မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်
Vol. 74 Ch. 959
မဟာဧကရာဇ်၏ လက်ကျန်အသိစိတ်အလျဉ်သည် ဆုတ်ခွာ၍ ပျောက်ကွယ်သွားကာ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ချက်သာ ကျန်ရစ်ခဲ့၏။
ချင်မူ စိတ်မကွက်ပေ။ ထိုသူက မဟာဧကရာဇ် မဟုတ်ပါလော။ သူ၏အသိစိတ်အလျဉ်က အသန်မာဆုံး၊ အင်အားအကြီးဆုံးဖြစ်ချေရာ တစ်စိတ်တစ်ပိုင်းမျှ ဖမ်းယူနိုင်ရုံနှင့်တင် လုံလောက်နေပြီဖြစ်သည်။
နတ်ဘုရားတစ်ပါး၏ အသိစိတ်အလျဉ်သည် တစ်နည်းအားဖြင့် အတွေးများသာ ဖြစ်သည့်အတွက် မှတ်ဉာဏ်များစွာ ပါ၀င်၏။ ချင်မူ၏ နောက်ဆုံးရည်ရွယ်ချက်က မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်အတွက် လိုအပ်သော ကျင့်စဉ်ကို အရယူရန် ဖြစ်သည်။
ချင်မူ့အနေဖြင့် မဟာဧကရာဇ်ကို မဖမ်းနိုင်ခဲ့သောကြောင့် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်တစ်စိတ်တစ်ပိုင်းကိုသာ ရရှိခဲ့၏။ ဤအသိစိတ်အလျဉ် တစ်စိတ်တစ်ပိုင်းမှတဆင့် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို ရယူနိုင်ရုံနှင့်တင် အတိုင်းထက်အလွန် ကံကောင်းနေပြီဟု ဆိုရမည်။
မဟာဧကရာဇ်အသိစိတ်အလျဉ်ကို တော်၀င်တံဆိပ်တော်နှင့် ယဇ်ပလ္လင်ထဲမှ မြှားထုတ်ခဲ့ခြင်းက သူ့အတွက် အန္တရာယ်များသည်။ သို့သော် အန္တရာယ်အတွင်း၌ အခွင့်အရေးလည်း ပါလာတတ်ပြီး ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ရန် လိုအပ်သည်။ ယင်းက ဉာဏ်ရှိသော လူတစ်ယောက် လုပ်သင့်သည့်အရာဖြစ်၏။
အတော်များများက အန္တရာယ်ကို မြင်လျှင် ရှောင်ကွင်းသွားတတ်သည်။ အန္တရာယ်တွင် အသွားနှစ်ဖက်ရှိသည်ကိုတော့ မေ့လျော့နေတတ်၏။ အန္တရာယ်ကို မြင်ရုံနှင့် ရှောင်ကွင်းသွားတတ်သည့်အခါ အခွင့်အရေးများအား လက်လွှတ်ဆုံးရှုံးရတတ်သည်။
ချင်မူတို့က မဟာဧကရာဇ်ကို တွန်းထုတ်၍ သူ၏အသိစိတ်အလျဉ် တစ်စိတ်တစ်ပိုင်းအား ဖမ်းယူခဲ့ကြ၏။ ယင်းက အန္တရာယ်ကြားမှ အခွင့်အရေးကို ဖမ်းဆုပ်ခြင်းဟု ဆိုရပေမည်။
မဟာဧကရာဇ်၏ အသိစိတ်အလျဉ် နောက်ဆုတ်သွားသည်ကို မြင်ပြီးနောက် လော့ဝူရှန်နှင့် ယွဲ့ထင်းကဲတို့နှစ်ယောက်လုံး သူ၏ကောင်းကင်ရတနာထဲမှ ပျံထွက်သွားကြသည်။
ချင်မူ သူတို့နှစ်ယောက်ကို ကျေးဇူးတင်နေစဉ် ရှုကျွင်းကလည်း မဟာကမ္ဘာဦးအစ မူလကျောက်တုံးဆီသို့ ပြန်ရောက်ရှိလာ၏။ ချင်မူ၏အသိစိတ်အလျဉ်က သူ့အပေါ် ဆင်းသက်ကာ ကျေးဇူးတင်လိုက်သည်။
“မင်းရဲ့ သေရေးရှင်ရေးဆိုတာ ငါ့ရဲ့သေရေးရှင်ရေးနဲ့ မခြားဘူး... ငါ့ကို ကျေးဇူးတင်မနေနဲ့”
