ငယ်ရွယ်မှာ မကြိုးစားလျှင် အသက်ကြီးမှ ငိုကြွေးနေလျှင်လည်း အလကားသာ ဖြစ်မည်
Vol. 74 Ch. 964
“အဲ့ဒီအမျိုးသမီးက ကောင်းကင်နတ်အရှင်ရှုလား” ချင်မူ အားစိုက်ကြည့်လိုက်သည်။
ယွဲ့ထင်းကဲက မဟာလေဟာနယ်တံတားသည် အတိုင်းထက်အလွန် မာယာများသည်ဟု တစ်ခါပြောခဲ့ဖူး၏။ ဧကရာဇ်ပလ္လင်အဆင့် ဖြစ်တည်မှုအနေဖြင့် သူပင်လျှင် တံတားအပေါ် ခြေမချရဲခဲ့ပေ။ ယွဲ့ထင်းကဲသည် ရူးချင်ယောင်ဆောင်ပြီး စိတ်အခြေအနေ မတည်ငြိမ်သော်လည်း အင်အားကြီးမားသူဖြစ်၏။ သူပင်လျှင် တံတားပေါ် ခြေမချရဲသည်ကို ကြည့်ခြင်းအားဖြင့် အန္တရာယ်မည်မျှများကြောင်း ထင်ရှားပေါ်လွင်လေသည်။
သို့တိုင်အောင် ကောင်းကင်နတ်အရှင်ရှုကတော့ မတူ။ ဤအမျိုးသမီးကား လေဟာနယ်တံတား၏ အတွင်းထဲသို့ပင် ရောက်နေပြီဖြစ်သည်။
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ယွဲ့ထင်းကဲက ကောင်းကင်နတ်အရှင်နှစ်ယောက်ကို အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲသို့ မျှားခေါ်သွားခဲ့၏။ ကောင်းကင်နတ်အရှင်ဟွေ့မှာ ထိုနေရာတွင် ပိတ်မိနေခဲ့သော်လည်း ကောင်းကင်နတ်အရှင်ရှုက အဘယ်သို့ဖြစ်၍ လွတ်မြောက်သွားသနည်း။
ကောင်းကင်နတ်အရှင်ဟွေ့က အဘယ့်ကြောင့် ကောင်းကင်နတ်အရှင်ရှုကို သတိထားပါဟုပြောခဲ့သနည်း။ သူ့စကားတွင် ပိုမိုလေးနက်သောအဓိပ္ပာယ် ပါရှိနေသည်လော...
အဘယ်ကြောင့် ကောင်းကင်နတ်အရှင်ရှုက တံတားကို ဖြတ်ကျော်နေသနည်း။ ပျောက်ဆုံးနေသော ဖန်ဆင်းရှင်များကို ရှာရန်လော သို့မဟုတ် ရွှင်ပျော်ပျော်ကျေးရွာကို ရှာရန်လော။
‘ဒီလေဟာနယ်တံတား ဘယ်လောက်အန္တရာယ်များလဲ ထည့်တွက်ရင် ငါ သေချာပေါက် မဖြတ်သန်းနိုင်လောက်ဘူး.... မေ့ထားလိုက်တာပဲ ကောင်းတယ်’
ချင်မူ၏အကြည့်များ ၀င်းလက်နေသည်။ ‘ကောင်းကင်စက်မှုနတ်ဘုရားမျိုးနွယ် ခိုင်ဧကရာဇ်ခေတ်တုန်းက တည်ဆောက်ခဲ့တဲ့ ပရမတ္တလှေက ကောင်းကင်နတ်ဘုံသတိမထားမိသွားသရွေ့ ရွှင်ပျော်ပျော်ကျေးရွာဆီ သွားနိုင်တယ်... ငါ အဲ့ဒီလှေကို ပြင်နိုင်ရင် ဒီမှာ သက်စွန့်ဆံဖျား ကြိုးစားနေစရာမလိုဘူး’
ပရမတ္တလှေ၏ သံလိုက်အိမ်မြှောင်က သူနှင့်အတူ ရှိနေဆဲဖြစ်သည်။ ရွာသူကြီး သူ့ကို သံလိုက်အိမ်မြှောင်ပေးတုန်းက ၎င်းကို ချိပ်ပိတ်ထားခဲ့၏။ ချိပ်ပိတ်ထားသည်ကို ဖွင့်နိုင်သည်အထိ အင်အားကြီးမားသည့်အချိန်ကျမှ ရွှင်ပျော်ပျော်ကျေးရွာကို ရှာရန် ပရမတ္တလှေအား မောင်းနှင်ခွင့်ပြုမည်ပြောခဲ့သည်။
ယခုတွင် ချင်မူကား ရွာလူကြီးကဲ့သို့ အစွမ်းမထက်သေးသော်လည်း ချိပ်တံဆိပ်ကို အလွယ်တကူ ချိုးဖျက်နိုင်ပြီဖြစ်သည်။
