← Chapters

ကောင်းကင်နတ်အရှင်ယွင်

Vol. 74 Ch. 960

ကောင်းကင်နတ်အရှင်ယွင်

Vol. 74 Ch. 960

ရှုကျွင်း၏ မျက်ခုံးများ ပင့်တက်သွားသည်။ ချင်မူ၏ အပိုးကျိုးနေမှုက သူ့အတွက် အထူးအဆန်း ဖြစ်နေသည်။ သူက တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။ “ကောင်းကင်နတ်ဘုံနဲ့ မတူကွဲထွက်နေတဲ့ လမ်းအသစ်ကို မင်း ဖောက်နိုင်ရင် မင်းဟာ နှစ်ပေါင်းသန်းနဲ့ချီ ပြုစုထားခဲ့တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ အသိအမြင်တွေကို စွန့်ပစ်လိုက်တယ်လို့ ဆိုလိုတယ်…. အခြားသူတွေ စုဆောင်းထားတဲ့ အတွေ့အကြုံတွေကို မင်း စွန့်ပစ်လိုက်တာမျိုးပဲ… အတိတ်ခေတ်ရဲ့ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေဟာ မင်းအတွက် လုံးဝအသုံးမဝင်တော့ဘူး… အဲဒီလိုဖြစ်လာတဲ့အခါ မင်းရဲ့ခွန်အားနဲ့မင်း ပြည်ထောင်စုအသစ်ကို တည်ထောင်ရလိမ့်မယ်”

ယင်းက ချင်မူ ခေါင်းထဲ ထည့်ထားသော အတွေးပင်။

သူ့အမြင်အရ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်မှာ ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံစနစ်အဖြစ်သို့ မရောက်ရှိသေးသော်လည်း ၎င်း မပြောင်းလဲအောင် တားနေသည့်အရာ မရှိပေ။

ချင်မူသည် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို အမှန်တကယ် စွန့်ပစ်ပြီး ကျင့်စဉ်စနစ်အသစ် တည်ထောင်ချင်၏။

“ဒါပေမဲ့ မင်း အချိန်ဘယ်လောက်ယူရမလဲ တွေးမိလား”

ရှုကျွင်းက ပြောသည်။ “မင်း ဖန်တီးထားတဲ့ လမ်းအသစ်ကို ပြည့်စုံအောင် လုပ်လို့ နှစ်တစ်သန်းလောက် ယူရလိမ့်မယ်… ဒါမှ ကျင့်စဉ်စနစ်ဟာ ခိုင်မာတဲ့အဆင့်ကို ရောက်မှာ… ပြီးတော့ မင်းတစ်ယောက်တည်းပဲ လုပ်နေတာဆိုတော့ နှစ်တစ်သန်းဆိုတာ အပြောပဲ ရှိသေးတာ… မင်းအနေနဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို လက်ခံလိုက်ရင်တော့ မိုးကောင်းကင်အောက်မှာ အသန်မာဆုံး ၊ အင်အားအကြီးဆုံး သိုင်းပညာရှင်တစ်ယောက် ဖြစ်လာဖို့ နှစ်ထောင်ဂဏန်း ဒါမှမဟုတ် ရာဂဏန်းလောက်ပဲ လိုလိမ့်မယ်…. ငါက ငါ့အတွေ့အကြုံအရ ပြောပြနေတာ… မင်း ဒီလမ်းကို ဘယ်လိုလျှောက်ချင်လဲဆိုတာကတော့ မင်းအပေါ်ပဲ မူတည်တယ်”

ချင်မူ တိတ်ဆိတ်သွားပြီး ယဇ်ပလ္လင်ထက်ရှိ ရှုကျွင်းဆီသို့ အရိုအသေပေးကာ ကျေးဇူးတင်ကြောင်း ပြသည်။ ထို့နောက် သူ၏အသိစိတ်အလျဉ်သည် မီးခိုးငွေ့မျှင်များလို လွင့်ပျယ်ပျောက်ကွယ်သွား၏။

ရှုကျွင်းမှာ အူကြောင်ကြောင် ဖြစ်နေသည်။ “ဒီကောင်လေး ဘာလို့ ငါ့ကို ဒီလောက် ရိုသေနေတာပါလိမ့်”

အပြင်ရှိ မဟာဧကရာဇ်၏ ယဇ်ပလ္လင်ထက်တွင် ချင်မူက အပေါ်သို့ မော့ကြည့်လိုက်သည်။ မဟာဧကရာဇ်၏ တံဆိပ်တော်က ပလ္လင်အထက်ရှိ လေထဲ၌ ပျံဝဲရင်း မဟာဧကရာဇ်၏စွမ်းအားကို ငှားယူရင်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်၏ တိုးပွားလာနေသော အင်အားကို တောင့်ခံနေသည်။

