သူ့ကိုပါ အတူမြေမြုပ်ပစ်လိုက်
Vol. 65 Ch. 968
ဖျောက်...
အရိုးကျိုးသံမှာ ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာခဲ့သည်။
ခရီးသည်ထိုင်ခုံမှ ထွက်လာခဲ့သည့်လူမှာ သူ့ဒူးကိုင်ရင်း ချက်ချင်းညွှတ်ကျသွားပြီး နာကျင်လွန်း၍ နဖူးထက် ချွေးစေးတို့ပင် ထွက်လာခဲ့လေသည်။
သူ အခြားဘာမျှ မဆိုဝံ့သော်လည်း သူ့ခြေထောက် ကျိုးသွားပြီဖြစ်ကြောင်းတော့ တပ်အပ်သိ၏။
ကျိုင်းရှောင်လျန်လည်း မှင်တက်သွားခဲ့တော့သည်။
သူပင် လူတစ်ယောက်ကို တိုက်ခိုက်ရာ၌ ထိုမျှ အညှာအတာ မကင်းမဲ့ချေ။ အလွန်ဆုံးရှိလှ မျက်နှာ ထိုးကြိတ်ရုံလောက်သာ ရှိ၏။
လင်းရီ သံတုတ်ကိုင်ထားရင်း ကျိုင်းရှောင်လျန်ကို လွှတ်ပေးလိုက်သည်။
" ဆင်းခဲ့..."
ကျိုင်းရှောင်လျန် မျက်နှာ ဖြူလျော်သွားခဲ့ပြီး လင်းရီ လက်ထဲ သံတုတ်ကို အရိပ်တကြည့်ကြည့် လုပ်ရင်းဖြင့် ကတုန်ကယင်ဖြစ်စွာ အောက်သို့ ဆင်းလာခဲ့လေသည်။ သို့သော်လည်း မြေပေါ်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် သူ့ခြေထောက်တို့က ချက်ချင်း ပျော့ခွေသွားခဲ့ကာ " အစ်ကိုကြီး... ကျုပ်တောင်းပန်ပါတယ်... ကျုပ်တို့ချင်း စကားအကောင်းပြောပြီး အေးဆေး ဖြေရှင်းကြတာ ပိုမကောင်းဘူးလား..."
" ဒါဆို မင်း စောနက ယီးမို့လို့ စကားအကောင်းမပြောတာလား... "လင်းရီ ပြောလိုက်ပြီး " ငါမင်းတို့ကောင်တွေကို ရိုးရိုးသားသား ဖြစ်သွားအောင် ရိုက်နှက်ပေးဖို့ကော လိုသေးလား..."
" မ... မလုပ်ပါနဲ့.. မရိုက်ပါနဲ့ အစ်ကိုကြီးရယ်... ကျုပ်တို့က ကျုပ်တို့ အလုပ် ကျုပ်တို့လုပ်နေတာပါ... ဒီကရတဲ့ ပိုက်ဆံဆိုတာ ကျုပ်တို့ အိတ်ထောင်ထဲ တစ်ပြားတစ်ချပ်တောင် မရောက်ပါဘူး.... ရိုက်တော့ မရိုက်လိုက်ပါနဲ့.... "
"ငါ ဒီကိစ္စ ဒီလောက်နဲ့ လွှတ်ပေးလိုက်မယ်..."လင်းရီ ပြောလိုက်ပြီး " သွား ... ဖန်လုံအိမ်ထဲ အပင်တွေ ရေသွားလောင်းချည်... "
" ကျုပ်ညီလေး အတွက်ကျတော့ရော... ကျုပ် သူ့ကို ဆေးရုံ အရင်ဆုံး ပို့ပေးလို့ မရဘူးလား...."
" မရဘူး... ဒီတိုင်းပဲ လှဲခိုင်းထားလိုက်.. ဒါငါပေးတဲ့ သင်ခန်းစာပဲ..."
" ဒါ... ဒါပေမယ့် ခုနေ ဆေးရုံ ချက်ချင်း မပို့ရင် သူ့ခြေထောက် တစ်သက်လုံး သုံးစားမရ ဖြစ်သွားနိုင်တယ်လေ...."
