သူ့အိမ်ကို ပြားသွားအောင် လုပ်မယ်
Vol. 65 Ch. 974
"ဟမ်...."
ကျိုင်းရှောင်လျန်နှင့် လျိုတုံးမင်တို့ ရှော့ခ်ရသွားခဲ့ကြ၏။
ကျယ်လောင်သည့် အင်ဂျင်ဟိန်းသံကို အဖော်ပြုလျက် လင်းရီ သူတို့ဘက် တဟုန်ထိုး မောင်းလာနေသည်ကို ချက်ချင်း သတိပြုမိလိုက်ကြလေသည်။
" ငါ-ိုး... သူတကယ်ကြီး ကားနဲ့တိုက်တော့မလို့လားဟ... အဲ့တာက ယွမ်တစ်သန်းကျော်တန်တဲ့ ကားကြီးလေ...."
ကျိုင်းရှောင်လျန်မှာ သေးထွက်ကျလုမတတ် ထိတ်လန့်နေပြီး လျိုတုံးမင်သည်လည်း ထို့အတူပင်။
သူ ရာဇ၀တ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့သော်လည်း ယခုလို မြင်ကွင်းမျိုးနှင့် ကြုံတွေ့ရသည်ကတော့ ပထမဆုံးအကြိမ်ဖြစ်၏။
" ငိုးမသား မင်းက ယီးတွေ တုန်လှုပ်နေတာလား..."
လျိုတုံးမင် ထိုသူကို နားဗန် ပိတ်ကျင်းပေးလိုက်ပြီး " အဲ့ကောင် ငါတို့ကို တကယ်ကြီး ၀င်တိုက်ရဲမယ်လို့ ထင်လား..."
" ဒါပေမယ့် အဲ့ကောင်က အရှိန်တင်ပြီးနေပြီလေ...."
" မပူနဲ့... အဲ့ကောင်ရပ်သွားလိမ့်မယ်... "လျိုတုံးမင် ပြောလိုက်ပြီး " သူ ငါတို့ကို ၀င်တိုက်ဝံ့တယ်ဆိုတာ ငါမယုံဘူး..."
လျိုတုံးမင် ထိုသို့ ပြောပြီးနောက်မှာပဲ လင်းရီမောင်းလာနေသည့် ကားအင်ဂျင်သံမှာ တစထက်တစ ပိုမိုကျယ်လောင်လာတော့၏။
"ငိုးပဲ..."
လင်းရီ အကြမ်းပတမ်း မောင်းနှင်လာသည်ကို မြင်တော့ သုံးယောက်လုံး ကြက်သေသေသွားကြ၏။
တစ်ချိန်တည်းတွင် လင်းရီ အရှိန်လျှော့ရန် ရည်ရွယ်ချက် မရှိကြောင်းလည်း သတိပြုမိလိုက်ကြလေသည်။ သို့သော်လည်း ဆင်းရန် အချိန်မမှီတော့။
ဝှစ်.....ဘန်း
လင်းရီ ဘရိတ်ကို လုံး၀ မနင်း။ လျိုတုံးမင်၏ Magotan မှာလည်း တရကြမ်း နောက်ဆုတ်လိုက်ရ၏။
ကားထဲရှိ လူသုံးယောက်မှာတော့ လင်းရီ ယခုလို တိုက်လာဝံ့လိမ့်မည်ဟု ထင်မထားသောကြောင့် ကြောင်အမ်းနေကြလေသည်။
အထူးသဖြင့်တော့ ကျိုင်းရှောင်လျန်ပင်။ သူ့လက်မောင်းကြီးများ ကျိုးကြေတော့မည့်နှယ် ခံစားနေရ၏။
သို့သော်လည်း လင်းရီမှာ တစ်ကြိမ်တည်းနှင့် ရပ်တန့်ဦးမည့်ဟန်မပေါ်။ သူ ဂီယာ နောက်ပြန်ထိုးလိုက်ပြီး နောက်တစ်ကြိမ် အကြမ်းပတမ်း လာတိုက်လိုက်ပြန်သည်။
ဝှစ်.....ဘန်း
လင်းရီ Magotan ကို ရှေ့တည့်တည့် တွန်းထုတ်သွားရင်း လမ်းမီးတိုင်နား ရောက်တော့မှ ရပ်တန့်လိုက်၏။
ကားထဲရှိ လူသုံးယောက်ကတော့ ၀ရုန်းသုန်းကား အခြေအနေကြောင့် မူးဝေနေကြလေသည်။ ထိုင်ခုံခါးပတ်များလည်း ပတ်မထားသောကြောင့် ဒဏ်ရာများက ပြင်းထန်ကာ ဦးခေါင်းမှပင် သွေးတို့ ယိုစီးကျနေသည်။
" ဟေ့...မင်းတို့ သောက်ရမ်း အံ့ဩဖို့ကောင်းနေကြတယ် မဟုတ်ဘူးလား... လမ်းဆက်ပိတ်ထားကြဦးလေကွာ..."