ပရမတ္တလှေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးထား၏။ သို့သော် ချင်မူသည် ဝေစွေ့ဖုန်း၏ မြေပုံမှတဆင့် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ထိုက်မင်ကောင်းကင်ဘုံထဲတွင် တိမ်မြုပ်နေသော ဉာဏ်အကောင်းဆုံးဦးနှောက်ကို ရှာတွေ့ခဲ့ပြီး ပရမတလှေ၏ပုံကြမ်းကို ရယူနိုင်ခဲ့လေသည်။
ခက်ခဲသည့်အပိုင်းက ပရမတ္တလှေမှာ ကောင်းကင်စက်မှုနတ်ဘုရားမျိုးနွယ် ရွှင်ပျော်ပျော်ကျေးရွာသို့ သွားနိုင်ရန် ဖန်တီးထားသော လက်နက်တစ်မျိုးဖြစ်၏။ ကောင်းကင်နတ်ဘုံအနေဖြင့် ထိုလှေအား မျက်စိဒေါက်ထောက် ကြည့်နေမည်မှာ သေချာသည်။
ကောင်းကင်နတ်ဘုံ သတိမထားမိအောင် သွားဖို့ကား မဖြစ်နိုင်သလောက် ရှိ၏။
‘ဒါမှမဟုတ် ပရမတ္တလှေ နောက်တစ်စင်းပဲ တည်ဆောက်လိုက်ရမလား’
ချင်မူ ဖြစ်နိုင်ချေကို တွက်ချက်ကြည့်၏။ ‘ဒါပေမဲ့ ပရမတ္တလှေ နောက်တစ်စင်း ဆောက်လိုက်ရင် အလုပ်လုပ်ဖို့ ကောင်းကင်စက်မှုနတ်ဘုရား ထောင်သောင်းချီ လိုအပ်တယ်... ငါ အဲ့လောက်အများကြီး မရှာနိုင်ဘူး... ရှာနိုင်ရင်တောင်မှ ငါ့အစီအစဉ်ပေါက်ကြားသွားပြီး အန္တရာယ်အကြီးကြီးဖြစ်မှာ... ဒါမှမဟုတ်’
ချင်မူမှာ ရယ်စရာကောင်းသော အကြံတစ်ခုကို တွေးမိသွားသည်။ တွေးမိလိုက်သည်နှင့် ဆက်မတွေး၍ မနေနိုင်တော့ပေ။
‘ဒါမှမဟုတ်... ငါ ပရမတ္တလှေကို မြင်ယောင်လိုက်ရင်ရော....
‘ငါ မှတ်ထားတဲ့ ပုံကြမ်းအတိုင်း မြင်ယောင်လို့ရတာပဲ... ငါ မြင်ယောင်ဖန်ဆင်းလိုက်တာနဲ့ ကြယ်သံလိုက်အိမ်မြှောင် သုံးပြီး လေဟာနယ်တံတားကို ဖြတ်ကျော်နိုင်ပြီ... ရွှင်ပျော်ပျော်ကျေးရွာကိုလည်း ရှာတွေ့နိုင်ပြီ’
ချင်မူ ရင်တဒိန်းဒိန်း ခုန်လာသည်။ အပြင်လောကတွင် သူသည် ကောင်းကင်နတ်အရှင်မူဖြစ်သည့်အတွက် မျက်စိဒေါက်ထောက် စောင့်ကြည့်ခံနေရ၏။ ထို့ကြောင့် ကောင်းကင်နတ်ဘုံ၏ မျက်လုံးများ၊ နားများဆီမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
သို့သော် မဟာလေဟာနယ်ကတော့ မတူ။
ကောင်းကင်နတ်ဘုံ၏ သိုင်းပညာရှင်များအနက် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုသာ မဟာလေဟာနယ်တွင် ရှိ၏။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုကို ရှောင်နိုင်သရွေ့ ပရမတ္တလှေကို သူ စိတ်တိုင်းကျ မြင်ယောင်ဖန်ဆင်း၍ လေဟာနယ်တံတားအား ဖြတ်သန်းသွားနိုင်မည်။ ‘ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ငါ့ရဲ့သိုင်းအဆင့်ကို ကောင်းကင်နန်းဆောင်အဆင့်အထိ မြှင့်တင်ဖို့လိုတယ်.... အဲ့ဒါမှ မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်းအဆင်မြင့်အသိစိတ်အလျဉ်ကို ကျင့်ကြံနိုင်ပြီး ပရမတ္တလှေကို မြင်ယောင်နိုင်မှာ.....’
