လေဟာနယ်၏ တစ်ဖက်ကမ်း
Vol. 74 Ch. 963
ရွှေရောင်သဲကန္တာရသည် အမှန်တကယ် ကြီးမားကျယ်ဝန်း၏။ ချင်မူနှင့် လော့ဝူရွှမ် ခရီးနှင်နေခဲ့သည်မှာ ဆယ်ရက်ကျော် ကြာပြီဖြစ်သော်လည်း အဆုံးသို့ မရောက်သေးပေ။
သဲကန္တာရအတွင်း၌ ထူးဆန်းသော အရာများစွာ ဖြစ်ပျက်တတ်သည်။ ညရောက်လျှင် ကောင်းကင်သည် မည်းမှောင်နေပြီး လကွယ်နေ၏။ ချင်မူက ထိုထူးဆန်းသည့် လကြီးအား ကမ္ဘာဦးသစ်ပင်၏ အူတိုင်ဖြင့် ရိုက်ထုတ်ပစ်ခဲ့သည်မဟုတ်ပါလော။
သူတို့နှစ်ယောက် လမ်းလျှောက်နေကြစဉ် အမျိုးသမီးတစ်ယောက်၏ ငိုသံကို ကြားလိုက်ရသည်။ တစ်ချက်တစ်ချက် အသံက နီးလာပြီး တစ်ချက်တစ်ချက် ဝေးသွားတတ်၏။
လော့ဝူရွှမ်က သူ၏မူလဝိညာဉ်ကို အပြင်သို့ စေလွှတ်၍ ဧရာမနတ်ဘုရားကြီးတစ်ပါးအသွင် ပြောင်းထားသည်။ မူလဝိညာဉ်သည် ဓားမကို ကိုင်စွဲလျက် အဆုံးမဲ့သော အရောင်အဝါတို့အား ဖြန့်ကျက်ပေးထား၏။ ထို့ကြောင့် အသံက သူတို့အနား ချဉ်းကပ်မလာရဲပေ။
“လျှောက်သွားနေတဲ့ သရဲတစ်ကောင်ရဲ့ ငိုသံဖြစ်လောက်တယ်”
ချင်မူမှာ အနည်းငယ် အူတူတူ ဖြစ်နေသည်။ သူက ပြောသည်။ “အဲဒီသရဲက မဟာလေဟာနယ်မှာ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားသင့်တာ မဟုတ်ဘူးလား”
တစ်ချက်တစ်ချက် ဝမ်းနည်းပူဆွေးနေသော အော်ဟစ်သံများ၊ ပျော်ရွှင်နေသော သီချင်းဆိုသံများ ကြားရတတ်၏။
ကောင်းကင်ထဲတွင် ကြယ်သော်လည်းကောင်း၊ လသော်လည်းကောင်း မရှိသဖြင့် အရပ်မျက်နှာ မဆုံးဖြတ်တတ်တော့ရာ နှစ်ယောက်သား အနားယူရန် ဆုံးဖြတ်လိုက်သည်။ ထိုစဉ် ညအမှောင်ထဲ၌ တစ္ဆေမီးတောက်များ ပျံသန်းလွင့်မျောနေကြ၏။
နှစ်ယောက်သား ထိုမီးတောက်များအနောက်မှ လိုက်သွားကြပြီး သူတို့ ရပ်လိုက်သည့်အခါ မီးတောက်များလည်း ရပ်ကြသည်။ သူတို့ ရှေ့ဆက်သွားလျှင် မီးတောက်များကလည်း ဆက်သွားသည်။
နေ့ ရောက်လျှင် တစ္ဆေမီးတောက်များ ပျောက်ကွယ်သွားသည်။ သို့သော် ယွဲ့ထင်းကဲ ဆွဲပေးခဲ့သော မြေပုံကို ထုတ်ကြည့်သည့်အခါ သူတို့ လာခဲ့သော လမ်းသည် မြေပုံပေါ်ရှိ လမ်းနှင့် တူကြောင်း တွေ့လိုက်ရ၏။ ချင်မူမှာ တအံ့တဩ မစုပ်သပ်မိဘဲ မနေပေ။
ဒုတိယညတွင် တစ္ဆေမီးတောက်များ ထပ်ပေါ်လာကာ သူတို့ကို လမ်းပြပေးသည်။
တတိယည၌မူ တစ္ဆေမီးတောက်များ၏ လမ်းပြမှုအောက်တွင် ခမ်းနားထည်ဝါသော မြို့တစ်မြို့ဆီသို့ သူတို့ ရောက်လာသည်။ မြို့သည် ညအမှောင်ထုကို ဆန့်ကျင်လျက် တောက်ပလင်းထိန်နေ၏။ ညဉ့်နက်နေပြီဖြစ်သော်လည်း စည်းကားသိုက်မြိုက်နေသေးသည်။ လမ်းမထက်တွင် စျေးဆိုင်များ စီတန်းနေပြီး လူတန်းကြီးများက ဟိုဟိုသည်သည် သွားလာနေကြ၏။ ဤလူများက ပေတစ်ရာမှ တစ်ထောင်ကြား အရပ်အမောင်းများဖြင့် ဧရာမဘီလူးကြီးများနှင့် တူပေသည်။
