← Chapters

ထ.. ၀က်ပေါက်လေးကို နို့ဘူးတိုက်ဦး

Vol. 65 Ch. 971

ထ.. ၀က်ပေါက်လေးကို နို့ဘူးတိုက်ဦး

Vol. 65 Ch. 971

" အဲ့လိုကိုး....နားလည်ပြီ...."

ကျီချင်းရန် လုံး၀ နားလည်ခြင်း မရှိသော်လည်း ဤအချင်းအရာက မှော်ဆန်သည်ဟု ခံစားနေရသည်။

အကယ်၍ အစားအသောက်များ အဆင်သင့် ဖြစ်နေသောကြောင့်သာ မဟုတ်ပါက ကျီချင်းရန် စတိုခန်းပေါက်၀၌ အကြာကြီး ထိုင်ပြီး ၀က်ပေါက်လေးများ နို့စို့နေသည်ကို မမောနိုင် မပန်းနိုင် ဆက်လက် ထိုင်ကြည့်နေလောက်ပေသည်။

အချိန်မှာ ညရှစ်နာရီ ထိုးနေပြီး လူတိုင်းကလည်း စားလို့ ပြီးခါနီးဖြစ်ကာ လင်းရီမှ အလိုက်တသိနှင့် အိမ်ပြန်ရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း ကျီချင်းရန်မှာ စားပွဲအောက်တွင် လင်းရီ ခြေထောက်ကို သုံးလေးကြိမ်ခန့် တို့နေလေသည်။

“ ဘာတုန်း…”

“ နင် ငါ့ကို ဝက်ပေါက်လေး ဝယ်ပေးမယ် ပြောတယ်မလား…” ကျီချင်းရန် လင်းရီ နားထဲသို့ တီးတိုး ပြောလိုက်ပြီး “ ခု ငါ့ကို တစ်ကောင်တောင်းပေး….”

လင်းရီ ရုတ်တရက် သူ ဘာမေ့နေလဲဆိုတာကို သတိပြုမိသွားလေသည်။

“ အသေးမွှားလေးပါ..”

သူ ရောင်မုန့်ကို ကြည့်လိုက်ပြီး “ အော့ကော… ကျုပ်ကို ဝက်ပေါက်လေး တစ်ကောင်လောက် ရောင်းပေးလို့ရလား.. ဈေးကွက်ပေါက်ဈေးအတိုင်းပဲ တွက်ပေးနော်… ရင်းနှီးလို့ ဒီဈေးတွေ ဘာတွေ လုပ်မနေနဲ့…”

“ မင်း ဘာတွေ လာပြောနေတာ…” ရောင်မုန့် ပြောလိုက်ပြီး “ မင်း ငါ့ကို ဒီလောက်ထိ ကူညီပေးထားတာကို ငါမင်းကို တစ်ကောင်လောက်ပေးဖို့က ပြဿနာ မရှိဘူး.. ဒါပေမယ့် ခုလောလောဆယ်တော့ မရသေးဘူး… တစ်လစောင့်… ပြီးရင် မင်းကြိုက်တဲ့ တစ်ကောင် လာရွေးယူလိုက်…”

“ ဟမ်… ဘာလို့ အခု ယူသွားလို့မရတာ…”

“ သူတို့က မွေးကင်းစတွေမို့ နို့တိုက်ဖို့ လိုနေသေးတုန်းပဲလေ…” ရောင်မုန့်‌ ပြောလိုက်ပြီး “ ငါ အရင်ဆုံး ကူမွေးထားပေးမယ်… သူတို့ နို့ပြတ်ပြီဆိုတော့မှ မင်းလာပြီး ယူလိုက်… အဲ့လိုဆို အလုပ်လည်း မရှုပ်တော့ဘူး…”

သို့သော်လည်း ကျီချင်းရန်မှာ စိတ်ရှည်မနေချေ။ သူမက ယခုပင် ခေါ်သွားချင်နေသည်။ ယခုအချိန်တွင် ဝက်ပေါက်လေးများက ဖြူဖွေးနူးညံ့နေပြီး မွေးမြူရမည်မှာ အရမ်း ချစ်ဖို့ကောင်းသည်ဟု ခံစားနေရ၏။

“ မိခင်နို့မှလား… နို့မှုန့်ကော မရဘူးလား…” ကျီချင်းရန် မဝံ့မရဲ မေးမြန်းကြည့်လိုက်သည်။

“ နို့ဘူးနဲ့ တိုက်လည်း ရတယ်လေ… ဒါပေမယ့် အလုပ်ရှုပ်တာပေါ့… နင်တို့ လူငယ်လေး နှစ်ယောက်က အတွေ့အကြုံလည်း ရှိတာ မဟုတ်ပဲနဲ့ ဘာလို့ နောက်ကျမှ လာမယူမှာ….”

