ဒီလိုမျိုးသာ တစ်သက်လုံး နေရရင် ရူးသွားလောက်တယ်
Vol. 65 Ch. 972
" ဘာလို့ ထပ်ပြီး နို့တိုက်ရဦးမှာလဲ... တစ်ညတည်း သုံးကြိမ်တောင် တိုက်ထားပြီးပြီလေ..."
ကျီချင်းရန်မှာ ရူးသွပ်တော့မည့်နှယ် ခံစားနေရပြီး ငုံးကဲ့သို့ စောင်အောက်တွင် မျက်နှာ ဝှက်ထားလိုက်တော့၏။
" မင်းပဲ ခေါ်လာချင်ခဲ့တာ မဟုတ်ဘူးလား... အဲ့ဒီအတွက် မင်းမှာ တာ၀န်ရှိတယ်လေ..."
" မသိဘူးဟာ... ငါ အိပ်ချင်တာပဲ သိတယ်..."
ထိုသို့ ပြောလာသောကြောင့် လင်းရီ ရွေးချယ်စရာမရှိပဲ အိပ်ရာမှ ထ၍ ၀က်ပေါက်လေးအား နို့တိုက်ရတော့သည်။ ထိုတစ်ကြိမ်နှင့် မလုံလောက်သေး ဆယ်နာရီထိုးပြန်တော့ လင်းရီ နောက်တစ်ကြိမ် ထ၍ နို့ဘူး ထပ်တိုက်ရပြန်သည်။
ကျီချင်းရန်ကတော့ နေ့လည်ရောက်သည်အထိ အိပ်ပုတ်ကြီးနေပြီးတော့မှ သမ်းဝေ၍ ပျင်းရိစွာ ထလာခဲ့သည်။
သူမ အိပ်ခန်းထဲမှ ထွက်လာတော့ လင်းရီ ၀က်ပေါက်လေးအား နို့ဘူးတိုက်နေကြောင်း ကျီချင်းရန် သတိပြုမိလိုက်သည်။
သူမ ချက်ချင်းဆိုသလို စိတ်ဓာတ် ဟိုးအောက် ထိုးကျသွားခဲ့တော့၏။ သူမ ထို၀က်ပေါက်လေးအား တစ်နေ့လုံး နှစ်နာရီခြားတစ်ခါ နို့ဘူးတိုက်ရဦးမည် မဟုတ်ပါလော။
" ရီ ... ငါ တစ်ခု စဉ်းစားမိတယ်သိလား..."ကျီချင်းရန် သူ့အနား ရောက်လာ၍ ကုန်းကွထိုင်လိုက်ပြီး တီးတိုးလေသံဖြင့် ပြောလာသည်။
" ဘာလဲ စဉ်းစားမိတာ..."
"ငါ့ စိတ်ထဲ ကလေးက ကလေးပဲလေ... ငါတို့ မိခင်နဲ့ မခွဲသင့်ဘူးလို့ ထင်တယ်...."
" ဒီတော့...... "
" ဒီတော့ သေချာစဉ်းစားဆုံးဖြတ်ပြီးတော့ ငါ သားအမိ နှစ်ယောက်ကို အတူပြန်ထားပေးဖို့ ဆုံးဖြတ်လိုက်ပြီ...."
" မင်း မမွေးချင်တော့တိုင်းနဲ့ အဲ့လောက်ထိ ကြားကောင်းအောင် ပြောပြနေစရာ မလိုပါဘူးဟ... "
" ငါမမွေးချင်တော့ဘူးလို့ နင့်ကို ပြောလား... ငါက ဒီတိုင်း လူသားချင်း စာနာထောက်ထားတဲ့ ရှုထောင့်ကနေကြည့်ပြီး ဆုံးဖြတ်လိုက်တာ... ငါ မမွေးချင်လို့ မဟုတ်ဘူး...."
" ကောင်းပြီလေ.. ဒီတော့လည်း မင်းပြောတဲ့ အတိုင်းပဲပေါ့... ငါတို့ ခဏကျရင် သွားပြန်ပို့ကြမယ်..."
" ဒါဆို နင် ငါ့ကိုယ်စား အဲ့ကို သွားပို့ပေးပါလားဟင်... ငါက လုပ်စရာရှိသေးတော့ ခဏဆို ပြန်သွားရတော့မှာ..."
