မင်းဘာမင်း လျှောက်မလုပ်နဲ့
Vol. 65 Ch. 965
“ ဆိုတော့ အဲ့လိုကိုး…” လင်းရီ သူ့ကိုယ်သူ စကားပြောနေဟန်ဖြင့် “ ချင်ရင်ယွဲ့… နားထောင်လို့ကောင်းတဲ့ နာမည်ပဲ…”
“ နင့်လေသံ နားထောင်ရတာ အတော်လေး တည်ငြိမ်နေတဲ့ ပုံပဲနော်..” ရှန်းရှူးရီ ပြောလိုက်ပြီး “ ငါထင်တာ နင်အရမ်း စိတ်တွေ လှုပ်ရှားသွားပြီထင်နေတာ..”
“ စိတ်လှုပ်ရှားရအောင် TV ရှိုး ရိုက်နေတာမှ မဟုတ်ပဲဗျာ….” လင်းရီ ပြောလိုက်ပြီး “ နောက်ပြီး .. ကျွန်တော်က မိဘမဲ့ ဂေဟာမှာ ကြီးပြင်းလာခဲ့တာလေ… သေချာပေါက် မွေးရင်း အမေရှိမှာပေါ့… မရှိပဲ သစ်ပင်က ပြုတ်ကျလာခဲ့တာမှ မဟုတ်တာ…”
“ နင်အဲ့လို တွေးတယ်ဆိုရင်လည်း ပြီးတာပါပဲဟယ်…” ရှန်းရှူးရီ ရယ်မောလိုက်ရင်း “ နင့်အမေနဲ့ အန်တီနဲ့က မိတ်ဆွေဟောင်းကြီးတွေ… အဲ့ဒီတုန်းက နင့်အမေရဲ့ လက်ရေးလှ အနုပညာနဲ့ စူးကျိုး ချည်ထိုးပန်းထိုးက ရန်ချိန်မှာ ပြိုင်စံရှားပဲ… နင့်အမေရှေ့မှာဆို အန်တီတောင်မှ သိမ်ငယ်သွားရတယ်…”
“ အန်တီရှန်းကလည်း… အဲ့လို မပြောစမ်းပါနဲ့…” လင်းရီ ပြောလိုက်ပြီး “ အန်တီရှန်းရဲ့ အရှိန်အဝါတွေကလည်း ပြိုင်ဘက်ကင်းပါတယ်… “
“ နင့်အန်တီက အသက်ကြီးနေပါပြီ.. အဲ့လိုတွေ မြှောက်ပင့်မနေစမ်းနဲ့..” ရှန်းရှူးရီ ပြောလိုက်ပြီး “ တကယ်လို့ နင် တခြားပြောစရာ မရှိရင် ဖုန်းချလိုက်တော့မယ်နော်….အန်တီ ခဏနေကျရင် အစည်းအဝေးတက်ဖို့ ရှိသေးတယ်…”
“ ကောင်းပြီလေ…ကျေးဇူးပါ အန်တီရှန်း..”
ရုံးခန်းထဲတွင်တော့ ရှန်းရှူးရီ ဖုန်းချလိုက်ပြီး ခေါင်းခါရမ်းလျက် ကိုယ့်ကိုယ်ကို တွေးရင်း ပြုံးလိုက်ကာ “ တကယ်လို့ နင်သာ အရမ်းတည်ငြိမ်နေခဲ့ရင် ဒီလိုမေးခွန်းမျိုး မေးမှာ မဟုတ်ပါဘူး…”
……
စစ်ဖန်းမြို့၊ ဟွမ်ရှီး ကျေးရွာ။
ဖုန်းချပြီးနောက် လင်းရီ ဖုန်းကို ဘေးသို့ ပစ်ချထားလိုက်သည်။
‘ ချင်ရင်ယွဲ့… ဘယ်လိုတောင် လှလိုက်တဲ့ နာမည်လေးလဲ….’