ဘန်း....
ကျိုင်းရှောင်လျန်၏ မျက်နှာပေါ် ဖိနပ်ရာ ထင်သွားခဲ့ပြီး " ငါ့လာမရိုက်ခင် ယီးမို့လို့ ဆေးရုံရောက်မယ့် အကြောင်းကို ကြိုမတွေးတာလား... ခုတော့ မင်းတို့က ကြောက်နေကြတာလား...."
ကျိုင်းရှောင်လျန် အကန်ခံလိုက်ရ၍ မျက်နှာ စပ်ဖျင်းဖျင်း ဖြစ်သွားခဲ့သည်။ သို့သော် သူ ရိုင်းရိုင်းစိုင်းစိုင်း ဘာမျှ ပြန်မပြောဝံ့။ယနေ့တော့ သူသည် တကယ့်လူကိုမှ သွား၍ ရန်စမိခြင်း၏ အကျိုးဆက်ကို ခံစားနေရခြင်းပင်။
" ဟုတ် ဟုတ်... ကျုပ်အခုပဲ အပင်တွေ ရေသွားလောင်းပါပြီ..."
ကျိုင်းရှောင်လျန် ကားကို ဘေးတစ်နေရာ ကပ်ရပ်လိုက်ပြီး ဖန်လုံအိမ်ထဲသွား၍ အပင်များအား စိတ်ပါလက်ပါ ရေသွားလောင်းတော့သည်။ရူးနှမ်းနေသည့်သူက အချိုးမပြေဟု ဆိုကာ မရောက်လာနိုင်ဟု မည်သူပြောနိုင်မည်နည်း။
ကံကောင်းစွာဖြင့် လင်းရီ ဘုံဘိုင်နှင့်ပိုက်ကို တင်းကြပ်စွာ ဆက်ထားသောကြောင့်ပင်။ မဟုတ်ပါက ဖိအားကြောင့် ပြုတ်ထွက်သွားနိုင်လေသည်။
"လင်းလေး... မင်း.. မင်း လျိုတုံးမင်ရဲ့ လူကို ရိုက်နှက်လိုက်တယ်... ဒါ မကောင်းဘူးနော..."ရောင်ပင်း တုန်လှုပ်နေသည့် လေသံဖြင့် ပြောလာခဲ့သည်။
" ကျုပ်သိတယ်... ကျုပ်လိုချင်နေတာလည်း အဲ့တာပဲလေ..."လင်းရီ ပြောလိုက်ပြီး " ဒီကောင်တွေကို ဒီတိုင်း ရဲလက်အပ်လိုက်ရင် သက်ညှာပေးလွန်းရာ ကျတယ်.... သူများတကာကို နှစ်တွေ မနည်းမနော အနိုင်ကျင့်လာခဲ့ပြီးမှတော့ သူတို့ ဖော်တဲ့ဆေး ဘယ်လိုအရသာရှိလဲဆိုတာ ပြန်မြည်းခိုင်းမှ တရားမျှတမှာ.... "
"ဒါက....."
ရောင်ပင်း မည်သို့ ခွန်းတုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။ သို့သော်လည်း ယခုလို ဖြစ်ပျက်သွားပြီးမှတော့ လျိုတုံးမင် လူကိုယ်တိုင် ရောက်လာမည်မှာ မလွဲမသွေပင်။ ထိုအချိန်တွင်တော့ ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်သွားပေတော့မည်။
ကျိုင်းရှောင်လျန်မှ ဖန်လုံအိမ်ထဲ အပင် ရေဖြန်းနေစဉ် ခြေထောက်ရိုက်ချိုးခံလိုက်ရသူကတော့ သူ ခြေထောက်ကို ဆက်လက် ဆုပ်ကိုင်ထားရင်း မေ့မြောလုမတတ် နာကျင်နေကာ " ကျေး.. ကျေးဇူးပြုပြီး ဆေးရုံပို့ပေးပါ... ငါ့.. ငါ့ခြေထောက် သုံးစားမရတော့ရင် မင်းသေချာပေါက် အကျိုးပြန်ခံစားရလိမ့်မယ်..."