“ ရတယ်… ကျွန်မတို့ သေချာပေါက် လုပ်နိုင်တယ်….”

ကျောက်လီရှ ပြုံးလိုက်ပြီး “ အဲ့လိုဆိုတော့လည်း နင့် ဒုတိယမရီးက သေချာပေါက် စိတ်မပျက်စေရဘူး.. ခဏနေကျရင် စတိုခန်းထဲသွားပြီး နင်ကြိုက်တဲ့ ဝက်ပေါက်လေး တစ်ကောင် သွားရွေးခဲ့လိုက်…”

“ ဟုတ် ဘယ်လောက်လဲ.. ကျွန်မ အခုပဲ လွှဲပေးလိုက်မယ်…”

“ နင်က ပိုက်ဆံပေးမယ်ဆိုရင် မယူသွားနဲ့တော့..”

ကျီချင်းရန် မျက်လုံးလှိမ့်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။ သူမ ယခုကိစ္စအား ကိုင်တွယ်နိုင်မည့် နည်းလမ်း စိတ်ထဲရှိထားပြီးဖြစ်လေသည်။

ညစာ ထမင်းဝိုင်းမှာ လျင်မြန်စွာဖြင့် အဆုံးသတ်သွားပြီး ကျီချင်းရန် စတိုခန်းထဲ အလျင်အမြန်သွား၍ ဖြူဖြူဖွေးဖွေး ဝက်ပေါက်လေး တစ်ကောင် ရွေးချယ်လိုက်ပြီး လင်းရီ ပြန်သယ်သွားနိုင်ရန်အတွက် ယူလာခဲ့လိုက်၏။

“ အစ်မတို့ အိမ်မှာ နို့မှုန့် အထုပ်တစ်ဝက်ကျန်နေသေးတယ်… ပုံမှန်ဆိုရင်တော့ အိမ်ကသား သောက်ဖို့ပဲ… ခုတော့ နင်တို့ဖို့ ထည့်ပေးလိုက်မယ်… မဟုတ်ရင် နင်တို့ ဒီည တိုက်ဖို့ လောက်မှာ မဟုတ်ဘူး…”

ကျောက်လီရှမှာ အင်မတန် ရက်ရောမှု ရှိလှ၏။ သူမက နို့မှုန့်ထုတ်တစ်ဝက်သာမက နို့ဘူးကိုပါ ကျီချင်းရန်အား ပေးလိုက်လေသည်။ ထို့နောက် ဝက်ပေါက်လေးအား နို့တိုက်ပုံ တိုက်နည်းကိုလည်း တစ်ခါတည်း သင်ပြပေးလိုက်၏။

“ ကျေးဇူးပါ ဒုတိယမရီး…”

သူမ မထွက်ခွာမီ ကျီချင်းရန် စလင်းဘတ်အိတ်ထဲ လက်နှိုက်လိုက်ပြီး ယွမ်တစ်ထောင်ခန့်မျှ ပါလာခဲ့ကာ ကျောက်လီရှ လက်ထဲ အတင်းထိုးထည့်ပေး၍ “ ဒုတိယမရီး.. ကျွန်မဆီလည်း ပိုက်ဆံ ဒီလောက်ပဲ ပါခဲ့လို့ အကုန်ပေးခဲ့လိုက်မယ်နော်… ဘာမှအားနာမနေနဲ့ ယူသာယူထားလိုက်…”

ငွေကို အတင်း ထည့်ထားခဲ့ပေးပြီးနောက် ကျီချင်းရန် လင်းရီ၏ လက်ကိုဆွဲ၍ ကျောက်လီရှအား စောဒက တက်ရန်ပင် အခွင့်မပေးဘဲ အလျင်အမြန် ထွက်ခွာသွားခဲ့တော့သည်။

“ မြို့က လူတွေကတော့ အကုန်လုံးကို စူးစမ်းချင်နေတော့တာပဲနော်…” စွန်းချွင့်လီမှ အပြုံးလေးဖြင့် ပြောလိုက်၏။

“ ငါတော့ သူတို့ သုံးရက်အတွင်း အဲ့ဝက် ပြန်လာပေးမယ်လို့ လောင်းရဲတယ်….”

