← Chapters

မွေးရာပါ အသိ

Vol. 65 Ch. 970

မွေးရာပါ အသိ

Vol. 65 Ch. 970

" အိုး... ဒီတော့ မင်းက ဒီအကြောင်းတွေ နားလည်နေတယ်ပေါ့...."နရုန်ရွှမ်း နောက်သို့လှည့်ကြည့်လာခဲ့ပြီး လင်းရီကို မေးမြန်းလာသည်။

" ကျုပ် နည်းနည်းတော့ သိတယ်... ဒီကိစ္စ တစ်ခုခုတော့ လုပ်မှဖြစ်မှာ.. မဟုတ်လို့ကတော့ ၀က်မကြီး ပွဲသိမ်းပြီ..."

" ငါနားလည်တယ်....မင်း ဆရာကြီး လာမလုပ်စမ်းနဲ့..."နရုန်ရွှမ်း ပြောလိုက်ပြီး " ငါ ဒီအလုပ်လုပ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး... မင်းက ငါ့ထက် ပိုသိနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ... "

" အိုကေလေ.. အဲ့တာဆို ဆက်လုပ်ပေါ့..."

နာရီလက်တံမှာ ဘယ်မှညာသို့ လည်ပတ်နေပြီး မသိလိုက်စွာနှင့် အချိန် နောက်တစ်နာရီ ကုန်ဆုံးသွားသည့်တိုင်အောင် ၀က်‌မေမေဗိုက်ထဲရှိ ၀က်ပေါက်လေးများမှာတော့ ထွက်လာမည့်ဟန် မပြသေး။ သို့သော်လည်း ၀က်မေမေကြီး၏ အသက်ရှူသံမှာ ပို၍ မြန်ဆန်လာပြီး ဓာတ်လိုက်ခံထားရသကဲ့သို့ ဆန့်ငင်ဆန့်ငင် ဖြစ်နေလေသည်။

ဤတစ်ကြိမ်တွင်တော့ နရုန်ရွှမ်း ဇောချွေးများ သုတ်လို့ မနိုင်အောင် ဖြစ်လာခဲ့တော့သည်။ ယခုလို အခြေအနေမျိုးနှင့် ပထမဆုံး အကြိမ် ကြုံတွေ့ရဖြင်း ဖြစ်သောကြောင့် မည်သို့ လုပ်ရနိုးနိုး ဖြစ်နေလေသည်။

" အော့ကော(ဒုတိယအစ်ကို)... ကျုပ်တော့ ၀က်မကြီး ဒီတောင်ကို ကျော်နိုင်တော့မယ် မထင်ဘူး..."

"ဒေါက်တာနရုန်လေး... ခင်များ မကယ်ပေးနိုင်တော့ဘူးလားဗျာ... ကျုပ် သူ့မွေးဖို့ ယွမ်တစ်သောင်းနီးနီးလောက် အကုန်ခံထားရတာ... တကယ်လို့ သေသွားရင် အကုန် သဲထဲ ရေသွန် ဖြစ်ကုန်မှာပေါ့..."

" ခင်များ ၀က်မကြီးကိုက ကံဆိုးလွန်းတာပါ... ဒါ ကျုပ်တတ်နိုင်တာ အကုန်ပဲ... ."

" Sodium chlorprosperenol ငါးလုံး သွား၀ယ်ခဲ့.... ခင်များ ၀က်မကြီးက ကယ်လို့ ရသေးတယ်...."လင်းရီ ပြောလိုက်သည်။

" ဟမ်.....အဲ့တာက ဘာကြီးလဲ..."ရောင်မုန့် မေးမြန်းလိုက်၏။

" ၀မ်းဆွဲဆေး... မြို့ထဲက တိရစ္ဆာန် ဆေးဆိုင်မှာ မေးကြည့်လိုက်.. သူတို့ ရောင်းလောက်တယ်..."