" မင်းဘာမင်း သွားပို့လေ... ဘာလို့ ငါက သွားပို့ပေးရမှာ...."
" မနေ့ညကတုန်းက ငါကပဲ မမွေးရရင် သေတော့မတတ် ဖြစ်နေခဲ့တာလေ... ခု တစ်ညပဲ ရှိသေးတာကို ပြန်သွားပို့မယ်ဆိုတော့ ဘယ်လောက်တောင် ရှက်ဖို့ကောင်းထားလဲ... "
" သူတို့ကို မင်းရဲ့ လူသားချင် စာနာထောက်ထားတဲ့ အမြင်ကို ပြောပြလိုက်ပေါ့...."
"ဒါပေမယ့် သူတို့က နားထောင်ပေးကြမှာမှ မဟုတ်တာ... သေချာပေါက် ငါ့ကို ဟားတိုက်ကြမှာ..."
" ဒီတော့ မင်းကိုယ်စား သွားပြီး ငါ့ကို အလှောင်ရယ်ခံခိုင်းမယ်ပေါ့... "
"ငါတို့က တစ်မိသားစုတည်းတွေလေ... တကယ်လို့ ငါ့ကိုယ်ငါ အရှက်ရစေမိတယ်ဆိုရင် နင့်အပေါ်လည်း သက်ရောက်မယ် မဟုတ်ဘူးလား... "
" ငါက အရေထူတယ်.. မရှက်ဘူး..."
" ဒါကြီးက လုံး၀ လက်မခံနိုင်စရာပဲ... မရဘူး... နင်သွားမှရမှာ..."ကျီချင်းရန် ပြောလိုက်ပြီး " ငါမျက်နှာ သွားသစ်တော့မယ်... နင် အကောင်လေးကို သွားပြန်ပို့ပေးဖို့ မမေ့နဲ့နော်...."
လင်းရီ ပြုံးပြီး ဘာမျှ ဆက်မပြောတော့ချေ။ ဤသို့ ဖြစ်မည်ဟု သူ အစကတည်းက ခန့်မှန်းထားပြီးဖြစ်သည်။
[ စနစ်မစ်ရှင် : မွေးမြူရေးပြုလုပ်ပါ ... ၀က်ပေါက်လေးအား ၁၀၀ ကီလိုဂရမ် ရောက်သည်အထိ ပြုစုပျိုးထောင်ပေးပါ.. ]
[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
" ဟ လခွမ်း.. ငါယီး ဒီလိုမျိုးလည်း မစ်ရှင် သတ်မှတ်လို့ ရတာလားဟ..."
လင်းရီ ကျိန်ဆဲပစ်လိုက်တော့သည်။
၀က်ပေါက်လေးအား မွေးမြူရန်က ခက်ခဲသည်ဟု သူ မထင်သော်လည်း အဆိုပါ ၀က်ပေါက်လေးက တစ်ရက်သားပင် မပြည့်သေး။ အင်မတန် ငယ်လွန်းသေးသည်။ သူ့ဘက်က နှစ်နာရီ သုံးနာရီခြားတစ်ခါ နို့ဘူးတိုက်ပေးရန်လည်း လိုအပ်သေး၏။
ဒါကြီးကတော့ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ပင်ပန်းမယ် မဟုတ်ဘူးလား...
" စနစ် ငါတောင်းပန်ပါတယ်ကွာ... မင်း နည်းနည်းလေး သက်ညှာပေးစမ်းပါဦး..."
စနစ်မှ မတုံ့ပြန်လာသောကြောင့် လင်းရီ စိတ်ထဲ ကျိန်ဆဲရုံသာ တတ်နိုင်တော့သည်။
ကလင် ကလင် ကလင်
လင်းရီ စနစ်၏ မျိုးခုနစ်ဆက်လောက်ကို အားပါးတရ ကျိန်ဆဲနေစဉ်တွင် ရန်ကွမ်းရှဆီမှ ဖုန်း၀င်လာလေသည်။
" မင်းဘာတွေ အလုပ်ရှုပ်နေတာ..."
" မေးမနေစမ်းပါနဲ့.. ကျွန်တော်အခု ၀က်မွေးနေတယ်... "
"ဟမ်... မင်းက ၀က်တောင် မွေးနေတယ်...."