"ညီ... ညီကို... မင်းဆက်မတိုက်နဲ့တော့..."ထိုက်ရှောင်လျန် ချိနဲ့စွာ ပြောလိုက်ပြီး " ငါ့... ငါ့ခြေထောက်တွေ ကြေကုန်ပြီလား မသိဘူး..."
လင်းရီ ခေါင်းထုတ်၍ ပြုံးပြလိုက်၏။ သူတစ်ပါး ဒုက္ခရောက်နေသည်အား ပြုံးပြနေရတော့ လင်းရီ သူ့ကိုယ်သူ လူဆိုးတစ်ယောက်ဟု ခံစားလိုက်ရသည်။
သို့သော်လည်း သူစိတ်မရှိပေ။
လူကောင်းလုပ်လို့ ဘာရမှာ ဟုတ်တယ်မလား...
" မင်း မကျေနပ်သေးဘူးဆိုတာ ငါသိတယ်... နောက်တစ်ကြိမ်လည်း ငါ့ရှေ့ လာပြီး မိမိုက်သလို လာလုပ်လှည့်... ငါလည်း ခုတလော အားယားနေတာနဲ့ အတော်ပဲ.. မင်းတို့နဲ့ ကောင်းကောင်းကြီး ကစားပေးမယ်..."
ပြောပြီးနောက် လင်းရီ ကားကို နောက်ပြန်ဆုတ်လိုက်၏။ ရှေ့ခြမ်းက ထိခိုက်ထားသော်လည်း ဆက်လက်မောင်းနှင်လို့ အဆင်ပြေသေးလေသည်။
လင်းရီကား ထွက်လာသည်ကို မြင်တော့ လမ်းပေါ်ရှိ လူများမှ လွတ်ရာဖယ်ပေးလိုက်ကြသည်။
သူတို့၏ မျက်၀န်းများထဲတွင်တော့ ထိတ်လန့်မှုများက ကြီးစိုးနေလေသည်။
" အဆင်ပြေရဲ့လား...."
သူယောင် မျက်နှာ ဖြူလျော်နေသည်ကို မြင်တော့ လင်းရီ မေးမြန်းလိုက်၏။
သူယောင် ရင်ဘက်ကို ဖိ၍ အသက်ပြင်းပြင်း ရှူနေရင်း " ပြေ... ပြေပါတယ်ရှင်..."သူယောင် ပြောပြီး အနောက်သို့လှည့်၍ ရောင်ပေါ်၀န်လေးတို့အား ကြည့်လိုက်သည်။
" နင်တို့ အဆင်ပြေကြတယ်မလား..."
" ဆရာမ ... သားတို့ အဆင်ပြေတယ်... ခုလေးတင် ဘန်ပါကားစီးနေရသလိုပဲ..."
( ဘန်ပါကား - ဒီဘက်တော့ တိုက်ကားစီးတယ်လို့ပဲ ပြောကြတယ်)
ကလေးများ အဆင်ပြေနေသည်ကို မြင်တော့ သူယောင် အရှေ့ ပြန်လှည့်လာခဲ့ပြီး ရှော့ခ်ရနေသည့် လေသံဖြင့် " ဒါကြီးက အရမ်း ထိတ်လန့်ဖို့ကောင်းလွန်းတယ်... ဒါမျိုး တစ်ခါမှ မကြုံဖူးသေးဘူး… ကားအက်စီးဒင့် ဖြစ်သလိုမျိုးပဲ..”
“ ကျုပ်လည်း အတတ်နိုင်ဆုံးတော့ ထိန်းချုပ်ပေးခဲ့တာပဲ… တကယ်လို့ ဆရာမလေးတို့သာ ကားထဲ ရှိမနေဘူးဆိုရင် ဒီထက်တောင် ပိုပြီး ပြင်းထန်သွားလောက်တယ်….”
