← Chapters

သူ ကျုပ်တို့ဆီ မောင်းလာနေတာ

Vol. 65 Ch. 973

သူ ကျုပ်တို့ဆီ မောင်းလာနေတာ

Vol. 65 Ch. 973

ကျိန်ဆဲပြီးနောက် လင်းရီ ကားကို မြို့ထဲ ဦးတည်လိုက်ပြီး သူ ပုံမှန် ဟင်းသီးဟင်းရွက်များ ၀ယ်နေကျ အကြီးဆုံး စတိုးဆိုင်သို့ မောင်းလာခဲ့လိုက်သည်။

နာမည် အတော်လေး ကြီးသည့် ဆိုင်ဖြစ်သော်လည်း အကျယ်အ၀န်းက လင်းရီ၏ ဗီလာတစ်ခုစာလောက်ကိုပင် မရှိချေ။

ရောင်းချသည်ကလည်း ရိုးရှင်းပြီး ဈေးပေါသည့် နေ့စဉ်သုံး ပစ္စည်းတို့ကသာ များ၏။ ဈေးအကြီးဆုံး နို့မှုန့်ထုပ်မှာ ၂၈ ယွမ်မျှသာ ပေးရသည်။

လူသားများ သောက်သုံးရန်အတွက် ကောင်းမွန်သည့် ရွေးချယ်မှု မဟုတ်သော်လည်း ၀က်ပေါက်လေးအား တိုက်ကျွေးရန်အတွက်တော့ လုံလောက်အောင် ကောင်းမွန်လေသည်။

" အန်ကယ်လင်း..."

လင်းရီ နို့မှုန့် ၀ယ်နေစဉ် တစ်စုံတစ်ယောက်မှ သူ့အား ခေါ်သံကို လင်းရီ ကြားလိုက်ရ၍ နောက်လှည့်ကြည့်လိုက်တော့ ရောင်ပေါ်၀န်လေးအား လင်းရီ မြင်တွေ့လိုက်ရသည်။

သူနှင့်အတူ ရွယ်တူကလေး အချို့လည်း အတူရှိနေပြီး သူတို့အား အုပ်ထိန်းလာသူကတော့ ဆရာမ သူယောင်ပင်။

သူယောင်၏ ၀တ်စုံကတော့ တင့်တယ် ကျက်သရေရှိသည့် ကျောင်းဆရာမ ယူနီဖောင်းနှင့်ဖြစ်၏။

" အေး ... မင်းတို့ ဒီနေ့ အတန်းမတက်ဘူးလားကွ..."လင်းရီ ပြုံးလျက် မေးလိုက်သည်။

" ဆရာမက ကျောင်းအတွက် ရေပုံးနဲ့ တံမြက်စည်းတွေ ၀ယ်ဖို့ ခေါ်လာပေးတာလေ... သားတို့ မနက်ဖြန်ကျ အတန်းသန့်ရှင်းရေး လုပ်ကြမှာ..."

လင်းရီ ခေါင်းညိမ့်ပြီး သူတို့လက်ထဲ ကိုင်ထားသည့် ပစ္စည်းများကို မြင်တော့ ဘာဖြစ်နေလဲဆိုတာ ချက်ချင်း နားလည်သွားခဲ့တော့သည်။

သူကျောင်းတက်စဉ်တုန်းကနှင့် အတူတူပင်။ အတန်းအတွက် ပုံမှန် ရန်ပုံငွေများ ထည့်ရပြီး လိုအပ်သည့် စာသင်ခန်းသုံး ပရိဘောဂများကို ၀ယ်ယူရ၏။

" အကုန် ၀ယ်ပြီးသွားပြီလား... ၀ယ်ပြီးရင် အန်ကယ် မင်းတို့ကို ပြန်လိုက်ပို့ပေးမယ်..."

" ရတယ်ရှင့် မစ္စတာလင်း... ကျောင်းက မဝေးဘူး... ဒီတိုင်းပဲ လမ်းလျှောက်သွားလိုက်တော့မယ်..."သူယောင် အားနာနာနှင့် ငြင်းဆန်လိုက်သည်။

" ပစ္စည်းတွေ အဲ့လောက်အများကြီးနဲ့ လမ်းလျှောက်လို့ ဘယ်အဆင်ပြေမှာ... ဖြစ်ချင်တော့ ကျုပ်လည်း အားနေတာနဲ့ အတော်ပဲ..."