ချင်မူ ယခုချက်ချင်း ထလုပ်ချင်လာသည်။ ကောင်းကင်နန်းဆောင်အား ယခုထက်ထိ မဖွင့်ရသေးသော်လည်း ကောင်းကင်ရတနာများကို အကြိမ်နှစ်ဆယ်၊ သုံးဆယ်ခန့် ဖွင့်ထားဖူးဖြစ်၍ သူ့အတွက် မခက်ပေ။
သို့သော် နဂါးဟန်ခေတ်တုန်းက လူတို့သည် နဂါးဟန်ကောင်းကင်နတ်ဘုံကို ခံစားကြည့်ခြင်းဖြင့် နတ်ဘုံထဲရှိ ရှေးဟောင်းနတ်ဘုရားတို့၏ စွမ်းအားကို ငှားယူရင်း သူတို့၏ခန္ဓာကိုယ်ထဲတွင် ကောင်းကင်နန်းဆောင် ဖွင့်လှစ်ခြင်း ဖြစ်၏။
ထိုအချိန်တုန်းက နဂါးဟန်ကောင်းကင်နတ်ဘုံသည် အထက်ဘုံဖြစ်သော်လည်း လူ့ပြည်ထဲတွင်သာ ရှိနေသေးသည်။ လူသားများနှင့် နတ်ဘုရားတို့က တစ်နေရာတည်းတွင် ရှိကြသည့်အတွက် ကောင်းကင်နတ်ဘုံကို ခံစားရင်း ရှေးဟောင်းနတ်ဘုရားတို့၏ စွမ်းအားဖြင့် ကောင်းကင်နန်းဆောင် ဖွင့်လှစ်ရန် လွယ်ကူလေသည်။
ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ကောင်းကင်နန်းဆောင် ဖွင့်လှစ်သည့်အခါ တောင်ကောင်းကင်မုခ်ဝ၊ နဂါးသွဲ့ရေကန်၊ နတ်ဘုရားစီရင်ရာစင်မြင့်နှင့် နတ်ကောင်းကင်ခန်းမတို့ကဲ့သို့ အဆောက်အအုံများသည် နဂါးဟန်ကောင်းကင်နတ်ဘုံအတွင်းရှိ အဆောက်အအုံများ၏ ပုံရိပ်ဖြစ်သဖြင့် လွယ်ကူသက်သာသည်။
သို့သော် မဟာလေဟာနယ်တွင် ထိုသို့ ဖြတ်လမ်းများ မရှိပေ။
ထို့ကြောင့် ချင်မူမှာ ကောင်းကင်နန်းဆောင်အဆင့်ကို မဖွင့်လှစ်ခင် ကောင်းကင်နတ်ဘုံ၏ အခင်းအကျင်းကို မြင်ယောင်ကြည့်နေသည်။
သူတို့ရောက်နေသည်မှာ ဖန်ဆင်းရှင်တို့၏ နောက်ဆုံးဆုံမှတ်နေရာ ဖြစ်သည့်အတွက် လော့ဝူရွှမ်က သတိအနေအထားဖြင့် စောင့်ရှောက်ပေးသည်။
ချင်မူက မြင်ယောင်ပုံဖော်ရင်း အတော်လေးကြာကြာ တရားထိုင်နေ၏။ တောင်ကောင်းကင်မုခ်ဝသည် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲတွင် ကျောက်စိမ်းဖန်သားထည်ကဲ့သို့ ပေါ်ထွက်လာပြီး ၎င်းအပေါ်ရှိ သင်္ကေတအမှတ်အသားများလည်း ရှင်းလင်းလာသည်။
မကြာမီ ကောင်းကင်နတ်မြစ်ကို ဖြတ်ကျော်ရန် လိုအပ်သော အစိမ်းရောင်ရေလှိုင်းတံတား ဖွဲ့တည်လာ၏။ ရွှေရောင်နဂါးတစ်ကောင်က နေလုံးကြီးပမာ တောက်ပနေသော ပါးစပ်ကို ဟလျက် ကခုန်နေသည်။ ဇာမဏီဖုန့်ဟွမ်ငှက်သည်လည်း အနီရောင်အလင်းနှင့်အတူ ပျံဝဲနေသည်။
ထို့နောက် သက်တမ်းစင်မြင့်၊ ကောင်းကင်နတ်လမ်းကြား၊ ကောင်းကင်စျေး၊ နန်းတော်လမ်းများ၊ ရေအိမ်တော်၊ စင်မြင့်သုံးခုနှင့် သခင်သုံးပါး ပေါ်ထွက်လာသည်။ စီးဆင်းနေသော ကောင်းကင်နတ်မြစ်နှင့်အတူ ကျောက်စိမ်းစင်မြင့် ထူမတ်လာ၏။ စိမ်းနေသော ပင်လယ်ပြင်၊ နတ်တောင်တန်းများဖြင့် ကြီးမားကျယ်ဝန်းသော နဂါးသွဲ့ရေကန်လည်း ပေါ်လွင်စပြုလာသည်။