ရှုကျွင်း၏ ခေါင်းကြီးထဲတွင် မျက်လုံးကြီးနှစ်လုံးက ပြူးထွက်နေသည်။ သူက ပြုံးကာ အကြံပြုသည်။ “မင်း စိတ်မကောင်းဘူးဆိုလည်း ငါ့ကို အသိစိတ်အလျဉ်၊ အဆီအနှစ်နဲ့ သွေးတချို့ ပေးပေါ့ကွာ.... အဲ့ဒါမှ ငါ့မျက်လုံး၊ ပါးစပ်နဲ့ နှာခေါင်းတွေ ထွက်လာမှာပေါ့”
ချင်မူက တဟားဟား ရယ်လိုက်သည်။ “စိတ်အေးအေးထားပါ ဘုရင်ကြီးကျွင်းရာ... ကျွန်တော် ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ”
ရှုကျွင်းက အေးစက်စက် ရယ်သည်။ “ဘာဘုရင်ကြီးကျွင်းတုန်း.... ငါက ကမ္ဘာဦးခေတ်ရဲ့ ဘုရင်သုံးပါးထဲက တစ်ပါးဆိုပေမယ့် ငါ့လူတွေက ငါ့ကို ဘုရင်ကြီးကျွင်းလို့ မခေါ်ဘူး... နတ်ဘုရင်ကျွင်းလို့ ခေါ်ကြတယ်... မင်းလည်း ငါ့ကို နတ်ဘုရင်လို့ခေါ်သင့်တယ်.... မင်းက မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ဖမ်းယူခဲ့ပေမယ့် ဘယ်လိုသန့်စင်ပြီး မှတ်ဉာဏ်တွေ စုပ်ယူရမလဲ မသိပါဘူး... ငါ့ကို အဆီအနှစ်၊ သွေးနဲ့ အသိစိတ်အလျဉ်တွေ ထပ်ပေး.... ဒါဆိုရင် ငါ့ဦးခေါင်း အပြည့်အစုံ ဖွဲ့တည်လာပြီး မင်းကို ငါ သင်ပေးနိုင်လိမ့်မယ်.... ဒီအပေးအယူက မျှတတယ်မထင်ဘူးလား”
ချင်မူက မျက်မှောင်ကြုတ်လိုက်သည်။ “ဒီလိုလုပ်ပါလား ခင်ဗျားက မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ဘယ်လိုသန့်စင်ရမလဲ ကျွန်တော့်ဆီ သင်ပေးလေ... ဒါဆိုရင် ကျွန်တော်က အသိစိတ်အလျဉ်အထဲမှာရှိတဲ့ အသိအမြင်တွေကို ခင်ဗျားဆီ ပြန်သင်ပေးမယ်... ခင်ဗျားလည်း မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို မလိုချင်ဘူးလား... ဒီအပေးအယူက ပိုကောင်းမလားလို့”
ရှုကျွင်းမှာ ရင်ထဲတွင် လှုပ်ရှားသွားကာ တွေးပြီးနောက် ပြောသည်။ “ဒါလည်း မဆိုးဘူးကွ... ငါ့ရဲ့ အဆင့်မြင့်အသိပညာသုံးခုက အင်အားကြီးအားပေမယ့် မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နဲ့ ယှဉ်ရင် အားနည်းနေတယ်.... ဒါပေမဲ့ မဟာဧကရာဇ်က အဲ့ဒါကြောင့်နဲ့တင် သူ့ရဲ့လက်ရှိနေရာအထိ ရောက်ခဲ့တာမဟုတ်ဘူး... သူ့ကို လူပေါင်းများစွာ မြင်ယောင်ဖန်ဆင်းခဲ့တာကြောင့် သူ့ရဲ့ကျင့်စဉ်စွမ်းအင်တွေက ဒီလောက်အထိ အင်အားကြီးမားနေတာ”
ချင်မူက သူ့ကို ဖြောင်းဖျကာ ပြောသည်။ “မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်မှာ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ပါရင် ကျွန်တော် ခင်ဗျားကို မဆိုင်းမတွ ပြန်သင်ပေးပါမယ်... နတ်ဘုရင်ကြီးရှုကျွင်း၊ ခင်ဗျား အသက်ပြန်ရှင်လာလို့ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နဲ့ဆိုရင် မဟာဧကရာဇ်နောက်တစ်ပါးတောင် ဖြစ်လာနိုင်တယ်နော်”
ရှုကျွင်း ပြုံးလိုက်သည်။ “ကောင်းပြီ... မင်း ကတိတည်နော်”
“ကတိတည်ပါတယ်ဗျာ”