ယွဲ့ထင်းကဲနှင့် လော့ဝူရွှမ်က အနောက်လှည့်ကြည့်ကြသည်။ တောင်စောင်းနံရံအပေါ်ရှိ ကြယ်စက်ကွင်းများ၏ လည်ပတ်နှုန်းသည် ပုံမှန်ပြန်ဖြစ်သွားပုံရပြီး အရှိန်မြန်မလာတော့ပေ။ သူတို့အားလုံး စိတ်သက်သာရာရသွားသည်။

ယဇ်ပလ္လင်က လေပေါ် မြောက်တက်လျက် မဟာဧကရာဇ်၏ ရုပ်ခန္ဓာဆီသို့ ရွေ့လျားသွားကာ သူ၏မျက်ခုံးနှစ်ဖက်ကြားနှင့် ကောင်းကင်နတ်အရှင်ဟွေ့ဆီသို့ ချဉ်းကပ်နေသည်။

ချင်မူမှာတော့ မဟာဧကရာဇ်၏ တံဆိပ်တော်ကိုသာ ငေး၍ ကြည့်နေသည်။ ယွဲ့ထင်းကဲနှင့် လော့ဝူရွှမ်မှာ ဇဝေဇဝါ ဖြစ်နေသော်လည်း မည်သည်ကိုမျှ မပြောပေ။

ရုတ်တရက် ချင်မူ့မျက်လုံးထောင့်များမှ မျက်ရည်နှစ်ကြောင်း စီးကျလာသည်။ ယွဲ့ထင်းကဲနှင့် လော့ဝူရွှမ် ထိတ်ပျာသွား၏။ ရုတ်တရက်ကြီး အဘယ်သို့ပြု၍ ကောင်းကင်နတ်အရှင်မူ စိတ်ခံစားချက်လွယ်သွားမှန်း သူတို့နှစ်ယောက် မစဉ်းစားတတ်တော့ပေ။

ချင်မူ အကြည့်လွှဲလိုက်သည်။ သူ့ရင်ထဲတွင် လှိုက်၍ လှိုက်၍ ဝမ်းနည်းလာသခြင့် မျက်ရည်ကျမိသွားခြင်း ဖြစ်သည်။

မည်သူမှ မလျှောက်ဖူးသော လမ်း၊ မည်သည့်နေရာသို့ ရောက်မည်မှန်း မသိရသော လမ်း၊ လမ်းအဆုံး၌ မည်သို့သော ဆန်းကြယ်နက်နဲမှုများ ရှာတွေ့မည်လဲ မသိနိုင်သော လမ်းကို ဆက်မလျှောက်ရန် သူ စိတ်ပိုင်းဖြတ်လိုက်ချေပြီ။

သူက နှစ်တစ်သန်းကြာ စုဆောင်းထားခဲ့သော အသိအမြင်များကို အားပြု၍ ကောင်းကင်နန်းဆောင် ပြန်လည်ဖွင့်လှစ်ကာ အတုအယောင်နတ်ဘုရားများ၊ အစစ်အမှန်နတ်ဘုရားများ၊ နဂါးသွဲ့အဆောင်၊ ကျောက်စိမ်းမြို့တော်နှင့် ကျန်နယ်ပယ်လမ်းစဉ်များအတိုင်း ဆက်လျှောက်ရန်သာ ပြင်ဆင်ထားတော့သည်။

သို့မဟုတ် နောက်နှစ်တစ်သန်းစောင့်၍ သူ၏လမ်းစဉ်ကို ပြည့်စုံအောင် မွမ်းမံကာ ကောင်းကင်နတ်ဘုံအဆင့်ထက် သာလွန်သော ဒဏ္ဍာရီလာအဆင့်တစ်ဆင့် ဖြစ်လာစေနိုင်သည်။

သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ပြုပြင်ပြောင်းလဲမှု၊ သူ့မိတ်ဆွေများနှင့် အတွေးတူပြီး ရင်ဘတ်ချင်းနီးသူများမှာ ထိုမျှစောင့်နိုင်မည်မဟုတ်ပေ။

အခြားလမ်း၏ လှပဆန်းကြယ်သော ရှုခင်းများကို လက်လွှတ်လိုက်ရပြီး မဟာတာအို၏ လမ်းဆုံးနှင့် လမ်းစအသစ်ကို မြင်နိုင်မည့် အခွင့်အရေး မရှိကောင်းမရှိနိုင်တော့သော်လည်း လက်ရှိပစ္စုပ္ပန်ကို အမိအရ ဖမ်းဆုပ်၍ သူ့ရှေ့၌ ရှိသည့်အရာကို တန်ဖိုးထားနိုင်သေးသည်။