တစ္ဆေမီးတောက်များသည် မြို့ထဲသို့ ပျံသန်းသွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့်အခါ သူတို့ကို လေးလေးစားစား ဖိတ်ခေါ်နေသော ဘီလူးကြီးတစ်ကောင်အသွင် ပြောင်းသွား၏။
မြို့ထဲရှိ ဘီလူးကြီးများက အလွန်ဖော်ရွေပျူငှာကြပြီး သူတို့ကို ရည်ရည်မွန်မွန် ဧည့်ခံကြသည်။
ချင်မူ မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ဖွင့်၍ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်။ ဤဖန်ဆင်းရှင်တို့၏ ခန္ဓာကိုယ်အစစ်များကို မြင်တွေ့လိုက်ရသော်လည်း မည်သည်ကိုမျှ မပြောပေ။
သူတို့ တိုက်သော အရက်များကိုလည်း သူ မငြင်း။ လော့ဝူရွှမ်မှာ နဂိုကတည်းက အလွန်သတိကြီးသူပီပီ ထောင်ချောက်များ ရှိနေမည်ကို စိုးရိမ်နေ၏။ သို့သော် ချင်မူ ဇိမ်ကျနေသည်ကို မြင်လျှင် သူလည်း စိတ်အေးလက်အေး ဖြစ်လာသည်။
သူ့မှာ မဟာလေဟာနယ်သို့ ရောက်ကတည်းက ကျီးလန့်စာစားနေခဲ့ရသည်။ ကောင်းကင်နတ်ဘုံမှလည်း ထွက်ခွာရတော့မည်ဖြစ်ပြီး ချင်မူ့ကိုလည်း ရှုံးနိမ့်ခဲ့၏။ ထိုကဲ့သို့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကြောင့် လော့ဝူရွှမ်မှာ အမူးမှောက်သည်အထိ သောက်တော့သည်။
ချင်မူက စားသောက်၍ ဝသည့်အခါ ထိုဘီလူးကြီးများဆီသို့ အရိုအသေပေးသည်။ “အခုလို ဖော်ရွေပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... ကျွန်တော် တစ်နေ့ အောင်မြင်ခဲ့ရင် မဟာလေဟာနယ်မှာ ယိုတုတစ်ခု တည်ဆောက်ပြီး ခင်ဗျားတို့ တမလွန်ဘဝ သွားနိုင်အောင် လုပ်ပေးပါ့မယ်”
သူ့စကားကြားသည့်အခါ ဤဘီလူးကြီးများက ပြုံးကြသည်။ မြို့ခေါင်းဆောင်သည် ပေတစ်သောင်း မြင့်မားသော ဘီလူးကြီးတစ်ကောင် ဖြစ်ပြီး သူ့လူများကို သူ့လက်ဝါးအပေါ်တွင် သီဆိုကခုန်နေစေ၏။
အတော်ကြာ ကခုန်ပြီးနောက် လော့ဝူရွှမ်မှာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့မနက် ရောက်သည်အထိ အိပ်ပျော်သွားသဖြင့် ချင်မူ သူ့ကို နှိုးမှ နိုးလာသည်။ သူ ထလိုက်သည့်အခါ ဘီလူးကြီးတစ်ကောင်၏ လက်ဝါးထဲတွင် အိပ်ပျော်နေပြီး ပတ်ပတ်လည်၌ အရိုးစုများ ပြန့်ကြဲနေကြောင်း သတိထားမိလိုက်၏။
လော့ဝူရွှမ်မှာ တွေဝေသွားပြီး အောက်ငုံ့ကြည့်လိုက်သည်။ တစ်မြို့လုံး အရိုးဖြူများ ဖွေးဖွေးလှုပ်နေကာ အသက်ရှင်နေသူတစ်ယောက်မှ မရှိပေ။ သူ မှင်သက်သွားတော့သည်။ “ငါတို့ မနေ့က ဘာတွေ စားခဲ့ သောက်ခဲ့တာလဲ”