ရှုကျွင်းမှာ အလွန်ပျော်ရွှင်နေသည်။ “ဒီကောင်လေးကတော့ ဒီတစ်ကြိမ် ခံလိုက်ရပြီ... မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်က ငါ့ရဲ့အဆင့်မြင့်အသိပညာသုံးခုထက် အများကြီးပိုကောင်းတယ်... ဒီကောင်လေး ဒီအပေးအယူကြောင့် အများကြီး နစ်နာသွားတာကိုမသိဘူး....ခဏနေပါဦး...” သူ၏မျက်လုံးကြီးနှစ်လုံးက မျက်တောင်ပုတ်ခတ်နေပြီး ရုတ်တရက် သဘောပေါက်သွားသည်။ “ငါ့ရဲ့ဦးနှောက်... ငါ့ရဲ့ဦးနှောက် ပြန်ကောင်းလာရင် ငါ သူ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး သူ့ရဲ့အသိစိတ်အလျဉ်ကို သုတ်သင်ပစ်နိုင်မှာမဟုတ်ဘူးလား... ဒါဆိုရင် ငါကိုယ်တိုင် မဟာဧကရာဇ်ကို သန့်စင်နိုင်ပြီလေ... အဲ့ဒါက ပိုမကောင်းဘူးလား... ငါ သူ့ကို သန့်စင်နည်း သင်ပေးလိုက်ရင် ဖမ်းဆီးခံထားရတဲ့ အသိစိတ်အလျဉ်ထဲမှာ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ရှိနေရင်တောင်မှ ငါ့မှာ ဦးနှောက်မရှိလို့ ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာတုန်း... ငါ အကြီးကြီး ရှုံးသွားတာပဲဟ”
ယဇ်ပလ္လင်ထက်ရှိ ခေါင်းကြီးမှာ စွေ့စွေ့ခုန်နေပြီး မျက်လုံးကြီးပြူးကာ အော်ဟစ်လိုက်သည်။ “မင်းကများ ငါလို နတ်ဘုရင်တစ်ပါးကို ကစားရဲတယ်ပေါ့လေ.... ငါ မင်းကို သတ်ပစ်မယ်... ငါ မင်းကို သတ်ပစ်မယ်”၏
ချင်မူက ပြုံးနေသည်။ “နတ်ဘုရင်ကြီးရှုကျွင်းကလည်းဗျာ... ကမ္ဘာဦးဘုရင်သုံးပါးထဲက တစ်ပါးဖြစ်ပြီး စကားမတည်ဘဲ နေတော့မလို့လား”
တခဏကြာသော် ရှုကျွင်းမှာ စိတ်ငြိမ်အောင် ထိန်းပြီးနောက် ကတိအတိုင်း မှတ်ဉာဏ်များရရှိအောင် အသိစိတ်အလျဉ် သန့်စင်နိုင်မည့်နည်းလမ်းကို ချင်မူ့ဆီသို့ သင်ကြားပေး၏။ သို့သော် သူ နည်းနည်းလေးမှ မပျော််တော့ပေ။
ကောင်းကင်ဘုံပေါ်ထွက်ခြင်း ဖန်ဆင်းပညာ။ သူ ချင်မူ့ကို သင်ပေးသော ကျင့်စဉ်သည် ကောင်းကင်ဘုံပေါ်ထွက်ခြင်း ဖန်ဆင်းပညာဟု အမည်ရသော အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းတစ်မျိုး ဖြစ်၏။
ချင်မူက ၎င်းကို လေ့လာပြီးနောက် ချက်ချင်းဆိုသလို ပြောင်းလဲပစ်သည်။ ရှုကျွင်းမှာ အသားကျနေပြီ၍ မည်သို့မျှ ကန့်ကွက်ခြင်းမရှိပေ။
ချင်မူလည်း ပြုပြင်ပြောင်းလဲပြီးနောက် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို တမုဟုတ်ချင်း သန့်စင်သည်။
ကောင်းကင်ဘုံပေါ်ထွက်ခြင်း ဖန်ဆင်းပညာသည် အဆင့်မြင့်အသိပညာသုံးခုကျင့်စဉ်အတွင်းမှ ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။ ကြယ်အစုအဝေး ၇၂ စုနှင့် ကြယ်တာရာအရှင်သခင် ၃၂၈ ပါးကို ပြန်လည်နေရာပေးရန် လိုအပ်သော ကောင်းကင်နတ်သိုင်းတစ်ခုဆိုလည်း မမှားပေ။ ကြယ်တာရာအရှင်သခင် ၃၂၈ ပါးက ကောင်းကင်ထက်၌ ပေါ်ထွက်လာပြီး ကြယ်အစုအဝေးအတွင်းရှိ ကြယ်များကို ပြောင်းလဲရင်း ထူးဆန်းသော အနေအထားတစ်ခုဖြင့် လှည့်ပတ်စေခြင်း ဖြစ်သည်။
