ဝက်တစ်ကောင်နဲ့ ငါက ဘာမကောင်းတာလုပ်နိုင်မယ်လို့ မင်းထင်နေတာ
Vol. 65 Ch. 975
မကြာမီ လင်းရီ အိမ်သို့ ရောက်ရှိလာသည်။ သို့သော်လည်း သူဝယ်လာသည့် ပစ္စည်းများအား ရေခဲသေတ္တာထဲသို့ ထည့်ပင် မထည့်နိုင်သေး။ ဝက်ပေါက်လေးမှ နို့ဆာနေသည့် အသံကို ကြားလိုက်ရသည်။
“ ငါလခွမ်း…” လင်းရီ ကျိန်ဆဲလိုက်ပြီး “ မင်းနဲ့လည်း အဲ့လောက် မြန်မြန်ကြီး ဗိုက်ဆာလာရသလားဟ…”
“ အွင့် အွင့် အွင့်…. “
“ အွင့် အွင့် … “
“ ရပြီ ရပြီ… အော်မနေနဲ့တော့… ငါနားလည်တယ်… မင်းဖို့ ခုပဲ နို့မှုန့်ဖျော်နေပြီသိလား… “
လင်းရီ စိတ်ထဲ ရယ်ချင်သလို ခံစားလိုက်ရသည်။
သူက ယခု ဘီလီယမ်နာဖြစ်နေသည့်တိုင်အောင် ဝက်ပေါက်လေးအား ကိုယ်တိုင် နို့ဘူးတိုက်နေရသေးသည် မဟုတ်ပါလား။ သကောင့်သား၏ ကုသိုလ်ကံကလည်း မသေးချေ။
“ စနစ်… မင်း ထွက်လာခဲ့စမ်း… ငါတို့ စကားအကောင်း ပြောကြမယ်… ဒါ ဘယ်လို မစ်ရှင်မျိုးတုန်း…”
[ စနစ်ရဲ့ မစ်ရှင်က ကျပန်း သတ်မှတ်ပေးတာပါ…. တကယ်လို့ စနစ်ရှင်က စောဒက တက်ချင်နေတယ်ဆိုရင်တော့ ကျီချင်းရန်ကိုသာ သွားရှာလိုက်ပါ… စနစ်က တိုက်ရိုက်ပင်ဖြစ်စေ သွယ်ဝိုက်၍ပင်ဖြစ်စေ… တာဝန်ယူမှု မပြုလုပ်ပါဘူး…]
“ မင်းပြောချင်တာ တကယ်လို့ ချင်းရန်က ကြက်မွေးချင်တယ်ဆိုရင် မစ်ရှင်ကလည်း ကြက်နဲ့ ဆက်စပ်နေမှာပေါ့… အဲ့လိုမျိုးလား…”
[ မှန်ပါတယ်… ]
“ ငါ-ိုးပဲ….”
“ အွင့် အွင့် အွင့်….”
“ အိုကေ အိုကေ လာနေပါပြီ အဖေ… ခဏလေး စောင့်ပါဦး….”
လင်းရီ ဝက်ပေါက်လေးအား နို့ဘူးတိုက်ပြီးနောက် ကျိုးဟိုင်ထောင်ထံ ဖုန်းခေါ်လိုက်ပြီး နောက်ထပ် Lexus 570 တစ်စင်း ယူလာပေးရန် ပြောလိုက်သည်။ လက်ရှိ ပျက်စီးသွားသည့် အဟောင်းကိုတော့ သူ ပြန်ရောင်းလိုက်ပေမည်။
နောက်ပိုင်းတွင်တော့ လင်းရီ ဝက်ခြံခတ်ရန်အတွက် ကျွမ်းကျင်သူတစ်ချို့ထံ ဆက်သွယ်လိုက်သည်။
ခြံက ခုနစ်မှ ရှစ် စတုရန်းမီတာအထိ ကျယ်ဝန်းပြီး ညနေငါးနာရီလောက်ကျတော့ အားလုံးပြီးစီးသွားခဲ့၏။ ခြောက်သွေ့ပြီး အတန်ငယ် မာသည်နှင့် ချက်ချင်း အသုံးပြုလို့ ရချေပြီ။
“ မစ္စတာလင်း…”
ညနေ ခြောက်နာရီလောက် လင်းရီ ဝက်ပေါက်လေးအား ဘာညာပြောရင်း နို့ဘူးတိုက်နေစဉ် သူယောင် အပြင်ဘက်မှ ရောက်လာခဲ့သည်။
“ အို… ဆရာမပါလား.. ဘာအကြောင်းထူး ကိစ္စများ ရှိလို့ပါလိမ့်…”
“ ကျွန်မ ပေါ်ဝန်လေးဆီက ကြားတာ ရှင်ဒီမှာ တစ်ယေက်တည်းနေတယ်ဆိုလို့ တစ်ခုခု လာပို့ပေးတာ… ရှင်အခုထိ ညနေစာ မစားရသေးဘူးမလား…”
“ ဟိုက်… အံကျလိုက်ပါဘိ… ဒီကောင်ကြီးနဲ့ အလုပ်ရှုပ်နေတာနဲ့ပဲ ညနေစာတောင် မချက်ရသေးဘူး… “ လင်းရီ ပြောရင်းဖြင့် ဝက်ပေါက်လေးအား ညွှန်ပြလိုက်သည်။
“ ရှင်ကလည်း ဒီလောက်ငယ်သေးတာကို ဘာလို့ ခေါ်လာခဲ့တာ… အနည်းဆုံး တစ်လသားလောက်မှ ခေါ်ခဲ့သင့်တာကို.. မဟုတ်ရင် အရမ်းအလုပ်ရှုပ်တယ်…”
“ မပြောစမ်းနဲ့… ပြောရင်းဆိုရင်း ကျုပ် မျက်ရည်တောင် ဝဲချင်လာပြီ….”