သူ အကုန်လုံး လွှတ်ချလိုက်သည့်အခါ သူ့ရင်ထဲ၌ ရှင်သန်လာတော့မည့် မျှော်လင့်ခြင်းမျိုးစေ့သည်လည်း ပျောက်ကွယ်သွားကာ လွမ်းဆွေးနေသော အခိုးအငွေ့များသာ လွင့်မျောလျက် ကျန်ခဲ့၏။

ဤအလွမ်းဓာတ်က သူ့နှလုံးသားမှ ဝမ်းနည်းမှုမဟုတ်၊ မဟာတာအို၏ လမ်းဆုံးမှ လာနေသော ဝမ်းနည်းမှုပင်။

မဟာဧကရာဇ်၏ ယဇ်ပလ္လင်က ကောင်းကင်နတ်အရှင်ဟွေ့၏ ဘေးမှ တိတ်ဆိတ်စွာ ရွေ့လျားကာ မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဦးတည်သွားသည်။

လော့ဝူရွှမ်သည် ကောင်းကင်နတ်အရှင်ဟွေ့ဘက် လှည့်ကြည့်ပြီးနောက် နောက်ကျန်ခဲ့သည်ကို မြင်လျှင် မနေနိုင်တော့ဘဲ ဝင်ပြော၏။ “လောကသခင်ခန္ဓာချင်၊ ကောင်းကင်နတ်အရှင်ဟွေ့ကို ရှောင်သွားတာလား…. သူ့ကို အရင်ဆုံး မကယ်သင့်ဘူးလား”

ယွဲ့ထင်းကဲလည်း သတိထားမိသည်။ ချင်မူက ကြိုးစားပမ်းစား ရှေ့သွားနေသော ကောင်းကင်နတ်အရှင်ဟွေ့ကို ကျော်တက်လာ၍ သူ့ထက်အလျင် မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ရောက်လာသည်။

ချင်မူက ရယ်လိုက်သည်။ “စိတ်ပူပါနဲ့၊ ကောင်းကင်နတ်အရှင်ဟွေ့ မသေပါဘူး… ဟုတ်တယ်မလား ကောင်းကင်နတ်အရှင်ဟွေ့”

ကောင်းကင်နတ်အရှင်ဟွေ့သည် သူတို့စကားကို အာရုံမရှိပေ။ သူ့မှာ နေရာတွင် ရပ်နေပြီး မဟာတာအိုသင်္ကေတအမှတ်အသားများက သူ့ကို ဖြည်းညင်းစွာ လှည့်ပတ်ရင်း ဖြည်းညင်းစွာ ပြောင်းလဲနေသည်။

“သူ ဘာမှပြောမှာမဟုတ်ပါဘူး” ချင်မူက ပြောသည်။

လော့ဝူရွှမ်၏ မျက်ဝန်းထောင့်စွန်းများ နှစ်ကြိမ် တွန့်သွား၏။ ချင်မူက သူ့ကို ဖျောင်းဖျလေသည်။ “စိတ်မပူပါနဲ့... ကောင်းကင်နတ်အရှင်ဟွေ့အတွက် ဒီကို လာဖို့ ခက်ပေမယ့် ထွက်သွားဖို့က‌တော့ လွယ်ပါတယ်... နှစ်တစ်ရာလောက်နေရင် အပြင်ရောက်သွားမှာပါ”

လော့ဝူရွှမ်မှာ ဒေါသထွက်လွန်း၍ ဆွံ့အသွားတော့သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ကောင်းကင်နတ်အရှင်ဟွေ့ကို ကယ်ပေးလိုက်ရင် သူ မင်းရဲ့ကျေးဇူးကို ရန်ငြိုးနဲ့ ပြန်ဆပ်ပြီး မင်းကို သတ်မှာ ကြောက်နေတာလား”

ချင်မူက အေးအေးဆေးဆေး ပြောသည်။ “သူ ကျွန်တော့်ကို သတ်မလား၊ မသတ်လားတော့ မသိဘူး... ဒါပေမဲ့ ကောင်းကင်ဆရာသခင်ယွဲ့၊ ယွဲ့ထင်းကဲကိုတော့ သေချာပေါက် သတ်လိမ့်မယ်... ကောင်းကင်ဆရာသခင်ယွဲ့၊ ဟုတ်တယ်မလား”

ယွဲ့ထင်းကဲမှာ သက်ပြင်းချလိုက်၏။ “ငါ သူနဲ့ ကောင်းကင်နတ်အရှင်ရှုကို ဒီထဲ ပိတ်မိအောင် လှည့်စားခဲ့လို့ သူ့ကို အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲမှာ ဒီလောက်အကြာကြီး နေခဲ့ရတာလေ.... သူ ငါ့ကို သတ်မှာပေါ့”

ယဇ်ပလ္လင်သည် မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ယိုင်ယိုင်ယွဲ့ယွဲ့ဖြင့် ပျံသန်းသွား၏။ သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် မဟာကမ္ဘာဦးအစ မူလကျောက်တုံးမရှိ‌ပေ။ ဆဋ္ဌဂံသဏ္ဍာန်ဒဏ်ရာသာ ရှိသည်။