ကောင်းကင်နတ်သိုင်း လှည့်ပတ်လိုက်တိုင်း ရန်သူ၏အသိစိတ်အလျဉ်ကို သန့်စင်၍ ကိုယ်ပိုင်အဖြစ် ပြောင်းလဲပေးမည့် သန့်စင်ခြင်းစွမ်းအားတစ်ရပ်အား ဖန်တီးပေးတတ်၏။
တစ်ဖက်ရန်သူ၏ အသိစိတ်အလျဉ်အတွင်းရှိ မှတ်ဉာဏ်မှာ သန့်စင်ခံလိုက်ရကာ အချက်အလက်များ ဖြစ်လာပြီးနောက် မိမိ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။ သို့သော် ၎င်းက မိမိ၏ အတွေးများကို မပြောင်းလဲနိုင်ပေ။ အသိစိတ်အလျဉ်အတွက် အာဟာရဓာတ်များ ဖြည့်တင်းပေးနေသည်နှင့် ပိုတူသည်။
ဤနည်းလမ်းဖြင့် ရန်သူ၏အသိစိတ်အလျဉ် မိမိ၏အသိစိတ်အလျဉ်အား ဝါးမြို၍ ပူးကပ်သွားမည်ကို စိတ်ပူစရာမလိုတော့ပေ။
ကောင်းကင်ဘုံပေါ်ထွက်ခြင်း ဖန်ဆင်းအသိပညာသည် အခြားဖန်ဆင်းရှင်များကို ရင်ဆိုင်ရန် ကမ္ဘာဦးအစ ဖန်ဆင်းရှင်များ တီထွင်ထားသော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။ ဖန်ဆင်းရှင်များက တစ်ယောက်နှင့်တစ်ယောက် မတည့်၍ မကြာခဏ တိုက်ပွဲဖြစ်တတ်သည်။ ထို့ကြောင့် ရန်သူကို အနိုင်ယူနိုင်မည့် နည်းလမ်းများမှာ ထိုခေတ်၏ ဖန်ဆင်းရှင်များ အထူးပြုလေ့လာရာ နယ်ပယ် ဖြစ်လာခဲ့သည်။ မှန်သည်၊ ထိုခေတ်၏ ကောင်းကင်နတ်သိုင်းများက ယနေ့ခေတ်၏ ကောင်းကင်နတ်သိုင်းများနှင့် မတူသဖြင့် ချင်မူ့အတွက် စိမ်းနေသည်။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအတွင်း၌ ချင်မူက ကောင်းကင်ဘုံပေါ်ထွက်ခြင်း ဖန်ဆင်းအသိပညာကို အသုံးပြု၍ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို ကောင်းကင်ပုလင်းအတွင်း၌ ပိတ်လှောင်ထားသည်။ ထိုအခါ ကမောက်ကမ ရောထွေးနေသော အချက်အလက်များသည် ပုံရိပ်အသွင်သဏ္ဍာန်မျိုးစုံဖြင့် ချင်မူ၏ ဦးနှောက်ဆီသို့ လာရောက်ရိုက်ခတ်၏။ ၎င်းတို့ကား မဟာဧကရာဇ်၏ မှတ်ဉာဏ်များ ဖြစ်ချေသည်။
ချင်မူမှာ မဟာဟကရာဇ်၏ မှတ်ဉာဏ်များအတွင်း၌ သွားလာရင်း အသုံးဝင်သောအရာများကို ဖယ်၍ အသုံးမဝင်သောအရာများကို ရှင်းပစ်နေသည်။
မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အတွင်း၌ အချက်အလက်များ ပြည့်နှက်နေသည်။ ကမ္ဘာဦးခေတ်တစ်ခေတ်တည်းမှ အချက်အလက်များကပင် မရေမတွက်နိုင်ပေ။
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ မှတ်ဉာဏ်များအနက် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နှင့် ပတ်သက်ပြီး အနည်းအကျဉ်းသာ ပါ၏။ အသိစိတ်အလျဉ်နှင့် ပတ်သက်ပြီး များစွာ ရှိသော်လည်း ပြည့်စုံသော ကောင်းကင်နတ်သိုင်းများ မဟုတ်ပေ။
