← Chapters

ကြီးမြတ်သော ကောင်းကင်နတ်သိုင်း

Vol. 74 Ch. 961

ကြီးမြတ်သော ကောင်းကင်နတ်သိုင်း

Vol. 74 Ch. 961

“ကောင်းကင်နတ်အရှင်ရှုက အန္တရာယ်များတယ်လား”

ချင်မူ အတွေးထဲ နစ်မျောသွားသည်။ ကောင်းကင်နတ်အရှင်‌ဟွေ့၏ စကားက မည်သည်ကို ဆိုလိုသနည်း။

ကောင်းကင်နတ်အရှင်ရှုက အန္တရာယ်များသည်လား သို့မဟုတ် သူမနှင့်ပတ်သက်ပြီး တစ်ခုခု ရှိနေသည်လားကို မတွေးမိဘဲ မနေပေ။

'ကောင်းကင်နတ်အရှင်ဟွေ့က စိတ်မရှည်တတ်တုန်းပဲ ... ဘယ်တော့မှ စကားကို ရှင်းရှင်းမပြောဘူး'

ချင်မူ ခေါင်းယမ်းလိုက်မိသည်။ အတိတ်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့သည် စိတ်ဆတ်ပြီး အသေးအမွှားကိစ္စများအတွက် ချင်မူနှင့် ပြဿနာတက်ခဲ့ဖူးသဖြင့် ချင်မူ၏ ရိုက်နှက်ခြင်း ခံခဲ့ရဖူးသည်။ သို့သော် အချိုးက မပြောင်းသေးပေ။

'ဒါပေမဲ့ သူ ငါ့ကို မသတ်ခဲ့တဲ့အပြင် ကောင်းကင်နတ်အရှင်ယွင်ရဲ့ ရုပ်ခန္ဓာကိုတောင် ဂရုစိုက်ခိုင်းခဲ့တယ်... နဂါးသွဲ့ရေကန်မှာတုန်းက ငါ့ကို ကာကွယ်ဖို့ ရောက်လာခဲ့တဲ့ ကောင်းကင်နတ်အရှင်သုံးယောက်ထဲက သူများ ပါနေမလား'

ချင်မူ သက်ပြင်းချမိသည်။ ဖန်ဆင်းရှင်တို့၏ မြို့တော်အတွင်း၌ မြင်တွေ့ခဲ့ရသော ဓားရာ၏ပိုင်ရှင်နှင့် ပက်သက်ပြီး။သူ မေးရန် ကြံစည်ခဲ့ခြင်းဖြစ်၏။ ထိုလူက ခိုင်ဧကရာဇ်လား သိချင်သော်လည်း ကံဆိုးစွာနှင့် ကောင်းကင်နတ်အရှင်‌ဟွေ့က အလောတကြီး ပြန်သွားသဖြင့် မေးမြန်းရန် အချိန်မရလိုက်ပေ။

ခိုင်ဧကရာဇ်သာ မဟာလေဟာနယ်တွင် ရှိနေလျှင် ရွှင်ပျော်ပျော်ကျေးရွာလည်း ဤနေရာတွင် ရှိနေသည်ဟု ဆိုလို၏။

သူတို့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲမှ ထွက်လာသည့်အခါ အရှေ့တွင် လောင်ကျွမ်းနေသော မီးတောက်အား မြင်လိုက်ရသည်။ မီးတောက်က နှစ်ပေ၊ သုံးပေခန့် မြင့်မားပြီး အရွယ်အစားသည် တစ်ချက်တစ်ချက် ကြီးသွားလိုက်၊ တစ်ချက်တစ်ချက် သေးသွားလိုက်ဖြင့် ပြောင်းလဲနေ၏။

မီးတောက်၏အပေါ်တွင် တိမ်တိုက်တစ်ခုဆီမှ ကျဆင်းနေသော ကြိုးတစ်ချောင်းရှိသည်။ ကြိုးက လူတစ်ယောက်ကို ချည်နှောင်ထား၏။ ထိုလူမှာ မီး‌တောက်အပေါ်သို့ တွဲလျားချ၍ ကင်ခံနေရသဖြင့် အော်ဟစ်ညည်းတွားနေလေသည်။

ချင်မူနှင့် လော့ဝူရွမ် ထိုလူ့ကို ကြည့်လိုက်သည့်အခါ ကောင်းကင်ဆရာသခင်ယွဲ့ ယွဲ့ထင်းကဲဖြစ်နေကြောင်း တွေ့လိုက်ရ၏။ သူက သူတို့နှစ်ယောက်ကို မြင်လျှင် အော်ဟစ်အကူအညီတောင်းသည်။