" ကောင်းပြီလေ... ငါ အခုချက်ချင်း သွား၀ယ်လိုက်မယ်..."

လင်းရီ သူ့ကားသော့ ထုတ်လိုက်ပြီး " ကျုပ်ကားမောင်းသွားလိုက်... အဲ့တာက ပိုမြန်တယ်..."

" ရပြီ ရပြီ... မင့်ကားက အကောင်းစားကြီး ... ငါမထိရဲဘူး... အိမ်မှာ စကူတာ ရှိတယ်.. အဲ့တာပဲ မောင်းသွားလိုက်မယ်... "

" ကောင်းပြီလေ... မြန်မြန် ပြန်လာခဲ့.. "လင်းရီ ပြောလိုက်ပြီး " နာရီ၀က်ကျော်လို့ ဆေး၀ယ်မရဘူးဆိုရင် ဓားတစ်ချောင်းပဲ ၀ယ်ခဲ့လိုက်တော့.... "

" ဟမ်... ဘာလို့ ဓား၀ယ်ခဲ့ရမှာ.."

" အဲ့တာမှ ၀က်ခုတ်လို့ ရမှာလေ...."

" ငါရှီး.. မင်း ကောင်စုတ်လေးကတော့..."

လင်းရီ၏ ဟာသက ပြင်းထန်နေသည့် လေထုကို မသိမသာ လျော့ပါးသွားစေသည်။ ထိုစဉ် ရောင်မုန့် သူ့ ဆိုင်ကယ်သော့ထုတ်၍ မြို့ထဲသို့ လီဗာကုန်တင် မောင်းထွက်သွားခဲ့သည်။

ထိုအတောအတွင်း နရုန်ရွှမ်း သူ အလုပ်ဖြစ်နိုးနိုး နည်းလမ်းတစ်ချို့အား စမ်းသပ်ကြည့်လေသည်။ သို့သော်လည်း နည်းလမ်းအားလုံးက အသုံး၀င်ရမည့်အစား ၀က်မေမေကြီးကို ပို၍ အသက်ငင်အောင် ဖြစ်သွားစေခဲ့သည်။

ကျီချင်းရန်ကတော့ ထိုမြင်ကွင်းကို ဘေးတွင် ရပ်ကြည့်နေရင်း မျက်ရည်စမ်းစမ်းနှင့် ဖြစ်နေတော့၏။

" အယ်... ဘာလို့ ငိုနေတာတုန်း ငါ့ညီမရယ်...."ကျောက်ရှလီမှာ ကျီချင်းရန် မျက်ရည်သုတ်နေသည်ကို သတိထားမိသွားပြီး ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။

" အရမ်းသနားဖို့ ကောင်းတယ်ထင်လို့လေ... "ကျီချင်းရန် နှုတ်ခမ်းစူ၍ ပြောလိုက်သည်။

" ဘာမှ သနားနေစရာမလိုဘူး... တကယ်လို့ သားမပေါက်နိုင်ရင် သတ်ပြီး ၀က်သားဟင်းကောင်းကောင်း စားလို့ရတာပေါ့... အဲ့ခါကျရင် နင်မြည်းကြည့်လှည့်... လတ်လတ်ဆတ်ဆတ် ခုတ်ထားတဲ့ ၀က်သားက အရမ်း အရသာရှိတာ.... "

စွန်းချွင့်လီလည်း ရယ်မောလိုက်ပြီး " ဘာမှ မဖြစ်ပါဘူးဟယ်... ဒီလိုမျိုး နှစ်ကြိမ်သုံးကြိမ်လောက် မြင်ပြီးသွားရင် နင် နေသားကျသွားလိမ့်မယ်..."