နဂါးသွဲ့ရေကန်ကို ဖြတ်လျှင် လက်ဝဲလက်ယာ ယွီလင်နန်းစောင့်တပ်ဖွဲ့၊ လယ်ဝဲလက်ယာ နဂါးသိုင်းတပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်သိုင်းတပ်ဖွဲ့၊ လယ်ဝဲလက်ယာ နတ်ဗျူဟာတပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်ရှိန်ဝါတပ်ဖွဲ့ဆီသို့ ရောက်ပြီးနောက် နတ်ဘုရားစီရင်ရာစင်မြင့်အား တွေ့ရမည်။
နတ်ဘုရားစီရင်ရာစင်မြင့်ကို လွန်လျှင် ကျောက်စိမ်းမြို့တော်နှင့် နတ်ကောင်းကင်ခန်းမ ရှိသည်။
ချင်မူ မြင်ယောင်လိုက်သော ပထမဆုံးကောင်းကင်နန်းဆောင်သည် ယနေ့ခေတ် ကောင်းကင်နတ်ဘုံအတိုင်း ဖြစ်၏။ သူက ရှေးဟောင်းနတ်ဘုရားများ၏ မဟာတာအိုသင်္ကေတများကို နားလည်သည့်အလျောက် သူတို့အား ကောင်းကင်နတ်ဘုံ၏ ခန်းမ၊ အဆောင်တစ်ဆောင်ချင်းစီတွင် နေရာချထားလိုက်ရာ သူ၏ကောင်းကင်နန်းဆောင်သည် အတိတ်တုန်းက ဖွင့်လှစ်ခဲ့သူများထက် ပို၍ပြည့်စုံနေသည်။
သို့သော် ပုံရိပ်ယောင်မျှသာ ရှိသေးသည်။ မြင်ယောင်ထားရုံနှင့် ကောင်းကင်နန်းဆောင်ကို အစစ်အမှန်သို့ မပြောင်းလဲနိုင်ပေ။
ကောင်းကင်နန်းဆောင်အား အမှန်တကယ် ဖွင့်လှစ်ရန် လိုအပ်သေးသည်။
ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာတွင် ချင်မူ၏ မူလဝိညာဉ်က အဖြူအမည်း ထိုက်ကျိစက်ဝန်းအပေါ်တွင် ရပ်နေသည်။ ထိုက်ကျိစက်ဝန်းက လျင်မြန်စွာ ပြန့်ကားလာပြီး ကမ္ဘာဦးသစ်ပင်သည်လည်း ပို၍ရွှန်းစိုလှပလာ၏။
ထိုက်ကျိစက်ဝန်း ပြန့်ကားနေစဉ် ချင်မူက ကမ္ဘာဦးရည်ကြည် ထည့်ထားသော ကျောက်စိမ်းပုလင်းကို ထုတ်ကာ အစက်တစ်စက် ဂရုတစိုက် ထုတ်သည်။ အစက်သည် ထိုက်ကျိစက်ဝန်းအပေါ် ကျသွားပြီး တမုဟုတ်ချင်း သောင်းကျန်းအုံကြွနေသည့် ပင်လယ်တစ်စင်း ပေါ်ထွက်လာ၏။
ချင်မူက နောက်အစက်တစ်စက် ထုတ်လိုက်သည့်အခါ အုံကြွနေသော လှိုင်းလုံးများနှင့်အတူ ကောင်းကင်နတ်မြစ်တစ်စင်းအသွင် ပြောင်းလဲသွား၏။ သူ့အနောက်ရှိ ကမ္ဘာဦးသစ်ပင်ကလည်း ခံညားထည်ဝါစွာ ကြီးထွားလာသည်။
ချင်မူ၏မူလဝိညာဉ်က ကောင်းကင်နတ်မြစ် စီးဆင်းရာအတိုင်း လိုက်မသွားဘဲ ထိုက်ကျိစက်ဝန်းအပေါ်၌သာ နေရစ်ခဲ့ပြီး ကောင်းကင်နတ်မြစ်အား ထိုက်ကျိမြေပြင်တစ်လျှောက် စီးဆင်းသွားစေရန် စေစားထိန်းချုပ်နေသည်။
ချင်မူ မျက်မှောင်ကြုတ်သွား၏။ သူ့တွင် အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်မှ မဟာတာအိုအမှတ်အသားများ မရှိသောကြောင့် အဆုံးသတ်မြို့ပျက်အား မြင်ယောင်ဖန်ဆင်းမရ ဖြစ်နေသည်။