“ကောင်းကင်နတ်အရှင်မူ.... မိတ်ဆွေကြီးလော့ ငါ ကောင်းကင်နတ်အရှင်ဟွေ့ကို အာခံမိပြီး ထွက်မပြေးနိုင်ခဲ့ဘူး... အခု သူက ငါ့ကို ဒီမှာ ကြိုးနဲ့ဆွဲပြီး နှစ်တစ်သန်းကြာ မီးကင်ထားမယ်လို့ ပြောတယ်.... ကျေးဇူးပြုပြီး ကယ်ပါဦး... ငါ မင်းတို့ကို ကျေးဇူးဆပ်ပါ့မယ်ကွာ”

ချင်မူက သူ့ကို မမြင်ချင်ယောင်၊ မကြားချင်ယောင်ဆောင်ထားသည်။

လော့ဝူရွမ်က သနားတတ်သဖြင့် ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်‌ဟွေ့က ခင်ဗျားကို သင်ခန်းစာပေးဖို့ ဒီမှာ ထားခဲ့တာပါ... သတ်ဖို့မှမဟုတ်တာ.... ကျုပ်တို့ ခင်ဗျားကို ကြိုးဖြည်ပေးလိုက်ရင် ကောင်းကင်နတ်အရှင်ဟွေ့ကို အာခံရာကျမှာပေါ့... ကောင်းကင်ဆရာသခင်ယွဲ့ ကြိုးကို မီးရှို့လိုက်ပါလား.... မီးထဲကို နည်းနည်း၀င်ကြည့်လိုက်လေ”

ယွဲ့ထင်းကဲက ဒေါသထွက်သွားသည်။ “ဒီကြိုးက သူဖန်ဆင်းထားတဲ့ ရတနာကွ.... ဒီမီးကလည်း သူ့ဟာပဲ... ကြိုးက ဘယ်လိုလုပ် မီးလောင်မှာတုန်း... မင်းက ကောင်းကင်နတ်အရှင်မူထက်တောင် ဆိုးလိုက်တာကွာ”

နှစ်ယောက်သား ထွက်သွားတော့မည့်အချိန် ယွဲ့ထင်းကဲက ကပျာကယာ ပြောသည်။ “ငါ လျှို့ဝှက်ချက်တစ်ခု သိထားတယ်”

သူတို့ လမ်း‌ဆက်လျှောက်နေသည့်အခါ ယွဲ့ထင်းကဲက လှမ်းအော်ပြောသည်။ “ကျန်တဲ့ ဖန်ဆင်းရှင်တွေ ဘယ်ရောက်သွားလဲ ငါသိထားတယ်”

ချင်မူရပ်၍ လှည့်လိုက်သည်။ သူက အံ့အားသင့်စွာ ပြောလိုက်၏။ “ဟာ ကောင်းကင်ဆရာသခင်ယွဲ့၊ ဘယ်လိုလုပ် ဒီမှာ အချည်ခံထားရတာတုန်း... ဘယ်သူက ခင်ဗျားကို မီးနဲ့ကင်ရဲတဲ့အထိ သတ္တိကောင်းရတာတုန်း... ကောင်းကင်ဓားမလော့ လာဦး... သူ့ကို မြန်မြန်ကယ်ပေးပါဦးဗျာ”

ယွဲ့ထင်းကဲက သူ့ကို ဒေါသတကြီး စိုက်ကြည့်၏။ ချင်မူက ခပ်တည်တည်ဖြင့် နေရာရွှေ့ပြောင်း၀င်္ကပါ အသက်သွင်း၍ မီးတောက်များကို နေရာရွှေ့ပြောင်းပစ်လိုက်သည်။

လော့ဝူရွှမ်က ရွှေရောင်ကြိုးကို ဖြည်ပေးရန် ကြိုးစား၏။ သူ့မှာ မ‌ဖြေနိုင်သည့်အပြင် အကိုက်ခံလိုက်ရသဖြင့် ဒဏ်ရာရသွားလေသည်။

ရွှေရောင်ကြိုး၏ထိပ်တွင် နဂါးခေါင်းရှိ၏။ အကောင်သေးသော်လည်း အဆိပ်ပြင်းသည်။

ချင်မူက ရှေ့သို့လျှောက်သွားပြီး ၎င်းကို အကဲခတ်ကာ ရှင်းပြလိုက်သည်။ “ဒီရွှေရောင်ကြိုးက ကောင်းကင်နတ်အရှင်‌ဟွေ့ လက်နက်အဖြစ် ထိန်းကျောင်းပေးထားတဲ့ ကြာပွတ် ဒါမှမဟုတ်ရင် ခါးပတ်ဖြစ်လောက်တယ်.... ဒါကို ဖျက်ဆီးဖို့ ခက်တယ်... စကားမစပ် ကောင်းကင်ဆရာသခင်ယွဲ့၊ ခင်ဗျား ဖန်ဆင်းရှင်တွေ ဘယ်သွားမှန်းသိတဲ့အကြောင်း ပြောလိုက်သလားလို့နော်... အခု ကျွန်တော်တို့ကို ပြောပြတာမကောင်းဘူးလား”