ဒဏ်ရာနေရာသည် အတိုင်းထက်အလွန် ကြီးမားပြီး ကျယ်ဝန်း၏။ တဖျပ်ဖျပ် တောက်ပနေသော အလင်းရောင်က နေဆည်းဆာရောင် ကွန့်မြူးနေသကဲ့သို့ မဟာဧကရာဇ်၏ ဦးခေါင်းအတွင်းထဲမှ ဖြာထွက်နေသည်။

မဟာဧကရာဇ်၏ ယဇ်ပလ္လင်က တောက်ပလင်းထိန်နေသည့် ရောင်စုံအလင်းတန်းများအကြား၌ ပျံဝဲနေသည်။ တံဆိပ်တော်သည် အလင်းတန်းများကို အဆက်မပြတ် စုပ်ယူလျက် သူတို့ကို အရှေ့သို့ ပို့ပေးနေသည်။ နောက်ဆုံးတော့ ထပ်နေသည့် အလင်းတန်းများအတွင်း၌ ထိုင်နေသော လူရိပ်တစ်ခုကို ဝိုးတိုးဝါးတား မြင်လိုက်ရ၏။

ယွဲ့ထင်းကဲနှင့် လော့ဝူရွှမ်မှာ သံသယများဖြင့် ချင်မူ့ဆီသို့ ကြည့်နေကြသည်။

ချင်မူလည်း သူ့ရင်ထဲရှိ ပူဆွေးသောကကို မြိုသိပ်၍ အသက်ပြင်းပြင်း ရှိုက်လိုက်၏။ သူက အလေးအနက် ပြောသည်။ “ကောင်းကင်ဆရာသခင်ယွဲ့၊ ကောင်းကင်ဓားမလော့... ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ ခန္ဓာကိုယ်ကို ခင်ဗျားတို့ ရွှေ့နိုင်ကြလား”

သူတို့နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကြပြီး အလင်းတန်းအတွင်းရှိ လူရိပ်ဆီသို့ မယုံနိုင်စွာ လှမ်းကြည့်လိုက်ကြ၏။

နောက်ဆုံးတော့ မဟာဧကရာဇ်၏ ယဇ်ပလ္လင်သည် ထိုအရိပ်၏ဘေးသို့ ရောက်သွားသဖြင့် လော့ဝူရွှမ်က လှမ်းအကဲခတ်လိုက်သည်။ ထိုလူ့တွင် တင့်တယ်ခံ့ညားသော အရှိန်အဝါ ရှိပြီး သက်လတ်ပိုင်းအရွယ် ဖြစ်သော်လည်း အတိုင်းထက်အလွန် ချောမောသည့် ဧကရာဇ်တစ်ပါးအလား ထင်ရ၏။ သို့သော် လော့ဝူရွှမ် သူ့ကို မမှတ်မိ၍ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဒါက ဘယ်ဧကရာဇ်ပါလိမ့်... ချင်မူ့စကားအရဆို သူက ကောင်းကင်နတ်အရှင် ဖြစ်သင့်တာမဟုတ်လား... ဘယ်ကောင်းကင်နတ်အရှင်က ဒီမှာ သေခဲ့တာလဲ’

ယွဲ့ထင်းကဲ၏ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သူက ကောင်းကင်နတ်အရှင်ယွင်ပဲ”

လော့ဝူရှန်မှာ ထိုစကားကို ကြားသည့်အခါ စိတ်ထဲ တုန်လှုပ်သွား၏။ သူက အော်ဟစ်လိုက်လေသည်။ “သူက ကောင်းကင်တံတား ကောင်းကင်ရတနာရဲ့ တည်ထောင်သူ ကောင်းကင်နတ်အရှင်ယွင်လား”

ချင်မူက သူတို့ကို လောဆော်လိုက်၏။ “ကျွန်တော့်မှော်စွမ်းအင်နဲ့ သူ့ကို မရွှေ့နိုင်ဘူး... ခင်ဗျားတို့ လုပ်ပေးတာ ပိုကောင်းမယ်ထင်တယ်”

မဟာဧကရာဇ်၏ ယဇ်ပလ္လင်က ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာအရှေ့တွင် လွင့်မျောနေသည်။

ချင်မူ နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်၏။ “တာအိုမိတ်ဆွေကြီးယွင်ရေ အိမ်ပြန်ဖို့ အချိန်ကျပြီ”