“ အွင့် အွင့် အွင့် အွင့်….”
“ အော်မနေစမ်းနဲ့.. မင်းကို ၁၀၀ ကီလိုရောက်အောင် ကျွေးပြီးရင် ဒယ်ကြီးနဲ့ကို ရှယ်နှပ်ပစ်မယ်…. ခုချိန်ကစပြီး မင်းရဲ့ နေ့ရက်တွေကို ရေတွက်ထားလိုက်တော့….”
သူယောင်မှ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်ပြီး “ ပေး ပေး မစ္စတာလင်း… အကောင်လေးကို ကျွန်မ ဆက်ပြီး နို့တိုက်ပေးလိုက်မယ်… ရှင်အရင် ထမင်းစားလိုက်လေ… မဟုတ်ရင် ဟင်းတွေက အေးကုန်တော့မှာ….”
“ အဲ့တာဆို ကျုပ် အားမနာတော့ဘူးနော်…”
လင်းရီ ဝက်ပေါက်လေးအား နို့ဘူးတိုက်သည့် တာဝန်ကို သူယောင်ထံ လက်လွှဲပေးလိုက်ပြီး ဘေးတွင်ထိုင်၍ ပါလာသည့် အထုပ်အား ဖြေကာ ညစာစားသောက်လိုက်သည်။ ဟင်းလက်ရာက အကောင်းစားကြီး မဟုတ်သော်လည်း စားလို့တော့ မဆိုးချေ။ သိုသော်လည်း လာပို့ပေးသူ စေတနာမပျက်ရလေအောင် လင်းရီ လက်မထောင် တဆုံးကြီး ချီးမွမ်းပေး၍ အားရပါးရ စားပြလိုက်သည်။
သူယောင် ဝက်ပေါက်လေးအား နို့ဘူးတိုက်သည့် နည်းလမ်းမှာ တော်တော်လေးကို ကျွမ်းကျင်လိမ္မာသည်။ သူမ ယခုလို အလုပ်မျိုးကို ယခင်က ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ဖူးသည့်ဟန်ပင်။
မိနစ်နှစ်ဆယ်ပင် မပြည့်သေး။ သူမ နို့ဘူးတိုက်လို့ ပြီးသွားခဲ့၏။
“ မစ္စတာလင်း… ရှင့်ကြည့်ရတာ ငွေကြေးလည်း တော်တော်ချမ်းသာမယ့်ပုံပါပဲ… ဒီရဲ့ ဟွမ်ရှီးကျေးရွာကို ဘာလာလုပ်တာလဲ မသိဘူး.. ရင်းနှီးမြုပ်နှံဖို့ များလား…”
“ မဟုတ်ပါဘူး… ကျုပ်က ဒီတိုင်း ကျေးလက်ရဲ့ သဘာဝကို တွေ့အကြုံခံစားချင်လို့ ရောက်လာခဲ့တာ… “ လင်းရီ စားရင်း ပြောလိုက်ပြီး “ ပြီးတော့ ကျုပ်ကို မစ္စတာလင်းလို့ပဲ ခေါ်မနေနဲ့… အရမ်း သူစိမ်းဆန်လွန်းရာကျတယ်… တကယ်လို့ စိတ်မရှိဘူးဆိုရင် အစ်ကိုလင်းလို့ခေါ်…”
သူယောင် တခစ်ခစ် ရယ်မောလိုက်ပြီး “ အဲ့တာဆိုရင်လည်း ပြီးတာပါပဲရှင်… ကျွန်မတို့ရဲ့ ဟွမ်ရှီးကျေးရွာက သိပ်လည်းမဆိုးပါဘူး… တခြားတော့ ဘာမှ အာမမခံရဲပေမယ့် အနည်းဆုံး လေကတော့ သန့်ရှင်းလတ်ဆတ်တယ်… ပြီးတော့ အော်ဂဲနစ်စစ်စစ် အသီးအနှံတွေကိုလည်း သုံးဆောင်လို့ရသေးတယ်… ရှင် အဲ့ဒါတွေကို ကျိုးဟိုင်လို မြို့ကြီးမှာ ခံစားနိုင်မှာ မဟုတ်ဘူး…”