ကျီချင်းရန် နှုတ်ခမ်းကို နာနာကိုက်၍ တိတ်ဆိတ်လျက်သာ နေလိုက်သည်။

သူမ ရှေ့ရှိ လူများက သူမ၏ ခံစားချက်များကို နားမလည်နိုင်ဟု ခံစားနေရ၏။ သို့သော်လည်း တစ်ခြား ရှုထောင့်မှ ကြည့်မည်ဆိုလျှင်တော့ ကျီချင်းရန်မှာ ဘ၀၏ ခက်ခဲမှုများကို နားမလည်သေးသောကြောင့် ဖြစ်သည်။

ရှေ့ ဆယ်စုနှစ် များစွာတုန်းက အငတ်ဘေးဆိုက်ချိန်တွင် များစွာသော လူသားအပေါင်းတို့မှာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ခက်ခဲစွာ ရုန်းကန်ကြိုးစားခဲ့ကြရသည်။

ထိုအချိန်ကာလနှင့် နှိုင်းယှဉ်လျှင်တော့ ယခု လက်ရှိ အခြအနေက တကယ့်ကို လောက နိဗ္ဗာန်ပင်။

မိနစ်နှစ်ဆယ်အတွင်း ရောင်မုန့် အပြင်မှ ပြန်ရောက်လာခဲ့သည်။

" အနီး စတိုင်းဆိုင်တစ်ခုမှာ ရောင်းတာနဲ့ အတော်ပဲ...."

ရောင်မုန့် ဆေးကို လင်းရီထံ ကမ်းပေးလိုက်သည်။

တစ်ချိန်တည်းတွင် သူ အမြော်အမြင်ရှိစွာဖြင့် ဆေးထိုးအပ်ပါ တစ်ပါတည်း ၀ယ်လာခဲ့လေသည်။

" မြန်မြန် ကယ်ပေးစမ်းပါဦးကွာ... တကယ်လို့ ဒီ ၀က်မကြီးသာ သေသွားခဲ့ရင် ငါ နှစ်တွေအကြာကြီး ရင်းနှီးထားတာတွေ အကုန်ပြောင်ပြီပဲ... "

" ရတယ် မလောနဲ့.... ဒါ ကြီးကြီးမားမား ပြဿနာ မဟုတ်သေးဘူး...."

လင်းရီ ဆေးသုံးလုံးကို ယူ၍ ရောစပ်ပြီး ဆေးထိုးအပ်ပြွန်ထဲ စုပ်ယူလိုက်သည်။ ထို့နောက် ၀က်မေမေကြီးအား ထိုးသွင်းပေးလိုက်၏။

မကြာမီ ဆေးစွမ်း ပြသလာခဲ့ပြီး ၀က်မေမေကြီး၏ ဓာတ်လိုက်နေသကဲ့သို့ ဆန့်ငင်ဆန့်ငင် ဖြစ်သည့် ဖြစ်စဉ်မှာလည်း သိသိသာသာ လျော့နည်းသွားခဲ့ကာ နဂိုကထက်ပင် ပို၍ ကျယ်လောင်စွာ အသံပြုလာတော့၏။

ရပ်ကြည့်နေကြသူတို့မှာ ဘာဖြစ်သွားမှန်း သူတို့ နားမလည်သော်လည်း ယခင်ကထက် အခြေအနေကောင်းလာခဲ့သည်ကတော့ အမှန်ပင်။

မိနစ်အနည်းငယ် ကြာပြီးနောက် လင်းရီ မွေးလမ်းကြောင်းထဲ လက်နှိုက်ကြည့်လိုက်သည်။

" အဆင်ပြေတယ်... ခု ၀က်မကြီး အခြေအနေ ပြန်ဟန်သွားပြီ... "

ထိုစကားကြားတော့ ရောင်မိသားစု ၀င်များအားလုံး သက်ပြင်းမောကြီး ချလိုက်ကြသည်။

" အော့ကော .. စန်းကော ... ၀က်မကြီးရဲ့ အစာအိမ်အောက်ကို သပ်ချပေး. မဟုတ်ရင် မွေး၀မ်းခေါင်းပေါက်ထဲ ဖိအား အရမ်းသေးပြီး မွေးနိုင်မှာ မဟုတ်ဘူး.... "