ယွဲ့ထင်းကဲနှင့် လော့ဝူရှန်မှာ စိတ်နှလုံးတုန်လှုပ်နေသည်ကို မြိုသိပ်၍ သူတို့၏မှော်စွမ်းအင်ကို ရှေ့သို့ တွန်းလွှတ်လိုက်ကြသည်။ သူတို့က ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာကို ပင့်မြှောက်ကာ မဟာဧကရာဇ်၏ယဇ်ပလ္လင်ပေါ်သို့ တင်လိုက်၏။

ချင်မူက ကောင်းကင်နတ်အရှင်ယွင်၏ ခန္ဓာများကို လေ့လာသည်။ ထူးဆန်းသည်က ကောင်းကင်နတ်အရှင်ယွင်၏ ခန္ဓာကိုယ်တွင် မည်သည့်ဒဏ်ရာမှမရှိပေ။ သို့သော် ဝိညာဉ်သည် ပျောက်ချင်းမလှ ပျောက်နေ၏။

‘ကောင်းကင်နတ်အရှင်ယွဲ့ ပြောပုံအရ ကောင်းကင်နတ်အရှင်ယွင်က တကယ် သေသွားပြီတဲ့.. ကြည့်ရတာ မှန်နေတဲ့ပုံပဲ... ဒါပေမဲ့ သူ သေသွားရင်တောင်မှ ငါ သူ့ကို အသက်ပြန်သွင်းပေးနိုင်‌သေးတယ်’

ချင်မူက ဂရုတစိုက် ကြည့်ရှုနေသော်လည်း မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို မတွေ့ရသဖြင့် တခဏတွေးပြီးသော် စိတ်ပိုင်းဖြတ်လိုက်သည်။ “သူ့ကို ကျွန်တော့်မျက်ခုံးနှစ်ဖက်ကြားဆီ ပို့ပေးပါ... အဲ့ထဲမှာ ယိုတုမြေပြင်တစ်ခု ရှိတယ်... သူ့ခန္ဓာကိုယ်ကို အဲဒီထဲမှာ အရင်ဆုံး ဖွက်ထားရမယ်”

ယွဲ့ထင်းကဲနှင့် လော့ဝူရွှမ်မှာ ရင်ထဲတွင် သံသယများစွာ ရှိသော်လည်း ကောင်းကင်နတ်အရှင်ဟွေ့၏ ရုပ်ခန္ဓာကို ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ချင်စာလုံးမြေပြင်ထဲသို့ ပို့လွှတ်ပေးကြသေးသည်။

ချင်မူမှာ သက်ပြင်းရှည်ကြီးချကာ မဟာဧကရာဇ်၏ ယဇ်ပလ္လင်ကို နောက်ပြန်လှည့်စေလိုက်သည်။

မဟာဧကရာဇ်၏ ယဇ်ပလ္လင်က ကောင်းကင်နတ်အရှင်ဟွေ့ကို ထပ်မံ၍ ဖြတ်ကျော်သွားသည်။ လော့ဝူရွှမ်က ချင်မူ့ကို လှမ်းကြည့်၍ ချင်မူလည်း ယဇ်ပလ္လင်ကို ရပ်လိုက်ရုံအပြင် ရွေးစရာမရှိတော့ပေ။ သူက ပြောသည်။ “ခင်ဗျားတို့နှစ်ယောက် သူ့ကို တစ်ဖက်လှည့်ပေးလိုက်ပါလား”

လော့ဝူရွှမ်သည် အေးစက်စက် ပြုံးလိုက်၏။ “အဲဒီလိုလုပ်တော့ရော ဘာထူးမှာလဲ... သူ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲမှာ ပိတ်မိနေဦးမှာပဲလေ”

ချင်မူက ပြောသည်။ “သူ့ဘာသာသူ လှည့်နေရင် နောက်နှစ်နှစ်ရာလောက် ကြာမှာ... ကျွန်တော်တို့ ကူညီပေးလိုက်ရင် နှစ်နှစ်ရာလောက် သက်သာတာပေါ့”

လော့ဝူရွှမ် မျက်မှောင်ကြုတ်သွားသည်။ သူ ဘာမှမပြောနိုင်ခင် ချင်မူက ကြားဖြတ်ပြောသည်။ “ကောင်းကင်ဓားမလော့၊ ကောင်းကင်နတ်အရှင်ဟွေ့က လွတ်လာရင် ကောင်းကင်ဆရာသခင်ယွဲ့နဲ့ ကျွန်တော့်ကို မသတ်ဘူးထင်လား”

လော့ဝူရွှမ်လည်း မဖြေနိုင်သဖြင့် ယွဲ့ထင်းကဲနှင့်အတူ ကောင်းကင်နတ်အရှင်ဟွေ့ကို လှည့်ပေးလိုက်သည်။