“ အင်း… အမှန်ပဲ…”
မိနစ်အနည်းငယ်အတွင်း လင်းရီ အစားအသောက်ကို လက်စဖြတ်လိုက်ပြီး ဟင်းပန်းကန်ဆေးပေး၍ သူယောင်ကို ပြန်ထည့်ပေးရန် ဟန်ပြင်လိုက်၏။
သို့သော်လည်း သူ၏ လုပ်ရပ်ကို သူယောင်မှ ကမန်းကတမ်း ဟန့်တားလာသည်။
“ အစ်ကိုလင်း.. ရှင် ဟင်းပန်းကန်တွေ ဆေးပေးမနေနဲ့တော့…ကျွန်မ ဒီတိုင်းပဲ ပြန်ယူသွားလိုက်တော့မယ်… “
“ အာ… အားနာစရာကြီး…”
“ ရပါတယ်… တစ်ရွာတည်းသားချင်းတွေကိုပဲ… အားနာနေစရာ မလိုပါဘူး… ပြီးတော့ ရှင်ဒီနေ့ ကျွန်မကိုလည်း အများကြီး ကူညီပေးထားသေသးတယ်လေ… တကယ်လို့ ရှင့်ကိုသာ ပန်းကန်တွေ ဆေးခိုင်းလိုက်တယ်ဆိုတာ အမေ သိသွားလို့ကတော့ အိမ်ရောက်ရင် အဆူခံရတော့မှာပဲ….”
“ ကောင်းပြီလေ… ဒါဆို ကျုပ် အားမနာတော့ဘူး…” လင်းရီ ပြုံးလျက် ပန်းကန်များအား သပ်ရပ်စွာ ခြင်းထဲ ပြန်စီထည့်ပေးလိုက်သည်။
သူယောင် ခြင်းကို လက်ခံလိုက်ပြီး ဝက်ပေါက်လေး ထည့်ထားသည့် လှောင်အိမ်ထံ လှည့်ကြည့်လိုက်သည်။
သူမ အနည်းငယ် ခပ်ကြာကြာ နေချင်မိပါသော်လည်း သင့်လျော်သည့် အကြောင်းပြချက် ရှာမတွေ့သောကြောင့် ဤအတိုင်း လက်လျော့၍ ပြန်လာခဲ့လိုက်ရသည်။
သို့သော်လည်း သူမ အပေါက်ဝကို ရောက်တော့ အပြင်ဘက်၌ အဖြူရောင် Civic တစ်စီး ထိုးရပ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းနောက် ကော်ဖေး ကားထဲမှ ချက်ချင်းထွက်လာပြီး သူယောင်ရှေ့ ရောက်လို့လာခဲ့၏။
“ ယောင်ယောင် … မင်း ဘာလို့ ဒီရောက်နေတာ….”
“ အစ်ကိုလင်းက ဒီနေ့ ငါ့ကို အများကြီး ကူညီပေးထားတယ်လေ… သူက တစ်ယောက်တည်းနေတာဆိုတော့ စားစရာတစ်ချို့ လာပို့ပေးတာ…”
ကော်ဖေး အနည်းငယ် အမူအရာပျက်ယွင်းသွားခဲ့ပြီး “ ငါ မင်းကို နေ့လည်တုန်းက ပြောမပြထားဘူးလား… လျိုတုံးမင်တို့ကောင်တွေက အရမ်း အန္တရာယ်များတယ်… အပြင်သွားမယ်ဆိုရင် ငါ့ကို ခေါ်လိုက်လို့…. ငါ မင်းကို သေချာပေါက် အဖော်လုပ်ပေးမှာပေါ့…. ခု အိမ်ပြန်မှာ မလား… ကားပေါ်တက် … ငါလိုက်ပို့ပေးမယ်….”