လင်းရီ၏ အမိန့်ပေးသံကို ကြားတော့ နှစ်ယောက်သား ကုန်း၀ပ်၍ သူတို့၏ လက်ကြမ်းကြီးများနှင့် ၀မ်မေမေ၏ ၀မ်းဗိုက် အောက်သို့ အလျားလိုက် သပ်ချပေးကြသည်။

ယခုလို လုပ်ခြင်းဖြင့် ၀က်ပေါက်လေးများအား တွန်းထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေလေသည်။

" မရသေးဘူး... ခင်များတို့နှစ်ယောက်က အားလည်း မရှိပါလားဟ...."လင်းရီ ပြောလိုက်ပြီး " ဗိုက်ပေါ် ခြေထောက်နဲ့နင်းလိုက်..."

"ဟင်... နင်က သူတို့ကို မတ်တပ်ရပ်ပြီး ဗိုက်ပေါ် နင်းစေချင်နေတယ်...."ကျီချင်းရန်၏ မျက်၀န်းလေးများ မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်သွားခဲ့တော့၏။

" ဘယ်သူက ကလေးပေါ် တက်နင်းရက်မှာလဲ..."

" အဲ့လို မလုပ်ရင် အသက်အန္တရာယ် ရှိတယ်......"

" ဟျောင့်.. မင်းဘာတွေ လျှောက်လုပ်နေတာ... အဲ့လိုလုပ်လိုက်ရင် ၀က်ပေါက်လေးတွေ သေသွားနိုင်တယ်ကွ... ဒီနည်းလမ်းက အရမ်း အန္တရာယ်များတယ်... "နရုန်ရွှမ်း ပြောလိုက်၏။

လင်းရီ နရုန်ရွှမ်းကို ကြည့်လိုက်ပြီး " ခင်များ တတ်ရင်လည်း ဒီလာလုပ်လိုက်.. မတတ်ရင် ပါးစပ်ပိတ်ပြီး အသာနေ...အာရုံကို နောက်တယ်..."

လင်းရီ၏ ငေါက်ငမ်းခြင်းကို ခံရပြီးနောက် နရုန်ရွှမ်း မျက်နှာ အကျည်းတန်သွားခဲ့ပြီး အသံတိတ်သွားခဲ့တော့သည်။ သို့သော်လည်း သူ့စိတ်ထဲ တေးထားသည်။ အကယ်၍ ၀က်မကြီး သေသွားခဲ့ပါက သူ လင်းရီကြောင့်ဟု သေချာပေါက် သတင်းလွင့်ပေမည်။

" လင်းလေး... ဒီလိုလုပ်လို့ ဖြစ်မှာ မင်းသေချာလို့လားကွ..."ရောင်မုန့် မေးမြန်းလာခဲ့သည်။ ယခုလို လုပ်ဆောင်မှုမျိုးကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး ထို့ကြောင့်လည်း တော်တော်လေး စိတ်ပူပန်နေသည်။

မည်သို့ပင်ဖြစ်စေ လင်းရီက မြို့ပေါ်မှ လာသူဖြစ်၏။ သူ့တွင် အမှန်ပဲ စွမ်းရည် ရှိနေသည်လော သို့မဟုတ် စွမ်းရည်ရှိဟန် ဆောင်နေသည်လော မည်သူကမျှ မပြောပြတတ်ချေ။

" အဆင်ပြေတယ်... ကျုပ်ပြောတဲ့အတိုင်းသာလုပ်... ခင်များတို့ မမှားစေရဘူး..."