“ ငါတော့ သုံးရက်တောင် ကြာမယ်မထင်.. မနက်ဖြန် ကျရင် ပြန်ယူလာပေးတာမျိုးတောင် ဖြစ်လောက်တယ်…”

တစ်ချိန်တည်းတွင် နှစ်ယောက်သား အိမ်သို့ ပြန်ရောက်လာကြပြီး ကျီချင်းရန်မှ ဝယ်လာခဲ့သည့် လှောင်အိမ်ကို အိမ်ထဲ ယူလာပေးရန် လင်းရီကို ခိုင်းလိုက်သည်။

“ ရီ… အကောင်ပေါက်လေးက တကယ်ကြီး သူ့ဟာသူ ဘယ်လိုစို့ရမလဲ သိနေတယ်နော်….”

“ တိရစ္ဆာန်ရဲ့ ပင်ကိုယ်အသိစိတ်ပဲလေ.. သာမန်ပါပဲ… အဲ့လောက်ကြီးလည်း အထူးအဆန်း လုပ်မနေနဲ့ ဟုတ်ပြီလား….”

“ ခစ်ခစ်… ငါတော့ ပထမဆုံး မြင်ဖူးတာပဲ…”

ကျီချင်းရန်မှ ဝက်ပေါက်လေးအား နို့တိုက်ပေးသည့် တာဝန်ကို အားတက်သရော ထမ်းဆောင်နေပြီး နာရီဝက်မျှကြာအောင် မောပမ်းခြင်းမရှိ နို့ဘူးတိုက်နေခဲ့၏။

ကလင် ကလင် ကလင်…

ထိုစဉ် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ဟော်ယွမ်ယွမ်မှ ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်းပင်။

လင်းရီ မူလက အလုပ်အကြောင်း တစ်ခုခု တင်ပြချင်၍ ဖုန်းခေါ်လိုက်သည်ဟု ထင်လိုက်သော်လည်း ဗွီဒီယိုကော ဖွင့်ပြီးသည်နှင့် တစ်ပြိုင်နက် ဝက်ကဲ့သို့ ရယ်သံ အကျယ်ကြီးအား မျှော်လင့်မထားစွာဖြင့် ကြားလိုက်ရလေသည်။

“ ဟားဟား....ဘော့စ်… ကျွန်မတော့ ရှင့်ကို အရမ်းလေးစားသွားပြီ.. ဘယ်သူက ရှင့်ကို အဲ့လောက်ထိ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဝက်ကို ဝမ်းဆွဲပေးတတ်မယ်လို့ ထင်ထားမှာ…. သောက်ရမ်း လေးစားဖို့ကောင်းတယ်…”

“ မင်း ... လစ်စမ်း…”

လင်းရီ ကျိန်ဆဲပြီးနောက် ဖုန်းချလိုက်ပြီး ရေမိုးချိုးရန် ဟန်ပြင်လိုက်သည်။

ထိုစဉ် ကျီချင်းရန်ကတော့ တုတ်တုတ်မျှမလှုပ်ပဲ ဝက်ပေါက်လေး၏ ချစ်စဖွယ် အခိုက်အတန့်လေးများအား ဓာတ်ပုံရိုက်နေလေသည်။

သူမ သာမန်ဓာတ်ပုံရိုက်သည်က အဆင်ပြေသော်လည်း ရိုက်ကူးပြီးနောက် ပုံများကို အလှပြင်ပေးနေသည်ကတော့ ….. ထိုအရာက ဘာသဘောလဲ လင်းရီ မတွေးတတ်တော့ချေ။

သူ အတွင်း၌သာ ကြိတ်၍ သက်ပြင်းချလိုက်၏။

ငါတော့ တကယ့်သူကိုမှ ကြင်ဖော်အဖြစ် ရှာတွေ့မိထားတာပဲ….