" လျန်ရူရွှယ် ကျွန်တော့်အကြောင်း ပြောပြီးရောပေါ့ ဟုတ်တယ်မလား...."
" အေး ငါကြားတာတော့ မင်း ဟွမ်ရှီးကျေးရွာမှာ မြေတစ်ကွက်နဲ့ ငါးကန်တစ်ကန်၀ယ်ထားတယ်ဆို...." ရန်ကွမ်းရှ ပြောလိုက်ပြီး " ဒါပေမယ့် မင်း ၀က်ပါမွေးနေလိမ့်မယ်လို့တော့ ထင်မထားဘူး..."
" ဟဲဟဲ... ၀က်သားဈေးတွေက တစ်နေ့တစ်ခြား မိုးထိုးလာတော့ ဒီလိုပဲ ကြံဖန်ရတာပေါ့ဗျာ... "လင်းရီ ဟာသပြောလိုက်သည်။
" မင်းနဲ့လည်း တကယ့် တတ်လည်း တတ်နိုင်တဲ့ကောင်...."ရန်ကွမ်းရှ တဟားဟား ရယ်မောလိုက်ပြီး " ကျုံးဝေ့ တပ်ဖွဲ့အကြောင်း ငါ ပြောဖူးတာ မှတ်မိသေးတယ်မလား..."
" ဟုတ် မှတ်မိတယ်လေ.. ဘာလဲဖြစ်လို့..."
" သူတို့ လူတွေ ဒီနေ့ပဲ ကျိုးဟိုင်ရောက်လာတယ်... အဲ့တာ မင်းနဲ့ တွေ့ချင်လို့တဲ့...."
" ကောင်းပြီလေ.. အဲ့တာဆို ကျွန်တော် တပ်ထဲ လာခဲ့လိုက်မယ်...."
" မလောစမ်းနဲ့... ငါတို့ ဒီမှာ လုပ်စရာ ရှိသေးတယ်... မနက်ဖြန်လောက်မှ လာဖြစ်မှာ..."
" ရတယ်လေ.. ဒါဆိုလည်း အကြီးအကဲရန်တို့ လာမယ်ဆို ကြိုပြီး အကြောင်းကြားလိုက်... "
" အင်း.... ငါ ငါးမျှားတံတောင် ပြင်ပြီးသွားပြီ... မင်းဆီ လာရင် ကောင်းမလားလို့ စဉ်းစားနေတာ..."ရန်ကွမ်းရှ အပြုံးလေးဖြင့် ပြောလိုက်သည်။
" ကောင်းသားပဲ.. အဲ့လိုဆို ကျွန်တော် ငါးနှပ်ထားလိုက်မယ်... ဒီလာတာ တန်စေရမယ်လို့ ကတိပေးတယ်...."
"ကောင်းပြီ... ခုတော့ ဒီလောက်ပဲ.. တကယ်လို့ မင်း မေးချင်တာ ရှိရင် မနက်ဖြန် ကျုံးဝေ့တပ်ဖွဲ့ကလူတွေကို ကိုယ်တိုင် မေးလိုက်..."
" ကောင်းပြီ.. ကျွန်တော် သဘောပေါက်တယ်..."
ဖုန်းချပြီးနောက် လင်းရီ အညောင်းဆန့်လိုက်သည်။
သူ ရန်ကွမ်းရှ လာလည်မည်ကို မျှော်လင့်နေခြင်းမျိုး မဟုတ်ပဲ ကျုံးဝေ့တပ်ဖွဲ့၀င်များနှင့် အဓိက တွေ့ချင်နေသောကြောင့်ပင်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ကျီချင်းရန် မျက်နှာသစ် မိတ်ကပ်လိမ်းပြီးသွားပြီး မြို့၏ အလှနတ်ဘုရားမလေး အသွင်သို့ ပြန်လည် ရောက်ရှိလာသည်။
သူမ မနေ့ညက ၀က်ပေါက်လေးအား နို့ဘူးတိုက်ခဲ့သည်ဟု ပြောပါက မည်သူကမျှ ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ချေ။
' မင်း ဒါ နတ်ဘုရားမရဲ့ အသရေကို စော်ကားလိုက်တာပဲကွ....'