လင်းရီ ထိုလူရှေ့ ပြုံးကျဲကျဲဖြင့် လျှောက်လှမ်းလာခဲ့ပြီး " အမှန်အတိုင်း ပြောရရင် ငါ တကယ်ကြီး ဒီနေ့ မင်း ခြေထောက် တစ်ဖက်ကို ဒုက္ခိတ ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ထားတာ...ဒီတော့ ရုန်းကန်မနေနဲ့... အဲ့တာက အချည်းနှီးပဲ...."
" ငါ ဒုက္ခိတ ဖြစ်လာရင် မင်းကို အနုကြမ်းခြိမ်းခြောက်ပြီး သေအောင် ငွေညစ်ပစ်မှာ...."
" ငါကကော အဲ့လိုလုပ်ဖို့ အခွင့်အရေး ပေးမယ်လို့ ထင်နေတာလား..."လင်းရီ ပြောလိုက်ပြီး " မင်း နောင်ကျ ကောင်းကောင်းမွန်မွန် နေထိုင်ရင်တော့ ဒီခြေထောက် တစ်ဖက်နဲ့ ကြေအေးလိုက်လို့ရတယ်.. ဒါပေမယ့် ငါ့နား ဆေးဖိုး လာတောင်းလို့ကတော့ လက်မှိုင်ချတယ်ဆိုတာက ဘာပြောတာလဲဆိုတာ သိအောင် တစ်ခါတည်း လုပ်ပေးလိုက်မယ်.. ဈာပနာကြေးပါ ပေးရင်းပေါ့.... "
"ဈာ...ဈာပနာကြေး..."
လင်းရီ ထိုလူ့ ပခုံးကို ပုတ်လိုက်ပြီး " နောင်ကျ ဝှီးချဲနဲ့ အပြင်ထွက်ရင် လမ်းပဲကူးကူး ပန်းပဲခူးခူး ဂရုစိုက်... ကားတစ်စီးက မင်းကို ၀င်တိုက်မိနေလိမ့်မယ်... ဘ၀က အရမ်း အချိုးအကွေ့များတာ မင်းနားလည်ပါတယ်... "
ထိုစကားကြားတော့ တစ်ဖက်သူမှာ ချွေးအေး တပြိုက်ပြိုက် ထွက်သွားခဲ့ပြီး သူ့နာကျင်နေသည့် ခြေထောက်ဒဏ်ရာကိုပင် မေ့ပျောက်လုနီးနီး ဖြစ်သွားခဲ့တော့၏။
ကျိုင်းရှောင်လျန်နှင့် သူ့ညီလေး၏ သတင်းတို့ ရွာထဲ ပျံ့နှံ့သွားရန်မှာ အချိန်သိပ်မယူလိုက်ရပေ။ ရွာသူရွာသား အများအပြားမှ မယုံကြည်သောကြောင့် အခင်းဖြစ်သည့် နေရာသို့ ကိုယ်ပိုင်မျက်လုံးဖြင့် လာရောက် အတည်ပြုကြလေသည်။ ထိုအခါ သူတို့အားလုံး အသစ်ပြောင်းလာသည့် လူငယ်လေးအပေါ် နားလည်မှု အသစ်တစ်ခု တိုးပွားသွားတော့၏။
နှစ်နာရီကြာပြီးနောက် ကျိုင်းရှောင်လျန်၏ ကြောက်ကြောက်လန့်လန့်နှင့် ရေလောင်းနေရသည့် ကာလမှာ ဆုံးခန်းတိုင်သွားခဲ့လေတော့သည်။
" ကျုပ်.. ကျုပ် ရေလောင်းပြီးသွားပြီနော်... သွားလို့ ရပြီမလားဟင်..."
"လစ် - လစ်.."