မဟာဧကရာဇ်၏ ယဇ်ပလ္လင်က အပြင်သို့ ဆက်လက်ပျံသန်းသွား၏။ အတန်ကြာသော် ယဇ်ပလ္လင်သည် ဟင်းလင်းပြင်ချောက်နက်ကို ဖြတ်ကျော်၍ ကြယ်စက်ကွင်းအောက်သို့ ရောက်သွား၏။ လူသုံးယောက်နှင့် နဂါးတစ်ကောင် ယဇ်ပလ္လင်ထက်မှ ဆင်းသက်လိုက်ကြသည်။ ချင်မူက ယဇ်ပလ္လင်ကို သိမ်းလိုက်ပြီး မဟာဧကရာဇ်၏ တံဆိပ်တော်ကိုသာ ထုတ်ထား၏။ ထို့နောက် နတ်နဂါးဆီသို့ သံသယများဖြင့် လှမ်းကြည့်လေသည်။

တစ်ချိန်လုံး တတွတ်တွတ် အော်နေတတ်သော နတ်နဂါးသည် ထူးထူးဆန်းဆန်း ငြိမ်နေ၏။

ရုတ်တရက် ယွဲ့ထင်းကဲ၏ တုန်ရီနေသောအသံ ထွက်လာသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ ခြေတစ်လှမ်း လှမ်းလိုက်ပြီ”

ချင်မူလည်း ကြောက်လန့်သွားပြီး ကပျာကယာ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟွေ့သည် အမှန်တကယ်ပင် သူတို့ဘက်သို့ ခြေတစ်လှမ်း လှမ်းခဲ့၏။

သူ ခေါင်းနပန်းကြီးသွားပြီး အဆင့်မြင့်အသိစိတ်အလျဉ်နယ်၏ အပြင်သို့ ဖနောင့်နှင့်တင် တစ်သားတည်းကျအောင် ပြေးထွက်သွားသည်။ လော့ဝူရွှမ်၊ ယွဲ့ထင်းကဲနှင့် နတ်နဂါးလည်း သူ့နောက်မှ အသည်းအသန် ပြေးလိုက်လာကြ၏။

အဆင့်မြင့်အသိစိတ်အလျဉ်နယ်၏ ဗဟိုချက်နှင့် နီးလေလေ၊ ဖိနှိပ်မှုအား ကြီးမားလေလေ ဖြစ်သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့အတွက် ပထမဆုံးခြေလှမ်း လှမ်းနိုင်ရန်သာ လိုအပ်၏။ ပထမခြေလှမ်း ပြီးသည်နှင့် နောက်ခြေလှမ်းများက များစွာလျင်မြန်လာလိမ့်မည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဖိနှိပ်မှုသည် အနည်းငယ် အားနည်းသွားလိမ့်မည်။

သူ၏အစွမ်းအစများအရ အချိန်တိုလေးအတွင်း လွတ်မြောက်လာနိုင်ပေသည်။

ချင်မူမှာ ထိုသို့မဖြစ်ပျက်ခင် ဤနေရာမှ ထွက်သွားရန် အသားကုန်ပြေးနေသည်။

ဤအခိုက်အတန့်တွင် ခြေသံများ ကြားလိုက်ရသည်။

မြေကမ္ဘာအက်ကွဲပြီး တောင်တန်းများ ပြိုကျလာသဖြင့် ကောင်းကင်နှင့်မြေပြင်တစ်ခွင်လုံး တသိမ့်သိမ့် တုန်ခါနေသည်။ ဟင်းလင်းပြင်သည်ပင် အက်ကွဲကြေမွလာ၏။

ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ အဆင့်မြင့်အသိစိတ်အလျဉ်နယ်အတွင်းမှ မီးတောက်မီးလျှံများ ကောင်းကင်ထက်သို့ တဟုန်းဟုန်း တောက်လောင်နေသည်ကို မြင်လိုက်ရသည်။

ရုတ်တရက် ခြေသံများ ထပ်ကြားရပြန်သည်။ ဤတစ်ကြိမ်တွင် ကျယ်လောင်ပြတ်သားနေ၏။ မီးတောက်မီးလျှံများက ပိုမိုမြင့်တက်လာကာ ကောင်းကင်တစ်ပြင်လုံးအား မီးလောင်တိုက်သွင်းနေတော့သည်။

“ငါတော့ သေပြီ၊ ကောင်းကင်နတ်အရှင်ဟွေ့ လွတ်လာတော့မယ်”

ချင်မူ အံတင်းတင်းကြိတ်၍ လျှပ်စီးလို ပြေးနေသည်။ ယွဲ့ထင်းကဲက သူ့ကို ဝှစ်ခနဲ ကျော်တက်သွားပြီး လှမ်းအော်ပြော၏။ “ငါတော့ မင်းနဲ့ အတူ မသေချင်ဘူး ကောင်းကင်နတ်အရှင်မူရေ.... မင်း ကောင်းကင်နတ်အရှင်ဟွေ့ကို ငါ့အတွက် အချိန်ဆွဲပေးထားပါ... နောက်နှစ်ကျရင် မင်းအတွက် သပိတ်သွပ်ပေးပါ့မယ်ကွာ....”