သို့သော် သူ့အသိစိတ်အလျဉ်၏ ခွန်အားက လျင်မြန်စွာ မြင့်တက်လာသည်။ ခွန်အားတိုးတက်နှုန်းသည် အဆင့်မြင့်အသိပညာသုံးခု ကျင့်ကြံစဉ်တုန်းကထက် များစွာ မြန်ဆန်၏။
ကောင်းကင်ပုလင်းအတွင်းရှိ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အား အပြည့်အဝနီးပါး သန့်စင်ပြီးသည့်အချိန်တွင် ချင်မူမှာ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နှင့် ပတ်သက်၍ ရိုးရိုးရှင်းရှင်း ကျင့်ကြံနည်းလမ်းတချို့သာ ရထားသေးသည်။
ချင်မူသည် လက်မလျှော့ဘဲ မဟာဧကရာဇ်၏ လက်ကျန်အသိစိတ်အလျဉ်ကို ဆက်လက်သန့်စင်ကာ ပိုမိုအင်အားကြီးမားလာ၏။
ဤတစ်ကြိမ်တွင် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နှင့် ပတ်သက်သော မှတ်ဉာဏ်များ ထပ်မံထွက်ပေါ်လာသည်။
ချင်မူမှာ စိတ်သက်သာရာရသွားပြီး အချက်အလက်များကို ချက်ချင်း အစီအစဉ်ချကာ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်အတွက် ကျင့်ကြံခြင်းနည်းလမ်းများ လိုက်ရှာနေသည်။
မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နှင့် အဆင့်မြင့်အသိပညာသုံးခုအကြား ကွဲပြားမှုမှာ မြင်ယောင်ဖန်ဆင်းသည့် နေရာတွင် ဖြစ်သည်။ အဆင့်မြင့်အသိပညာသုံးခုက ကြယ်အစုအဝေး ၇၈ စုနှင့် ကြယ်တာရာအရှင်သခင် ၃၂၈ ယောက်ကို မြင်ယောင်ဖန်ဆင်းပေးသည့်အချိန်တွင် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်သည် အများဆုံး ကြယ်အစုအဝေး ၃၆၅ စုနှင့် ကြယ်တာရာအရှင်သခင်အယောက် ၂၀၀၀ ကို မြင်ယောင်ဖန်ဆင်းပေး၏။
ချင်မူ သိထားသော အရေအတွက်ထက်ပင် များပြားနေချေသည်။
လက်ရှိအချိန်တွင် ကောင်းကင်နတ်ဘုံ၌ ကြယ်တာရာအရှင်သခင် ၃၆၀ ယောက်သာ ရှိသော်လည်း မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်အတွင်း၌ အယောက် ၂၀၀၀ နီးပါး ရှိနေသည်။ ဤအဓိပ္ပါယ်က မည်သည့်အဓိပ္ပါယ်နည်း။
‘ဒီကမ္ဘာပေါ်မှာ ရှေးဟောင်းနတ်ဘုရားတွေ ဒီလောက်အများကြီး ရှိခဲ့တာလား.... မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ထဲက နတ်ဘုရားတွေ ဘယ်ရောက်ကုန်တာလဲ’
ချင်မူ တစ်ယောက်တည်း တွေးနေမိသည်။ လက်ရှိရှေးဟောင်းနတ်ဘုရား အရေအတွက်က မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်အတွင်း၌ မှတ်တမ်းတင်ထားသော အရေအတွက်ထက် များစွာလျော့နေသည်။ ထိုခေတ် ထိုကာလတုန်းက ရှေးဟောင်းနတ်ဘုရားအယောက် နှစ်ယောက်ကျော် အမှန်တကယ် ရှိခဲ့သည်လား။
‘ရှေးဟောင်းနတ်ဘုရားအများစုက သေကုန်ပြီပဲလေ’