“ အောင်မယ်လေး… ပိုပြီးတော့ မပြင်းထန်လိုက်ပါနဲ့ ရှင်ရယ်… ဒါကြီးက အရမ်း အန္တရာယ် များလွန်းတယ်…” သူယောင် ပြောလိုက်သည်။ သို့သော်လည်း သူမ လင်းရီအား အပြစ်တင်စကားတော့ မဆိုချေ။
လင်းရီ ပြုံးပြီး ဘာမျှ ပြန်မပြောချေ။ ထိုအစား အခြားအကြောင်းအရာတစ်ခုကို ပြောင်းပြောလိုက်၏။
“ ဆရာမက ဒီမြို့က လူတွေနဲ့လည်း သိပ်မတူသလိုပဲနော်… ဘာလို့ ဒီနေရာမှာ အလုပ်လာလုပ်နေတာ…”
“ ဟုတ်တယ်… ကျွန်မ မိဘတွေက ဟွမ်ရှီးကျေးရွာကလေ… ခု ကျွန်မက ကျိုးဟိုင် ပင်းချန်တက္ကသိုလ်မှာ တက်နေတာ…” သူယောင် ပြောလိုက်ပြီး “ ခုက စတုတ္ထနှစ်.. ပြီးတော့ မိဘတွေကလည်း ဒီနားမှာဆိုတော့ ဒီမြို့မှာပဲ အလုပ်သင် လာဆင်းလိုက်တာ…”
“ အနာဂတ်ကျရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ… ကျိုးဟိုင်သွားချင်လား… ဒါမှမဟုတ် ရန်ချိန်ကိုလား….”
“ ကျိုးဟိုင်ပဲ သွားဖြစ်လောက်မယ်… အလုပ်သင်ဆင်းနေတုန်း ကျွန်မရဲ့ အရည်အချင်းတွေက လုံလောက်တဲ့အထိ မကောင်းမွန်ဘူးဆိုတာ သတိပြုမိသွားတယ်လေ… ဒါကြောင့်မို့ အလုပ် ထွက်မလုပ်ခင် ပင်းချန်တက္ကသိုလ်မှာပဲ ဘွဲ့ရတဲ့အထိ ဆက်လေ့လာဖို့ စဉ်းစားထားတယ်…”
“ အကြံကောင်းပဲ…” လင်းရီ သာမန်အတိုင်း သဘောတူလိုက်ပြီး အခြား ဘာစကားမျှ ဆက်မပြောတော့ချေ။
သူက ယခု ကျိုးဟိုင် ပင်းချန် တက္ကသိုလ်ကြီး၏ ဂုဏ်သရေဆောင် ကျောင်းအုပ်ကြီးဖြစ်ပြီး သူ့အတွက် ကျောင်းသားတစ်ယောက် ဘွဲ့ရအောင် လုပ်ပေးရသည်က လက်ဖမိုးလှန်သကဲ့သို့ လွယ်ကူလှသည်။ သို့သော်လည်း သူမ၏ ကိုယ်ပိုင် ကြိုးစားမှုနှင့် အောင်မြင်နိုင်မည်ဆိုပါက ပိုမိုကောင်းမွန်လေသည်။ မည်သို့ပင်ဆိုစေ သူတို့ချင်းကလည်း အရမ်းကြီး ရင်းနှီးမနေချေ။
“ ဒီနေ့ ကူညီပေးခဲ့တဲ့ အတွက် ကျေးဇူးပါပဲနော်…” သူယောင် တိုးညင်းစွာဖြင့် ပြောလိုက်သည်။
“ ကျုပ်လည်း ဘာမှ မလုပ်လိုက်ရပါဘူးဗျာ… ဒီတိုင်း ဆရာမတို့ကို လိုက်ပို့ပေးရုံတင်ပါပဲ…”
“ ကျွန်မပြောချင်တာက အဲ့တာ မဟုတ်ဘူး…” သူယောင်ပြောလိုက်ပြီး “ အဲ့ဒီလျိုတုံးမင်က ကျွန်မကို အနှောင့်အယှက်ပေးနေတာ တော်တော်လေးကြာနေပြီ… အိမ်အထိတောင် လာရှာလိုက်သေးတယ်… တကယ်လို့ ရှင်သာ သင်ခန်းစာ မပေးလိုက်ဘူးဆိုရင် ကျွန်မတော့ ဒီနေ့ ကျောင်းကို တော်တော်နဲ့ ပြန်ရောက်ဖြစ်မှာတောင် မဟုတ်လောက်ဘူး…”
“ အသေးမွှားလေးပါ…” လင်းရီ အမှုမထားသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