ယွဲ့ထင်းကဲက စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်ကာ ပြောသည်။ “ငါ ဒီမှာ ပိတ်မိနေတာ နှစ်တစ်သောင်းခွဲလောက် ရှိပြီကွ... ဒီတော့ ဒီနေရာကို ကောင်းကောင်းသိတယ်... အဆင့်မြင့်အသိစိတ်အလျဉ်နယ်လိုနေရာတွေ အများကြီးကိုလည်း ရောက်ဖူးတယ်... မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေ နောက်ဆုံးစုဝေးတဲ့နေရာကိုလည်း တွေ့ထားတယ်... သူတို့က နေရာ ပြောင်းသွားကြပြီ... မင်း ငါ့ကို လွှတ်ပေးရင် ငါ မင်းကို သိထားတာတွေ ပြောပြမယ်လေ”

လော့ဝူရွှမ်က ခေါင်းယမ်းပြသည်။ “ငါ ဒီကြိုးကို ဖြတ်မရဘူး”

ချင်မူက အတန်ကြာတွေးပြီးသော် ရွှေရောင်ကြိုးကို တောင်းပန်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ကျွန်တော့်ကို ကျေးဇူးပြုပြီး ကူညီလို့ရမလားခင်ဗျာ”

ရွှေရောင်ကြိုးသည် သူ့အလိုလို ပြေကျသွားပြီး ရွှေရောင်နဂါးအသွင် ပြောင်းလျက် ပါးစပ်ဟလျက် မီးတောက်မီးလျှံများကို စုပ်ယူကာ တိမ်တိုက်များအတွင်း ပျံတက်သွား၏။ ၎င်းက အပေါ်၌ ပျံဝဲရင်း သူတို့ဆီသို့ ငုံ့ကြည့်နေသည်။

လော့ဝူရွှမ်မှာ ကြက်သေသေနေ၏။

ယွဲ့ထင်းကဲမှာ ပြုတ်ကျသွားပြီး ကုန်းရုန်းထကာ ဖုန်ခါနေသည်။ သူက စောင့်ကြည့်နေဆဲဖြစ်သော နတ်နဂါးဆီသို့ ကြည့်၍ ပြောသည်။ “ငါ ဖန်ဆင်းရှင်တွေ နောက်ဆုံး စုဝေးခဲ့တဲ့နေရာကို တွေ့ထားတယ်... သူတို့က မဟာလေဟာနယ်ထဲမှာ ဟင်းလင်းပြင်တစ်ခု ဖွင့်ပြီး အဲဒီထဲမှာ ကောင်းကင်နဲ့မြေပြင် ဖန်ဆင်းကြတယ်... ပြီးတာနဲ့ ထွက်သွားကြတာပဲ... ငါ့သီအိုရီအရ မဟာလေဟာနယ်က ပြိုကွဲပျက်စီးပြီး လူနေလို့မရ ဖြစ်လာခဲ့လိမ့်မယ်... အဲဒါကြောင့် သူတို့က အစွမ်းထက်တဲ့ဖြစ်တည်မှုတစ်ခုရဲ့ ဦးဆောင်လမ်းပြုမှုနဲ့အတူ နဂါးဟန်ခေတ်နှောင်းပိုင်းမှာ ထွက်သွားကြတာပဲ”

ချင်မူ အလေးအနက် ပြောလိုက်သည်။ “အဲဒီလောက် အစွမ်းထက်တဲ့ ဖြစ်တည်မှုက ကောင်းကင်နတ်အရှင်ယွင် ဖြစ်နိုင်လောက်လား... မဟုတ်ရင် ဘာလို့ ကောင်းကင်နတ်အရှင်ယွင် ခိုင်ဧကရာဇ်အတွက် မဟာလေဟာနယ်မြေပုံ ချန်ထားခဲ့တာလဲ”

“အဲဒီအကြောင်းတော့ ငါ မသိဘူး”

ယွဲ့ထင်းကဲက ဆက်ပြော၏။ “သူတို့က လေဟာနယ်တံတားကနေတစ်ဆင့် တခြားဟင်းလင်းပြင်ဆီ သွားကြတယ်... ငါလည်း အဲဒီရောက်ခဲ့ဖူးပေမယ့် ဖြတ်သွားဖို့ အန္တရာယ်များလွန်းလို့ ဒီမှာပဲ ပိတ်မိနေတာ... ပြီးတာ့...”