ထိုအကြောင်း စဉ်းစားမိတော့ လင်းရီ ရုတ်တရက် ပြုံးလိုက်သည်။
“ ရန်ချိန်ရဲ့ ပြိုင်စံရှား လှထိပ်ခေါင်တင်… ကြည့်ရတာ တော်တော်လေး နာမည်ကြီးပုံပဲ… ဘယ်လိုလူကများ သူမလိုလူနဲ့ ထိုက်တန်ပါလိမ့်…”
ဝူရှ်း……
အသက်ပြင်းပြင်း မှုတ်ထုတ်လိုက်ပြီး လင်းရီ စိတ်ထဲ အရာအားလုံးကို ဘေးပြန်ချိတ်ထားလိုက်ကာ အလျင်အမြန် အပင်ဆက်စိုက်လေသည်။
ထိုအတောအတွင်း ချင်းရန်မှ ဖုန်းခေါ်လာခဲ့ပြီး အလုပ်ဆင်းပါက လာချင်သည်ဟု ပြောလာခဲ့၏။ သို့သော် လင်းရီ သူမအား ငြင်းဆန်လိုက်သည်။
ကူညီပေးလိုသည့် စိတ်ဓာတ်က ကောင်းမွန်သော်လည်း သူမကို သင်ပြပေးရသည်က အင်မတန် အလုပ်ဖင့်စေလေသည်။ ထို့ပြင် သူမ အလုပ်ဆင်းသည့် အချိန်ဆိုပါက မှောင်ရီပျိုးနေပြီး ဖြစ်၏။ ထို့ကြောင့် သူမ အမေအိမ်သို့သာ သွားအိပ်ခိုင်းလိုက်သည်။
ထိုမွန်းလွဲပိုင်းတွင်တော့ လင်းရီ ဖန်လုံအိမ်အတွင်း အလုပ်အားလုံး ပြီးမြှောက်သွားခဲ့လေသည်။ လျန်ရူရွှယ် ပို့ပေးလာခဲ့သည့် ဂျင်ဆင်းနှင့် လင်ဇီးကိုပါ လင်းရီ စိုက်ပျိုးလိုက်သေးသည်။ သာမန် အခြေအနေများအောက်တွင်တော့ ကျုံရာကျပန်း မြေနေရာတွင် စိုက်ပျိုးပါက ထိုအပင်များမှာ ရှင်သန် မကြီးထွားနိုင်သော်လည်း သူထည့်ထားသည့် ရွှေရောင်မြေစေးကြောင်း အံ့ဖွယ်တစ်စုံတစ်ရာ ဖြစ်ပျက်လာလိမ့်မည်လို့ လင်းရီ ယုံကြည်နေသည်။
ထို့ပြင် လင်းရီ သစ်သီးပင်များ စိုက်ပျိုးနိုင်ဖို့ရန်လည်း မျှော်လင့်ထား၏။ လျန်ရူရွှယ် ပြောပုံအရတော့ ဤအပင်များက သေချာစနစ်တကျ ပျိုးထောင်ထားသည့် အပင်များဖြစ်ပြီး သူ့ဘက်က သင့်တင့်လျောက်ပတ်သည့် ဂရုစိုက်မှုများ ပေးနေသရွေ့ အသီးသီးမည်မှာ လုံးဝ ကျိန်းသေလေသည်။ ထို့ပြင် သူမက တစ်ချက်လွှတ်အမိန့်လည်း ပေးထားသေး၏။
သစ်သီးပင်များ အသီးသီးသည်နှင့် သူမထံ ချက်ချင်း ပို့ဆောင်ပေးရမည် ဟူ၍ပင်။
သူ ဘယ်လိုပဲ ကြည့်ကြည့် လျန်ရူရွှယ်မှ သူ၏ အာရုံစိုက်မှုကို ရအောင် လုပ်နေသည်ဟု လင်းရီ ခံစားနေရ၏။
သူ ဖန်လှောင်အိမ်ထဲ အလုပ်များ ပြီးစီးပြီးနောက် ညနေ ငါးနာရီ ထိုးနေပြီး ဖြစ်၏။ လင်းရီ ဟင်းသီးဟင်းရွက် ခြံစိုက်ခင်းကို တစ်ချက်ကြည့်လိုက်သည်။