ကောင်းကင်နတ်မြစ်အား ထိုက်ကျိစက်ဝန်း၏အလယ်ရှိ ထိုက်ကျိသင်္ကေတအတိုင်း လှည့်ပတ်၍ စီးဆင်းသွားစေရုံသာ တတ်နိုင်သည်။ သင်္ကေတအတိုင်း လည်ပတ်ပြီးနောက် မြစ်က တဝုန်းဝုန်း အော်မြည်နေသော တစ္ဆေမြစ်အသွင် ပြောင်း၍ ယိုတုထဲသို့ စီးကျသွားကာ မြေအောက်ဘုံအရှင်သခင်ကို လှည့်ပတ်သည်။
‘အရှင်မယွမ်မုရဲ့ ရုပ်ခန္ဓာက ငါ့ဆီမှာ... အဆုံးသတ်မြို့ပျက်ရဲ့ မဟာတာအိုသင်္ကေတတွေကို နားလည်ဖို့ အချိန်ရတာနဲ့ သူ့ကို လေ့လာရမယ်’
သူက ကမ္ဘာဦးရေကြည်နောက်တစ်စက် ထုတ်ကာ တောက်လိုက်သည်။
ရေစက်သည် အောက်သို့ မကျသေးခင် ကြီးထွားလာပြီး စင်ကြယ်သန့်စင်သော စွမ်းအင်ဖြစ်လာသည်။ ကြောက်မက်ဖွယ်ရာ သမုဒ္ဒရာကြီးတစ်စင်း ဆင်းသက်သွားတော့မည့်အလား ထင်ရ၏။
တစ်ချိန်တည်းမှာပင် ချင်မူက လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရင်း သူ၏ချီစွမ်းအင်အား ထိုက်ကျိစက်ဝန်း၏ ပတ်ပတ်လည် ဧရိယာအား ထိတိုက်သွားစေသည်။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ နေရာအနှံ့အပြားမှ ချီစွမ်းအင်အတော်များများ ပျံထွက်လာပြီး ကမ္ဘာဦးရေကြည်အတွင်းရှိ စွမ်းအင်အား လှုံ့ဆော်ပေးကြသည်။ ထို့အခါ တောင်ကောင်းကင်မုခ်ဝသည် ထောင်ချီသော နန်းတော်များ၊ ခန်းမများနှင့်အတူ ထူမတ်လာ၏။
တစ်စက္ကန့်အတွင်း အစိမ်းရောင်ရေလှိုင်းတံတား၊ သက်တမ်းစင်မြင့်၊ ကောင်းကင်နတ်လမ်းကြား၊ ကောင်းကင်စျေး၊ နန်းတော်လမ်းများ၊ ရေအိမ်တော်နှင့် စင်မြင့်သုံးခုသည် အုတ်ဖိနပ်စ၍ ထွက်ပေါ်လာပြီး အမိုးအထိ ပေါ်လွင်လာကြသည်။ မမြင်ရသော လက်တစ်ဖက်က ပန်းချီရေးခြယ်နေသည့်အလား၊ မမြင်ရသော အလုပ်သမားက ဤကောင်းကင်နန်းဆောင်ကို တည်ဆောက်နေသည့်အလား ထင်ရပေသည်။
ကောင်းကင်နန်းဆောင်သည် တောက်ပတင့်တယ်နေသော အနီရောင်တိမ်တိုက်များ၊ စိမ်းပြာရောင်မြူများဖြင့် ဝန်းရံလွှမ်းခြုံလျက် ပေါ်ထွက်လာ၏။
ထိုကမ္ဘာဦးရေကြည်၏ စွမ်းအင် ကုန်ခမ်းသွားချေပြီ။
ဤကောင်းကင်နန်းဆောင်က အခြားသူများ၏ ကောင်းကင်နန်းဆောင်များနှင့် မတူပေ။ အခြားသူများ၏ ကောင်းကင်နန်းဆောင်များသည် မြစ်ကမ်းစပ်တွင်လည်းကောင်း၊ ကောင်းကင်နတ်မြစ်အပေါ်တွင်လည်းကောင်း တည်ဆောက်လေ့ရှိ၏။ ချင်မူ၏ ကောင်းကင်နန်းဆောင်ကမူ ထိုက်ကျိစက်ဝန်းအပေါ်တွင် တိုက်ရိုက်တည်ဆောက်ထားလေသည်။
ကမ္ဘာဦးရေကြည်၏ ပထမရေစက်မှ သူ ဖန်ဆင်းလိုက်သော သမုဒ္ဒရာသည် နဂါးသွဲ့ပင်လယ် ဖြစ်လာခဲ့၏။
ချင်မူက နောက်ရေစက်တစ်စက် ထုတ်ရင်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ပြီး သူ၏ချီစွမ်းအင်လှုပ်ရှားနေစဉ် ကောင်းကင်နန်းဆောင်နောက်တစ်ဆောင် ဖန်တီးလိုက်သည်။