သူ့ကြည့်ရသည်မှာ ပြောသင့်မပြောသင့် တွန့်ဆုတ်နေပုံရသည်။

ချင်မူ သံသယများ ဝင်လာ၏။

ယွဲ့ထင်းကဲက အံတင်းတင်းကြိတ်ကာ ဆက်ပြောသည်။ “လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက ငါ လေဟာနယ်တံတားရဲ့ အဆုံးအထိ ရောက်ခဲ့ပြီး သင်္ဘောတစ်စင်းနဲ့ တိုးခဲ့တယ်... သင်္ဘောပေါ်မှာ ဖန်ဆင်းရှင်မဟုတ်တဲ့ စုံတွဲတစ်တွဲ ရှိတယ်... သင်္ဘောက ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားတော့ မဟာလေဟာနယ် မထွက်သွားနိုင်ခင် ငါ အမှီမလိုက်နိုင်ခဲ့ဘူး”

ချင်မူမှာ မှင်သက်သွားပြီး မေးလိုက်မိသည်။ “လွန်ခဲ့နှစ်သုံးဆယ်ကလား”

ယွဲ့ထင်းက ခေါင်းညိတ်သည်။ “သုံးဆယ့်ငါးနှစ်လောက်ပေါ့... ငါ အဲဒီသင်္ဘောပေါ်က အရှိန်အဝါတွေကို အကဲခတ်ခဲ့သေးတယ်... ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်တွေ ဖြစ်ဖို့များတယ်... အဲဒါကြောင့် ကောင်းကင်နတ်ဘုံက မဟာလေဟာနယ်ကို ဆက်ပြီးရှာဖွေနေတာ ဖြစ်မယ်.... ပြီးခဲ့တဲ့ သုံးဆယ့်ငါးနှစ်နောက်ပိုင်း မဟာလေဟာနယ်ထဲ ဝင်လာတဲ့လူတွေ တစတစ များလာတယ်... ဒါပေမဲ့ အသက်ရှင်တဲ့လူလည်း နည်းသထက် နည်းလာတယ်... ငါကတော့ နှစ်တစ်သောင်းလောက် ဒီမှာ တစ်ယောက်တည်း ရှိနေခဲ့ရတာလေ.... ဒါပေမဲ့ ဗြဟ္မဗုဒ္ဓနဲ့တော့ တွေ့ခဲ့ရပါတယ်... သူက အိပ်ပျော်နေရင်း လမ်းလျှောက်သလိုမျိုး နည်းလမ်းနဲ့ ရောက်လာတာ.... ငါက တာအိုရသေ့ဆိုတော့ ဘုန်းကြီးတွေကို ကြည့်မရဘူး”

ချင်မူက ရွှေရောင်နဂါးထံ ကြည့်ကာ ဆက်ပြောသည်။ “ကျေးဇူးပြုပြီး လေဟာနယ်တံတားဆီ လိုက်ပို့ပေးပါ ကောင်းကင်ဆရာသခင်ယွဲ့”

ယွဲ့ထင်းကဲသည် ခေါင်းယမ်း၏။ “ငါ မသွားရဲဘူး... ခိုင်ဧကရာဇ်နဲ့ တိုးမှာ ကြောက်တယ်... ငါက သူ့ကောင်းကင်နတ်ဘုံကို ဖျက်စီးခဲ့တဲ့တစ်ယောက် မဟုတ်လား... မြေပုံတော့ ဆွဲပေးလိုက်မယ် မလိုက်တော့ဘူး"

ချင်မူလည်း စာရွက်နှင့် စုတ်တံထုတ်ပေးလိုက်ရာ ယွဲ့ထင်းကဲသည် မဟာလေဟာနယ်၏ မြေပုံအား ဆွဲပြ၏။

လော့ဝူရွှမ်က စပ်စုသည်။ "ကောင်းကင်ဆရာသခင်ယွဲ့၊ မဟာလေဟာနယ်ကနေ ထွက်ပြီး ကောင်းနတ်ဘုံဆီ ဘာလို့မပြန်တာလဲ... လေဟာနယ်တံတားကို ဖြတ်နိုင်ရင် ကောင်းကင်နတ်ဘုံဆီ ပြန်နိုင်မယ့်နည်းလမ်း တွေ့ရင်တွေ့မှာနော်"

"မဟာလေဟာနယ်ကနေ ထွက်ပြီး ကောင်းကင်နတ်ဘုံဆီ ပြန်ရမယ်ဟုတ်လား"

ယွဲ့ထင်းကဲသည် စာရွက်ကို ငုံ့ကြည့်ရင်း ပြန်ပြော၏။ "ငါ့အိမ်က ပြန်ရမယ်ပေါ့... ငါ မဟာလေဟာနယ်အပြင် ထွက်တာနဲ့ ငါ့ကို လာသတ်ကြလိမ့်မယ်... ငါ့ကို ထွက်လာခွင့်ပေးမှာမဟုတ်ဘူး"

သူက မြေပုံကို ရေးဆွဲပြီးနောက် ချင်မူနှင့် လော့ဝူရွှမ်အား မော့ကြည့်ကာ ထိတ်လန့်သွားသည်။ "မင်းတို့တွေက ဘယ်သူတွေလဲ"