ချင်မူက အရိုးစုကြီးဆီသို့ အရိုအသေပေးသည်။ “အားလုံး စိတ်မပူပါနဲ့ ကျွန်တော် သေချာပေါက် မနေ့ညက ကတိကို တည်မှာပါ... နောင်တော်လော့၊ ခရီးဆက်ကြစို့”
လော့ဝူရွှမ်လည်း သူ့အနောက်မှ လိုက်လာရင်း ဖန်ဆင်းရှင်တို့၏မြို့ထဲမှ ထွက်လာကြသည်။ လော့ဝူရွှမ် နောက်လှည့်ကြည့်လိုက်သည့်အခါ သဲမှုန်များ မြောက်တက်လာပြီး ထိုမြို့ကို သဲကန္တာရအောက်၌ မြှုပ်နှံလိုက်ကြောင်း မြင်လိုက်ရသည်။
လော့ဝူရွှမ် မှတ်မိသွားသည်။ သူတို့ ကန္တာရအတွင်းရှိ မြို့ထဲ မဝင်ခင် ထိုကဲ့သို့ လေသဲမှုန်များနှင့် ကြုံတွေ့ခဲ့ဖူးသည်။
သူ့မှာ ထိတ်လန့်နေသည်။ မနေ့ညက စားပွဲသောက်ပွဲအတွင်း သူ့ဗိုက်ထဲသို့ မည်သည့်အရာများ ထည့်ခဲ့မိမှန်း သူ မသိပေ။
ခုနစ်ညမြောက်တွင် အဘွားအိုတစ်ယောက်က သူတို့လမ်းကို ပိတ်နေသည်။ သူမ၏လက်တစ်ဖက်သည် ကလေးငယ်လေးတစ်ယောက်၏ လက်ကို ဆွဲကိုင်ထားပြီး တစ်ဖက်က ခြင်းတစ်လုံး ဆွဲထား၏။ သူတို့က ဒူးထောက်၍ ခြင်းကို ချင်မူ့ခြေထောက်အနား တွန်းပို့ကာ ရိုရိုသေသေ ဂါဝရပြုသည်။
ချင်မူက ပြောသည်။ “အမေကြီး စိတ်မပူပါနဲ့... ခြင်းထဲက ပစ္စည်းကို ကျွန်တော် လက်ခံပါတယ်... နောင်ကျရင် ကျွန်တော် ဒီမှာ ယိုတု လာဖွင့်ပေးပြီး အမေကြီးတို့ မြေးအဘွားနှစ်ယောက် သွားစရာနေစရာ ရှိလာအောင် လုပ်ပေးပါ့မယ်”
အဘွားအိုသည် ခေါင်းပြန်မော့ကာ ပြုံးလိုက်၏။ ထို့နောက် ကလေးကို ဆွဲလျက် ထွက်သွားကြပြီး အေးစိမ့်စိမ့် လေဝှေ့နှင့်အတူ အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
လော့ဝူရွှမ် ဇဝေဇဝါ ဖြစ်နေသည်။ သူက မေးလိုက်သည်။ “လောကသခင်ခန္ဓာချင်၊ ငါတို့ လမ်းမှာ တွေ့ခဲ့ရတဲ့ ဖန်ဆင်းရှင်တွေက ဘာတွေလဲ... မင်းက ဒီမှာ ယိုတုတည်ဆောက်ပေးမယ်လို့ ဘာကြောင့် ပြောနေတာလဲ”
“သူတို့က ကန္တာရထဲမှာ သေဆုံးသွားကြတဲ့ ဖန်ဆင်းရှင်တွေပါ”
ချင်မူက ခြင်းကို ကောက်၍ လွှားထားသော အဝတ်ကို ဖယ်ကာ ပြောလိုက်သည်။ “သူတို့ ဒီမှာ သေသွားတော့ သူတို့ဝိညာဉ်တွေ သွားစရာနေရာ မရှိကြဘူး.... ဒါကြောင့် နေ့အချိန်မှာ နေပူဒဏ်ကို ခံစားရလို့ ညကျမှပဲ ထွက်လာနိုင်ကြတယ်... ယိုတုကို တည်ဆောက်ပေးမယ် ဆိုတာက သူတို့ သွားနိုင်မယ့် နေရာတစ်နေရာ ရှိလာဖို့ပါ”
