← Chapters

မွေးရင်းအမေ ချင်ရင်ယွဲ့

Vol. 65 Ch. 964

မွေးရင်းအမေ ချင်ရင်ယွဲ့

Vol. 65 Ch. 964

လင်းရီ ခေါင်းညိမ့်လိုက်၏။ သို့သော်လည်း သိပ်နားမလည်သေးသည့် ဟန်ဖြင့် “ ဒါပေမယ့် အဲ့ဒီနေရာနဲ့ ပတ်သက်ပြီး သတင်းတွေ တစ်ခါမှ မကြားဖူးသလိုပဲ…”

“ ဘာလို့လဲဆိုတော့ နိုင်ငံအသီးသီးရဲ့ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်နေလို့လေ… နိုင်ငံ့လုံခြုံရေး ကောင်စီက သတင်းမလွှင့်သရွေ့ ဘယ်သူကမှ ဒီအကြောင်းတွေ မသိနိုင်ဘူး…”

“ အဲ့ဒါက ဘယ်နေရာမှာ…”

“ မြောက်လတ္တီကျု ၃၀ ဒီဂရီမှာ တည်ရှိတဲ့ တိလိရာ့ ကျွန်းပေါ်မှာ..”

“ တိလိရာ့….”

“ အင်း.. နှစ်ပေါင်းများစွာ သုတေသနတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ရှေးဟောင်း တိလိရာ့ လူ့အဖွဲ့အစည်းက အဲ့ဒီနေရာမှာ ရှိခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်.. သက်သေအပိုင်းအစ အများအပြားကလည်း အမှန်တကယ် တည်ရှိခဲ့ကြောင်း ဖော်ပြထားပြီးတော့ သူတို့ရဲ့ နည်းပညာတွေက ငါတို့ရဲ့ လက်ရှိ နည်းပညာထက်ကို သာလွန်နေတယ်..”

“ ပိုပြီး အသေးစိတ်ကျကျလေး ရှင်းပြပေးပါလား အကြီးအကဲ…”

“ ရှေ့ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အမေရိကန် သုတေသန အဖွဲ့ကနေပြီး အဲ့ဒီကျွန်းပေါ်မှာ ဘတ်ထရီတွေ ရှာတွေ့ခဲ့တယ်..”

“ အာ… ဘတ်ထရီတွေ…” လင်းရီ ပါးစပ်ပင် မစေ့နိုင်လောက်သည်အထိ အံ့အားသင့်သွားခဲ့ပြီး “ အကြီးအကဲရန် .. ခင်များ ကျွန်တော့်ကို လာနောက်နေတာတော့ မဟုတ်ဘူးမလား…”

“ ကောင်စုတ်လေး… ဒီလိုအချိန်မျိုးမှာ ငါကနောက်ဖို့ အာရုံရှိပါ့ဦးမလားကွ…” ရန်ကွမ်းရှ ပြောလိုက်ပြီး “ အဲ့တာက ရွှံစေး‌အိုး.. ရေနံကတ္တရာ .. သတ္တုချောင်းတွေနဲ့ လုပ်ထားတာ… ဒီနေ့ခေတ် အိတ်ဆောင် ဘတ်ထရီတွေနဲ့တော့ ကွာဟနေသေးတာပေါ့…”

“ အဲ့တာဆို သူတို့ရဲ့ နည်းပညာ အဆင့်အတန်းက ကျွန်တော်တို့ထက် နိမ့်ကျနေတယ် မဟုတ်ဘူးလား...." လင်းရီ ပြောလိုက်၏။

“ မှန်တယ်… ဒါပေမယ့် ရှာဖွေတွေ့ရှိမှုက အဲ့ဒီ တစ်ခုတည်းနဲ့ မပြီးသွားသေးဘူး… သုတေသန ဝန်ထမ်းတွေက အဲ့ဒီကျွန်းပေါ်မှာ ယူရေနီယမ် သတ္တုရိုင်း မိုင်းတွင်းတွေ ရှာတွေ့ခဲ့သေးတယ်.. ပြီးတော့ စွန့်ပစ်ထားတဲ့ နျူးကလိယ ဓာတ်ပေါင်းဖိုကောပဲ.. အဲ့အထဲ အသုံးပြုထားတဲ့ နည်းပညာက တော်တော်လေးကို အဆင့်မြင့်တယ်… ငါတို့ရဲ့ လက်ရှိ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လိုက်မမှီနိုင်သေးဘူး…”