“ မလိုပါဘူး.. ငါ့ အိမ်က ကားနဲ့ သွားရလောက်တဲ့အထိ ဝေးမနေဘူး… ကျေးဇူးပဲ…”
“ အဓိကက လျိုတုံးမင်နဲ့ သူ့ တပည့်တွေက တဇောက်ကန်းတွေမို့ မင်း သူတို့နဲ့ တွေ့ရင် ဒုက္ခရောက်မှာစိုးလို့ပါဟ…” ကော်ဖေး ပြောလိုက်ပြီး “ ဒါပေမယ့် ငါကျတော့ မတူဘူး… ငါ့အဖေက ကျောင်းအုပ်ကြီး… မြို့ထဲမှာ လူတိုင်းက လေးစားရတဲ့ ပုဂ္ဂိုလ် … ငါပါရင် ဒီကောင်တွေ တော်ရုံ မလှုပ်ရှားရဲဘူး…”
သူယောင် နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပြီး “ ဒါဆို အစ်ကိုလင်းဆီ နောက်တစ်ခေါက် ဟင်းလာပို့ရင် နင့်ကို ခေါ်လိုက်မယ်နော်….”
လင်းရီ “…. “
တစ်ခွန်းတည်း… လုံးဝကို တစ်ခွန်းတည်းနဲ့ လှလှပပလေး ငြင်းသွားတာပဲ
ကော်ဖေးကတော့ သူ မကြားဟန်ဆောင်လိုက်ကာ ကားတံခါး ဖွင့်ပေးလိုက်ပြီး “ သွားစို့… ကားပေါ် အရင်တက်… ငါမင်းကို ပြန်လိုက်ပို့ပေးမယ်… တကယ်လို့ နောင်ကျ မင်းအားရင် ကောင်တီ တစ်ဝိုက် လိုက်ပို့ပေးပြီး ရုပ်ရှင်လည်း လိုက်ပြမယ်…”
“ မလိုဘူး… ငါ ပြန်ရောက်ရင် စာတွေ ကြည့်ရဦးမှာ…”
“ ကောင်းပြီလေ… ဒါဆို ငါမင်းကို အရင်အိမ်လိုက်ပို့ပေးမယ်….”
“ အိမ်နဲ့ နီးနီးလေးမို့ မလိုပါဘူးလို့… နင့်ဘာနင်ပဲ ပြန်သွားလိုက်…”
သူယောင် ကော်ဖေးကို လျစ်လျူရှုလိုက်ပြီး လင်းရီ အိမ်နောက်ဖေး လမ်းကြားမှတစ်ဆင့် ထွက်ခွာသွားခဲ့တော့သည်။
အဘယ်ကြောင့်ဆိုသော် လမ်းက အင်မတန်ကျဉ်းမြောင်းလှသောကြောင့်ကော်ဖေး လိုက်ချင်သည့်တိုင်အောင် ကားမှာ ဝင်လို့မရချေ။
သူယောင်၏ ခေါင်းမာသည့် နောက်ကျောကို ငေးမောရင်း ဤမိန်းကလေးမှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု လင်းရီ စိတ်ထဲ တွေးမိလိုက်သည်။
နှစ်ယောက်လုံး ခြံဝန်းထဲမှ ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီ ခြံတံခါးအား သော့ပိတ်လိုက်လေသည်။
“ လင်းလေး…”
လင်းရီ အိမ်ထဲ ပြန်ဝင်သွားတော့မည့် အချိန်တွင် စွန်းချွင့်လီ၏ အသံကို ကြားလိုက်ရပြီး သူ လှည့်ကြည့်လိုက်၏။
“ ရာသီဥတုက တဖြည်းဖြည်းနဲ့ ပူလာပြီ… စိုက်ခင်းကို ပုံမှန်ရေလောင်းပေးဖို့လည်း မေ့မနေနဲ့ဦးနော်… မဟုတ်ရင် မျိုးစေ့တွေရဲ့ ကြီးထွားနှုန်းက နှေးကွေးသွားလိမ့်မယ်….”
“ အာ ဟုတ်သားပဲ…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ မရီးသာ သတိမပေးဘူးဆိုရင် ကျုပ် မေ့တော့မလို့… ကြည့်ရတာတော့ ဖန်လုံအိမ်ကို ရေသွားလောင်းရမယ့် အချိန်ပဲ ထင်တယ်….”