" နင် ဒီနေ့ လုပ်စရာတွေ ရှိသေးလား..."ကျီချင်းရန် ဖိနပ်စီးရင်း မေးမြန်းလိုက်ပြီး " ဒါမှမဟုတ် နင်ငါ့နဲ့ အတူ ကျိုးဟိုင် ပြန်လိုက်ခဲ့မလား..."
" မနက်ဖြန် မိတ်ဆွေတစ်ယောက် ဒီကို ငါးဖမ်းလာမှာ... ဆိုတော့ ငါပြင်ဆင်ရဦးမယ်... မလိုက်တော့ဘူး..."
"ပြီးတာပဲလေ... နင်သာ ၀က်ပေါက်လေးကို
ပြန်ပို့ပေးဖို့ မမေ့နဲ့..."
"ဒါပေမယ့် ငါတို့ လူသားချင်း စာနာထောက်ထားတဲ့ အကြောင်းပြချက်နဲ့ ပြန်ပို့တာကိုလည်း ပြောဖို့ မမေ့နဲ့ဦးနော်.. ငါ မမွေးချင်တော့လို့ မဟုတ်ဘူး.... အဲ့ဒါက အရမ်း အရမ်း အရေးကြီးတယ်... တခြားသူတွေ ငါတို့ကို လှောင်ရယ်စေလိုက်လို့ မဖြစ်ဘူး...."
" ငါခုလေးတင် စဉ်းစားမိတာ ပြန်မပို့ပဲ ဆက်မွေးထားရင် ကောင်းမလားလို့..."
" ဒါပေမယ့် ငါတို့တွေ တစ်ညကို ဆယ့်နှစ်ခါလောက် နို့ဘူးတိုက်နေဖို့တော့ မဖြစ်နိုင်ဘူးလေ... အရမ်း စိတ်ရှုပ်ဖို့ကောင်းတယ်.... "ကျီချင်းရန် ပြောလိုက်ပြီး " အဲ့တာနဲ့ပဲ တခြား ဘာမှတောင် လုပ်လို့ ရမှာမဟုတ်ဘူး... ငါတို့ အချိန်တွေအားလုံး ဒီထဲပဲ ထည့်ထားရတော့မှာ..."
" ဒါဆို မင်း အနာဂတ် ကလေးမွေးပြီးတဲ့ အချိန်ကျ ဘယ်လိုလုပ်မှာ.... မင်းထပြီး ကလေးနို့မတိုက်တော့ဘူးလား... "
" ကလေးက ကလေး... ၀က်ပေါက်လေးက ၀က်ပေါက်လေးပဲလေ...."
" မျိုးစိတ်ကွဲတယ်ဆိုရင်တောင် သဘောတရားချင်း တော့ အတူတူပဲ မဟုတ်ဘူးလား..."လင်းရီ ပြောလိုက်ပြီး "ဒီတော့ ကျင့်သားရအောင် ဖြည်းဖြည်းချင်းမွေးဖို့ ဆုံးဖြတ်ထားတယ်...အဲ့လိုဆို ကလေးရှိလာရင်လည်း စိတ်ရှုပ်စရာ မလိုတော့ဘူးလေ..."
ကျီချင်းရန် လင်းရီကို ပြုံးလျက်ကြည့်လိုက်ပြီး " ဒီတော့ နင်က ပရော်ဖက်ရှင်နယ် နန်နီ(ကလေးထိန်း)လုပ်တော့မယ်ပေါ့..."
"ငါလည်း မလုပ်ချင်ပါဘူးကွာ... ဒါပေမယ့် မနေ့ညက မင်းရဲ့ အခြေအနေကို ကြည့်ပြီးတော့ မင်းကို အရမ်းကြီး အပင်ပန်း ခံစေလို့ မဖြစ်ဘူးဆိုတာ သဘောပေါက်သွားတယ်... မင်းကို ခုလိုမျိုးပဲ တစ်သက်လုံး လှနေစေချင်တာ.. ဒါကြောင့်မို့ မင်းက ကလေးပဲ မွေးပေး... ပျိုးထောင်ဖို့ကိုကျ ဟော့ဒီက ငါ့တာ၀န်ထားလိုက်... "
"တကယ်...."ကျီချင်းရန် လင်းရီပါးကို လက်နှစ်ဖက်ဖြင့် ညှပ်၍ မေးမြန်းလိုက်၏။
"ဒါပေါ့... "
" Mua.... အဲ့လိုဆို ငါနင့်အတွက် ကလေး သုံးလေးယောက်လောက် မွေးပေးလိုက်မယ်..."