ဟစ်…

လင်းရီ လေအေးကြီး တစ်ရှိုက် ရှူသွင်းလိုက်ရသည်။

ဘတ်ထရီတစ်ခုတည်းကတော့ ဘာမျှ မဟုတ်သေးချေ။သို့သော်လည်း နျူးကလိယ ဓာတ်ပေါင်းဖိုကြီး တစ်ဖို ရှာဖွေတွေ့ရှိထားပြီး အသုံးပြုထားသည့် နည်းပညာကလည်း လက်ရှိ မော်ဒန်ခေတ် နည်းပညာတို့ထက် ပိုမိုမြင့်မားနေသည်ကတော့ ကြောက်ခမန်းလိလိကြီးပင်။

လင်းရီ ငြိမ်သက်စွာဖြင့် အတွေးနက်သွားခဲ့၏။ အကယ်၍ သူ၏ ခန့်မှန်းမှု မမှားယွင်းဘူးဆိုပါက လက်ရှိ သူ၏ စနစ်မှာလည်း အဆိုပါ လူ့အဖွဲ့အစည်းမှ ဆင်းသက်လာခဲ့သည့်ပုံပင်။ ထို့ပြင် မည်သည့် ရှုထောင့်မှု ကြည့်စေကာမူ လက်ရှိ လူ့အဖွဲ့အစည်း၏ နည်းပညာထက် အဆပေါင်းများစွာ မြင့်မားနေသေးသည်။ ထိုကျွန်းပေါ်၌ နျူးကလိယ ဓာတ်ပေါင်းဖို ရှာဖွေတွေ့ရှိသည်က သူ့လက်ဝယ် ပိုင်ဆိုင်ထားသည့် စနစ်နှင့် ယှဉ်ပါက အရေးမပါချေ။

“ အဲ့ဒီနေရာက သိပ္ပံသုတေသနတွေအတွက် အရမ်းအဖိုးတန်တော့ နိုင်ငံတိုင်းက သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေကြတာ… အဲ့ဒါနဲ့ ကျုံးဝေ့တပ်ဖွဲ့ စတင် ဖွဲ့စည်းလာခဲ့တာပဲ…”

“ ဒါပေမယ့် ကျွန်တော် တစ်ခု နားမလည်တာ…. တကယ်လို့ ကျုံးဝေ့ တပ်ဖွဲ့ဝင်တွေက တန်းထျန်ထဲက အတွင်းအားတွေကို အသုံးချနိုင်တယ်ဆိုရင် တခြားနိုင်ငံက လူတွေက ဟွာရှရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးမဟုတ်လား… မိုင်းတွင်းတူးတာနဲ့ စူးစမ်းလေ့လာတဲ့နေရာမှာ ကျွန်တော်တို့ ဟွာရှက လုံးဝ အသာစီး ရနေသင့်တယ်လေ…”

“ မင်းအဲ့လို စဉ်းစားနေတယ်ဆိုရင်တော့ မင်းအခြေအနေကို နားလည်မှု လွဲနေတာပဲ..” ရန်ကွမ်းရှ ပြုံးလိုက်ပြီး “ ဒီကမ္ဘာကြီး တစ်ခုလုံးက သာမန် အဖွဲ့အစည်းတစ်ခုတည်းကွ… ဒါပေမယ့် နှိုင်းယှဉ်ကြေးဆိုရင်တော့ ဟွာရှက သိသိသာသာ ရှည်လျားတဲ့ ယဉ်ကျေးမှုသမိုင်းကို ပိုင်ဆိုင်ထားတာပေါ့… နောက်ပြီး TV အစီအစဉ်တချို့ရဲ့ လွှမ်းမိုးမှုနဲ့ အဲ့ဒီ ဆန်းကြယ်တဲ့ ကွန်ဖူးပညာဆိုတာ ဟွာရှကနေ ဆင်းသက်လာခဲ့တယ်လို့ လူတွေ အထင်မှားကုန်ကြတာ… တကယ်တော့ အဲ့လို မဟုတ်ဘူး…”