"ဒါဆိုလည်း မစ္စတာလင်းကို ကျေးဇူးတင်ပါတယ်ရှင်..."သူယောင် အားနာစွာဖြင့်ပဲ ကျေးဇူးတင်လိုက်သည်။

" ဆရာမက ကြင်နာလွန်းနေပါပြီ..."

လင်းရီ နို့မှုန့်တစ်ဖာ ၀ယ်လိုက်ပြီး အခြားပစ္စည်းများကို သူယောင်နှင့်အတူ သယ်လာခဲ့ကာ ကားထဲသို့ အကုန်ပစ်ထည့်လိုက်သည်။

" ဆရာမယောင်...."

လင်းရီ ကားထဲ၀င်၍ ဆရာမနှင့် ကျောင်းသားတို့အား ပြန်ပို့ပေးတော့မည့် အချိန်တွင် ရုတ်တရက် နောက်မှ အသံတစ်သံကို ကြားလိုက်ရ၏။

လှည့်ကြည့်လိုက်တော့ နောက်မှ လူသုံးယောက် ရောက်လာနေသည်ကို မြင်တွေ့လိုက်ရလေသည်။

ထိုအထဲ တစ်ယောက်ကိုတော့ လင်းရီ ကောင်းကောင်းကြီး မှတ်မိနေသည်။ ရှေ့ နှစ်ရက်လောက်တုန်းက သူ ရိုက်နှက်ပေးခဲ့သည့် ကျိုင်းရှောင်လျန်ပင်။

ထိုလူသုံးယောက် လျှောက်လာနေသည်ကို မြင်တော့ သူယောင် မသိစိတ်မှ အလိုအလျောက် ဘေးသို့ ကပ်ရပ်လိုက်ပြီး သူမကိုယ်တစ်ခြမ်းအား လင်းရီနောက်တွင် ကွယ်နေမိလိုက်သည်။

မြို့ထဲရှိ အခြားလူများက အဆိုပါ လူသုံးယောက် ရောက်လာနေသည်ကိုမြင်တော့ သူတို့နှင့် ဝေးဝေးရှောင်ကွင်းသွားကြသည်။ 'လျိုတုံးမင်နှင့် ဝေးအောင်ရှောင် ၊ အိုတောင် မဆင်းရဲ' ဟု တစ်မြို့လုံးမှ ပြောစမှတ်ပြုထားကြ၏။

" ဘော့စ်... အဲ့ကောင်... ကျုပ်ညီကိုရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်ခဲ့တာ အဲ့ကောင်..."ကျိုင်းရှောင်လျန် လင်းရီကို လက်ညိုး ငေါက်ငေါက်ထိုးရင်း ပြောလိုက်သည်။

လျိုတုံးမင် လင်းရီကို ကြည့်လိုက်ပြီး " ညီကို... မင်းငါ့လူတွေကို ရိုက်လွှတ်လိုက်တာ သည်းခံပေးလို့ရသေးတယ်... ဒါပေမယ့် ခုကျ ငါ မျက်စိကျနေတဲ့ ကောင်မလေးကိုပါ ရည်ရွယ်နေတယ်ဆို‌တော့ .. မင်း နည်းနည်းလေး မလွန်လွန်းဘူးလား...."

လင်းရီ မျက်ခုံးပင့်ပြီး သုံးယောက်လုံးကို သိမ်းကြုံးကြည့်လိုက်သည်။

' ဘယ်လိုတောင် ရူးနှမ်းနေတဲ့ သောက်ရူးသုံးဖော်ပါလိမ့်....'

ကျိန်ဆဲပြီးနောက် လင်းရီ သူယောင်နှင့် ရောင်ပေါ်၀န်ကို ကြည့်လိုက်ပြီး " ကားပေါ်တက်... အဲ့စိတ်မနှံ့တဲ့ ကောင်တွေကို လျစ်လျူရှုထားလိုက်..."