လော့ဝူရွှမ်မှာ နားမလည်နိုင်သေးပေ။ “မဟာလေဟာနယ်ရဲ့ ကောင်းကင်နဲ့မြေပြင်ကို အုပ်စိုးထားတဲ့ စည်းမျဉ်းတွေက မပြည့်စုံဘူး... ဒီမှာ ဖန်ဆင်းရှင်တွေဟာ သေပြီးတဲ့နောက်မှာ မဟာလေဟာနယ်ရဲ့ မကောင်းဆိုးဝါးတွေ ဖြစ်လာကြတယ်လေ... ဒါကြောင့် ဒီဝိညာဉ်တွေကကျ မကောင်းဆိုးဝါးအဖြစ် မပြောင်းလဲသွားတာလဲ”
“သူတို့အစွမ်းအစတွေက အားကောင်းပြင်းထန်လွန်းလို့ နေမှာ... တစ္ဆေမြို့မှာ တွေ့ခဲ့ရတဲ့ ဖန်ဆင်းရှင်တွေဖြစ်ဖြစ်၊ လမ်းမှာ တွေ့ခဲ့ရတဲ့ အမေကြီးပဲဖြစ်ဖြစ်... သူတို့ဝိညာဉ်တွေနဲ့ အသိစိတ်အလျဉ်တွေဟာ သေဆုံးပြီးတဲ့နောက်မှာ မပြိုကွဲသွားကြဘူး... သူတို့က သူတို့ကိုယ်သူတို့တင်မကဘူး၊ သူတို့လူတွေကိုပါ ကာကွယ်နိုင်တယ်... မဟာလေဟာနယ်ကြောင့် သန္ဓေမပြောင်းသွားကြဘူး... သူတို့က အဲဒီလောက် အင်အားကြီးမားလွန်းတာမလို့ ကျွန်တော်က ဒီမှာ ယိုတုဖွင့်ချင်တယ် ပြောခဲ့တာပဲ”
ချင်မူက ခြင်းတောင်းထဲမှ ပစ္စည်းကို ထုတ်လိုက်သည်။ ထိုပစ္စည်းက ပုလင်းအသေးလေးတစ်လုံး ဖြစ်လေသည်။ အသိစိတ်အလျဉ်က အပေါက်ဝတွင် အဆို့ပမာ ဖွဲ့တည်လျက် ပိတ်ဆို့ထား၏။ ချင်မူ ရယ်လိုက်မိသည်။ “သူတို့ကို ကတိမပေးခဲ့ရင် ကျွန်တော်တို့ ဒီကန္တာရကနေ အသက်ရှင်လျက် ထွက်မသွားနိုင်မှာ ကျွန်တော် စိုးရိမ်မိတယ်”
လော့ဝူရွှမ် အသည်းထဲ အေးသွားသည်။ ဤအရာများကို သူ ထည့်မတွက်ခဲ့မိပေ။
“ဒါဖြင့် မင်းက သူတို့အတွက် ယိုတုတည်ဆောက်ပေးမှာလား”
သူက မေးသည်။ “ဒီကတိက ခဏတဖြတ် အာသာဖြေပေးလိုက်တာ မဟုတ်ဘူးလား... မဟာလေဟာနယ်မှာ ယိုတုတည်ဆောက်ဖို့က အတိုင်းထက်အလွန် ခက်တယ်”
ချင်မူက ပုလင်းကို အကဲခတ်၍ ပြောသည်။ “သူတို့ ကျွန်တော့်ကို တားခဲ့တဲ့ အကြောင်းရင်းက ကျွန်တော်က ယိုတုကို တည်ထောင်ပေးနိုင်လို့ပဲ”
လော့ဝူရွှမ်မှာ နားမလည်နိုင်ပေ။
ချင်မူလည်း ဆက်၍ မရှင်းပြတော့။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးက မြေအောက်ဘုံအရှင်သခင်၏ ဦးချိုအစိတ်အပိုင်းတစ်ခုဖြင့် ဖွဲ့တည်နေသော ချင်စာလုံးမြေပြင်ကို သိုဝှက်ပေးထားသည်။ အခြားသူများအတွက် ယိုတုတည်ထောင်ရန်မှာ မဖြစ်နိုင်သော်လည်း သူ့အတွက်မူ ဖြစ်နိုင်သည်။
မင်တုနှင့် ဖုန်းတုဆိုသည်မှာလည်း ချင်စာလုံးမြေပြင်နည်းတူ မြေအောက်ဘုံအရှင်သခင်၏ ဦးချိုများမှ ခွဲထွက်နေသော နယ်မြေများမဟုတ်ပါလော။ သူတို့အားလုံး မြေအောက်ဘုံအရှင်သခင်၏ ချို၏ အပိုင်းအစများသာ ဖြစ်ပေသည်။
လောလောဆယ်တော့ ချင်မူ့တွင် မြေအောက်ဘုံအရှင်သခင်၏ ဦးချိုမှ ကမ္ဘာအသစ် တည်ဆောက်နိုင်စွမ်း မရှိသေးပေ။ သူက ယိုတုသားတော် မဟုတ်ပေ။ ချင်ဖုန်းကျင့်သာ ရှိလျှင်တော့ လွယ်၏။