ချင်မူလည်း တွေးနေသည်ကို ရပ်ပြီး မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို ဆက်လက်အစီအစဉ် ချနေသည်။ ကြယ်တာရာအရှင်သခင်အရေအတွက်အပြင်၊ ၎င်း၏ မြင်ယောင်ဖန်ဆင်းနည်းကလည်း အဆင့်မြင့်အသိပညာသုံးခုထက် ပိုမိုကောင်းမွန်သည်။
အဆင့်မြင့်အသိပညာသုံးခုသည် အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာ၊ ခရမ်းရောင်တားမြစ်ဧရိယာ အဆင့်မြင့်အသိပညာနှင့် ကောင်းကင်စျေးဧရိယာ အဆင့်မြင့်အသိပညာတို့ကို မဟာကမ္ဘာဦးအစ မူလကျောက်တုံး သို့မဟုတ် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးအတွင်း၌ ကိန်းဝပ်စေခြင်းဖြင့် မြင်ယောင်ဖန်ဆင်း၏။ ထိုအချိန်တွင် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကမူ ရုပ်ခန္ဓာတစ်လျှောက် ကိန်းဝပ်လွှမ်းခြုံလိုက်ရင်း လူတစ်ယောက်ကို စကြဝဠာတစ်ခုပမာ ပြောင်းလဲခြင်းမျိုး ဖြစ်သည်။
ဤကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် မိမိရုပ်ခန္ဓာ၏ ထောင့်နေရာတိုင်းတွင် နတ်ဘုရားတစ်ပါးစီအား စံမြန်းစေနိုင်မည်။
မျက်ခုံးနှစ်ဖက်ကြားတွင် ကောင်းကင်နတ်အရှင်ဧကရာဇ်နှင့် ခရမ်းရောင်တားမြစ်ဧရိယာ၏ နတ်ဘုရားများ ကိန်းဝပ်သည်။ ချီပင်လယ်ဘေး၌ အဆုံးသတ်မြို့ပျက်၏ နတ်ဘုရားနှစ်ပါး တည်ရှိသည်။ တန်ထျန်း၏ဘေးတွင် အမိကမ္ဘာမြေ၊ ယုံချွမ်(ခြေဖဝါး၏ သုံးပုံတစ်ပုံနေရာရှိ ခွက်နေသော နေရာ)ထဲတွင် မြေအောက်ဘုံအရှင်သခင်၊ ကျောရိုးထိပ်၌ ကြယ်တာရာအရှင်သခင် ၃၃ ပါး စံမြန်း၏။
‘မဟာဧကရာဇ်မှာ သမိုင်းတစ်လျှောက် အသန်မာဆုံး ရုပ်ခန္ဓာရှိတယ်လို့ ရှုကျွင်း ချီးကျူးခဲ့တာ အံ့ဩစရာမရှိဘူး.... ဒီလိုကျင့်စဉ်မျိုးအတွက် ရုပ်ခန္ဓာက သန်မာနေဖို့ လိုတယ်... ဘယ်သူ့ရုပ်ခန္ဓာက ပိုသန်မာလဲ ငါ မသိတာ တစ်ခုပဲ... ရှေးဟောင်းနတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာလား... မဟာဧကရာဇ်ရဲ့ ရုပ်ခန္ဓာလား’
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအတွင်းရှိ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သည် အပြည့်အဝ သန့်စင်ပြီးသွား၏။ ထို့နောက် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်က သူ ထင်မှတ်ထားသော ဖန်ဆင်းရှင်တို့၏ကျင့်စဉ်များနှင့် မတူညီကြောင်း တွေ့လိုက်ရသဖြင့် ချင်မူ မျက်မှောင်ကြုတ်သွားသည်။
မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်က ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်အတွက် ကျင့်စဉ်တစ်ခု ဖြစ်နေသည်။
သူ ရရှိထားသော မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်မှာ မပြည့်စုံသောကြောင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာနှင့် ကောင်းကင်နတ်အသွင်ကောင်းကင်ရတနာအတွက် ကျင့်စဉ်များ လိုအပ်နေသည်။ ထို့အပြင် ကျောက်စိမ်းမြို့တော်အဆင့်အတွက်လည်း မရှိပေ။