လင်းရီ လျိုတုံးမင်၏ စကားလုံးများအား လျစ်လျူရှုလိုက်သည်ကို မြင်တော့ အနီးနားရှိ ဖြတ်သွားဖြတ်လာလူတို့မှ ရှော့ခ်ရသွားခဲ့ကြသည်။

ဒီလူက အရမ်း သွေးကြီးတာပဲ...

အရင်တစ်ခေါက်တုန်းက ယွီတဲ့ချန်ရဲ့ ဆိုင်ကို ဖျက်ဆီးပစ်လိုက်တယ်.. ခုလည်း လျိုတုံးမင်ကို အပြစ်ပြုနေပြန်ပြီ.. သူ တမင်သပ်သပ် အရိုက်ခံချင်နေတာများလား....

" ဟေ့ကောင်... မင်းဘယ်သူ့ကို ကျိန်ဆဲနေတယ်လို့ထင်လဲ..."

ကျိုင်းရှောင်လျန် ကားအနောက်သို့ ပြေးသွား၍ သံချောင်း ယူဆွဲထုတ်လိုက်ပြီး " ငါမင်းကို သတ်ပစ်လိုက်မယ်ဆို ယုံလားကွ...."

" အံ့ဩစရာပဲ... "လင်းရီ ပြုံးလိုက်ပြီး " တမြန်မနေ့တုန်းက ဒူးထောက်ပြီး ရှိခိုး တောင်းပန်ခဲ့တဲ့ကောင်က ဒီ‌နေ့ကျတော့ လေသံတစ်မျိုး ပြောင်းလို့နေပါလားကွ... "

" အဲ့နေ့က အကြောင်းတွေ စကားလာမပြောနဲ့..."ကျိုင်းရှောင်လျန် လင်းရီကို သံတုတ်ဖြင့် ညွှန်လိုက်ပြီး " မင်း ငါ့အစ်ကိုကြီးကို ထပ်ပြီး ကျိန်ဆဲဝံ့ရင် သေအောင် ရိုက်သတ်ပစ်လိုက်မယ်..."

လင်းရီ လျိုတုံးမင်ကို လက်ညိုးထိုးလိုက်ပြီး " မင်းရဲ့ အစ်ကိုကြီးကတောင် ဟောင်ဖွာဟောင်ဖွာ မလုပ်ရဲတာကို မင်းကိုယ်မင်း ဘာကောင်ထင်နေတာ... မင်း လုပ်ရဲရင် ငါမင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်... မယုံရင် ကံစမ်းကြည့်လို့ရတယ်..."

လွန်ခဲ့သည့်ရက်က အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်မိတော့ ကျိုင်းရှောင်လျန် ဆက်လက် ဟောင်ဖွာဟောင်ဖွာ မလုပ်ရဲတော့ချေ။

သူတို့ဘက်တွင်က လူသုံးဦးသာရှိလေသည်။ တိုက်ပွဲဖြစ်ပွားပါက ဤမျှသော လူပမာဏဖြင့် နိုင်ရန် ယုံကြည်ချက် အပြည့်အ၀မရှိချေ။

လင်းရီ ထိုငနဲ သုံးကောင်ကို လျစ်လျူရှုလိုက်ပြီး သူယောင်နှင့် ကလေးများအား ကားထဲ ၀င်ခိုင်းလိုက်၏။

" အစ်ကိုတုန် ... ကျုပ်တို့ အခု ဘာလိုလုပ်ကြမှာ... ခု ကြည့်နေတဲ့လူတွေကလည်း အများကြီးပဲ... "ကျိုင်းရှောင်လျန် လျိုတုံးမင်ကို ကြည့်၍ မေးမြန်းလိုက်သည်။

" ကားထဲ၀င်... ပြီးရင် သူသွားမယ့်လမ်းကို ပိတ်ထားလိုက်... အဲ့ကောင် ဘယ်လိုသွားမလဲ ငါကြည့်စမ်းမယ်...."

ထိုသို့ ပြောပြီးနောက် လျိုတုံးမင် တတိယလူကို ကြည့်လိုက်ပြီး " လူတစ်ချို့ ဖုန်းဆက်ခေါ်လိုက်... ငါ ဒီနေ့ သူနဲ့ စကားကောင်းကောင်းပြောမှ ရတော့မယ်.."