သူက ပုလင်းဝရှိ အသိစိတ်အလျဉ်အဆို့ကို လေ့လာနေသည်။ အဆို့မှာ အမှန်တကယ်ပင် အသိစိတ်အလျဉ်ဖြင့် စုခဲထားခြင်း ဖြစ်၏။ သူ ဘူးဆို့ကို ဖြတ်ကျော်ကြည့်လိုက်သည့်အခါ ပုလင်းတွင် မဟာသမုဒ္ဒရာတစ်စင်း ပါနေကြောင်း မြင်လိုက်ရသည်။ ပုလင်းကို အသာအယာ လှုပ်ခါကြည့်သည့်အချိန်တွင် ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များ ပေါ်ထွက်လာကာ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းတစ်ခု ဖြစ်တည်လာသည်။
ချင်မူ ချီစွမ်းအင်ကို ပုလင်းထဲသို့ ပို့လွှတ်ကြည့်သော်လည်း အသိစိတ်အလျဉ်အဆို့၏ ငြင်းဆန်ခြင်း ခံရသည်။
“ဟုတ်သား သူတို့က ဖန်ဆင်းရှင်တွေလေ.... ငါ အသိစိတ်အလျဉ်ကိုပဲ သုံးရမှာပေါ့”
သူက အသိစိတ်အလျဉ်ကို လှုံ့ဆော်၍ ပုလင်းဝရှိ အဆို့အား ထိုးဖောက်လိုက်သည်။ အမှန်ပင် အထဲ၌ သမုဒ္ဒရာကြီးတစ်စင်း ရှိနေသည်။ သူ စောစောက ပုလင်းကို လှုပ်ခါလိုက်တုန်းက သမုဒ္ဒရာထက်တွင် ဧရာမလှိုင်းလုံးကြီးများ ထကြွလာပြီး လေမုန်တိုင်းများ တိုက်ခတ်သွား၏။ လှိုင်းလုံးကြီးများနှင့်အတူ လျှပ်စီးများလည်း တဝင်းဝင်း လင်းလက်ကာ မိုးခြိမ်းသံများ လိုက်ပါလာသည်။
သူ၏အသိစိတ်အလျဉ်က ကောင်းကင်ဆီသို့ မော့ကြည့်လိုက်ရာ ပုလင်းအဝအနားတွင် ကြယ်တာရာများ ပြည့်နှက်နေကြောင်း မြင်လိုက်ရသည်။ နံရံသည် ပင်လယ်အပေါ် ထောင့်မတ်ကျနေသည့် မြေထုဖြစ်နေကြောင်းလည်း သတိထားမိလိုက်၏။
မြေထုက ကြီးမားကျယ်ဝန်းပြီး တောင်တန်း၊ ကုန်းမြင့်လွင်ပြင်၊ မြစ်ချောင်းများလည်း ရှိနေသည်။
ထိုအခိုက်အတန့်တွင် ပင်လယ်ထက်မှ နေတစ်စင်း ထွက်လာသည်ကို ချင်မူ မြင်လိုက်ရသည်။
“ဒီပုလင်းသေးသေးလေးမှာ ကမ္ဘာတစ်ကမ္ဘာလုံး ရှိနေတာလား”
ချင်မူ အံ့အားသင့်နေမိ၏။ ထူးဆန်းသည် ဤပုလင်းတွင် ကမ္ဘာတစ်ကမ္ဘာ ရှိနေသော်လည်း အလေးချိန်ကို မခံစားရခြင်းပင်။
“စောစောက အဘွားကြီးက တောင်ကွယ်မျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်နေတာကိုး”
ရှုကျွင်း၏အသံ ထွက်လာသည်။ “တောင်ကွယ်မျိုးနွယ်က ရှေးကမ္ဘာဦးခေတ်တုန်းက မျိုးနွယ်စုကြီးတစ်စုပဲ... သူတို့မျိုးနွယ်တွေက ကမ္ဘာတွေ ဖန်ဆင်းတဲ့နေရာမှာ ကျွမ်းကျင်တယ်.... မင့်ပုလင်းထဲမှာ တကယ့်ကမ္ဘာ တကယ် ရှိနေတာ”
ချင်မူမှာ ကြားလိုက်ရသည့်စကားအား မယုံနိုင်ပေ။ ကမ္ဘာများသည် ဧရာမကြီးမားသည် မဟုတ်ပါလော။ အဘယ်သို့ပြု၍ ဤပုလင်းသေးသေးလေးက ကမ္ဘာတစ်စင်း ဝင်ဆန့်နေသနည်း။