“ ကျုပ်တို့နှစ်ယောက်ကလည်း အစေးကပ်မနေပါဘူး… တကယ်လို့ ဆရာမတို့သာ ဒီနေ့ ရှိမနေဘူးဆိုရင် ကျုပ် အဲ့ကောင်တွေကို ကောင်းကောင်းကြီး သင်ခန်းစာပေးပစ်လိုက်တယ်…”
“ ဒါဆို ကျွန်မဘက်က တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးမယ်လေ… ခု ရှင့်ကားကလည်း တော်တော်လေး ထိခိုက်သွားတယ်ဆိုတော့ ပြင်ရင် အများကြီး ကုန်ကျလောက်မယ်မလား…”
“ ဆရာမ ထင်သလောက်ကြီးလည်း များမနေပါဘူး…”
စတိုးဆိုင်က ကျောင်းနှင့် သိပ်မဝေးသောကြောင့် လင်းရီတို့ စကား လေးငါးဆယ်ခွန်းခန့် ဖလှယ်ပြီးနောက် ကျောင်းသို့ ရောက်ရှိလာလေသည်။
လင်းရီ ကျောင်းထဲအထိ မောင်းဝင်သွားလိုက်ပြီး ပစ္စည်းများ ကူချပေးရန် ဟန်ပြင်လိုက်၏။
ထိုအခိုက်အတန့်တွင်ပဲ အခြား ကျောင်းဆရာ တစ်ဦး အထဲမှ ထွက်လာပြီး သူယောင်အား နှုတ်ခွန်းဆက်လာသည်။
“ ယောင်ယောင်.. ဘာလို့ အမြန်ကြီး ပြန်ရောက်လာတာ… ငါတောင် ခုလေးတင် မင်းကို လာကြိုတော့မလို့…”
လင်းရီ စကားပြောနေသည့် အမျိုးသားနှင့် ပတ်သက်၍ မှတ်ဉာဏ်တစ်ချို့ရှိ၏။ သူ ရောင်ပေါ်ဝန်လေးအား ပထမဆုံး ကျောင်းလိုက်ပို့စဉ်က တံခါးဝ၌ မတ်တပ်ရပ်နေခဲ့သည့် ကျောင်းဆရာပင်။
အဆိုပါ ကျောင်းဆရာနာမည်မှာ ကော်ဖေးဖြစ်ပြီး သူယောင်၏ တက္ကသိုလ် အတန်းဖော်လည်းဖြစ်၊ ထို့ပြင် သူ၏ အဖေမှာလည်း ကျိန်း မူလတန်းကျောင်း၏ ကျောင်းအုပ် ဖြစ်နေသေးလေသည်။
“ ငါတို့ မစ္စတာလင်းနဲ့ ဆုံတော့ သူကပဲ လိုက်ပို့ပေးခဲ့တာလေ….”
ကော်ဖေး လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများကတော့ ရန်လို သတိထားမှုတို့ဖြင့် ပြည့်နှက်နေသည်။ ရှင်းအောင် ပြောရပါက အချစ်လုပြိုင်ဘက်တစ်ဦးအား ကြည့်သည့် အကြည့်မျိုးပင်။
ထို့နောက် သူ၏ မျက်နှာမှာ သူယောင်ကို ကြည့်ရင်း ပြုံးရွှင်သွားခဲ့ပြီး “ နောက်တစ်ခါကျရင် ငါ့ကို ခေါ်လိုက်လေ… ပြီးတော့ သူ့ကားရှေ့ခြမ်းကိုလည်း ကြည့်စမ်းပါဦး… အဲ့လောက်ထိ စုတ်ပြတ်သပ်နေတာ လိုက်စီးလို့ အခန့်မသင့်ရင် အသက်အန္တရာယ်တောင်မှ ဖြစ်သွားနိုင်တယ်…”
“ ရပါတယ်… ထွေထူးကိစ္စလည်း မဟုတ်တော့ ငါနင့်ကို ဒုက္ခမပေးချင်လို့…”
“ အဓိကက လျိုတုံးမင်နဲ့ ကျန်သူတွေ မင်းကို လိုက်နှောင့်ယှက်နေမှာစိုးလို့… မင်း တစ်ယောက်တည်း အပြင်ထွက်သွားသံကြားတော့ ငါ အရမ်းစိတ်ပူနေတာ… တကယ်လို့ တစ်ခုခု ဖြစ်ရင် ငါ့ကို ဖုန်းဆက်ဖို့ သတိရ ဟုတ်ပြီလား….”