" နားလည်ပြီ အစ်ကိုတုန်...."

သို့နှင့် ကျိုးရှောင်လျန်တို့ သုံးဦး Magotan ထဲ ၀င်ထိုင်လိုက်၍ လင်းရီသွားမည့် လမ်းတည့်တည့်တွင် ကားပိတ်ရပ်ထားလိုက်ကြသည်။

"အန်ကယ်လင်း... သူတို့က ကားလမ်း ပိတ်ထားကြတာပဲ..."ရောင်ပေါ်၀န်လေးမှ နောက်ခုံတွင် ထိုင်နေရင်း ပြောလိုက်သည်။

လင်းရီ ပြတင်းပေါက်မှ ခေါင်းပြူ၍ အပြင်သို့ ကြည့်လိုက်ပြီး " ဒါက ဘာသဘောတုန်း... မင်းတို့ကောင်တွေက သောက်ရမ်း သွေးကြောင်ပြီး လမ်းပိတ်ရုံလောက် သတ္တိရှိတော့တာလားကွ... "

ကျိုင်းရှောင်လျန်လည်း ခေါင်းထွက်လာခဲ့ပြီး မောက်မာသည့် လေသံဖြင့် " ဟျောင့်.. မင်းကိုယ်မင်း သောက်ရမ်း အံ့ဩဖို့ ကောင်းတယ် ထင်နေတာမဟုတ်ဘူးလား... ငါ ဒီနေ့ ကားကို ဒီမှာရပ်ထားမယ်... မင်း ဘယ်လိုသွားမလဲ သွားစမ်း...."

" မင်းတို့က လမ်းပိတ်ထားမှတော့ ငါ လခွမ်းလို မောင်းသွားရမှာလား...."

" လမ်းက အကျယ်ကြီးပဲ.... မင်း ကွေ့ပတ်ပြီး မောင်းသွားလို့ရတယ်..."

" ဘာလဲ... မင်းတို့ကောင်တွေက နေတာကြာပြီဆိုတော့ သေမှာ မကြောက်ကြတော့တာလား... ငါ မင်းတို့ကို တိုက်မိမှာ မကြောက်ဘူးလားကွ...."

"လုပ်လေ... မင်းကိုယ်မင်း သောက်ရမ်း အံ့ဩဖို့ကောင်းတယ်ထင်ရင် လာတိုက်လှည့်.... မင်းမှာ အဲ့လိုသတ္တိမျိုး ရှိမရှိ ငါကြည့်စမ်းမယ်...."ထိုက်ရှောင်လျန် လင်းရီကို လက်ယပ်၍ မခံချိ မခံသာဖြစ်အောင် ရန်စလိုက်သည်။

လင်းရီ ခေါင်းပြန်ရုတ်လိုက်ပြီး ကားမှန်ပြတင်းပေါက်ကို တင်လိုက်၏။ ထို့နောက် သူယောင်ကို ကြည့်လိုက်ပြီး " ထိုင်ခုံခါးပတ် အမြန်ပတ်...."

" ထိုင်ခုံခါးပတ် အမြန်ပတ်ရမယ်...."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး နောက်လှည့်၍ ရောင်ပေါ်၀န်နှင့် ကလေးတစ်သိုက်အားကြည့်၍ " နောက်မှာလည်း ထိုင်ခုံခါးပတ်ရှိတယ်... မင်းတို့ သေချာပတ်ထားကြ..."

"ဟုတ်ကဲ့ အန်ကယ်လင်း...."

သူယောင် ထိုင်ခုံခါးပတ်ကို စိုးရိမ်ထိတ်လန့်စွာဖြင့် တင်းတင်းပတ်ထားလိုက်သည်။ မကောင်းတာ တစ်ခုခု ဖြစ်လာတော့မည်ဟုလည်း ရင်ထဲ မသိုးမသန့် ခံစားနေရလေသည်။

ထိုစဉ် လျိုတုံးမင်၏ ကားကတော့ လမ်းလည်ခေါင်၌သာ ရှိသေး၏။ သူတို့ လင်းရီ၏ ကားကိုသာ ပိတ်ရပ်ထားရုံမျှမက အခြားကားများကိုပါ ပိတ်ရပ်ထားသလို ဖြစ်နေလေသည်။