ထို့အပြင် အသိစိတ်အလျဉ်မှတစ်ဆင့် ထိုကမ္ဘာထဲ ဝင်ကြည့်လိုက်တုန်းက ပုလင်းထဲရှိ ကမ္ဘာသည် ကမ္ဘာဦးဘုံထက်ပင် များစွာကြီးမားနေကြောင်း မြင်တွေ့ခဲ့ရ၏။
“ရှေးဟောင်းကမ္ဘာဦးခေတ်မှာတုန်းက တောင်ကွယ်မျိုးနွယ်စုက မရေမတွက်နိုင်တဲ့ ကမ္ဘာတွေကို မြင်ယောင်ဖန်ဆင်းခဲ့ကြတယ်”
ရှုကျွင်းက ပြောသည်။ “သူ မင်းကို ပေးခဲ့တဲ့ ကမ္ဘာကတော့ ဖန်ပေါင်းချောင်ကမ္ဘာ ဖြစ်လောက်တယ်... ကမ္ဘာတည်ရှိနေတဲ့ ပုလင်းကတော့ ဖန်ပေါင်းချောင်ကမ္ဘာပုလင်းပေါ့ ... ဒါက ရှားမှ ရှားတဲ့ရတနာပဲ.... မင်းကို ပေးခဲ့တာကို ကြည့်ရင် သူ အင်မတန် မျှော်လင့်ချက်ထားထားတဲ့ ပုံရတယ်”
ချင်မူသည် ဖန်ပေါင်းချောင်ကမ္ဘာပုလင်းကို ချင်စာလုံးမြေပြင်ထဲသို့ အလေးအနက် ထည့်လိုက်၏။ အထဲတွင် အရှင်ယွမ်မု၏ သလင်းကျောက်ခေါင်းတလား၊ ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာတို့လည်း ရှိနေသည်။
“ဒါပေမဲ့ အဲဒီအဘွားကြီးက ပေါင်းသင်းရလွယ်တဲ့သူ မဟုတ်ဘူး... သူ့လက်ဆောင်ဆိုတာကတော့ အဖိုးအခတစ်ခုနဲ့ လာမှာပဲ”
ရှုကျွင်းသည် ပြုံးဖီးနေ၏။ “မင်းက သူ့လက်ဆောင်ကို လက်ခံလိုက်ပြီဆိုတော့ မင်း ကတိပေးထားတဲ့အတိုင်း လုပ်ကို လုပ်ပေးရတော့မယ်... အဲဒီအဘွားကြီးက ကမ္ဘာခေတ်ဦးမှာ အတော်လေး ရက်စက်တယ်... သေနေပြီဆိုတော့ သူ့အသိစိတ်အလျဉ် ရှိနေတုန်းပဲ... မင်း ကတိမတည်နိုင်ရင် အသေဆိုးနဲ့ သေရလိမ့်မယ်”
သူက ချင်မူ၏ကံဆိုးမှုကို အနည်းငယ် နှစ်ထောင်းအားရနေ၏။ “မင်း ခြင်းကို လက်ခံလိုက်တုန်းက သူ့ရဲ့အသိစိတ်အလျဉ် မင်းထဲ ဝင်လာတယ်... အခုဆို သူ့အနေနဲ့ မင်းကို နည်းလမ်းပေါင်းစုံနဲ့ သတ်လို့ရပြီ”
ချင်မူ့မျက်နှာ မည်းမှောင်သွားတော့သည်။ “ဥပမာ”
“ဥပမာ မင်းကိုယ်ထဲမှာ အရာပေါင်းစုံ မြင်ယောင်လိုက်တာမျိုးပေါ့... မင်းဗိုက်ထဲမှာ ဆူးညောင့်တွေ ပေါ်လာပြီဆို စဉ်းစားကြည့်လေ.... သူ နေတစ်စင်းကို မြင်ယောင်လိုက်ရင် မင်းခန္ဓာကိုယ် လောင်ကျွမ်းပြာကျသွားမယ်... အဲဒီလိုပဲ သူ သမုဒ္ဒရာတစ်စင်း မြင်ယောင်လိုက်ရင် လှိုင်းလုံးတွေနဲ့ မင်းကို ရိုက်နှက်နိုင်မယ်... မင်းကို သတ်ဖို့က ရိုးရိုးလေးပဲ” ရှုကျွင်းသည် ညစ်ကျယ်ကျယ် ရယ်နေ၏။
ချင်မူမှာ ခေါင်းနပန်းကြီးလာပြီး စက္ကူနှင့် စုတ်တံတစ်လက် ထုတ်ကာ တောင်ကွယ်မျိုးနွယ်စုကို ပေးခဲ့သည့် ကတိများအား မမေ့အောင် ချရေးလိုက်သည်။
ဆယ်ရက်ကြာသော် သူတို့ ကန္တာရ၏ အဆုံးသို့ ရောက်လာကြသည်။