‘မဟာဧကရာဇ်က ကျင့်စဉ်ကို ပြောင်းလဲထားတာပဲ’
ချင်မူမှာ ခေါင်းကိုက်သွားသည်။ သူ ရှိသမျှအားကုန် ထည့်ထားသော လက်သီးချက် လွဲသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
မူလ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ဖြစ်လျှင် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနှင့် ပေါင်းစည်းကာ သူ့အတွက် သင့်တော်ကိုက်ညီအောင် လုပ်၍ရသေးသည်။
သို့သော် မဟာဧကရာဇ်က ၎င်းက ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ဖြင့် ပေါင်းစည်းထားရာ ထိုမျှအသုံးမဝင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့တွင် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသာ ရှိပြီး ကောင်းကင်နန်းဆောင်တစ်ခုပင် မရှိသောကြောင့်ပင်။
ဤကျင့်စဉ်၏အသုံးဝင်မှုမှာ သူ့အတွက် များစွာလျော့နည်းသွားသည်။
သူက သူ သိထားသော မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို ရှုကျွင်းဆီသို့ ဆက်လက်သင်ကြားပေး၏။ ရှုကျွင်းမှာ မှင်သက်သွားသော်လည်း အလေးအနက် သင်ယူလေသည်။
ချင်မူက မေးသည်။ “နတ်ဘုရင်ရှုကျွင်း၊ ကမ္ဘာဦးဘုရင်သုံးပါးထဲက တစ်ပါးဖြစ်နေတာတောင် ဘာလို့ ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို သင်ယူသေးတာလဲ... ပြောင်းလဲပြီးရင် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်က ကျွန်တော့်အတွက် အဲဒီလောက်အသုံးမဝင်တော့ပေမယ့် ခင်ဗျားအတွက်လည်း အသုံးမတည့်တော့ဘူးလေ”
“ကောင်စုတ်လေး၊ ငါက အသက်ပြန်ရှင်လာရင်တောင် အသိစိတ်အလျဉ်နဲ့ မြင်ယောင်ဖန်ဆင်းမယ့်လမ်းစဉ်အတိုင်း ဆက်လျှောက်ချင်သေးတယ် ထင်လား”
ရှုကျွင်းက ခေါင်းယမ်းလိုက်သဖြင့် သူ၏မျက်လုံးနှစ်လုံးလည်း ခါသွားပြီး မျက်လုံးတစ်လုံးက ပြောသည်။ “ငါ အသိစိတ်အလျဉ်နဲ့ မြင်ယောင်ဖန်ဆင်းတဲ့ လမ်းအတိုင်း ဆက်လိုက်ရင် နှစ်တစ်သန်းတန်တဲ့ အသိအမြင်တွေ၊ လေ့လာစူးစမ်းမှုတွေကို ဖြုန်းတီးရာကျတယ်.... အချိန်တွေကြာလာရင် တခြားဖန်ဆင်းရှင်တွေလိုပဲ ငါလည်း အသတ်ခံရပြီး ငါ့မျိုးနွယ် မျိုးတုံးသွားလိမ့်မယ်”
ကျန်မျက်လုံးတစ်လုံးက ပြုံးသည်။ “ငါ အသက်ပြန်ရှင်လာရင် မင်းတို့ရဲ့ကျင့်စဉ်စနစ်တွေကို လေ့လာပြီး ဖန်ဆင်းရှင်တွေရဲ့ မြင်ယောင်ဖန်ဆင်းနည်းတွေ၊ အသိစိတ်အလျဉ်ကျင့်စဉ်တွေနဲ့ ပေါင်းစည်းမယ်... ဒါဆို မပြည့်စုံသေးတဲ့ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နဲ့တောင် ငါရဲ့အောင်မြင်မှုတွေဟာ မဟာဧကရာဇ်ရဲ့ အောင်မြင်မှုတွေအောက် နိမ့်ကျတော့မှာမဟုတ်ဘူး”