“ ငါနှစ်တွေ အများကြီး စူးစမ်းလေ့လာပြီးတော့ တန်းထျန်ထဲက အတွင်းအားကို အသုံးချတဲ့ နည်းစနစ်ကို ရှာဖွေတွေ့ရှိခဲ့တာက ရှေးဟောင်း လူ့အဖွဲ့အစည်းတွေပဲ…သူတို့ကနေ တဆင့် တဖြည်းဖြည်း ကမ္ဘာအနှံ့ကို ပျံ့နှံ့လာခဲ့ပြီးတော့မှ ဒီနေ့လိုမျိုး ဖြစ်ပျက်လာခဲ့တာ…”

“ အဲ့လိုပြောကြေးဆို တခြားနိုင်ငံက လူတွေကလည်း ဒီလိုမျိုး ချနိုင်တယ်ဆိုတဲ့ သဘောပေါ့…”

" ငါတို့ဟွာရှရဲ့ လူဦးရေက သိပ်သည်းပြီး ဟွာရှန့်လူမျိုးတွေရဲ့ အခက်အခဲကို ကြံ့ကြံ့ခံ ရင်ဆိုင်၀ံ့တဲ့ စိတ်ဓာတ်ကြောင့် အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ငါတို့ နိုင်ငံက ကျွမ်းကျင်သူတွေ အများဆုံးပဲ..” ရန်ကွမ်းရှမှ ကျစ်ကျစ်လျစ်လျစ်ဖြင့် ပြန်ဖြေလိုက်ပြီး “ ဒါပေမယ့် ရှေ့နှစ်လောက်တုန်းကနေစပြီး ငါတို့ရဲ့ အဲ့ဒီ အားသာမှုက တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီ … ဘာလို့ဆို တချို့နိုင်ငံတွေမှာ မျိုးရိုးဗီဇကို ပြောင်းလဲနိုင်တဲ့ ဆေးရည်ကြည်တွေ ထုတ်လုပ်ပြီး အဲ့ဒီ နည်းပညာနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ကာယကို ကြံ့ခိုင်သွားစေတယ်… ပြီးတော့ တိုက်ပွဲ စွမ်းရည်တွေလည်း တိုးပွားလာစေတယ်… ဒါကြောင့်မို့ ငါတို့တွေ အဲ့ဒီကတည်းက အသာစီး မရတော့တာပဲ..”

ရုတ်ချည်းဆိုသလို လင်းရီ တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့ပြီး သူ၏ အမူအရာမှာ အေးခဲသွားခဲ့တော့၏။

' အာယာနဲမစ်ဆူက သူ့ကို မျိုးရိုးဗီဇဆေး တီထွင်ဖို့ ဆက်တိုက် မဲဆွယ်နေတာ ဧကန္တ ဒါနဲ့များ ဆက်စပ်နေသလားမသိဘူး…'

ဝူရှ်း……

လင်းရီ အသက်ပြင်းပြင်း ရှူသွင်းပြီး မှုတ်ထုတ်ပစ်လိုက်၏။ သူ့အား အချိန်အတော်ကြာအောင် ဒွိဟ ဖြစ်နေစေခဲ့သည့် မေးခွန်းတစ်ခုက ယခုလေးတင် အဖြေရှိသွားခဲ့ချေပြီ။

ထိုအကြောင်းကြောင့်မှ လွဲ၍ အခြား ဖြစ်နိုင်ချေများသည့် အကြောင်းပြချက်လည်း မရှိနိုင်တော့ချေ။ထိုသို့ဆိုပါက သူတို့ လွယ်လွယ်နှင့် လက်လျော့သွားမည့်ပုံ မပေါ်ပေ။အနာဂတ်တွင် ဤကိစ္စက သူ့အပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိလာလောက်၏။

“ ငါအခု မင်းကို ငါသိသလောက် အကုန်ပြောပြပြီးသွားပြီ..” ရန်ကွမ်းရှ ပြောလိုက်ပြီး “ အဲ့ဒီတော့.... မင်း ကျုံးဝေ့တပ်ဖွဲ့ကို ဘယ်လိုမြင်လဲ…”

“ အင်း… စမ်းကြည့်လို့တော့ အကျိုးယုတ်မယ် မထင်ပါဘူး…”

ရန်ကွမ်းရှ၌ မည်သို့သော ဖုံးကွယ်ထားသည့် ခြေလှမ်းများ ရှိနေစေကာမူ လင်းရီကတော့ သူ ထိုနေရာသို့ သွား၍ စစ်ဆေးသင့်သည်ဟု ခံစားနေရ၏။