လမ်းတွင် ကန္တာရမှ ဖုံးလွှမ်းထားသော မြို့ပျက်များစွာ မြင်တွေ့ခဲ့ရ၏။ ပထမဆုံး မြင်တွေ့ရသည်မှာ မြို့များ ဖြစ်ပြီး တဖြည်းဖြည်း မြို့တံတိုင်းများသာ တွေ့လာရသည်။ ထို့နောက် ကျိုးတဲကြဲတဲ စစ်စခန်းများ ပေါ်လာသည်။
လေက ရွှေရောင်သဲမှုန်တို့ကို တွန်းထိုးတိုက်ခတ်နေပြီး အရိုးများသည် နေရာအနှံ့ ပြန့်ကြဲနေ၏။
မဟာဧကရာဇ် တိုက်ခိုက်ထားသော အပျက်အစီးများလည်း ရှိနေသည်။ သူ၏ အတိုင်းထက်အလွန် သန်မာအားကောင်းသော အသိစိတ်အလျဉ်သည် မဟာလေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံ၍ သိုင်းကွက်မျိုးစုံအဖြစ် ပြောင်းလဲကာ ဖန်ဆင်းရှင်များအား သတ်ဖြတ်ခဲ့သည်မဟုတ်ပါလော။
မဟာလေဟာနယ်၏ ပတ်ဝန်းကျင်မှာ ကြမ်းသထက် ကြမ်းလာသည်။ ဖန်ဆင်းရှင်တို့သည် စိတ်စေရာအတိုင်း သဘာဝကို ထိန်းချုပ်နိုင်၏။ သို့သော် မဟာဧကရာဇ်ကြောင့် မဟာလေဟာနယ် ပျက်စီးသွားပြီးနောက်တွင် ထိန်းချုပ်မရသော အသိစိတ်အလျဉ်တို့နှင့် မကောင်းဆိုးဝါးများသာ ပြည့်နှက်လာခဲ့ရာ ဖန်ဆင်းရှင်များအတွက် အသက်ရှင်သန်ရန် အလွန်ခက်ခဲလာလိမ့်မည်။
သူတို့၏လက်ရှိ တည်နေရာသည် မဟာလေဟာနယ်၏ နောက်ဆုံးဖန်ဆင်းရှင်အုပ်စု ရှိခဲ့ရာ နေရာ ဖြစ်လိမ့်မည်။ သူတို့ ဤနေရာသို့ ထွက်ပြေးလာတုန်းက မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြလိမ့်မည်။
‘မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေ နေရာရွှေ့ပြောင်းသွားတာက မဟာဧကရာဇ် အသတ်ခံလိုက်ရတဲ့ အချိန်ပတ်ဝန်းကျင် ဖြစ်လောက်မယ်.... နဂါးဟန်ခေတ်ရဲ့ နောက်ဆုံးနှစ်ဝန်းကျင်လောက်ပေါ့’
ချင်မူ စဉ်းစားနေသည်။ ‘အဲဒီခေတ်မှာတုန်းက ကောင်းကင်နတ်ဘုံက အခြားကမ္ဘာတစ်ခု ရှိနေသေးတာကိုလည်း မသိခဲ့သလို၊ ဒီသွေးချောင်းစီးတဲ့ တိုက်ပွဲကိုလည်း သတိထားမိပုံမရဘူး... ကောင်းကင်နတ်အရှင်ယွင်တစ်ယောက်ပဲ သိခဲ့လောက်တယ်’
မဟာဧကရာဇ်က မဟာလေဟာနယ်ကို အဘယ်ကြောင့် သွေးဖြင့် ဆေးကြောချင်ခဲ့သည်လဲ မည်သူမှ မသိကြပေ။ ကောင်းကင်နတ်အရှင်ယွင်သည် ဤနေရာသို့ ရောက်လာပြီး ဖန်ဆင်းရှင်များနှင့်အတူ ပူးပေါင်းကာ မဟာဧကရာဇ်အား အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲ၌ ပိတ်လှောင်ရန် ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်မည်။
‘ဒါပေမဲ့ ဘာကြောင့် ကောင်းကင်နတ်အရှင်ယွင်ရဲ့ ရုပ်ခန္ဓာက မဟာဧကရာဇ်ရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ ရှိနေတာလဲ’
ချင်မူ့တွင် သံသယများ ရှိနေသည်။ ကောင်းကင်နတ်အရှင်ယွင်သည် ထိုတိုက်ပွဲတွင် သေဆုံးခဲ့ခြင်းမဟုတ်ဘဲ ကောင်းကင်နတ်ဘုံကို အုပ်ချုပ်ပိုင်ခွင့်အား လုယူနေစဉ်အတွင်း လုပ်ကြံခံခဲ့ရခြင်း ဖြစ်၏။ သူ၏ရုပ်ခန္ဓာအနေဖြင့် ထိုနေရာတွင် ရှိမနေသင့်ပေ။