" ရတယ်.. တစ်ဒါဇင်လောက်ဆိုလည်း ဖြစ်တယ်...."
လင်းရီ၏ စကားလုံး လှလှလေးများအား နားထောင်ပြီးနောက် ကျီချင်းရန် ပျော်ရွှင်မြူးတူးသွားခဲ့ပြီး လင်းရီအနား ခေတ္တ ချွဲနေလိုက်ကာ အလုပ်သို့ ထွက်ခွာသွားခဲ့လေသည်။
ကျီချင်းရန် ထွက်ခွာသွားပြီးနောက် လင်းရီ ပိုင်သုဖွင့်၍ ၀က်ပေါက်လေးအား မည်သို့လျော်ကန်စွာ မွေးမြူရမလဲဆိုတာကို စတင်လေ့လာတော့သည်။
အကယ်၍ ၎င်းတို့အား အစားစုံ ကျွေးပါက လေးလခန့်အကြာတွင် ၁၀၀ ကီလိုအထိ ရောက်နိုင်လေသည်။
ဤသည်က လင်းရီ၏ သမိုင်းတွင် အရှည်ကြာဆုံး မစ်ရှင်တစ်ခု ဖြစ်လာလောက်၏။
ထို့ပြင် သူ ၀က်ခြံတစ်ခုလောက် ဆောက်လုပ်ရန် လိုအပ်သေးသည်။ အကယ်၍ အိမ်ထဲ မွေးထားမည်ဆိုပါက တစ်အိမ်လုံးအား မွှေနှောက်ဖျက်ဆီးသွားလိမ့်မည်။
သို့သော် လင်းရီ အစိုးရိမ်ဆုံးက ကနေဦး ရက်နှစ်ဆယ်ပင်။
ဤဖြစ်စဉ်က လူသားများနည်းတူ အခြား ဖြည့်စွက်စာများ မကျွေးမီ နို့လုံလုံလောက်လောက်ဖြင့် ပျိုးထောင်ရန် လိုအပ်၏။
တစ်မျိုးပြောရသော် နောက် ရက်နှစ်ဆယ် ကြာသည်အထိ သူ ဤနေရာမှ ထွက်ခွာလို့ ရလိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းတွေးတောမိတော့ လင်းရီ ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်သည်။ အခြားမစ်ရှင်များနှင့် နှိုင်းယှဉ်ပါက မစ်ရှင်မှာ မခက်ခဲသော်လည်း အချိန်တော့ အတော်လေး ပေးရလေသည်။
သူ နာရီကို တစ်ချက် ကြည့်၍ အချိန်ကို သတိပြုမိသွားပြီး ပစ္စည်းအချို့ ၀ယ်ရန် မြို့ပေါ်သို့ ဦးတည်လိုက်သည်။
ဦးစွာ အနေဖြင့် ရန်ကွမ်းရှမှာ မနက်ဖြန် ရောက်လာမည်ဖြစ်ပြီး သူ့ဘက်က ဟင်းတစ်ချို့ ပြင်ဆင်ထားပေးရမည်။
များသောအားဖြင့်တော့ တစ်ဖက်သူကသာ သူ့အား ဧည့်ခံရလေ့ရှိသော်လည်း ယခုတစ်ခေါက်တွင်တော့ လင်းရီ၏ ပိုင်နက်နေရာတွင် ဖြစ်နေသောကြောင့် သူ့ဘက်ကလည်း ရောက်လာမည့်သူကို သဘာ၀အလျောက် ဧည့်၀တ်ကျေပွန်သင့်လေသည်။
၎င်းအပြင် ၀က်ပေါက်လေးအတွက်ကလည်း နို့မှုန့်၀ယ်ရန် လိုအပ်သေး၏။
ယီးပဲ...
သောက်လုပ်ကို ရှုပ်နေတာပဲကွာ....
ငါတော့ ဒီလိုဆက်နေရရင် ရူးသွားလောက်တယ်…