" ကောင်းပြီလေ... ဒါဆိုလည်း မင်းပြောတဲ့ အတိုင်းပဲပေါ့... "

ရောင်မုန့်နှင့် ရောင်ပင်းတို့မှာ ပင်ကိုယ် ရိုးရှင်းသည့် တောသူတောင်သားများ ဖြစ်သောကြောင့် ကျီချင်းရန်ကဲ့သို့ အတွေးဆတ်နေခြင်းမရှိ။

သူတို့ ၀က်မေမေကြီး၏ ၀မ်းဗိုက်ပေါ် တက်နင်း၍ ဖိအားတစ်ချို့ ညှစ်ထုတ်လိုက်ကြသည်။ ဆယ်မိနစ်ကြာပြီးနောက် လင်းရီ လက်ပြန်ဆွဲထုတ်လာခဲ့လေသည်။

ထိုက်အခိုက် သူ့လက်ထဲတွင်လည်း ၀က်ပေါက်လေး တစ်ကောင် တွဲလျက်ပါလာသည်။ ဖြူဖြူဖွေးဖွေး ၀၀ကစ်ကစ်။ အင်မတန် ချစ်ဖို့ ကောင်းသည်။

" ဟော ဟော ထွက်လာနေပြီ..."

ကျောက်လီရှ စိတ်လှုပ်ရှားစွာဖြင့် ဘေးလူ၏ လက်မောင်းကို ဖြန်းခနဲ ရိုက်လိုက်သည်။ ယခုတော့ စိုးရိမ်စရာ မလိုတော့ချေ။ သူမ ဖုန်းထုတ်၍ လင်းရီ ၀က်မကြီးအား ၀မ်းဆွဲပေးနေသည့် မြင်ကွင်းကို ကျီချင်းရန်နှင့်အတူ စိတ်လိုလက်ရ မှတ်တမ်းတင်နေလိုက်၏။

လင်းရီ ၀က်ပေါက်လေး ရှစ်ကောင်ကို တစ်ကောင်ပြီး တစ်ကောင် အပြင်သို့ ဆွဲထုတ်လိုက်ပြီး မများသော်လည်း နည်းသည့် ပမာဏ မဟုတ်ပြန်ပေ။ သာမန် ၀က်ပေါက်သည့် ပမာဏသာဖြစ်၏။

သူနှင့် တစ်ချီတည်း နတ်ဘုရား ဖြစ်လာခဲ့သည့် နရုန်ရွှမ်းကြားတွင်တော့ ကွာဟချက်တစ်ချို့ ရှိနေဆဲပင်။

ထိုစဉ် နရုန်ရွှမ်းမှာ အရှက်ရနေပြီး အနည်းငယ်ပင် ရှက်ရွံ့ဒေါသ ဖြစ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူ အစော်ကားခံလိုက်ရသကဲ့သို့ ခံစားနေရပြီး ဤအဖြစ်ပျက် ပြီးနောက်တွင် ဟွမ်ရှီး ကျေးရွာရှိ ' နံပါတ်တစ် ၀မ်းဆွဲသည် ' ဟူသော ဂုဏ်ပုဒ်မှာလည်း လင်းရီ၏ လုယူသွားခြင်း ခံရမည်မှာ ကျိန်းသေသောကြောင့်ပင်။

" အိုကေ.. ခု ဘာမှ မရှိတော့ဘူး... ကျန်တာကို ခင်များတို့ပဲ လုပ်လိုက်တော့..."

" ကျေးဇူးပါပဲ လင်းလေးရာ.. ငါ ကျေးဇူးအများကြီး တင်တယ်..."ရောင်မုန့် ၀မ်းသာစွာဖြင့် ပြောလာခဲ့ပြီး " ငါ ခဏနေကျရင် ကြက်နှစ်ကောင် သတ်လိုက်မယ်... မင်းတို့နှစ်ယောက် ဒီည ဒီမှာ စားသွားကြ..."

" ဒါဆိုလည်း ညစာ ဘာမှ ချက်မနေတော့ဘူး... ငါ့အစ်ကို အိမ်မှာပဲ အ၀တွယ်သွားလိုက်တော့မယ်.."