ဤကောင်းကင်နန်းဆောင်၏ အဆောက်အအုံများက နဂါးတို့အပေါ် အခြေခံထားသည်။ နတ်ဘုရားစီရင်ရာစင်မြင့်အထက်ရှိ ဓားသွားများသည် နဂါးများရစ်ခွေလျက် ဖွဲ့တည်နေခြင်း ဖြစ်၏။
ချင်မူက ကမ္ဘာဦးရေကြည်ဆီမှ ငါးစက်မြောက်ကို ထုတ်လိုက်သည့်အခါ တတိယကောင်းကင်နန်းဆောင် ထွက်ပေါ်လာသည်။
ဤကောင်းကင်နန်းဆောင်က ထိုက်ကျိစက်ဝန်း၏ အနောက်ဘက်၌ တည်ပြီး မဟူရာအမိုက်မှောင်ကဲ့သို့ အပြင်အဆင်ရှိသည်။ မည်းနက်နေသော ကောင်းကင်နန်းဆောင်တွင် မည်းနက်နေသာ နေတစ်စင်း၊ လတစ်စင်း ရှိနေပြီး ချင်မူ့အရိပ်မှ မြေအောက်ဘုံအရှင်သခင်၏ အသွင်သဏ္ဍာန်အား ဖော်ဆောင်ထားသည်။ ဤမဟူရာကောင်းကင်နန်းဆောင်က ချင်မူမြေအောက်ဘုံအရှင်သခင်၏ ဦးချိုကြားတွင် ပျံဝဲနေခြင်း ဖြစ်သည်။
သူက ခြောက်စက်မြောက် အရည်စက်အား တောက်ထုတ်လိုက်သည့်အခါ လေးဆောင်မြောက် ကောင်းကင်နန်းဆောင် ထွက်ပေါ်လာသည်။
ဤကောင်းကင်နန်းဆောင်က ထိုက်ကျိစက်ဝန်းအပေါ်၌ တည်ပြီး အပြင်အဆင်သည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားများအပေါ် အခြေခံထား၏။
၎င်းပေါ်ထွက်လာပြီးနောက် ချင်မူသည် ခုနစ်စက်မြောက် ကမ္ဘာဦးရေကြည်ကို ထုတ်လိုက်၍ ငါးခုမြောက် ကောင်းကင်နန်းဆောင် ထူမတ်လာသည်။ ဤကောင်းကင်နန်းဆောင်သည် ဓားစွမ်းအင်များ ကိန်းဝပ်နေသော ဓားကောင်းကင်နန်းဆောင် ဖြစ်၏။
သူက ရှစ်စက်မြောက်ကို ထုတ်လိုက်ပြီး သိုင်းလမ်းစဉ်၏စိတ်ဝိညာဉ်က ကောင်းကင်နှင့်မြေပြင်တစ်ခွင် စိုးမိုးသွားသည်။ သူ၏ချီစွမ်းအင်သည် သူ့အနောက်၌ ခြောက်ခုမြောက် ကောင်းကင်နန်းဆောင်၊ သိုင်းလမ်းစဉ်၏ ကောင်းကင်နန်းဆောင်ကို ဖန်တီးပေးလိုက်၏။
ကိုးစက်မြောက် ပျံထွက်လာသည့်အခါ ပန်းချီလမ်းစဉ် ကောင်းကင်နန်းဆောင်တစ်ဝက်က သူ၏ဘယ်ဘက်တွင် ပေါ်လွင်လာသည်။
ဆယ်စက်မြောက် ပျံထွက်လာသည့်အခါ အံ့အားသင့်ဖွယ် ဓားမရောင်က ဓားမလမ်းစဉ် ကောင်းကင်နန်းဆောင်တစ်ဝက်ကို သူ၏ညာဘက်၌ ဖွဲ့တည်ပေးလိုက်သည်။
ဆယ့်တစ်စက်မြောက်က ဆေးပညာကောင်းကင်နန်းဆောင်တစ်ဝက်ကို ဖန်ဆင်းသည်။
ဆယ့်နှစ်စက်မြောက်က ကောင်းကင်နတ်သိုင်း ကောင်းကင်နန်းဆောင်တစ်ဝက်ကို ဖော်ဆောင်၏။
ဆယ့်သုံးစက်မြောက်က ပန်းပဲပညာ ကောင်းကင်နန်းဆောင်တစ်ဝက် ပေါ်ထွက်လာစေ၏။
ဆယ့်လေးစက်မြောက်က ဗုဒ္ဓလမ်းစဉ် ကောင်းကင်နန်းဆောင်တစ်ဝက်အား တည်ဆောက်သည်။
ဆယ့်ငါးစက်မြောက်က စောရသူခိုး ကောင်းကင်နန်းဆောင်တစ်ဝက်ကို ဖွဲ့တည်သည်။
ဆယ့်ခြောက်စက်မြောက်သည် ဝင်္ကပါကောင်းကင်နန်းဆာင်တစ်ဝက် ထွက်လာစေ၏။