အဘယ်ကြောင့်ဆိုသော် ထိုနေရာက စနစ် အစပြုလာသည့် နေရာဖြစ်ပြီး သွားရောက် စူးစမ်းလေ့လာသည်က ဖြစ်သင့်သည့် သဘာဝပင်။

ထို့ပြင် ကျုံးဝေ့တပ်ဖွဲ့မှာ အရမ်း မတင်းကြပ်ဟုလည်း ရန်ကွမ်းရှ ကိုယ်တိုင် စကားခံထားသေး၏။ ထို့ကြောင့် သူ၏ နေ့စဉ်ဘဝအပေါ် များစွာ အကျိုးအသက်ရောက်မှု မရှိလာနိုင်ချေ။

အချုပ်အားဖြင့် အခွင့်အရေးမှာ သူ့ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လို့လာခဲ့ပြီး သူ့ဘက်က မိမိရရ ဆုပ်ကိုင်၍ စုံစမ်းစစ်ဆေးသင့်ပေသည်။

“ မင်း သဘောတူတယ်ဆိုတော့ ငါ သူတို့ကို ဆက်သွယ်လိုက်တော့မယ်… အချိန်ကျလာရင် သူတို့ဘက်က မင်းဆီ ပြန်ဆက်သွယ်လာလိမ့်မယ်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ရန်ကွမ်းရှထံ တစ်ဖန်ပြန်ကြည့်၍ “ အကြီးအကဲရန် … ကျွန်တော် မေးခွန်း နောက်တစ်ခုလောက် ထပ်မေးချင်သေးတယ်..”

“ မေးလေ…”

“ ခင်များ စောနတုန်းက ချင်မိသားစုအကြောင်း ဘာလို့ ထုတ်ပြောလာခဲ့တာ..”

“ ချင်မိသားစုလား…”

ခေတ္တကြာအောင် အတွေးနက်နေပြီးနောက် ရန်ကွမ်းရှ လင်းရီကို ပြုံးလျက် ကြည့်လိုက်ပြီး “ ငါ ချင်မိသားစု အကြောင်း နည်းနည်းတော့ သိတယ်… ဒါပေမယ့် အဖြေကိုတော့ မင်းဘာမင်း ရှာတာက ပိုကောင်းပါတယ်…”

“ အဲ့လောက်ထိ ဆန်းကြယ်နေစရာ လိုလို့လား အကြီးအကဲ…”

“ မင်းအတွက်….... အဲ့တာက ထူးခြားတယ်… ဒီတော့ ငါ စကားအများကြီး ပြောမှာ မဟုတ်ဘူး…”

“ ကောင်းပြီလေ… ကျွန်တော် သဘောပေါက်ပြီ..”

“ ကျုံးဝေ့ တပ်ဖွဲ့က ဆက်သွယ်လာရင် ငါမင်းဆီ ပြန်ဆက်သွယ်လိုက်မယ်.. အကြောင်းထူး တစ်စုံတစ်ရာ ကြားရဖို့ သုံးလေးရက်ထက် ပိုမယ်မထင်ဘူး.. ဒါပေမယ့် ဒီကိစ္စကို လျှို့ဝှက်ထားဖို့လည်း မမေ့နဲ့… မင်း ဘယ်သူ့ကိုမှ ပြန်ပြောပြလို့ မရဘူး..”

“ ကောင်းပါပြီ…ဒါဆို ခွင့်ပြုပါဦး အကြီးအကဲရန်… ”

လင်းရီ မတ်တပ်ရပ်လိုက်ပြီး မိုဟုန်ရှန်းနှင့်အတူ ကားထံ ပြန်လာခဲ့လိုက်၏။

အပြန်လမ်းတွင်တော့ လင်ရီ၏ အမူအရာမှာ ကင်းမဲ့နေလျက်။ သူ၏ အတွေးစိတ်ထဲ၌ ရန်ကွမ်းရှနှင့် ပြောခဲ့သည့် စကားလုံးတို့ဖြင့်သာ ပြည့်နှက်နေလေသည်။ သို့သော်လည်း သူ တလိရာ့ လူ့အဖွဲ့အစည်းနှင့် ကျုံးဝေ့တပ်ဖွဲ့အကြောင်း အတွေးနက်နေခြင်း မဟုတ်ပဲ ထိုအစား ရန်ကွမ်းရှ ပြောခဲ့သည့် ချင်မိသားစုအကြောင်း တွေးရင်းနှင့်သာ သူ့ဦးနှောက် အတွေးထဲ ရေကြီးနေတော့၏။