" ရတယ် ရတယ်... မင်းတို့ နှစ်ယောက်လုံး နောင်ကျရင်လည်း အိမ်ကို ကြိုက်တဲ့ အချိန်လာစားလှည့်... တူအပိုနှစ်စုံ အမြဲ ပြင်ထားပေးမယ်... နှစ်ယောက်စာလောက်ကတော့ ဘာမှ အပန်းမကြီးသွားဘူး...."

"ဟားဟား... ဟုတ်ပြီဗျာ... ခုတော့ လက်အရင် သွားဆေးလိုက်ဦးမယ်... ဒါတွေက သောက်ရမ်း ညစ်ပတ်တာ..."လင်းရီ ပြောလိုက်၏။

" သွားလေ... ငါမင်းကို ရေလိုက်လောင်းပေးမယ်..."

၀က်မကြီးမှ သားပေါက်ပြီးဖြစ်သောကြောင့် ကျန်သည်များအား ကျောက်လီရှနှင့် စွန်းချွင့်လီထံ လွှဲထားပေး၍ရသည်။ ထိုစဉ် ချက်ပြုတ်သည့် အလုပ်ကတော့ လင်းရီနှင့် ကျန်သည့် အမျိုးသား နှစ်ယောက်လက်တွင်း ကျရောက်လာလေသည်။

အခြား တစ်ဖက်တွင်တော့ ကျီချင်းရန်မှာ စတိုခန်း ၀င်ပေါက်၀တွင် ထိုင်နေပြီး ၀က်ပေါက်လေး ရှစ်ကောင် သူတို့ အမေ ၀က်မကြီး၏ နို့စို့နေသည်အား အထူးအဆန်းဖြစ်နေဟန်ဖြင့် စိတ်၀င်တစား ထိုင်ကြည့်နေသည်။

သူမ ကြည့်လေလေ ပို၍ အသည်းယားလာလေလေ ဖြစ်နေတော့၏။

"ညီမ... ဒီတိုင်း နို့စို့နေတာပါဟယ်... နင် အဲ့တာကိုပဲ ထိုင်ကြည့်နေတာ နာရီ၀က်တောင် ရှိတော့မယ်နော်...."ကျောက်လီရှမှ ငိုရခက် ရယ်ရခက် ဖြစ်စွာဖြင့် ပြောလိုက်၏။

"ဒုတိယမရီး... ၀က်ပေါက်လေးတွေက ချစ်ဖို့ကောင်းတယ်လို့ မထင်ဘူးလား..."

"နင့် မရီး အသက်က လေးဆယ်နား ကပ်နေပြီ... နင်တို့ လူငယ်တွေလို စိမ်ပြေနပြေနဲ့လည်း မကြော့ရှင်းနိုင်တော့ပါဘူးအေ.... "ကျောက်လီရှ ပြောလိုက်ပြီး " ဒီ၀က်ပေါက်လေးတွေကို မမေးနဲ့ .. ကိုယ့်သားကိုယ်တောင် စိတ်ရှုပ်လွန်းလို့...."

" ဒါပေမယ့် ထူးဆန်းတယ် မထင်ဘူးလား... သူတို့က ခုမှ မွေးတာကို နို့ဘယ်လို စို့ရမလဲ သိနေတယ်လေ... သူတို့လေးတွေက သင်ပေးနေစရာတောင် မလိုဘူးနော်...."

" လူလည်း အတူတူပဲမဟုတ်ဘူးလား... နင် နောင်ကျ ကလေးမွေးပြီးရင် သူတို့ ပါးစပ်နား နို့တီးခေါင်း တေ့ပေးကြည့်လိုက်...ကလေးက သူ့အလိုလို စို့လိမ့်မယ်... အဲ့တာကို မွေးရာပါ ပင်ကိုယ်အသိလို့ခေါ်တယ်.... “

All Chapters