“ ဆရာ…. သားတို့ အဲ့ လူဆိုးကြီးတွေနဲ့ ခုလေးတင် လမ်းမှာ တွေ့ခဲ့တာလေ…” ရောင်ပေါ်ဝန်လေးမှ ပြောလိုက်ပြီး “ ဒါပေမယ့် အန်ကယ်လင်းက အဲ့လူဆိုးကြီးတွေကို မောင်းထုတ်ပစ်လိုက်တယ်…”
“ မင်းတကယ်ကြီး သူတို့နဲ့ ဆုံခဲ့တာလား…”
ကော်ဖေး ဒေါသထွက်စွာဖြင့် ပြောလိုက်ပြီး “ တောက်ခ်… တော်တော် ဥပဒေမဲ့လိုက်တဲ့ ကောင်တွေ.. ငါပြန်သွားရင် အဖေ့ကို ဒီအကြောင်းပြောပြီး ကိုင်တွယ်ဖို့ ပြောလိုက်မယ်…”
“ ရပါတယ်… ခု အဆင်ပြေသွားပါပြီ..” သူယောင် ပြောလိုက်၏။
“ ကောင်းပြီ… တကယ်လို့ မင်း နောက်တစ်ခါ သူတို့နဲ့ ဆုံရင် ငါ့ကို ချက်ချင်း ဖုန်းဆက်ဖို့ သတိရ…ငါ ကျိန်းသေပေါက် သင်ခန်းစာပေးပေးမယ်…”
သူယောင် ဘာမျှ ပြန်မပြောချေ။ ထိုအစား ရောင်ပေါ်ဝန်လေးတို့အား ဝယ်လာသည့် စာသင်ခန်းသုံး ပရိဘောဂများကို စာသင်ခန်းထဲ ယူသွားရန် ညွှန်ကြားလိုက်လေသည်။
“ မစ္စတာလင်း… ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်နော်..” သူယောင် ပြောလိုက်ပြီး “ ရှင်ဘယ်အချိန်လောက် အားလဲ… ကျွန်မ ထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်လို့..”
လင်းရီ ပြုံးလိုက်ပြီး “ မြို့က သေးသေးလေးရယ်.. စားကောင်းတာ သိပ်ရှိမယ်မထင်ဘူး.. မေ့လိုက်ကြတာပေါ့…”
“ ဒါဆို ဒီည ကျွန်မအိမ်မှာ ထမင်းလာစားရင်ကော… ကျွန်မ ဝက်သားနှပ်ထားလိုက်မယ်လေ…”
“ ရပြီ ရပြီ.. ဆရာမက ကြင်နာလွန်းနေပါပြီ…”
လင်းရီ ပြောပြီးနောက် ကားထံ ပြန်သွားလိုက်ပြီး “ မင်းတို့လည်း သွားကြတော့… ငါလည်း ပြန်တော့မယ်…”
“ တာ့တာ မစ္စတာလင်း..” သူယောင် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။ကလေးများလည်း စာသင်ခန်းထဲမှ နေ၍ အသီးသီး လက်ပြလိုက်ကြလေသည်။
လင်းရီ ခေါင်းညိမ့်ပြီး ကျောင်းထဲမှ ထွက်ခွာသွားခဲ့လိုက်သည်။
သူ စတိုးဆိုင်လမ်းကို ရောကတော့ လမ်းဘေးတွင် ကား အရေအတွက် မနည်းမနော ထိုးရပ်ထားကြောင်း လင်းရီ သတိပြုမိလိုက်၏။
သူတို့ကို ဦးဆောင်နေသူကတော့ လျိုတုံးမင်နှင့် ကျန်သူများပင်။ သူတို့မျက်နှာပေါ်၌ ခြောက်လက်စ ပြုနေသည့် သွေးစက်များကပင် ရှိနေသေးလေသည်။
သို့သော်လည်း လင်းရီ သူတို့ကို လျစ်လျူရှု၍ ကိုယ့်လမ်းကိုယ် မောင်းသွားလိုက်သည်။ ထိုစဉ် လျိုတုံးမင်နှင့် ကျန်သူများကလည်း လင်းရီကားကို မတားရဲကြ။
“ အစ်ကိုတုန်… ကျုပ်တို့ ဒီနေ့ ကိစ္စ လွယ်လွယ်နဲ့ အလွှတ်ပေးလိုက်လို့ မဖြစ်ဘူးနော်… တကယ်လို့ တစ်ခုခုမှ ပြန်မလုပ်ဘူးဆိုရင် တစ်မြို့လုံးရဲ့ လှောင်ရယ်စရာတွေ ဖြစ်ကုန်တော့မှာ…” လျိုတုံးမင်၏ လက်အောက်ငယ်သားတစ်ဦးမှ ပြောလိုက်သည်။
“ ငိုးပဲ… ငါ့ကို ဘူဒိုဇာနဲ့ မြေကော်စက် ရှာပေးစမ်း… ငါ အဲ့ကောင် အိမ်ကို ပြားသွားအောင် တက်ကြိတ်ပစ်ဦးမယ်…”