ကမ္ဘာဦးရေကြည်၏ ရေစက်ဆယ့်ခြောက်စက်လုံး ကုန်သွားသည့်အခါ ချင်မူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာက မပြောင်းလဲတော့ပေ။ ကောင်းကင်နန်းဆောင်တချို့သည် ပြည့်စုံသော်လည်း တချို့ကတော့ မပြည့်စုံ။ အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ကွဲပြားဆန်းကြယ်နေကြသည်။ စုစုပေါင်း ကောင်းကင်နန်းဆောင် ၁၄ ဆောင် ရှိသည်။
အခြားသူများသည် သူ၏ကျင့်စဉ်က ဧကရာဇ်ပလ္လင်အဆင့် သုံးခု၊ လေးခုကို ပေါင်းစည်းထားသည်ဟု ဆိုကြ၏။ မှန်ပေသည်။ သူ၏လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က ချိဧကရာဇ်၊ မင်ဧကရာဇ်နှင့် မဟာကာလတို့၏ ကျင့်စဉ်များနှင့် ရှေးဟောင်းနဂါးကျင့်စဉ်အစရှိသော ကျင့်စဉ်များအား ရောသမမွှေထားခြင်း ဖြစ်သည်။ မဟာကာလ၏ အမှောင်မိုကျားသုတ္တန်မှာ မပြည့်စုံသေးသဖြင့် ကောင်းကင်နန်းဆောင်တစ်ဝက်သာ ဖွဲ့တည်နေ၏။
သို့သော် ချင်မူသည် ဓားလမ်းစဉ်သို့ ဝင်ရောက်ပြီး ပြိုင်ဘက်ကင်းသော ဓားကောင်းကင်နတ်သိုင်းများကို တီထွင်ခဲ့သောကြောင့် ဓားကောင်းကင်နန်းဆောင်ကို တည်ဆောက်နိုင်၏။ သိုင်းပညာကိုလည်း သိမြင်နှံ့စပ်ပြီး သိုင်းပညာကောင်းကင်ဆရာသခင် ကွမ်းချာ၏ သိုင်းပညာကောင်းကင်ကျင့်စဉ်ကိုလည်း လေ့လာခဲ့ဖူးသည်။ ထို့ကြောင့် သူ၏သိုင်းလမ်းစဉ်သည် ကောင်းကင်နန်းဆောင်အဖြစ် ဖွဲ့တည်လာသည်မှာ မထူးဆန်းပေ။
သို့သော် ဓားမ၊ ပန်းချီ၊ စောရ၊ ဝင်္ကပါ၊ ကောင်းကင်နတ်သိုင်း၊ ပန်းပဲနှင့် ဆေးပညာကဲ့သို့ ကမ္ဘာခေတ်နှောင် မဟာတာအိုများမှာမူ ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားတို့ဆီမှ သင်ယူထားသော ပညာရပ်များ ဖြစ်ကြသည်။
ချင်မူသည် ထိုပညာရပ်များတွင် လမ်းစဉ်သို့ မဝင်ရောက်သေးသော်လည်း ဒုက္ခိတကျေးရွာ၏ အဘိုးအဘွားများကတော့ ဝင်ရောက်ပြီးကျချေပြီ။ သိုင်းအဆင့်နိမ့်ကျနေ၍သာ ကောင်းကင်နန်းဆောင်အဆင့်သို့ မတက်လှမ်းရသေးခြင်း ဖြစ်သည်။
ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားများက သူ့ကို မျိုးစေ့တစ်စေ့ ချပေးခဲ့ကြပြီး ထိုမျိုးစေ့မှ အညှောင့်ထွက်လာာချေပြီ။
ထို့ကြောင့် ချင်မူသည် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်အတော်များများကို ကျင့်ကြံထားသယောင် ထင်ရသော်လည်း တကယ်တမ်းတွင် အနည်းအကျဉ်းသာ ရှိ၏။
‘ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ရင် ရွာလူကြီးနဲ့ ကျန်တဲ့သူတွေဆီ သွားပြီး သေသေချာချာ လေ့ကျင့်ရမယ်’