ချင်မူ မှင်သက်သွားသည်။
ရှုကျွင်း၏ မျက်လုံးနှစ်လုံးသည် အသိစိတ်အလျဉ်ကို လှုံ့ဆော်ရင်း မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်၏ ဆန်းကြယ်နက်နဲသော သဘောတရားများအား တွက်ချက်နေ၏။ သူက ဆက်ပြောသည်။ “ငါ မင်းရဲ့အသိစိတ်အလျဉ်ထဲ ဝင်ကြည့်တော့ မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်နဲ့ မကိုက်ညီတာ တွေ့ခဲ့ရတယ်... မင်းမှာ ကောင်းကင်ရတနာတွေအတော်များများ လိုအပ်နေတယ်... သူများနဲ့ မတူညီတဲ့ လမ်းစဉ်ကို ရွေးမိပြီး ဆက်မသွားတတ်တော့တာ ထင်တယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။
ရှုကျွင်းက သူ၏အားနည်းချက်များကို ထောက်ပြသည်။
ချင်မူသည် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ဖွင့်၍ ကမ္ဘာဦးစကြဝဠာတစ်ခု ဖွဲ့တည်ချင်ခဲ့၏။ သို့သော် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာတွင် အကန့်အသတ် ရှိနေနေသည်။ နောက်ပိုင်း အမိကမ္ဘာမြေဆီမှ ကမ္ဘာဦးဝိညာဉ် ရခဲ့သောကြောင့် စွမ်းအားကို ထုတ်သုံးနိုင်သည်ဆိုရုံသာ ထုတ်သုံးနိုင်ခဲ့၏။
သို့သော် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ လုပ်ဆောင်နိုင်စွမ်းမှာ ထိုမျှသာ ဖြစ်သည်။
မကြာသေးမီက သူ၏စွမ်းအားမှာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ချမှတ်ထားသော အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း ခံစားခဲ့ရသည်။ သူ၏ချီစွမ်းအင်သည် အစစ်အမှန်နတ်ဘုရားအဆင့်သို့ ရောက်သွားသော်လည်း ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ အကန့်အသတ်သို့လည်း ရောက်ရှိသွား၏။
ထို့ကြောင့် အားနည်းချက်များကို ဖာထေးပြီး လက်ရှိအခြေအနေမှ ထွက်နိုင်ရန် ကြိုးစားအားထုတ်နေခြင်း ဖြစ်သည်။
မည်သို့ဆက်သွားရမည်နှင့် ပတ်သက်၍ သေသေချာချာ မတွေးဖူးပေ။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအပေါ် အခြေခံ၍ လမ်းအသစ် ဖွင့်ချင်သော်လည်း မည်သည့်နေရာ၊ မည်သည့်အရပ်မျက်နှာသို့ သွားရမည်နှင့်ပတ်သက်ပြီး မရှင်းလင်းချေ။
သူ စမ်းတဝါးဝါး ဖြစ်နေစဉ် လမ်းအဆုံးသည် တာအိုနှင့်အတူ စီးမျောနိုင်မည့် ဆန်းကြယ်နက်နဲသောအဆင့်တစ်ဆင့် ဖြစ်နိုင်ကြောင်း ခံစားရ၏။ ၎င်းက စကားလုံးများဖြင့် ဖော်ပြမရသော အရာဖြစ်သည်။
ရှုကျွင်းက ပြောသည်။ “ငါသာ မင်းဆိုရင် ကောင်းကင်နန်းဆောင်ကို ဖွင့်မှာ”
ချင်မူလည်း ရှုကျွင်းအား လမ်းပြပေးရန် ရိုရိုကျိုးကျိုး အရိုအသေပေး၍ ပြောလိုက်၏။ “ကျေးဇူးပြုပြီး လမ်းပြပေးပါ နတ်ဘုရင်”