" ဟုတ် ဟုတ် ခုပဲ သွားပါတော့မယ်"
ကျိုင်းရှောင်လျန် သူ့ ညီငယ်အား ဖေးမ၍ ကားထဲ ပြန်ထည့်လိုက်ပြီး အသက်လု၍ မောင်းပြေးသွားခဲ့တော့သည်။ သူ ဤနေရာ၌ တစ်စက္ကန့်လေးပင် ပိုမနေဝံ့တော့ချေ။
ဖန်လုံအိမ်ထဲရှိ ကိစ္စများပြီးနောက် လင်းရီ ပစ္စည်းများ သိမ်းဆည်း၍ အိမ်သို့ ပြန်လာခဲ့လေသည်။
ယခုလေးတင် ဖြစ်သွားခဲ့သည့် အဖြစ်ပျက်တို့ကလည်း ဟွမ်ရှီး ကျေးရွာအတွင်း၌ ဟိုးလေးတကြော်ကြော် ဖြစ်နေပြီး ဖြစ်၏။
ထိုအကြောင်း ကြားပြီးနောက် များမြောင်လှသော ချဲ့ကားထားသည့် ကောလဟာလတို့ ပျံ့နှံ့လာလေသည်။ ရွာရှေ့က တီကောင် ရွာနောက်ရောက်တော့ နဂါးဖြစ်ဆိုသလိုမျိုး စကားမှာ တဖြည်းဖြည်း ကားသွားခဲ့တော့၏။ သို့တိုင်အောင် ထိုသို့ ချဲ့ကား ပြောရသည်ကို နားထောင်ရသည်မှာလည်း အင်မတန် အရသာ ရှိလှသည်။ တစ်ရွာလုံးရှိ ကြိုက်သည့်သူကို ဆွဲထုတ်မေး။ ထိုသူအုပ်စုအား နှစ်သက်သူ မည်သူကမျှ မပါချေ။ ယခုတွင်တော့ ထိုသူများအား ကောင်းကောင်းကြီး သင်ခန်းစာပေးမည့်သူ ပေါ်ပေါက်လာခဲ့ချေပြီ။
လင်းရီ တစ်ဦးတည်းကသာ ထိုအကြောင်း ဂရုစိုက်မနေပဲ သူ့ကိစ္စနှင့်သူ အလုပ်ရှုပ်နေတော့သည်။
ထိုစဉ် ကျိုင်းရှောင်လျန်မှာတော့ မြို့၏ ဆေးဝါးစင်တာသို့ မောင်းနှင်သွား၍ မာချင်ဖုန်း၏ ခြေထောက်အား ဆေးကုသပေးရန် ဟန်ပြင်သည်။
သို့သော် အဆုံးတွင်တော့ ဆေးဝါးပစ္စည်း အကန့်အသတ် ရှိသောကြောင့် ကောင်တီဆေးရုံကြီးသို့ ပြန်လည် လက်လွှဲလိုက်ရ၏။
ထိုည ကောင်တီဆေးရုံ လူနာအိပ်ခန်း အတွင်း၌ ကျိုင်းရှောင်လျန် အပြင် အခြား လူလေးဦး ရှိနေကြသည်။
အုပ်စု၏ ခေါင်းဆောင်ကတော့ လျိုတုံးမင်ပင်။
လျိုတုံးမင်က အပြာရောင်ဂျင်းနှင့် အနင်ရောင် သားရေ ဂျာကင်ကို ၀တ်ဆင်ထားပြီး လက်ကောက်၀တ်တွင် အမှတ်တရ စန္ဒကူး လက်ပတ်အား၀တ်ဆင်ထားသည်။ သိသာစွာဖြင့် သူ တခြယး အရပ်မှ ခရီးထွက်၍ ပြန်ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
သို့သော်လည်း လျိုတုံးမင်က ရွာရှိ အခြား လူအိုက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ကွဲပြားသည့် အသွင်ကို ဆောင်နေသည်။
ရန်ချိန်ရှိ ကျောက်ကွမ်းလီကဲ့သို့ တကယ့် ခန့်ခန့်ညားညား ဂန်းစတား ရုပ်ရည်သွင်ပြင်မျိုး ပိုင်ဆိုင်ထား၏။
" ဘာတွေဖြစ်ခဲ့တာတုန်း.. ငါ့ကို ဖြေးဖြေးချင်း ရှင်းပြ.... "
" ဒီလိုပါ အစ်ကိုကြီး... ရွာထဲကို လူသစ်တစ်ယောက် ရောက်လာခဲ့တယ်.. သူက ဘုံဘိုင်ကရေကို အပင်ဖြန်းဖို့ သုံးမေတ။ ... အဲ့တာနဲ့ ကျုပ်တို့ သူ့အိမ်သွားပြီး ရေဖိုး သွားကောက်တော့ ခုလို အရိုက်နှက်ခံခဲ့ရတာပဲ..."