ထို့အပြင် ယွင်မိသားစု၏ သွေးကျိန်စာမှာ သူ သေဆုံးသွားသည့်အချိန်တွင် ဖန်ဆင်းရှင်များ ကျိန်စာတိုက်ခဲ့၍ ဖြစ်သည်။ ထိုအချိန်တွင် မဟာဧကရာဇ်ကား မဟာလေဟာနယ်၌ သေနေပြီဖြစ်ချေသည်။
ချင်မူ သက်ပြင်းချမိသည်။ လျှို့ဝှက်ချက်များ သိလာရလေလေ၊ သံသယများ တိုးပွားလာလေလေပင်။
နဂါးဟန်ခေတ်သို့ သူ ရောက်ဖူးပါသော်လည်း မှတ်ဉာဏ်က ဝိုးတိုးဝါးတား ဖြစ်နေသည်။ သံသယ များပြားလွန်းသည့်အတွက် ရှင်းလင်းသွားရန် ကောင်းကင်နတ်အရှင်ယွင်နှင့် တွေ့မှ ဖြစ်မည်။
‘ငါတို့ မဟာလေဟာနယ်ကနေ ထွက်ရင် ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအားကို ငှားယူပြီး ကောင်းကင်နတ်အရှင်ယွင်ကို အသက်သွင်းမယ်’
ချင်မူက အရှေ့သို့ ကြည့်လိုက်ပြီး မဟာလေဟာနယ်စပ်အား မြင်လိုက်ရသည်။ ၎င်း၏အလွန်တွင် မှောင်မိုက်နေသော ဟင်းလင်းပြင်သာ တွေ့ရ၏။
ထိုဖန်ဆင်းရှင်တို့သည် လေဟာနယ်နောက်တစ်ခု တည်ဆောက်၍ လေဟာနယ်တံတားဖြင့် ဆက်သွယ်ကာ ကမ္ဘာအသစ်သို့ ကူးပြောင်းသွားကြခြင်း ဖြစ်မည်။
ချင်မူနှင့် လော့ဝူရွှမ် ဆုံမှတ်နေရာသို့ ရောက်လာကြသည်။ နေရာမှာ ရှင်းလင်းနေပြီး ရှေးကျအိုမင်းနေသော ယဇ်ပလ္လင်တစ်ခုသာ ကျန်ခဲ့၏။
ယဇ်ပလ္လင်အပေါ်ရှိ အရောင်အဝါက တစစီကွဲလျက် အလွန်မငြိမ်မသက်ဖြစ်နေသော တံတားကြောင့် ဖြစ်သည်။ တံတားကို လေဟာနယ်တံတားဟု ခေါ်ပြီး တစ်ချက်တစ်ချက် ပျက်စီးပြိုကွဲသွားတတ်ကာ တစ်ချက်တစ်ချက် အကောင်းပကတိ ပြန်ဖြစ်သွားတတ်၏။ ၎င်း မည်သည့်နေရာသို့ ဦးတည်နေမှန်း သူတို့ မသိကြပေ။ တံတား၏အလွန်တွင် ပျက်စီးနေသော မြင်ကွင်းတစ်ခု ရှိနေသည်။
ချင်မူ လေဟာနယ်တံတားဆီသို့ လှမ်းကြည့်၍ မည်သို့ဖြတ်ကျော်ရမည်လဲ စဉ်းစားရင်း မျက်မှောင်ကြုတ်နေသည်။ ရုတ်တရက် တံတား၏အခြားတစ်ဖက်သို့ လျှောက်နေသော အမျိုးသမီးတစ်ယောက်အား သူ တွေ့လိုက်ရ၏။
ထိုအမျိုးသမီး၏ ပတ်ပတ်လည်တွင် လေဟာနယ်သည် တွန့်လိမ်လိုက်၊ ပြိုကွဲလိုက် ပျက်စီးရင်း ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးထား၏။ ကောင်းကင်နန်းဆောင်များက အမျိုးသမီး၏အနောက်တွင် လွင့်မျောပျံဝဲနေပြီး မပြည့်စုံသေးသော ကောင်းကင်နတ်ဘုံတစ်ဘုံအဖြစ် အစီအစဉ်ချကာ လေဟာနယ်၏ တစ်ဖက်ကမ်းသို့ ဖြတ်ကျော်သို့ ကြိုးစားနေသည်။
“ကောင်းကင်နတ်အရှင်ရှု” လော့ဝူရွှမ်က တိုးညင်းစွာ ရေရွတ်လိုက်၏။