သူ မည်မျှပင် ပြင်းပြင်းထန်ထန် အဖြေထုတ် စဉ်းစားစေကာမူ ထိုမိသားစုနှင့် ပတ်သက်သည့် သဲလွန်စ တစ်စုံတစ်ရာ သူ့ထံ ရှိမနေချေ။

မိန်းမောတွေဝေစွာဖြင့် လင်းရီ ကားကို ဟွမ်ရှီး ကျေးရွာသို့ မောင်းနှင်ရင်း ရောက်မှန်းမသိ ရောက်လာခဲ့၏။ သို့သော်လည်း ရောက်သည်နှင့် တပြိုင်နက် သူ့ကိုယ်သူ ခြံအလုပ်နှင့် အလုပ်များမနေချေ။ ထိုအစား ဖုန်းထုတ်၍ ရှန်းရှူးရီ၏ နံပါတ်ကို ဆက်သွယ်လိုက်၏။

“ ဟဲလို အန်တီရှန်း… အလုပ်များနေလားမသိဘူး…”

“ မများပါဘူး.. နင် ပြောစရာရှိရင် ပြောလေ…”

ရှန်းရှူးရီအတွက်တော့ သူမ မည်မျှ အလုပ်များနေစေကာမူ လင်းရီ ဆက်သွယ်လာလျှင်တော့ သေချာပေါက် ဦးစားပေးမည်ဖြစ်၏။

“ အန်တီ့ကို ကျွန်တော် တစ်ခုလောက်မေးချင်လို့…. တကယ်လို့ သိတယ်ဆိုရင် ကျွန်တော့်ကို သေချာပေါက် ပြောပြရမယ်နော်..”

“ ကဲ ဆိုစမ်းပါဦး... ဘာကိစ္စမို့လို့ အဲ့လောက်ထိတောင် အလေးအနက်ဖြစ်နေရတာ…”

“ ဟွာရှမှာ ချင်မျိုးရိုးနာမည်နဲ့ မိသားစု ရှိလား..”

ရှန်းရှူးရီ တဒင်္ဂမျှ တိတ်ဆိတ်သွားပြီး “ ဘာလို့ ရုတ်တရက်ကြီး ချင်မိသားစုအကြောင်း လာမေးတာ…”

“ ဒီတိုင်း သိချင်လို့ပါ…”

“ အင်း … ချင်မိသားစုက အတိတ်မှာ တော်တော်လေး အင်အားကြီးမားခဲ့တဲ့ မိသားစုပဲ... ရန်ချိန်ရဲ့ ထိပ်တန်း မိသားစု သုံးခုကြီးထဲမှာ ပါဝင်ခဲ့တာပေါ့..”

“ နောက်တော့ရော…. သူတို့ ပြန်နိမ့်ကျသွားခဲ့တာလား…”

“ ဆိုပါတော့.. အနည်းဆုံးတော့ တော်တော်လေး သိုသိပ်လာကြတယ်…” ရှန်းရှူးရီ ပြောလိုက်ပြီး “ အရင်ကလောက် မောက်မောက်မာမာ မရှိကြတော့ဘူးပေါ့…”

ရှန်းရှူးရီမှာ မည်သည့် နေရာ၌ စကား ရပ်တန့်ရမည်ကို ကောင်းကောင်း နားလည်သည်။ သူမ လင်းရီ မေးသည့် မေးခွန်ကိုသာ ဖြေသွားခဲ့ပြီး အခြား အပိုစကားတစ်ခွန်းမျှ ပြောသွားခဲ့ချင်း မရှိချေ။

“ ကျွန်တော်သိချင်တာ…. အဲ့ဒီ ချင်မိသားစုက ကျွန်တော်နဲ့ ဘယ်လို ပတ်သက်နေလဲ ဆိုတာပဲ….”

ဖုန်းတစ်ဖက်ရှိ ရှန်းရှူးရီမှာ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး “ နင် သိချင်နေတာ သေချာလား..”

“ လုံးဝ သေချာတယ်…”

“ နင့်ရဲ့ မွေးရင်း အမေက ချင်ရင်ယွဲ့လေ… သူမလည်း ချင်မိသားစုဝင်ပဲ…”

All Chapters