ကျီချင်းရန်၏ ဝက်ပေါက်လေးအပေါ် စိတ်အားထက်သန်နေမှုက လင်းရီ၏ မျှော်မှန်းထားမှုထက် ကျော်လွန်သွားခဲ့လေသည်။ ည သန်းခေါင်ကျော်နေပြီး ဖြစ်သော်လည်း သူမကိုယ်သူမ ဝက်ပေါက်လေးအား ချော့မြူရင်း အလုပ်ရှုပ်နေတော့၏။

အကယ်၍ လင်းရီသာ မခေါ်ပါက သူမ အိပ်မည့်ပုံတောင် မပေါ်ချေ။

မနက် နှစ်နာရီ၊ ကျီချင်းရန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် လင်းရီကြောင့် အိပ်စုံမှုန်မွှား မျက်ဝန်းတို့ဖြင့် ပတ်ဝန်းကျင်ကို ဖွင့်ကြည့်လာခဲ့သည်။

သူလေး၏ အအိပ်မက်မှုနှင့် လင်းရီ ယခုလိုအချိန်တွင် နိုးနိုင်သည်ကပင် တော်တော်လေး အထင်ကြီးဖို့ ကောင်းနေချေပြီ။ နိုးအောင် ဘယ်လို နှိုးလိုက်လဲဆိုတာကတော့ …. ထိုသည်ကတော့ လျှို့ဝှက်ချက် တစ်ခုဖြစ်၏။

“ နင်ဘာလို့ နှိုးလိုက်တာ… ခုထိ အရုဏ်တောင် မတက်သေးပဲနဲ့..” ကျီချင်းရန် အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်၍ လင်းရီကို ချစ်စဖွယ် စောဒကတက်လိုက်သည်။

“ မင်းဝက်ပေါက်လေးက နို့ဆာလို့ အော်နေပြီ…. သွားနို့တိုက်လိုက်ဦး…”

“ အမ်…..”

သူမ ဆံပင်ကို ထိုးဖွလိုက်ပြီး မထချင် ထချင်ဖြင့် အိပ်ရာမှ ထလိုက်သည်။ သုံးလေးမိနစ်ခန့် ကြမ်းပြင်နှင့် ခြေထောက်ထိပြီးနောက် ကျီချင်းရန် မီးဖိုချောင်ထဲသွား၍ နို့ဘူးဖျော်လိုက်လေသည်။

နာရီဝက်ကြာအောင် အိပ်ငိုက်ရင်း နို့တိုက်ပြီးနောက် နို့တစ်ဘူးလုံး ကုန်သွားခဲ့သည်။

“ နောက်ဆုံးတော့ အိပ်လို့ရပြီ.. ငါအရမ်း အိပ်ချင်နေပြီဟာ…”

သူမတစ်ကိုယ် ကြားနိုင်ရုံလောက် ရေရွတ်ရင်း ကျီချင်းရန် စောင်များအောက် လေးဘက်ထောက် ကုန်းတက်လိုက်၏။ မိနစ်အနည်းငယ်အတွင်း ဟောက်သံ တိုးတိုးလေး ထွက်ပေါ်လာပြီး ချက်ချင်း အိပ်မောကျသွားခဲ့သည်။

သို့သော်လည်း သူမ ယခုလေးတင် အိပ်ပျော်သည်ဟု ခံစားရသည့်အချိန်တွင်ပဲ စိတ်ရှုပ်ဖို့ကောင်းသည့် လင်းရီမှာ သူမအား တစ်ဖန် လာနှိုးပြန်သည်။

“ ခုကော ဘာဖြစ်ပြန်ပြီတုန်း…”

“ မင်းဝက်ပေါက်လေးက နို့ဆာနေပြန်ပြီ… ထပြီး နို့တိုက်လိုက်ဦး…”

“ ခုလေးတင် နို့တိုက်ပြီးတာကို သူက ဘာတွေ နို့ဆာနေတာ…”

“ မင်း တိုက်ပြီးတာ နှစ်နာရီတုန်းကလေ…. ခုက မနက် လေးနာရီထိုးနေပြီ… ဒီတော့ နောက်တစ်ကြိမ် ပြန်တိုက်ရမယ့် အချိန်ပဲ…”

“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ… ငါအခုမှ အိပ်ပျော်သွားတာ ငါးမိနစ်တောင် မပြည့်လောက်သေးဘူး…”

လင်းရီ ဖုန်းကို ခါရမ်းပြရင်း “ သေချာလည်း ကြည့်လိုက်ဦး မမ.. တကယ်ကြီး လေးနာရီ ထိုးနေပြီ.. ခဏဆို အရုဏ်တက်တော့မှာ….”