သူကား စိတ်ဖောက်သွားချေပြီ။

ချင်မူ မြေပုံလိပ်နေစဉ် ယွဲ့ထင်းကဲက ရယ်နေသည်။ "အာ ငါ မှတ်မိပြီ... မင်းက ကောင်းကင်နတ်အရှင်မူ၊ မင်းက လက်တစ်ဖက်နဲ့တစ်‌ယောက် ... ကောင်းကင်နတ်ဘုံက ငါ့ကို ရှင်းဖို့ ကောင်းကင်နတ်အရှင်သုံးယောက် လွှတ်လိုက်တာ ယုံတောင် မယုံနိုင်ဘူး... ငါက အဲဒီလောက် အစွမ်းထက်တယ် ထင်နေတာနဲ့ တူတယ်... ငါ နေရာကောင်းတစ်နေရာ သိထားတယ်... လိုက်ခဲ့ ခေါ်သွားပေးမယ်"

သူက ကောင်းကင်ထက်မှ တွဲလျားကျနေသော ရွှေရောင်နဂါးခေါင်းကို ကြည့်ကာ ပြောသည်။"ညီလေး၊ နောက်ဆုံးတော့ မင်းကို တွေ့ပြီ... ရှူးတိုးတိုး ငါ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကို အဲဒီကို မျှားခေါ်ပြီးသွားပြီ သိလား... ကောင်းကင်နတ်အရှင်နှစ်ယောက် သတ်ပြီးပြီဆို‌တော့ နောက်တစ်ယောက် ထပ်သတ်ဖို့ မခက်တော့ဘူး"

ချင်မူက လော့ဝူရွှမ်ကို ပြောလိုက်သည်။ "သွားစို့"

လော့ဝူရွှမ်လည်း သူ့နောက်မှ အလျင်အမြန် လိုက်လာရင်း သူတို့အနောက်၌ ကျန်ခဲ့‌သည့် အရူးယွဲ့ထင်းကဲဆီ လှည့်လှည့်ကြည့်နေသည်။ ယွဲ့ထင်းကဲမှာ ရွှေရောင်နဂါးနှင့် နှစ်ပေါင်းများစွာ မိတ်ဆွေရင်းချာကြီး ဖြစ်ခဲ့သကဲ့သို့ စကားဖောင်ဖွဲ့ပြောနေသည်။ လော့ဝူရွှမ် စပ်စပ်စုစု မေးမိလိုက်၏။ "လောကသခင်ခန္ဓာချင်၊ ကောင်းကင်နတ်အရှင်ယွဲ့က တကယ် ရူးနေတာလား ဟန်ဆောင်နေတာလား"

ချင်မူ ခေါင်းယမ်းလိုက်သည်။ "ကျွန်တော်လည်း သူ ဟန်ဆောင်တာလား၊ တကယ်ရူးနေတာလား သေချာမသိဘူး... ဒါပေမဲ့ သူနဲ့အတူ လိုက်လာတဲ့ ကောင်းကင်ဆရာသခင်တစ်ယောက်တော့ ရှိလိမ့်မယ် ... အဲဒီကောင်းကင်ဆရာသခင် ဒီမှာ သေသွားတာကို သူ လက်မခံနိုင်တဲ့ပုံပဲ"

လော့ဝူရွှမ်က တွေးကြည့်ပြီးနောက် မှတ်ချက်ပြုသည်။ "ဟန်ဆောင်နေတာပဲ ဖြစ်နိုင်တယ်... သူ ဒီနေရာက ထွက်သွားတာနဲ့ သေချာပေါက် အသတ်ခံရမှာ... ကောင်းကင်နတ်ဘုံက သူ့ကို သတ်ဖို့ ရှာနေတာ ကြာပြီ... ခိုင်ဧကရာဇ်‌ကောင်းကငနတ်ဘုံကိုလည်း သူ ဖျက်စီးခဲ့တာဆိုတော့ ရွှင်ပျော်ပျော်ကျေးရွာမှာ သွားခိုလှုံလို့မရဘူး ... သူ ဒီမှာပဲ ထာဝရပိတ်မိနေတော့မယ်နဲ့ တူတယ်"

ကောင်းကင်နတ်အရှင်ဟွေ့ ချန်ထားခဲ့သော ရွှေရောင်ကြိုးက တိမ်တိုက်များအတွင်း နစ်မြုပ်ပျောက်ကွယ်သွားသည်။

ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ စကားလုံးများဖြင့် ဖော်ပြမရလောက်အောင် အထီးကျန်နေသော ယွဲ့ထင်းကဲအား မြင်လိုက်ရ၏။ ထို့နောက် သူက ကြမ်းတမ်းခက်ထန်လာကာ ကောင်းကင်ဘုံအား အော်ဆဲနေသည်။

