနေရ၏။
“ အဲ့လိုကြားရတော့ စိတ်ချသွားပါပြီ…”ရန်ကွမ်းရှ ပြောလိုက်ပြီး “ ခု ဒီအကြောင်းတွေ မပြောသေးနဲ့ဦး… ငါမင်းကို ကျုံးဝေ့တပ်ဖွဲ့အကြောင်း အရင်ရှင်းပြမယ်..”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ရန်ကွမ်းရှ စကားဆက်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
“ အခု… ကျုံးဝေ့တပ်ဖွဲ့က မင်းကို တပ်ဖွဲ့ဝင်အနေနဲ့ စုဆောင်းချင်နေတယ်.. အဲ့ကိစ္စ မင်းဘယ်လို မြင်လဲ….”
“ စုဆောင်းတာကတော့ အဆင်ပြေပါတယ်… ဒါပေမယ့် ကျွန်တော့်ကို အဲ့ဒီတပ်ဖွဲ့အကြောင်းတော့ အရင်ရှင်းပြပေးဦးမှပေါ့…”
ကြိုတင်ပြင်ဆင်ထားပြီးသည့်နှယ် ရန်ကွမ်းရှ အဖြေဖြေဖို့ တုံ့ဆိုင်းမနေခဲ့။
“ ဒီတပ်အင်အားစုက သမိုင်းမတင်မီ လူ့အဖွဲ့အစည်းအကြောင်း စူးစမ်းလေ့လာဖို့ ဖွဲ့စည်းထားတာ… တပ်အင်အားစု ဆိုလို့ တော်တော်လေး တင်းကြပ်တယ် ထင်ရပေမယ့် အရမ်းကြီး တင်းကြပ်နေတာတော့မဟုတ်ဘူး.. ပိတ်ရက်တွေ အနားယူလို့ရတဲ့ ရက်တွေလည်းရှိတယ်.. ဘာပဲပြောပြော မင်းစိတ်ကူးထားသလောက် ဆိုးရွားမနေမှာတော့ အမှန်ပဲ..”
“ ဒီလိုမျိုး ဆန်းကြယ်တဲ့ တပ်ဖွဲ့ဆိုတော့ ဟွာရှလူမျိုးတွေချည်းပဲတော့ မဟုတ်လောက်ဘူးထင်တယ်..”
ရန်ကွမ်းရှ ခေါင်းညိမ့်လိုက်ပြီး “ နိုင်ငံအသီးသီးက လူတွေလည်း ဒီအထဲ ပါတယ်.. အဲ့ထဲမှာ ခေတ်မှီနည်းပညာနဲ့ သက်ဆိုင်တဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေလည်း အများကြီးပဲ… စစ်တပ်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ အရေးပါဆုံး နေရာတစ်ခုလို့တောင် ပြောလို့ရတယ်…”