ကျီချင်းရန် ခေါင်းကို အပြင်သို့ လှည့်ကြည့်လိုက်၏။ အမှန်ပင် ကောင်းကင်မှာ လင်းစပြုနေပြီး ကြက်ဖတွန်သံများကိုပင် ဆက်တိုက် ကြားနေရလေသည်။

ကျီချင်းရန် အိပ်ရာပေါ်တွင် အတွေးပေါင်းများစွာနှင့် ထိုင်နေပြီး စိတ်ဓာတ်ကျလုနီးနီး ဖြစ်နေကာ “ ဘာလို့ အဲ့လောက်ထိ မြန်မြန်ကြီး နို့ဆာနေတာ… သူ့ဘာသူ မစို့တတ်ဘူးလား…”

“ မွေးပြီးတာ ၂၄ နာရီတောင် မပြည့်သေးတာကို မင်းက သူ့အမေဆီကနေ ယူလာခဲ့တာလေ.. ဒီတော့ သူ့ကို နို့တိုက်ကျွေးမွေး ပြုစုပေးဖို့က မင်းတာဝန်ပဲ….”

“ နင်ပြောတာ ဟုတ်တယ်…”

ကျီချင်းရန် အသက်ဝဝရှူသွင်းလိုက်ပြီး ညှပ်ဖိနပ်ကိုစီး၊ အိပ်ရာမှ ထကာ ဝက်ပေါက်လေးအား နို့သွားတိုက်လိုက်၏။

သူမ ယူလာသည့် ဝက်ပေါက်လေး ဖြစ်နေမှတော့ အကယ်၍ သူမ ပင်ပန်းလွန်း၍ သေသွားခဲ့လျှင်တောင် နို့တော့ ဝအောင် တိုက်ရပေမည်။

ခန့်မှန်းခြေ မိနစ်လေးဆယ်ခန့် ကြာပြီးနောက် ကျီချင်းရန် ဝက်ပေါက်လေးအား နို့တိုက်ပြီးသွားပြီး အိပ်ရာသို့ ပြန်လာခဲ့လေသည်။

“ ထပ်အိပ်ဦးမလို့လား.. ခု ငါးနာရီတောင် ထိုးပြီးနေပြီကိုလေ…” လင်းရီ ပြောလိုက်သည်။

“ အိပ်မယ်… နင် အလုပ်သွားရင်လည်း မနှိုးနဲ့တော့…. ငါ့ဘာငါ နိုးမှပဲ အလုပ်ထသွားတော့မယ်…”

“ ကောင်းပြီလေ… သဘောပဲ..”

မကြာမီ ဟောက်သံအကျယ်ကြီး ထွက်ပေါ်လာခဲ့ပြီး ကျီချင်းရန်မှာ နောက်တစ်ကြိမ် အိပ်မောကျသွားခဲ့တော့သည်။

အိပ်မက်ထဲတွင်တော့ သူမ လင်းရီ အကြောင်း အိပ်မက်မက်နေသည်။ သူမတို့နှစ်ဦးမှာ နေရာတစ်နေရာတွင် ရှိနေပြီး လူတိုင်းကလည်း သူမတို့နှစ်ဦးကို ကြည့်နေကြကာ အသည်းပုံဖော်ထားသည့် နှင်းဆီနီတို့က သူမတို့ကို ဝန်းရံထားလေသည်။ လင်းရီမှ စိန်လက်စွပ်ကြီး ကိုင်ထားပြီး လက်ထပ်ခွင့်တောင်းရန်အတွက် သူမကို ဒူးထောက်လိုက်သည်။

သို့သော်လည်း သူမဘက်မှ အဆိုပါ စကားသုံးခွန်းပြောတော့မည့်အချိန်တွင် တစ်စုံတစ်ယောက် နောက်မှ လာတွန်းသည်ကို ခံစားလိုက်ရ၏။

ထို့နောက် သူမလည်း အိပ်မက်လှလှလေးထဲမှ လန့်နိုးလာခဲ့တော့လေသည်။

“ ဘာလို့ ငါ့ကို လာနိုးတာလဲ…” ကျီချင်းရန် စိတ်ဆိုးသွားပြီး “ ငါနင့်ကို ပြောထားပြီးပြီကိုပဲ…ငါနိုးလာမှ ရုံးထသွားပါတော့မယ်ဆိုနေ…”

“ ငါမင်းကို ထပြီး အလုပ်သွားဖို့ နှိုးလိုက်တာ မဟုတ်ဘူး… ခု ခုနစ်နာရီကျော်နေပြီ… ထပြီး ဝက်ပေါက်လေးကို နို့တိုက်တော့….”

All Chapters