"သူက တကယ် ရူးမသွားဖို့အထိ ဉာဏ်ကောင်းလွန်းတယ်"

ချင်မူ ပြုံးလိုက်သည်။ "ကောင်းကင်ဓားမလော့၊ ခင်ဗျားရော ရူးချင်ယောင်ဆောင်ပြီး မဟာလေဟာနယ်မှာ နေမလား ... ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားမလား"

လော့ဝူရွှမ် မှင်သက်သွားသည်။

"ခင်ဗျားအတွက် ရွေးစရာသိပ်မကျန်‌တော့ဘူး" ချင်မူ သူ့ကို သတိပေးလိုက်သည်။

လော့ဝူရွှမ်သည် တိတ်ဆိတ်နေပြီးနောက် ကျေးဇူးတင်စွာ ပြော၏။ "ငါ ကောင်းကင်နတ်ဘုံဆီ ပြန်ရင် သေလိမ့်မယ်... ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုက ငါ့ကို အရှင်ထားမှာမဟုတ်ဘူး ... ဒီမှာ နေရင်လည်း ကောင်းကင်ဆရာသခင်ယွဲ့လို ဉာဏ်မကောင်းတော့ မြန်မြန်သေရလိမ့်မယ်... ဒါပေမဲ့ ငါ့မှာ အသက်ဆက်ရှင်ချင်စေတဲ့ အစွဲတစ်ခု ရှိတယ်... လောကသခင်ခန္ဓာချင်၊ ငါ တစ်သက်လုံး မျှော်လင့်နေခဲ့တဲ့ ဆန္ဒက ဘာလဲသိလား"

ချင်မူက ပြုံး၍ ပြောလိုက်သည်။ "ခင်ဗျား အပြည့်အဝ သက်သာတော့မှာပါ ... ကျွန်တော့်ထက် မြန်မြန်ပြေးနိုင်တာက သက်သေပဲ"

လော့ဝူရွှမ်သည် သူနှင့်အတူ လမ်းလျှောက်နေရင်း ပြုံးတောင့်ပြုံးခဲ ပြုံးနေ၏။ "မင်းက ငါ့လက်တစ်ဖက်ကို ဖြတ်ခဲ့တယ် ချုံဧကရာဇ် လောကသခင်ခန္ဓာချင်... ဒါပေမဲ့ ငါ့အသက်ကို သုံးကြိမ်ကျော် ကယ်ခဲ့တယ်... ငါ လက်တစ်ဖက်အတွက် ငါ့ရဲ့ ဓားမသိုင်းတွေကို မင်းဆီ ပြချင်လို့ စောင့်နေခဲ့တာ နှစ်လေးသောင်းတိုင်ပြီ... ဒါပေမဲ့ မင်း ငါ့ကို ကယ်တင်ခဲ့တဲ့ သုံးကြိမ်အတွက် ဘယ်လိုကျေးဇူးပြန်ဆပ်ရမှန်းမသိဘူး"

နှစ်ယောက်သား ဖန်ဆင်းရှင်တို့ နောက်ဆုံးစုဝေးခဲ့ရာ နေရာဆီသို့ ရောက်လာသည်။ ပတ်ဝန်းကျင်၏ အရှိန်အဝါ အငွေ့အသက်တို့က အားကောင်းလာပြီး ဧရာမရွှေရောင်ကန္တာရကြီးတစ်ခု အရှေ့၌ ပေါ်လာသည်။ လေက ရွှေရောင်သဲမှုန်များကို ပင့်တင်လျက် တိုက်ခတ်နေ၏။

ချင်မူက ရွှေရောင်သဲကန္တာရအပေါ် နင်း၍ ခြေရာများ ချန်ရစ်ခဲ့သည်။ သူက ဆက်ပြောသည်။ "ရန်ကြွေးနဲ့ ကျေးဇူးက မတူညီတဲ့အရာနှစ်ခုပါ ... ကျွန်တ်ောက ခင်ဗျားရဲ့ လက်တစ်ဖက်ကို ဖြတ်ခဲ့လို့ ခင်ဗျားက ကလဲ့စားပြန်ချေဖို့ နှစ်ပေါင်းလေးသောင်းကြာ လေ့ကျင့်ခဲ့တယ်... ကျွန်တော်က ခင်ဗျားအသက်ကို သုံးကြိမ် ကယ်ပေးခဲ့တာဆိုတော့ ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ခင်ဗျား နှစ်တစ်ရာ့နှစ်သောင်း နေပေးရမယ်... ဘယ်လိုလဲ"

လော့ဝူရွှမ်သည် ဓားအိမ်မှ ထွက်မလာသေးသော ဓားမတစ်လက်ပမာ ဖြောင့်မတ်တည်ကြည်စွာ ပြန်ဖြေ၏။ "ကောင်းပြီ"