“ချီးကို သွပ်”

ချင်မူ ဒေါကန်သွားသည်။ ယွဲ့ထင်းကဲသည် ကုဗတုံးအတွဲလိုက် အသွင်ဖြစ်သွားပြီး လျင်မြန်စွာ ထွက်ပြေးကာ ပျောက်ချင်းမလှ ပျောက်သွားတော့၏။

ချင်မူမှာ အသားကုန်ပြေးနေသော်လည်း လော့ဝူရွှမ်က သူ့ထက် မြန်၍ ကျော်တက်သွားသည်။ ပြီးခဲ့သည့်ရက်များအတွင်း လော့ဝူရွှမ်သည် ဒဏ်ရာများ သက်သာလာသဖြင့် နဂါးသွဲ့ရေကန် သို့မဟုတ် ကျောက်စိမ်းမြို့တော်အဆင့်သို့ ရောက်ရှိနေပုံရ၏။

“လော့ဝူရွှမ်၊ ခင်ဗျားပဲ ကောင်းကင်နတ်အရှင်ဟွေ့ကို ကယ်ဖို့ တတွတ်တွတ် ပြောနေတာမဟုတ်လား.. ဘာလို့ အခုမှ ထွက်ပြေးနေတာလဲ” ချင်မူ ဒေါကြီးမောကြီး လှမ်းရန်တွေ့တော့သည်။

လော့ဝူရွှမ်မှာ အနည်းငယ် တွန့်သွား၍ ခြေလှမ်းများအား အရှိန်လျှော့လိုက်သည်။ သူ့မှာ အကြီးအကျယ် ရှက်နေ၏။ “ငါ တွေးနေတာကွာ... မင်းရဲ့နာမည်အရဆို ကောင်းကင်နတ်အရှင်ဟွေ့ မင်းကို သတ်ရင် ငါ့ကိုလည်း နှုတ်ပိတ်မှာပဲ... အဲဒါမှ သူ ကောင်းကင်နတ်အရှင်တစ်ပါးကို သတ်ခဲ့တဲ့ကိစ္စ မပေါက်ကြားမှာလေ... ငါ အားနာပါတယ်ကွာ”

ဤအခိုက်အတန့်တွင် နတ်နဂါးသည် သူ့ကို ကျော်တက်သွား၏။ ၎င်းက ခေါင်းကိုယမ်း၊ အမြီးကို ခါလျက် လေဟုန်စီးကာ ချင်မူ့ထက်ပင် မြန်နေသည်။

ချင်မူမှာ မယုံသင်္ကာ ဖြစ်နေတော့သည်။ ‘ဒီနတ်နဂါးက ငါ မြင်ယောင်ဖန်ဆင်းထားတဲ့ကောင်ပါ... သူ့အစွမ်းအစတွေက င့ါထက် မသာသင့်ဘူးလေ... မဟုတ်သေးဘူး... သူက မဟာဧကရာဇ်ကြီးဟ.. သူက ငါ ဖန်ဆင်းထားတဲ့ ဒီနတ်နဂါးကို ပူးကပ်ထားတာပဲ’

သူ ဤသို့ သဘောပေါက်လိုက်သည့်အချိန် သူ့နောက်ကျောသို့ မီးတောက်များ လာဟပ်သဖြင့် တစ်ကိုယ်လုံး မီးလောင်ကျွမ်းတော့မည့်အလား ခြစ်ခြစ်တောက် ပူသွားသည်။

ချင်မူ တောင့်တင်းသွားပြီး ခြေလှမ်းများ ရပ်လိုက်၏။ သူက အားတင်းပြုံးလျက် နောက်လှည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့ မတွေ့ရတာ ကြာပြီနော်”

လော့ဝူရွှမ်လည်း ရပ်လိုက်ရုံအပြင် ရွေးချယ်စရာမရှိပေ။ သူက ဓားမချီကို လှုံ့ဆော်လျက် အသင့်အနေအထားဖြင့် နောက်လှည့်လိုက်၏။

ကောင်းကင်နတ်အရှင်ဟွေ့က ဝှစ်ခနဲ သူတို့ကို ခုန်ကျော်၍ နတ်နဂါးအရှေ့တွင် ဆင်းသက်ကာ နတ်နဂါးအား လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

နတ်နဂါးက လူးလွန့်ရုန်းကန်သော်လည်း မလွတ်မြောက်သဖြင့် ပါးစပ်ဟ၍ အေးစက်စက် ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ငါ့ကို သတ်မလို့ တွေးနေတာလား... မင်း မသတ်နိုင်ဘူး... ငါ့အသိစိတ်အလျဉ်က အဆင့်မြင့်အသိစိတ်အလျဉ်တစ်ခုလုံးကို လွှမ်းခြုံထားတာ... ငါက မသေနိုင်ဘူး”