" အဲ့ကောင်က Lexus 570 အမျိုးအစား မောင်းတယ် ဟုတ်လား..."
" ဟုတ်တယ် ဘော့စ်က အဲ့လူကို သိလို့လား..."
"အဲ့လူက တိုက်ရည်ခိုက်ရည် တော်တော်ကောင်းတယ်လို့ ငါကြားတယ်...ရှေ့ နှစ်ရက် သုံးရက်လောက်တုန်းက ယွီတဲ့ချန်ရဲ့ လူတွေကို ရိုက်နှက်ပစ်လိုက်တာ အဲ့ကောင်ပဲ... သူ့ရဲ့ မျိုးစေ့ရောင်းတဲ့ဆိုင် ပိတ်ပစ်လိုက်ရတာ မင်းတို့ မမြင်ဘူးလား...."
" အဲ့လူက အဲ့လောက်တောင် စွမ်းပကား ကြီးနေတယ်...."
" Lexus မောင်းနိုင်တယ်ဆိုတော့ ပိုက်ဆံ နည်းနည်း ရှိတဲ့ကောင်ပဲ ဖြစ်မှာပေါ့... အတိုက်အခိုက် ကျွမ်းကျင်တဲ့ အချက်ပါ ထည့်ပေါင်းလိုက်တော့ မင်းတို့ နှစ်ယောက် သူ့ပြိုင်ဘက် မဟုတ်တာ မဆန်းပါဘူး....."
"ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်ကြမှာ... ဒီကိစ္စ ဒီတိုင်းပဲ လွှတ်ထားပေးလိုက်သင့်လား.... "ကျိုင်းရှောင်လျန် ပြောလိုက်ပြီး "ခု ဒီကိစ္စ တစ်ရွာလုံးသိလို့ တစ်ရွာလုံးရဲ့ လူပြက်တောင် ဖြစ်နေပြီ..."
" အဆင်ပြေပါတယ်... သူ့မှာ ငါးကန်ရှိတယ်မလား... နောက်သုံးလေးရက်ဆို လမ်းဆောက်လုပ်ရေး စတော့မှာ... ငါ မြေတူးစက် ငှားပြီး သူ့ကိုယ်စား မြေဖို့ပေးလိုက်မယ်... "လျိုတုံးမင် ပြောလိုက်ပြီး " တကယ်လို့ သူ လာတားရဲရင် သူ့ကိုပါ မြေမြုပ်ပေးလိုက်မယ်..."