သူ့အငွေအသက်က အရှေ့ရှိ ရွှေရောင်သဲကန္တာရထဲတွင် ဓားမရာများ ပေါ်လာစေသည်။ ဓားမရာတို့သည် လေဆင်နှာမောင်းတစ်လုံး ဖွဲ့တည်လှည့်ပတ်လျက် ရွှေရောင်သဲမှုန်များကို စုပ်ယူကာ ဖုန်တထောင်းထောင်း ထလာစေ၏။

မရေမတွက်နိုင်သော ဓားမရောင်များက လေဆင်နှာမောင်းထဲ၌ သောင်းကျန်းနေသည်။ ယင်းက သူ၏ ဓားမသိုင်းကွက် ဖြစ်ချေသည်။

ချင်မူ ကန္တာရထဲသို့ ကြည့်လိုက်သည့်အခါ ကန္တာရထဲရှိ သဲတောင်ပို့များသည် လားရာတစ်ဖက်တည်းသို့ ဦးတည်လျက် ရှိနေကြောင်း တွေ့လိုက်ရ၏။ သူက တလေးတစား ရေရွတ်လိုက်လေသည်။ "ကမ္ဘာဦးအစ ဖန်ဆင်းရှင်တွေရဲ့ ဖန်ဆင်းမှုတွေက သိပ်ဆန်းကြယ်တာပဲ... ဒီရွှေရောင်သဲကန္တာရဆို ခမ်းနားလိုက်တာ"

သူ့အရှိန်အဝါသည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏အဆီအနှစ်နှင့် သွေးများက ပင်လယ်သမုဒ္ဒရာတစ်စင်းအသွင် ပြောင်းလဲကာ ပွက်ပွက်ဆူနေသည့် ဆီပေါ်တွင် မီးတောက်များ ကျွမ်းလောင်နေသကဲ့သို့ တဟုန်းဟုန်းတောက်လောင်နေ၏။ ချင်မူ့အသွင်မှာ သွေးဆူနေသော လူငယ်တစ်ယောက်နှင့် တူနေသည်။

ရုတ်တရက် သူ၏အဆီအနှစ်သွေးပင်လယ်က သံမဏိသွေးအလံကို ဖြန့်ချ၍ လွှင့်တင်လိုက်သကဲ့သို့ ကောင်းကင်တစ်လျှောက် လွှမ်းမိုးသွားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို ထုဆစ်ရန် သံမဏိနှင့် သွေးအား လိုအပ်သည်။

သူတို့၏အရှိန်အဝါများ ဝင်တိုက်သွားသည်နှင့် ချင်မူ့ဆီမှ အရှိန်အဝါသည် ပုန်ကန်ထကြွလိုစိတ် ပြင်းပြနေသော ဝိညာဉ်အသစ်စက်စက်နှင့် တူနေသလို လော့ဝူရွှမ် ခံစားလိုက်ရသည်။

ဤဝိညာဉ်က ချင်မူ့ဝိညာဉ်မဟုတ်၊ ထာဝရငြိမ်းချမ်ရေး အင်ပါယာ၏ ဝိညာဉ်၊ ခေတ်တစ်ခေတ်၏ ဝိညာဉ်ဖြစ်ပေသည်။

သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဝိညာဉ်ကို မခိုးယူဘဲ ပြုပြင်ပြောင်းလဲမှုဖြင့် အားဖြည့်ပေး၏။ တော်လှန်ရေးက ကျွမ်းလောင်တောက်နေသည့် မီးတောက်များ ဖြစ်ကာ ပြုပြင်ပြောင်းလဲမှုသည် တဝုန်းဝုန်း စီးဆင်းနေသော မြစ်တစ်စင်း ဖြစ်ပေသည်။

မြစ်ရေက အိုမင်းနောက်ကျနေသည့် အရာမှန်သမျှအား တိုက်ချသွားလိမ့်မည်။

တောက်‌လောင်နေသည့် မီးတောက်မီးလျှံတို့သည် ပျက်စီးနေသော မည်သည့်အရာကိုမဆို လောင်ကျွမ်းပြချပစ်လိမ့်မည်။

"ချုံဧကရာဇ်လောကသခင်ခန္ဓာ၊ ကျေးဇူးပြုပြီး"

လော့ဝူရွှမ်က ဓားမဆွဲထုတ်လိုက်သည်။ သဲကန္တာရ၏ ရွှေရောင်သဲမှုန်များကြားတွင် ဓားမရောင်သည် သက်တံ့တစ်စင်းပမာ ဖြာကျလာပြီး ချင်မူ့ဆီသို့ ခုတ်ချလိုက်၏။