နတ်နဂါးသည် ဝုန်းခနဲ မီးထတောက်ကာ ပြာကျသွား၏။

ကောင်းကင်နတ်အရှင်ဟွေ့၏ အကြည့်က သူ့ဆီ ရောက်လာသဖြင့် ချင်မူ ကျောက်ရုပ်ဖြစ်သွားသည်။

“ကောင်းကင်နတ်အရှင်မူ၊ ပြန်တွေ့ပြန်ပြီ”

ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာသည် အပြုံးအရယ် ကင်းမဲ့နေ၏။ သူ့အနောက်ရှိ မီးစက်ကွင်းက မည်သည့်အရာကို လောင်ကျွမ်းပြာချပစ်နိုင်သည့်အလား ဖြည်းညင်းစွာ လည်နေသည်။ စက်ကွင်းအပေါ်၌ မီးတောက်သေးသေးလေးများ ကခုန်တောက်လောင်နေပြီး တဖျတ်ဖျတ် လင်းလက်နေသည်။ မီးအတွင်း၌ အချိန်မရွေး ထပေါက်ကွဲနိုင်သော နေအချိန်ကိုက်ဗုံးများ ကိန်းဝပ်နေသည့်အလား ထင်ရ၏။ ချင်မူ့ကို မြင်လိုက်ရ၍ ကောင်းကင်နတ်အရှင်‌ဟွေ့ ဒေါသအမျက်တချောင်းချောင်း ထွက်နေကြောင်း ထင်ရှားပေသည်။

“ငါ မင်းကို မြင်တိုင်း နဂါးသွဲ့ရေကန်မှာ မင်း ငါ့ကို ဘယ်လိုအရှက်ခွဲခဲ့တာလဲ ပြန်သတိရမိတယ်” ကောင်းကင်နတ်အရှင်ဟွေ့က ပြောသည်။

ချင်မူက အလေးအနက် ပြန်ဖြေ၏။ “ရန်ဖြစ်ရင်း ပိုချစ်လာကြတယ် ဆိုသလိုပေါ့ဗျာ... အဲဒီလိုမကြာခဏ ရန်ဖြစ်ပေးမှ သေအတူ၊ ရှင်မကွာ ရဲဘော်တွေ ဖြစ်လာကြတာ”

“ကောင်းကင်နတ်အရှင်ယွင်ရဲ့ ရုပ်ခန္ဓာက ငါ့လက်ထဲထက်စာရင် မင်းလက်ထဲမှာ ရှိနေတာ ပိုကောင်းတယ်... ကျေးဇူးပါပဲ” ဤသို့ပြောပြီးနောက် ကောင်းကင်နတ်အရှင်ဟွေ့သည် လှည့်၍ အဝေးသို့ ထွက်သွား၏။

ချင်မူ မှင်သက်သွားသည်။ သူက လှမ်းအော်လိုက်၏။ “ဘာအတွက် ကျေးဇူးတင်တာလဲ”

“ကောင်းကင်နတ်အရှင်ယွီကို အသက်ပြန်သွင်းပေးလို့”

ကောင်းကင်နတ်အရှင်ဟွေ့၏အသံက အဝေးမှ ပျံ့လွင့်လာသည်။ “အဲဒီနှစ်တုန်းက နဂါးသွဲ့ရေကန်မှာ ကောင်းကင်နတ်အရှင်ယွီကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ဘယ်သူဖြစ်ဖြစ် မင်း ဖော်ထုတ်ပေးနိုင်ရင် ငါ မင်းကို အငြိုးမထားတော့ဘူးလို့ ပြောခဲ့တယ်... မင်းက ဖော်ထုတ်ပေးနိုင်ခဲ့ရုံတင်မကဘူး သူ့ကိုတောင် အသက်ပြန်သွင်းပေးခဲ့တယ်”

ချင်မူက လှမ်း၍ လက်ဝှေ့ယမ်းပြလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ မသွားခင် စကားလေးဘာလေး ပြောကြစို့လေ”

ကောင်းကင်နတ်အရှင်ဟွေ့၏ အသံမှာ ပို၍ဝေးကွာသွားသည်။ “မင်းကို မြင်တိုင်း ရွံလွန်းလို့ သေလောက်အောင် ရိုက်သတ်ပစ်ချင်တယ်... ကောင်းကင်နတ်အရှင်ရှုကို သတိထားပါ... သူက အန္တရာယ်များတယ်”

လော့ဝူရွှမ်မှာ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ ‘ငါတော့ မကြားသင့်တာတွေ ကြားလိုက်ရပုံပဲ... အခုတော့ ပုန်ကန်ဖို့အပြင် ရွေးစရာမရှိတော့ဘူး’

All Chapters