ရှေ့ဆက် ရက်များတွင်တော့ ကောင်းကင်မှာ ကြည်လင်ပြီး ရာသီဥတုမှာလည်း အင်မတန် ကောင်းမွန်နေသည်။ စိုက်ပျိုးရန် အခါမကျသေးသော်လည်း အိမ်တိုင်းက သီးနှံများကို ခြံရှေ့ စိုက်ခင်းတွငိ စတင် စိုက်ပျိုးနေကြချေပြီ။ သို့သော်လည်း မြေဆီလွှာ အတွင်းရှိ မျိုးစေ့များအား ကာကွယ်ရန် ပလတ်စတစ်ဖလင် အုပ်ဖို့တော့ လိုအပ်နေဆဲပင်။ ဤသိူ့ဖြင့် ရိုးရှင်းသည့် ဖန်လုံအိမ် အာနိသင်အား ရရှိနိုင်လေသည်။
လင်းရီ တစ်ကိုယ်တည်း ဟင်းသီးဟင်းရွက်ခြံစိုက်ခင်းအား ထယ်ထိုးပြုပြင်ရန်အတွက် သုံးရက်မျှ အချိန်ပေးလိုက်ရသည်။ တစ်ချိန်တည်းတွင် စနစ်မှ ချမှတ်ထားပေးသည့် မစ်ရှင်လည်း ပြီးမြှောက်သွားခဲ့လေသည်။
[ မစ်ရှင် ပြီးမြောက်သွားပါပြီ ]
[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
[ အလုပ်ပြီးမြောက်နှုန်း : ၃၀ ရာခိုင်နှုန်း ]
[ ဆုလဒ် : ပထမအဆင့် တိုက်ပွဲ၀င် နည်းစနစ် ]
စနစ်၏ ဆုလဒ်ကို မြင်တော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
" ဘာလို့ ပထမအဆင့် တိုက်ခိုက်ရေး နည်းစနစ်တုန်းဟ... ငါ့ တိုက်ခိုက်ရေး ခွန်အားက ဒုတိယအဆင့်ထဲ ရောက်နေပြီးသား မဟုတ်ဘူးလား.စနစ်... မင်းရဲ့ ဆုလဒ်ကြီးက နည်းနည်းလေး သောက်သုံးမ၀င်သလားလို့...."
[ တိုက်ခိုက်ရေး နည်းစနစ်နဲ့ တိုက်ခိုက်ရေး အင်အား ... အဲ့ဒီနှစ်ခုကို မရောနှောလိုက်ပါနဲ့ စနစ်ရှင်... ဒီခု ဆုလဒ်က စနစ်ရှင်ရဲ့ တိုက်ပွဲ စွမ်းဆောင်ရည်နဲ့ စကေးတွေကို ကောင်းကောင်းကြီး တိုးတက်လာစေမှာပါ....]
လင်းရီ မူလက စနစ်ကို ပိုမိုရှင်းပြခိုင်းချင်နေသော်လည်း ဘာဖြစ်နေလဲဆိုတာ အလျင်အမြန်ဖြင့် နားလည်သဘောပေါက်သွားခဲ့သည်။
သူက တန်းထျန် အတွင်းအားကို အသုံးချနိုင်သော်လည်း အမှန်စင်စစ် တိုက်ခိုက်မှု ပြုရာ၌ သာမန် ရိုးစင်းသည့် လမ်းဘေးတိုက်ခိုက်ရေး နည်းလမ်းများ အပေါ်၌သာ အမှီသဟဲ ပြုနေရလေသည်။ တစ်နည်းအားဖြင့် ဆိုရသော် သူက ပညာရှိ ဉာဏ်ပညာ အတွင်း ရှိသည့် အနည်းငယ်မျှသော တိုက်ခိုက်ရေး နည်းစနစ်များကိုသာ အသုံးချနိုင်ခြင်းပင်။
ထိုစဉ် ပထမအဆင့် တိုက်ခိုက်ရေး နည်းစနစ်က သူ၏ စစ်မှန်သည့် တိုက်ပွဲများ၌ တိုက်ပွဲ စွမ်းဆောင်ရည်နှင့် တိုက်ခိုက်ရေး ခွန်အားကို နှစ်ဖက်ချိန်ခွင်ညီစေပေမည်။
ဤသို့ဖြင့် သူ၏ စွမ်းအားကလည်း တစ်ဖက်စောင်းနင်း ဖြစ်မနေတော့ပဲ ယခင်ထက် အဆမတန် တိုးပွားလာမည်မှာ သံသယရှိနေရန် မလိုအပ်ပေ။
ထိုအကြောင်းတွေးတောမိတော့ လင်းရီ၏ ကျုံးဝေ့တပ်ဖွဲ့အပေါ် မျှော်လင့်စောင့်စားမှုတို့က ပိုမိုကြီးမားလာခဲ့တော့၏။