“ ဖန်လုံအိမ်က အဲ့လောက်ထိ ဂရုစိုက်နေစရာမလိုဘူး…” စွန်းချွင့်လီ ပြောလိုက်ပြီး “ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက မတူဘူးလေ…. နင် သူတို့ကို ရေခဏခဏ လောင်းပေးစရာ မလိုဘူး… ရေအရမ်း ဝသွားရင်လည်း အသီးတွေက မချိုတော့ဘူးရယ်…”
“ အဲ့တာလည်း အဓိပ္ပာယ်ရှိသားပဲ….”
ခြံထဲ မတ်တပ်ရပ်နေရင်း လင်းရီ စွန်းချွင့်လီဖြင့် ခေတ္တ စကားပြောလိုက်သည်။
အပင်စိုက်ရသည်က ရိုးရှင်းသည်ဟု တစ်ချို့က ထင်နေသော်လည်း နည်းစနစ်မှန်ကန်ရန် လိုအပ်သေးလေသည်။
စကားပြောပြီးနောက် လင်းရီ ရေပိုက်ဖွင့်လိုက်ပြီး စိုက်ခင်းကို ခေတ္တရေလောင်းလိုက်၏။ ထို့နောက် ဝက်ပေါက်လေးအား ရေချိုး သန့်စင်ပေးလိုက်သည်။
သူ အဆိုပါ ကိစ္စများ ပြုလုပ်ပြီးနောက် လင်းရီ အညောင်းဆန့်လိုက်ပြီး ရှောင်ထျန်နှင့် ဂိမ်းကစားရန် ဟန်ပြင်လိုက်သည်။ သူပင် သူမနှင့် ဂိမ်းဆော့ရင်း ရန်မဖြစ်ရသည်မှာ တော်တော်လေး ကြာနေလေပြီ။
သို့သော်လည်း သူ လှဲချမလို့ ဟန်ပြင်ကာရှိသေး ဝက်ပေါက်လေးမှ လှောင်အိမ်အား ကုတ်ခြစ်နေသည့် အသံကို ကြားလိုက်ရ၏။
“ သေစမ်း… မင်းငါ့ကို သေအောင် သတ်နေတာလားကွ…”
“ အွင့် အွင့် အွင့် အွင့်…..”
“ ငိုးပဲ…” လင်းရီ ကျိန်ဆဲလိုက်ပြီး “ မင်း စောင့်နေစမ်း…. ကီလို ၁၀၀ ပြည့်ပြီးလို့ကတော့ မင်းကို ဘဲကင်လိုမျိုး ကြွပ်ကြွပ်ရွရွ ကင်မြည်းပစ်ဦးမယ်…”
သူ ကျိန်ဆဲနေသော်လည်း ဝက်ပေါက်လေးအား နို့ဘူးတိုက်လိုက်ဆဲဖြစ်၏။ ထို့ပြင် ကောင်းကောင်းမွန်မွန်တိုက်နေဆဲပင်။ အကယ်၍ ဆာလောင်မှုကြောင့် ဝိတ်ကျသွားခဲ့မည်ဆိုပါက သူ့ မစ်ရှင် ကျရှုံးသွားနိုင်သည် မဟုတ်ပါလော။
ဒူ ဒူ ဒူ….
လင်းရီ နို့ဘူးတိုက်နေစဉ် ကျီချင်းရန်မှ ဝီချက် ဗွီဒီယိုကော ခေါ်လာခဲ့၏။ သို့သော်လည်း သူ ဝက်ပေါက်လေးအား နို့ဘူးတိုက်ရင်း အလုပ်များနေသောကြောင့် သူ ဒီတိုင်း ငြင်းဆိုလိုက်သည်။
မကြာမီ ကျီချင်းရန်မှ ဖုန်းဆက်လာသည်။
ထိုအခါတွင်တော့ လင်းရီ ရွေးချယ်စရာ မရှိဘဲ ဖုန်းကိုင်လိုက်ရတော့၏။
“ ပြောစမ်း… နင် ဘာတွေ လုပ်နေတာ… ငါ ဖုန်းခေါ်တာတောင် မကိုင်နိုင်ရလောက်အောင် နင်ငါ့နောက်ကွယ်မှာ မကောင်းတာ တစ်ခုခု လုပ်နေတယ်မလား…”
လင်းရီ ပြောစရာ စကား ကင်းမဲ့သွားခဲ့တော့၏။
“ ငါက ဝက်ပေါက်လေးကို နို့ဘူးတိုက်နေတာလေ… အဲ့ကောင်နဲ့ ဘာမကောင်းတာ လုပ်နိုင်မှာမို့လို့…”
စာစဉ် (၆၅)ပြီး၏။