အဆိုပါ စိုက်ခင်းထဲ၌ မျိုးစေ့ကျဲရန် ခန့်မှန်းခြေ အချိန်တစ်ပတ်လောက်တော့ စောင့်ဆိုင်းရမည်ဟု လင်းရီ မှန်းဆထား၏။ထိုပြင့် သူ့ဘက်က အကာအကွယ်များလည်း ပြင်ဆင်ရဦးမည် ဖြစ်၏။
မဟုတ်ပါက အပင်ပေါက်လေးများအားလုံး သေဆုံးသွားနိုင်သည်။
“ ကောင်လေး… ဘာလို့ နင်တစ်ယောက်တည်းလဲ.. နင့် ကောင်မလေးရော…”
သူ ဟင်းသီးဟင်းရွက် စိုက်ခင်းအတွက် အစီအစဉ်များ ချမှတ်နေစဉ် ဘေးအိမ်နားရှိ အမျိုးသမီးကြီး၏ ကြားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ လွန်ခဲ့သည့်နှစ်ရက်လုံး ရွာ၌သာ နေနေသောကြောင့် ဘေးအိမ်ရှိ မိသားစုနှင့် ခင်မင်စ ပြုနေချေပြီ။
သက်လတ်ပိုင်း အမျိုးသမီးကြီး၏ နာမည်မှ စွန်းချွေ့လီ ဖြစ်ပြီး သူမ အမျိုးသား၏ နာမည်မှာတော့ ရောင်ပင်းဖြစ်၏။ သူမတို့ထံတွင် မူလတန်းကျောင်း တက်နေသည့် ဆယ်နှစ် အရွယ် သားလေးတစ်ယောက်လည်း ရှိသေး၏။ သူမတို့ မိသားစုက မချမ်းသာသော်လည်း ကြွေးမြီကင်းကင်းနှင့် သာယာ ပျော်ရွှင်နေသည့် မိသားစု တစ်ခုဟု ဆို၍ရ၏။
“ သူမ ဒီနေ့ ကိစ္စလေးရှိလို့ မလာနိုင်တော့ဘူးတဲ့…”
“ ဒါဆို ညစာ ဘာနဲ့ စားမှာ… အစ်မတို့ ဒီနေ့ အိမ်မှာ ငါးဟင်းချက်တယ်.. လာပြီး စားလိုက်လေ… နင့်တစ်ယောက်စာတော့ အေးဆေး ပိုလျှံပါတယ်..”
“ ဒါ အဆင်ပြေတာပေါ့.. မဟုတ်ရင် ကျုပ်လည်း မြို့ပေါ်တက်ပြီး တစ်ခုခု သွားစားတော့မလို့…”
“ ငါ့ညီဟျောင့် မင်း .. သွားမနေနဲ့တော့.. အိမ်နီးနားချင်တွေကိုပဲ.. လာ ငါနဲ့ လာသောက်လှည့်…” ခြံထဲ သန့်ရှင်းရေး လုပ်နေသည့် ရောင်ပင်းမှ ပြောလိုက်၏။
“ ဒါဆိုလည်း ကျုပ် အားမနာတော့ဘူး…”
“ ဘာတွေ ယဉ်ကျေးနေတာ.. လူသာ လာခဲ့လိုက်..”
တစ်စုံတစ်ယောက်မှ ညစာစားဖိတ် ဖိတ်ခေါ်လာတော့ လင်းရီလည်း အားနာမနေနတော့ပဲ သူ့ကားထဲ သွား၍ မောင့်ထိုင် အရက်နှစ်လုံး ထုတ်ကာ ရောင်ပင်းအိမ်သို့ ဦးတည်လိုက်သည်။
“ ဟာ.. ငါ့ညီ… မင်းဒါ ဘာလဲလုပ်နေတာ… မြန်မြန် ပြန်ယူသွားလိုက်.. အရက်အကောင်းစားကြီးကို ဒီလို ဟင်းပွဲမျိုးနဲ့ မြည်းမှာ ဖြုန်းတီးတာပဲ..”
“ ရတယ်.. ကျုပ်ကားထဲမှာ ဖာလိုက်ကြီး ရှိတယ်.. ဒီနှစ်လုံးလေးတော့ နှမြောမနေပါဘူး…”
ရောင်ပင်း စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို အတူပွတ်ဆွဲလိုက်သည်။ ယခုလို အရက်အကောင်းစား ကြီးများကို သူ tv ပေါ်တွင်သာ မြင်တွေ့ဖူးလေသည်။ သောက်ဖူးရန် ဝေးစွ၊ အပြင်တွင်တော့ အရိပ်အယောင်ပင် တစ်ခါမှ မမြင်ခဲ့ဖူးချေ။
အကယ်၍ သူ ယနေ့ တစ်ငုံလောက် သောက်လိုက်ရလျှင် လူဖြစ်ရကျိုး နပ်သွားပြီ မဟုတ်ပါလော။
“ ရှင့်လည်း သိက္ခာလေး ထိန်းပါဦးလား… အရက်ကောင်း နှစ်လုံးနဲ့တင် ရှင့်ကို စိတ်လွတ်သွားအောင် လုပ်ဖို့ လုံလောက်နေပြီ…” စွန်းချွမ်းလီမှ မျက်စောင်းထိုးရင်း ပြောလိုက်၏။
“ မင်း နားမလည်ပါဘူးကွာ… အရက်ဆိုတာ အစားအသောက်ရဲ့ ဝိဉာဏ်ပဲ.. မင်းသောက်လေ.. မင်းပိုပြီး ငယ်ရွယ်လာလေပဲ… ဒီ အရက်က တစ်ပုလင်းကို ယွမ်တစ်ထောင်တောင် ပေးရတာ.. လူအများစုက တစ်သက်နဲ့တစ်ကိုယ် အပြင်မှာ မြင်ဖူးသွားတာတောင် မဟုတ်ဘူးနော်…”
“ ဒီအရက်ကအဲ့လောက်တောင် ဈေးကြီးနေတယ်…”
“ သေချာကြည့်လေ… ဒါ မောင့်ထိုင်.. လူချမ်းသာတွေပဲ ဒီလို အရက်မျိုး မြည်းစမ်းနိုင်တာ.."
“ အိုက်ယိုး… အစ်မတို့တော့ နင့်ကို ဒုက္ခပေးမိပြီနဲ့တူတယ်… ဒီတိုင်း ထမင်းစားဖို့ပဲ ဖိတ်လိုက်တာကို ဝိုင်ထုတ်ရအောင် ဖိအားပေးမိသွားတယ်..”
“ ရပါတယ်… အပန်းမကြီးပါဘူး… အရက်နှစ်လုံးလောက်ကတော့ ပိုက်ဆံ ဘယ်လောက်မှ မပေးရပါဘူး…”
“ ဒါဆို အထဲ အရင်ဝင်ရအောင်.. ငါးက အသင့်ပဲ..ငါ မင်းကို ဦးဦးဖျားဖျား ပေးမြည်းလိုက်မယ်…”
လင်းရီ ရောင်ပင်း၏ ဖိတ်မန္တက ပြုမှုနှင့်အတူ အိမ်ထဲသို့ ရောက်ရှိသွားခဲ့၏။ သူ အထဲကို ရောက်တော့ သားဖြစ်သူနှင့်သွားဆုံလေသည်။ ရောင်ပေါ်ဝန်လေးက အိမ်စာရေးနေခြင်းပင်။
“ သား… ဒါ အဖေတို့ရဲ့ အိမ်နီးချင်း အသစ်… အန်ကယ်လင်းလို့ နှုတ်ဆက်လိုက်…”
"အန်ကယ်လင်း....."
လင်းရီ ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ရောင်ပေါ်ဝန်၏ ဦးခေါင်းကို ခပ်ဖွဖွ ပုတ်ပေးရင်း ချောကြောင်း ခန့်ကြောင်း လောကဝတ် စကားအနည်းငယ် ပြောပေးလိုက်ပြီး စားပွဲခုံသို့ ဝင်ထိုင်လိုက်သည်။
စွန်းချွင့်လီ၏ ဟင်းချက်လက်ရာက ထင်မှတ်မထားလောက်အောင် ကောင်းမွန်နေသည်။ ငါးဟင်းအနှစ်၏ မွှေးပျံ့သည့် ရနံ့နှင့်ပင် လင်းရီ၏ စားသောက်လိုစိတ်အား ပိုမိုကြီးထွားလာစေတော့၏။
“ ငါ့ညီ… မင်းရဲ့ ဖန်လုံအိမ် အခြေအနေဘယ်လိုပဲ… အပင်တွေ အားလုံး စိုက်ပြီး သွားပြီလား…”
စားသောက်နေစဉ် ရောင်ပင်းမှ အရက် တစ်မော့မော့ရင်း ပျော်ရွှင်စွာ မေးမြန်းလာခဲ့၏။
“ ဖန်လုံအိမ်ထဲကတော့ အကုန်ပြီးသွားပြီ.. ကျန်တာက ဟင်းသီးဟင်းရွက် စိုက်ခင်းပဲ… အဲ့ထဲ ကျုပ်ကြိုက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ တခြားဟာတွေ စိုက်မလို့ လုပ်နေတာ…”
“ ဒီလိုဆိုရင်ကော.. ငါ မနက်ဖြန် အားတယ်ဆိုတော့ မင်းကို ကူပြီး ထယ်ထိုးပေးမယ်လေ…” ရောင်ပင်း ပြောလာခဲ့ပြီး “ မင်းက မြို့သားဆိုတော့ ဒီအလုပ်တွေ အကြောင်း နားလည်မှာ မဟုတ်ဘူး.. “
“ ရတယ်.. ရတယ်… ကျုပ်ကလည်း အရမ်းကြီး အလေးအနက် ထားနေတာ မဟုတ်ဘူး… ဒီတိုင်း အပန်းဖြေတဲ့ သဘောနဲ့ လုပ်နေတာ.. ဒီတော့ အေးဆေး အချိန်ယူပြီး လုပ်လို့ရတယ်…”
ရောင်ပင်း စာပွဲပေါ်ရှိ မောင့်ထိုင်အရက်ပုလင်းကို ကြည့်ရင်း လင်းရီ ငွေမရှားကြောင်း နားလည်ပေသည်။ သူ မောင်းသည့် ကားမှ တစ်ဆင့် ယခုလို ကိစ္စ အပေါ် အလေးအနက် ထားမည်မဟုတ်ကြောင်းကိုလည်း ရှင်းလင်းမြင်သာစွာ နားလည်သဘောပေါက်နိုင်သည်။
“ အေးကွာ… မင်းအစ်မနဲ့ ငါနဲ့ကလည်း အတန်းပညာတော့ မတက်ဘူး… ဒါပေမယ့် စိုက်ပျိုးတဲ့ နယ်ပယ်မှာတော့ မင်းထက် အများကြီးတော်တယ်.. တကယ်လို့ မင်း မသိတာရှိရင် လာမေးလှည့်… ငါအိမ်မှာ မရှိရင် မင်းအစ်မရှိတယ်… သူဆို ငါ့ထက်တောင် ပိုတော်သေး…”
“ ကျေးဇူးပါ အစ်ကိုပင်း… လာ .. ချီးယား…”
စားရင်းသောက်ရင်းဖြင့် လင်းရီစိတ်ထဲ ဟွမ်ရှီး ကျေးရွာသူ ကျေးရွာသားတို့မှာ စိတ်နေသဘောထား အင်မတန် ရိုးသား ပွင့်လင်းပြီး ပေါင်းသင်းရ လွယ်ကူကြောင်း ခံစားနေရလေသည်။
“ သား… မင်း စာကြိုးစားကွာ… မင်း ကြီးလာရင် အန်ကယ်လင်းလို ပိုက်ဆံ အများကြီး ရှာနိုင်အောင် ကြိုးစား .. အဲ့ခါကျ အဖေတို့ မြို့ပေါ်မှာ အိမ်သွားဝယ်ကြမယ်…”
“ ဟုတ် အဖေ… သားသေချာပေါက် စာကြိုးစားမှာပါဗျ…” ရောင်ပေါ်ဝန်လေးမှ ပလုပ်ပလောင်းစားရင်းဖြင့် ပြောလိုက်၏။
“ စကားမဆက် မင်းရဲ့ ဖန်လုံအိမ်က ခုထိ ရေမသွင်းရသေးဘူးမလား…”
ရေသွင်းသည်ဆိုသည်က ရေလောင်းခြင်းကို ဆိုလိုသည်။ ဤသည်က ရွာဘက် အသုံးအနှုန်းတစ်ခုပင်။
“ မလုပ်ရသေးဘူး..” လင်းရီပြောလိုက်ပြီး “ အိမ်နဲ့ ဖန်လုံအိမ်က မီတာ နှစ်ရာလောက်ဝေးတော့ မနက်ဖြန် ရေပိုက်ဝယ်ပြီးမှ ကိုယ်တိုင် ရေလောင်းတော့မလို့..”
“ မင်း လျှောက်မလုပ်နဲ့… မင်းကိုယ်တိုင် ရေသွားချိတ်လို့ အလုပ်ဖြစ်မှာ မဟုတ်ဘူး…”