ချင်မူ လက်မြှောက်လိုက်သည့်အခါ ဓားရောင် တောက်ပလာသည်။ ဓားသွားချင်း ထိခတ်၍ မှော်စွမ်းအင်များ ပေါက်ကွဲအုံကြွသွားသည်။ သူတို့ခန္ဓာများလည်း အရှိန်နှင့် ဝင်တိုက်သွားကြ၏။

နောက်တခဏတွင် ဓားသွားများအတွင်းရှိ တွန်းကန်အားကြောင့် နှစ်ယောက်သား လူချင်းပြန်ကွဲသွားသည်။

လော့ဝူရွှမ်က နောက်ဆုတ်၍ တဟားဟား ရယ်ကာ နောက်ဆုတ်နေဆဲဖြစ်သော ချင်မူ့ဆီသို့ ခုတ်ချလိုက်သည်။

ချင်မူက ဓားဆွဲထုတ်၍ သူ့ဆီသို့ ထိုးထည့်လိုက်သည်။ ဓားရောင်သည် သဲကန္တာရအတွင်း၌ လှိုင်းတစ်လှိုင်း ဖန်တီးလိုက်၏။ မရေမတွက်နိုင်သော သဲတောင်ပို့များ မြောက်တက်လာပြီး ရူးချင်စရာကောင်းလောက်အောင် ရှည်လျားလှသော ရွှေရောင်အတန်းတစ်တန်းအဖြစ် ဖွဲ့တည်ကာ လော့ဝူရွှမ်ဆီ ပြေးဝင်သွားသည်။

လော့ဝူရွှမ်၏ ဓားမရောင်က ရွှေရောင်သဲလှိုင်းထဲ ခုတ်ချ၍ လှိုင်းကို ထိုးဖောက်ကာ ဓားမိုးရွာကျသကဲ့သို့ လွင့်စင်ဖြာထွက်သွား‌စေသည်။

လော့ဝူရွှမ်က ဓားမိုးကို ခုတ်ပိုင်းလျက် ပြေးဝင်လာသည်။ သူ ဓားမတစ်ချက် လွှဲယမ်းလိုက်တိုင်း ဓားမလမ်းစဉ်၏ ကောင်းကင်ဘုံတစ်ဘုံပြီးတစ်ဘုံ ပွင့်လာကာ ချင်မူ့အား စောင့နေသည်။ ဖွဲ့တည်ပြီးသွားသည့် ကောင်းကင်ဘုံ ဆယ့်လေးဘုံသည် ကမ္ဘာမြေကွဲထွက်သွားစေမည့် အားကြီးဖြင့် ချင်မူ့ဆီသို့ ခုတ်ချလိုက်၏။

လော့ဝူရွှမ်အနေဖြင့် ကောင်းကင်နတ်ဘုံတွင် သူနှင့် ဓားမသိုင်းချင်းယှဉ်နိုင်သူ ရှာမတွေ့ပေ။ ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ်ဓားမဆိုသော ဘွဲ့က သူ့တက်လမ်းကို ပိတ်ထားခဲ့သည်။

သူ၏ ကောင်းကင်ဓားမ ကျရောက်သွားစဉ် ကောင်းကင်နှင့်မြေပြင်သည် ရုတ်တရက် တိတ်ဆိတ်သွား၏။ ကောင်းကင်ထက်မှ ကြယ်ရောင်များ ဖြာကျလာပြီး သူ့ခြေထောက်အောက်ရှိ သဲကန္တာရက အဖြူအမည်း ထိုက်ကျိစက်ဝန်းအသွင် ပြောင်းလဲသွားသည်။

လော့ဝူရွှမ်မှာ ထိုက်ကျိစက်ဝန်း၏အနောက်၌ နေထွက်လာပြီး လ ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

ချင်မူ့အနောက်တွင် ခံ့ညားထည်ဝါသော ကမ္ဘာဦးသစ်ပင်သည် မြင့်မားသထက် မြင့်မားလာနေ၏။

'သူ့မူလဝိညာဉ်နဲ့ ရုပ်ခန္ဓာက အသွေးအသားနဲ့ တစ်သားတည်း ဖြစ်နေတာလား'

လော့ဝူရွှမ်က ဓားမဖြင့် အားကုန်ခုတ်ပိုင်းရင်း အော်ဟစ်လိုက်၏။ "မင်းမှာ မဟာကောင်းကင်နတ်သိုင်းတစ်ခု ရှိရင်တောင် ငါ့ကောင်းကင်ဓားမကို မင်း အနိုင်မယူနိုင်ဘူး"

ချင်မူက ဓားကို ယူ၍ လော့ဝူရွှမ်၏ ဓားမလမ်းစဉ် ကောင်းကင်ဘုံများအား ထိုးခွင်းကာ သူ၏မျက်ခုံးနှစ်ဖက်ကြားတည့်တည့်သို့ စိုက်ထည့်လိုက်သည်။

All Chapters