သို့သော်လည်း လျိုတုံးမင်၏ ကားမှန်း လူတွေသိတော့ နောက်ပြန်လှည့်ကာ အခြားလမ်းမှ မောင်းသွားခဲ့ကြသည်။

" အစ်ကိုတုန်... ကျုပ် ဆက်သွယ်ပြီးသွားပြီ... သူတို့အခု ဒီလာနေပြီ...ခဏနေဆို ရောက်လာတော့မှာ..." လျိုတုံးမင်၏ လက်ပါးစေမှ ပြောလိုက်၏။

လျိုတုံးမင် စီးကရက် မီးညှိလိုက်ရင်း " အချိန်ကျလာရင် သူ့ကို သေချာဝိုင်းထား... ဒီနေ့ သူ့ခြေထောက် တစ်ချောင်းမှ မရိုက်ချိုးဘူးဆိုရင် ငါ့မျိုးရိုးနာမည် လျိုမဟုတ်တော့ဘူး..."

" အစ်ကိုတုန်.. တကယ်လို့ အဲ့ကောင် ခုနေ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မှာ.... "ကျိုင်းရှောင်လျန် မေးလာခဲ့သည်။

" ထွက်ပြေးရင် လိုက်မယ်... ငါ့ကားရဲ့ မြင်းကောင်ရေကို အထင်မသေးနဲ့...အမြန်နှုန်းအရဆို သူ့ကားက ငါ့ရဲ့ Magotan လောက်တောင် မြန်တာ မဟုတ်ဘူး.... "လျိုတုံးမင် ပြောလိုက်ပြီး "တကယ်လို့ အဲ့ကောင် လွတ်သွားခဲ့ရင် ငါ ရှေ့ကလျိုကို ဖျက်ပစ်လိုက်မယ်...."

" နားလည်ပြီ..."

"ဘော့ ဘော့စ်... သူ ကားနောက်ပြန်ဆုတ်နေတယ်.... ကြည့်ရတာ ထွက်ပြေးတော့မလို့နဲ့တူတယ်... " ဘေးရှိ လက်ပါးစေမှ လက်ညိုးထိုးရင်း ပြောလိုက်သည်။

လျိုတုံးမင် ကြည့်လိုက်ပြီး " လျန်ကြီး .. အဲ့ကောင်ကို သေချာစောင့်ကြည့်ထား... တကယ်လို့ အဲ့ကောင် လှည့်ပြေးသွားတယ်ဆိုရင် ငါတို့ ချက်ချင်းလိုက်ကြမယ်...."

လျိုတုံးမင် လက်တစ်ချက်တောက်၍ ဆေးလိပ်ပြာခါလိုက်ပြီး အထင်သေးသည့် အပြုံးက မျက်နှာထက် ထွက်ပေါ်လာကာ " ငါ လျိုတုံးမင်ကို စော်ကားလို့ အားမရသေးဘူး... ငါ မျက်စိကျနေတဲ့ အမျိုးသမီးကိုပါ ကြံပြီးမှ အခု ထွက်ပြေးချင်နေတယ်ပေါ့... ဒင်းက ဖြစ်နိုင်မယ်ထင်လား...."

ချက် ချက် ချက် ချက်.......

ကျိုင်းရှောင်လျန်လည်း ကားစက် အသင့်နှိုးထားလိုက်၏။ အကယ်၍ လင်းရီ ကားလှည့်‌ပြေးမည့် အရိပ်အယောင်ပြပါက ချက်ချင်းလိုက်၍ ရပ်တန့်ပေမည်။

" ယီး ယီး... သောက်ကျိုးနည်း....."

ထိုစဉ် အစောပိုင်း စကားပြောခဲ့သည့် လက်ပါးစေမှ မျက်ပြူးဆန်ပြာဖြစ်စွာနှင့် ရှေ့ကို လက်ညိုးထိုးရင်း စကား အထစ်ထစ် အငေါ့ငေါ့ဖြင့် " အ... အစ်ကိုတုန်... သူ ကားလှည့်မလို့ မဟုတ်ဘူး... ကျုပ်တို့ဆီ မောင်းလာနေတာ....”

All Chapters