ချင်မူ၏ မူလဝိညာဉ်က ပင်မကောင်းကင်နန်းဆောင်၏ တောင်ကောင်းကင်မုခ်ဝအောက်သို့ လမ်းလျှောက်သွားသည်။ ၎င်းဆီမှ အားလှိုင်းကြောင့် သူ့ရင်ထဲတွင် နာကျင်မှုတချို့ ခံစားလာရ၏။ သူက တွေးနေလေသည်။ ‘ငယ်တုန်းက မကြိုးစားဘဲ ကြီးမှ ငိုနေလို့ အလကားပဲ.... ရွာလူကြီးနဲ့ ကျန်တဲ့သူတွေ မကြိုးစားရင် ငါ တခြားကောင်းကင်နန်းဆောင်တွေကို ပြည့်စုံအောင် ဖန်တီးနိုင်မှာမဟုတ်ဘူး’
‘အရင်တုန်းက သူတို့က ငါ့ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးပြီး ကြိုးစားခိုင်းခဲ့တယ်… အခု ငါလည်း သူတို့ကို ပြန်လေ့ကျင့်ပေးရတော့မယ်… သူတို့ကောင်းကင်နန်းဆောင်အဆင့် ရောက်မှ ငါ့ကောင်းကင်နတ်ဘုံက ပြည့်စုံလာမှာ’
သူ၏မူလဝိညာဉ်မှာ တောင်ကောင်းကင်မုခ်ဝ၏ ဖိအားကို ပြင်းထန်စွာ ခံစားနေရသည်။ ထိုအချိန်တွင် သူ၏ကိုယ်ပွားများက ကျန်ကောင်းကင်နန်းဆောင်များ၏ တောင်ကောင်းကင်မုခ်ဝတို့အောက်သို့ ဝင်ရောက်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ဖိနှိပ်ဖျက်စီးခံနေရသည်။
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်နန်းဆောင် ၁၄ ဆောင်ကို ဖြတ်ကျော်၍ အစစ်အမှန်နတ်ဘုရားတစ်ပါး ယခုချက်ချင်း ဖြစ်လာချင်ပါသော်လည်း သူ့အတွက် ခက်နေသည်။
အဘယ်ကြောင့်ဆိုသော် ကျန်ကောင်းကင်နန်းဆောင်တို့၏ ကျင့်စဉ်များမှာ မပြည့်စုံသေးသောကြောင့် သူ့အတွက် ၁၄ ဆောင်လုံးကို ဖြတ်ကျော်ကာ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာရန် ခက်နေခြင်းပင်။
ချင်မူ သက်ပြင်းချကာ မျက်လုံးဖွင့်လိုက်သည်။
လော့ဝူရွှမ်၏ အသံက သူ့ဆီ ရောက်လာသည်။ “လောကသခင်ခန္ဓာချင်၊ မင်းရဲ့ ကျင့်စဉ်စွမ်းအင်တွေ ရုတ်တရက်ကြီး အားကောင်းလာတာ ငါ သတိထားမိတယ်…. မင်း ဘာဖြစ်သွားတာလဲ”
ချင်မူက စိတ်ညစ်ညစ်ဖြင့် ဖြေ၏။ “နတ်ဘုရားဖြစ်သွားတာ”
လော့ဝူရွှမ်မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။ “ဒါက ကောင်းတဲ့အရာ မဟုတ်လား… ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ… မင်းက အသက်သုံးဆယ်ဝန်းကျင်ပဲ ရှိသေးတယ်လေ… ဒီအရွယ်မှာ နတ်ဘုရားတစ်ပါး ဖြစ်လာတာနဲ့တင် အထင်ကြီးစရာဖြစ်နေပြီ… ပြီးတော့ ကောင်းကင်နတ်အရှင်ရှု ပိတ်မိနေတယ်”
“ကျွန်တော်က နှစ်နှစ်သားပဲ ရှိသေးတာပါဗျာ… ဘယ်နှယ့် အသက်သုံးဆယ်တုန်း… ကောင်းကင်နတ်အရှင်ရှု ပိတ်မိနေတယ်ဟုတ်လား”
ချင်မူက လေဟာနယ်တံတားအပေါ် ခုန်တက်၍ ဝမ်းသာအားရ ပြောလိုက်သည်။ “ကောင်းတာပေါ့… အခု မဟာလေဟာနယ်မှာ ဘယ်သူမှ ကျွန်တော့်ကို မခြိမ်းခြောက်နိုင်တော့ဘူး”
“ဟုတ်လား ကောင်းကင်နတ်အရှင်မူ” ရှင်းလင်းပြတ်သားပြီး အေးစက်နေသော အသံတစ်သံသည် သူ့အနောက်မှ ထွက်ပေါ်လာ၏။