← Chapters

အသိမိတ်ဆွေများ

Vol. 10 Ch. 25

အသိမိတ်ဆွေများ

Vol. 10 Ch. 25

“ဖလောအာ၊ ဒီနေ့မြို့ထဲလိုက်မလား။” စီးနေကျ ဘယ်ထရီဆိုင်ကယ်ရဲ့ချိန်းကြိုးထဲ ချောဆီထည့်နေရင်းကနေ မင်းလွင်က နောက်မှာရပ်နေတဲ့ ဖလောအာကို မေးလိုက်တယ်။

“အင်း၊ လေညှင်းခံရုံပဲမဟုတ်လား။” ဖလောအာက သဘောတူလိုက်တယ်။ ဒီနှစ်တွေမှာ ဖလောအာက မင်းလွင်ပြောရင် ငြင်းခဲတယ်။ ငြင်းဖူးတယ်ဆိုတာ မရှိသလောက်ပဲ။ မင်းလွင်က သူ့ရဲ့ငွေရောင်ဆိုင်ကယ်ဝတ်စုံကို စနစ်တကျဖြစ်အောင်ဝတ်လိုက်ပြီး ဖလောအာကို ဆိုင်ကယ်ဦးထုပ်ဆောင်းပေးလိုက်တယ်။

မင်းလွင်က ