ရွာရဲ့ အာဏာရှင်
Vol. 65 Ch. 966
" ဟမ်... ဘာလို့....ဒီတိုင်း ရေလောင်းဖို့ပဲ လိုတာ မဟုတ်ဘူးလား... တခြား ဘာလုပ်စရာ ကျန်သေးလို့..."
" မရဘူး... "ရောင်ပင်း ငါးရိုးတချို့ ထွေးထုတ်လိုက်ပြီး " ရွာရဲ့ စိုက်ပျိုးရေကို ရေတွင်းကနေ ရတာ... ပြီးတော့ အဲ့ဒီရေအတွက်လည်း အိမ်ထောင်စုစီတိုင်းက ရေဖိုးဆိုပြီး သပ်သပ်ပေးရတယ်... မင်းက ခုမှ ဒီရွာကို အသစ်ပြောင်းလာတာဆိုတော့ သုံးခွင့်မရှိတာ သဘာ၀ပဲ..."
" မဟုတ်သေးပါဘူး..."လင်းရီ ပြောလိုက်ပြီး
" အရင်အိမ်ပိုင်ရှင်က ရေဖိုး ပေးထားပြီးပြီ မဟုတ်ဘူးလား... ခု ကျုပ်က သူ့ဆီကနေ ဝယ်လိုက်တော့ ကျုပ်မှာလည်း တွင်းရေ သုံးပိုင်ခွင့် ရှိတာပေါ့......"
" မင်းထင်သလောက် မရိုးရှင်းဘူးကွ... တကယ်လို့ ပိုင်ရှင် ပြောင်းသွားရင်လဲ အသစ်ပြန်ပေးရတယ်..."
" ဒါဆို ကျုပ် ကိုယ်ပိုင်အိမ်ကနေ ရေသွယ်လို့ မရဘူးပေါ့..."
" မရဘူး... သူ ခွင့်ပြုမှာ မဟုတ်ဘူး..."ရောင်ပင်း ပြောလိုက်၏။
" ဘယ်သူက ခွင့်မပြုမှာ... "
" လျိုတုံးမင် ...သူက ရေတွင်းရဲ့ တာ၀န်ခံပဲ.. ဒီတော့ တွင်းထဲကရေကို တခြားအိမ်တွေ စိုက်ပျိုးရေးအတွက် အသုံးပြုမှာကို ခွင့်ပြုမှာ မဟုတ်ဘူး..."
" ဒါ ဘယ်လို သောက်ရေးမပါတဲ့ စည်းမျဉ်းကြီးတုန်း.. ခင်များတို့ ဘယ်လိုတောင် သဘောတူနိုင်ရတာ..."
" အဓိကက ငါတို့အားလုံး စိုက်ခင်းတွေထဲ ရေသွင်းဖို့ တွင်းရေကို မှီခိုနေရတာလေ.. ပြီးတော့ ငါတို့က ရေအများကြီးသုံးတာ... ဒါပေမယ့် မင်းလို ဖန်လုံအိမ် တစ်ခုတည်းရှိတဲ့သူကတော့ ဒီကိစ္စတွေ စိတ်ပူနေစရာ မလိုပါဘူး... "
" နေစမ်းပါဦး... ယုတ္တိကျကျ ပြောကြေးဆို ဒီ ရေတွင်းတူးဖို့နဲ့ စိုက်ပျိုးရေး စရိတ်တွေကို ပြည်နယ် အစိုးရက ထောက်ပံ့ပေးထားတာ မဟုတ်ဘူးလား... ဘာလို့ ပြန်ပြီး ပိုက်ဆံ ပေးနေရဦးမှာ... "
" ဟင်း .... ဒီအကြောင်းတွေ မပြောကြစို့ကွာ... သောက်ပဲ သောက်ကြစို့..."ရောင်ပင်း ပြောလိုက်ပြီး " မင်းက ပိုက်ဆံချမ်းသာပါတယ်ကွာ.. ဒီလောက် ငွေလေးကို ကပ်တွက်မနေစမ်းနဲ့.. ငါ မနက်ဖြန်ကျရင် သူ့ဆီ ရေဖိုးပေးဖို့ ခေါ်သွားပေးမယ်... အဲ့တာဆို မင်းအေးအေးဆေးဆေးနဲ့ အပင်တွေ ရေသွင်းလို့ ရပြီ..."
" နောက်ပြီး.... ငါတို့ အပင်စိုက်ဖို့ အချိန်ကလည်း လိုသေးတယ်ဆိုတော့ ဒီကြားထဲ မင်းကို ငါ ရေနည်းနည်း မျှပေးလို့ဖြစ်တယ်... "
" ကျုပ်က ငွေမရှားဘူး... ဒါပေမယ့် ခင်များတို့ ပိုက်ဆံ မကုန်သင့်ပဲ ကုန်နေတာကိုတော့ ခွင့်မပြုပေးနိုင်ဘူး... "လင်းရီ ပြောလိုက်ပြီး " ရေဆိုတာ အလကားရတဲ့အရာ... ဘာလို့ ပိုက်ဆံပေးနေရဦးမှာ... "
" မှန်တယ်... အဲ့တာက ကျိုးကြောင်းမဆီလျော်ဘူး... ဒါပေမယ့် လျိုတုံးမင်ဆိုတာ ရွာမှာ ကောင်းကောင်းခြေကုပ်ယူထားတဲ့ အာဏာရှင်... သူ့ယောက်ဖက ရွာသူကြီး ... "ရောင်ပင်း ပြောလိုက်ပြီး " ရေတွင်းတူးတူးပြီးချင်းတုန်းက မင်းလိုပဲ ပြဿနာ ရှာတဲ့ သူတွေရှိတယ်... ရေအတွက် ပိုက်ဆံကောက်မှာကို လက်မခံတဲ့သူတွေပေါ့... ဒါပေမယ့် နောက်ဆုံးကျတော့ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းခံရရုံတင် မကသေးဘူး.. သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေပါ အသိမ်းခံလိုက်ရတယ်... ငါတို့ကောင်တွေက ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တဲ့ သာမန်လူတွေပဲလေ... ဒီတော့ သူ့ကို ဆန့်ကျင်မနေတော့ပဲ ကြည်ကြည်ဖြူဖြူနဲ့ ပိုက်ဆံပေးလိုက်တယ်..."
" ခင်များတို့ ရဲမခေါ်ကြဘူးလား.."
" ငါလခွီး အဲ့အကြောင်း ပြောမနေစမ်းပါနဲ့ကွာ... " ရောင်ပင်းမှ အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး " ရဲခေါ်တော့လည်း အဲ့သောက်ရဲတွေက ရောက်မလာကြဘူး... အဆုံးကျတော့ ခေါ်တဲ့ကောင်ပဲ ခြေထောက်ရိုက်ချိုးခံလိုက်ရပြီး ကိုယ့်စရိတ်နဲ့ကို ဆေးကုလိုက်ရတယ်... "
" ပြီးတော့ရော... ခင်များတို့ကောင်တွေ တခြားဘာမှ ဆက်မလုပ်တော့ဘူးလား.. ဒီတိုင်းပဲ ဒေါသကို မျိုသိပ်ပြီး သိမ်းညှင်းခံလိုက်ကြတယ်ပေါ့..."
" အဲ့ရဲခေါ်တဲ့သူ ခြေထောက်ကျိုးသွားတော့ သူ့မိန်းမက ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး... ဒါနဲ့ပဲ မြို့တက်ပြီး အထက်ကြီးပိုင်းတွေကို စောဒကတက်မယ်ဆိုပြီး မြို့ပေါ်တက်သွားခဲ့တယ်... မင်း စဉ်းစားကြည့်ကြည့်... သူမ မြို့ထဲ မ၀င်နိုင်သေးခင်ပဲ လျိုတုံးမင်နဲ့ အပေါင်းအပါတွေက လမ်းမှာတင် တားမြစ်လိုက်ကြတယ်လေ... "
" အဲ့နောက်ရော... "
"ငါကြားတာတော့ အုပ်စုလိုက် အဓမ္မပြုကျင့်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားခဲ့တယ်ဆိုပဲ.. နောက်တော့ ရေတွင်းပျက်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာ... "
လင်းရီ မေးစေ့ ပွတ်သပ်လိုက်၏။ ဤ လျိုတုံးမင်က ယွီတဲ့ချန်ထက်ပင် စက်ဆုပ်ဖို့ ကောင်းသည်ဟု ခံစားနေရ၏။
" ဒါကြောင့်မို့ ငါအကြံ ပေးတာကို လက်ခံ... မနက်ဖြန် ရေဖိုး သွားပေးလိုက်.. အဲ့တာဆို မင်း အေးအေးချမ်းချမ်းနဲ့ ကိုယ့်အပင်ကိုယ် စိုက်လို့ရပြီ... "
လင်းရီ ရယ်မောလိုက်ပြီး " ကျုပ်ကတော့ မကြောက်ပါဘူး... "
" ငါ့ညီ... မင်းမှာ ပိုက်ဆံရှိတာနဲ့ပဲ ကြောက်စရာ မလိုတော့ဘူး မထင်နဲ့..."ရောင်ပင်း ပြောလိုက်ပြီး " မင်း ပိုက်ဆံ ဘယ်လောက်ရှိလဲ ငါမသိပေမယ့် သူမင်းထက် ချမ်းသာတာတော့ သေချာတယ်... မင်းသူ့ကို အပြစ်ပြုမိလို့ မရဘူး..."
" သူ့လို ဒီတိုင်း ရွာမှာ လူမိုက် လုပ်နေတဲ့ကောင်က ဘယ်လိုလုပ်ပြီး ကျုပ်ထက် ပိုက်ဆံချမ်းသာနိုင်မှာလဲ .... ဟုတ်တယ်မလား...."
" မင်းနားမလည်ပါဘူး... ဒီမှာ လှည့်ကွက်လေးတွေ ရှိတယ်ကွ... "ရောင်ပင်းပြောလိုက်ပြီး " ဒီနှစ်တွေထဲ အစိုးရက ချပေးတဲ့ ထောက်ပံ့ကြေးငွေတွေ တစ်၀က်လောက်က သူနဲ့ သူ့ယောက်ဖ အိတ်ထောင်ထဲ ပျောက်သွားခဲ့တာပဲ... ပြီးတော့ မနှစ်က ပြည်နယ် အစိုးရကနေ ရွာက လမ်းတွေ ပြုပြင်ဖို့ဆိုပြီး ဘတ်ဂျက်တွေ အများကြီး ချပေးလာခဲ့တာ ခုထိကို မပြင်ရသေးတာ မင်းအမြင်ပဲ... ငါ့အထင်တော့ အဲ့ငွေတွေလည်း သူတို့အိတ်ထောင်ထဲ ရောက်သွားပြီး ဘဏ်အတိုးနဲ့ ကြီးပွားနေလောက်ပြီ....တကယ်လို့ အထက်က စုံစမ်းလာခဲ့ရင်တောင် မကောင်းတတ်ကောင်းတတ် နည်းနည်းပါးပါး ပြုပြင်ပေးပြီး ကျန်တဲ့ ပိုက်ဆံကို အေးဆေး ဝိုက်လိုက်ရုံပဲ... သူတို့ ဒီနည်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေ ဘယ်လောက်တောင် များလိုက်မလဲ ငါ့ညီ မင်းစဉ်းစားကြည့်ကြည့်... "
" ဒီလိုကျတော့လည်း ခင်များတို့ရွာ အခြေအနေက တော်တော်လေး ရှုပ်ထွေးသားပဲ... "လင်းရီ ပြုံးလိုက်သည်။
" မရှုပ်ထွေးပါဘူးကွာ... မင်းသာ ဒီတိုင်း ကျေးလက်ဘက်တွေ တစ်ခါမှ မနေဖူးလို့သာ အထူးအဆန်းဖြစ်နေတာ... ဒီလိုကိစ္စတွေဆိုတာ ရွာတိုင်းမှာ ဖြစ်နေကျ... ငါတို့ အခြေအနေက နည်းနည်းလေး ပိုသွားရုံပဲရှိတယ်..."
" ကောင်းပြီလေ.. ကျုပ်အားလုံး မှတ်ထားမယ်.. "လင်းရီ ပြောလိုက်၏။
"ဒါဆို မနက်ဖြန်ကျ ငါ့ကိုလာရှာလှည့်.. ငါ မင်းကို ပိုက်ဆံပေးဖို့ ခေါ်သွားပေးမယ်..."
"ကောင်းပြီ... အချိန်ကျလာမှ ဒီအကြောင်း စကားဆက်ကြတာပေါ့.. "
စိုက်ပျိုးရေးအကြောင်း ဆွေးနွေးပြီးနောက် သုံးယောက်သား ရွာအကြောင်း ဆက်လက် အတင်းတုပ်ကြလေသည်။
ရွာထဲတွင် လူမိုက်တစ်ယောက် ထောင်ထောင် ထောင်ထောင်ဖြစ်နေသော်လည်း ရွာထဲတွင် စိတ်၀င်စားဖို့ကောင်းစည့် ကိစ္စများလည်း ဖြစ်ပျက်နေသေးကြောင်း လင်းရီ သတိပြုမိလိုက်သည်။
ဥပမာအားဖြင့် ရွာတောင်ပိုင်း ၀မ်မိသားစုရှိ ကင်ဆာရောဂါသည်ပင်။ ထိုသူတို့အိမ်ထံ တစ်နေ့ အထက်ဆရာကြီးများ အမိန့်ဖြင့် နယ်လှည့်ဆေးကုသပေးနေသည့် နတ်ဆရာဆိုသူ ရောက်လာခဲ့ပြီး အပမိ၍ ယခုလိုဖြစ်နေသည်ဆိုကာ သူ ပျောက်အောင် ကုသပေးနိုင်သည်ဟု ဆိုလာလေသည်။
အကယ်၍ ယွမ် ရှစ်ထောင် ဆက်သပါက တစ်လအတွင်း သက်သာပျောက်ကင်းစေရမည်ဟုပင် အာမခံပေးလိုက်သေး၏။ သို့နှင့် ရှေးရိုးစွဲ မိသားစုမှာ နဂို ဆေးရုံစရိတ်အတွက် ဖယ်ထားသည့် ယွမ်တစ်သောင်းထဲမှ ရှစ်ထောင်ကို ပူဇော်ပေးလိုက်သည်။အဆုံးတွင်တော့ တစ်ပတ်ပြည့်အောင်ပင် မနေလိုက်ရရှာပဲ အနိစ္စရောက်သွားခဲ့လေသည်။ ထိုမိသားစုက နတ်ဆရာလိမ်နှင့် သွားကြုံတွေ့ခဲ့ရခြင်းပင်။
ထိုစဉ် ရွာထဲရှိ လျိုမိသားစု၏ ဒုတိယ သမီးလေးမှာ တစ်ရွာလုံးရှိ ကွမ်းတောင်ကိုင် အမျိုးသမီးလေးများထက် ဣန္ဒြေကြီးဟန် ရှိသော်လည်း လက်တွေ့တွင်တော့ ရွာရှိ ကာလသားတစ်၀က်လောက်နှင့် အိပ်စက်ထားပြီးဖြစ်သည်။
နောက် ရှိသေး၏။ အချို့မိသားစုက အပြင်ပိုင်းတွင် ကားနှစ်စီးခန့် ပိုင်ဆိုင်ထားပြီး ရွာထဲတွင် ကြွယ်၀နေဟန် တူသော်လည်း အတွင်းတွင်တော့ အကြွေးနွံနစ်နေကြသူများဖြစ်ကြသည်။ ထိုသို့သော ဟန်သာရှိပြီး အဆံမရှိသူတို့ကလည်း ဒုနှင့်ဒေးပင်။
လင်းရီ၏ အမြင်တွင်တော့ အဆိုပါ မြင်ကွင်းအားလုံးက ၀တ္ထုထဲ ထည့်ရေးလို့ကောင်းသည့် အကြောင်းအရာများဖြစ်၏။
ထမင်း၀ိုင်းလေးမှာ ညရှစ်နာရီ အထိ ရောက်ရှိလာခဲ့ပြီး အချိန် မစောတော့သည်ကို မြင်တော့ လင်းရီလည်း နှုတ်ဆက်ကာ အိမ်သို့ အလိုက်တသိနှင့် ထွက်လာခဲ့လိုက်လေသည်။
အိမ်သို့ ပြန်ရောက်ပြီးနောက် လင်းရီ ကျီချင်းရန်နှင့်အတူ ခေတ္တ စကားပြောလိုက်သည်။ ထို့နောက် အိပ်ရာ၀င်သွားခဲ့၏။ နောက်တစ်နေ့ နံနက် ခုနစ်နာရီတွင် လင်းရီ အိပ်ရာမှထ နံနက်စာစားပြီး မြို့ထဲသွား၍ ရေပိုက်များ သွား၀ယ်ရန် ဟန်ပြင်လေသည်။
ယမန်နေ့ညက ရောင်ပင်း ပြောခဲ့သည်များအား လင်းရီ ထွေထူးလုပ်၍ နှလုံးသွင်းမနေခဲ့ချေ။
" မရီး... သားအမိနှစ်ယောက်တည်း ဘယ်သွားမလို့တုန်းဗျ..."လင်းရီ မေးမြန်းလိုက်၏။
" ကလေး ကျောင်းသွားပို့မလို့လေ.. နောက်မှ စကားပြောတော့မယ်နော်.. ခု နောက်ကျနေလို့... "စွန်းချွမ်းလီမှ စက်ဘီးတွန်းရင်း ပြောလိုက်၏။
" အဲ့တာဆို ကျုပ်လည်း မြို့ထဲ သွားမှာနဲ့ အတော်ပဲ.. ကလေးကို ကျုပ်နဲ့ထည့်လိုက်....... "
" အားနာစရာကြီး ရပါတယ်ဟယ်... အစ်မ ကိုယ့်ဘာကိုယ်ပဲ သွားပို့လိုက်ပါ့မယ်... "
" ရပါတယ်.... စက်ဘီးနဲ့ဆို ကြာတာပေါ့... အိမ်နီးနားချင်းတွေကိုပဲ အချင်းချင်း ကူညီရမှာ သဘာ၀ပဲ မဟုတ်ဘူးလား... "
စွန်းချွမ့်လီ ရိုးသားစွာ ပြုံးလိုက်ပြီး " ဒါဆိုလည်း အစ်မ အားနာမနေတော့ဘူးနော်..."
သို့နှင့် လင်းရီ ကားကို စွန်းချွင့်လီ အိမ်ရှေ့ မောင်းသွားလိုက်သည်။စွန်းချွမ့်လီ သူ့သားငယ်ကို ကားပေါ် ပွေ့တင်ပေးလိုက်ပြီး " သားငယ်.. နင် ကားထဲ လက်ငြိမ်ငြိမ်နေနော်... လျောက်ပြီးလည်း ကမျဉ်းမနေနဲ့ဦး ကြားလား..."
" အမေကလည်း .. သားနားလည်ပါတယ်ဗျ... " ရောင်ပေါ်၀မ်လေးမှာ ကားစီးချင်ဇော ထက်သန်နေဟန်ဖြင့် ပြောလိုက်၏။
ရောင်ပေါ်၀န်အား မှာစရာရှိတာ မှာကြားပြီးနောက် စွန့်ချွေ့လီ လင်းရီကို ကြည့်လိုက်ပြီး " အစ်မတော့ နင့်ကို ဒုက္ခများစေမိပြီ... နေ့လည်စာ အိမ်ကို လာစားနော်... "
" ဟုတ်ပြီဗျာ... "
သို့နှင့် လင်းရီ စွန်းပေါ်၀န်ကို ခေါ်၍ စစ်ဖန်းမြို့ထဲသို့ ဦးတည်လိုက်လေသည်။
" ကလေး... မင်းရဲ့ကျောင်းက ဘယ်နားလေးမှာ.. ဘာလို့ ငါ မြို့ထဲ သွားတုန်းက မမြင်ဖူးတာ.. "လင်းရီ မောင်းရင်း မေးမြန်းလိုက်၏။
" ကျွန်တော်တို့ကျောင်းက မြို့ထဲကနေ နှစ်မိုင်လောက် ဆက်သွားရသေးတယ်..စတိုးဆိုင် လမ်းကနေပြီး ရှေ့တည့်တည့်ကို မောင်းသွားရမှာ...."
" လက်စသတ်တော့ အဲ့လိုကိုး... ငါသိပြီ ငါသိပြီ..."
စွန်းပေါ်၀န် ပေးသည့် လိပ်စာအတိုင်း လင်းရီ ကျိန်းမူလတန်းကျောင်းသို့ ဦးတည်လိုက်၏။
ဆယ်မိနစ်ကြာပြီးနောက် နှစ်ယောက်မှာ မူလတန်းကျောင်းသို့ ရောက်ရှိလာလေသည်။ ရိုးရှင်းစွာဖြင့် ကျောင်းလေးမှာ နှစ်ထပ် အဆောက်အဦး တစ်ခု ဖြစ်၏။ မိဘများမှလည်း သူတို့၏ သားသမီးများကို ထမင်းချိုင့်များကိုင်ရင်း တစ်ယောက်ပြီးတစ်ယောက် လာပို့ပေးနေကြသည်။
သို့သော်လည်း အချို့ကလေးများကိုတော့ လိုက်ပို့ပေးသည့် အုပ်ထိန်းသူတို့ မပါရှိကြချေ။ ဤအရွယ်ကတည်းကပင် ကိုယ့်အားကိုယ် ကိုးတတ်ကြနေချေပြီ။
လင်းရီကို အံ့အားသင့်သွားစေသည်က ကျောင်းဂိတ်ပေါက်၀တွင် လှပသည့် အဆင်းသဏ္ဌာန်နှင့် ကျောင်းဆရာမလေး တစ်ဦး မတ်တပ်ရပ်စောင့်နေခြင်းကိုပင်။ သူမ၏ သွင်ပြင်က မြို့ရှိ မိဘများနှင့် ကွဲထွက်နေလေသည်။
" ဆရာမ .. မင်္ဂလာပါခင်ဗျ.... "ရောင်ပေါ်၀မ် ကားထဲမှ နေ၍ နှုတ်ဆက်လိုက်သည်။ သို့သော် သူ၏ လေသံကတော့ ကားကြီးစီးလာသောကြောင့် အနည်းငယ် မြောက်ကြွကြွ နိုင်နေသည်။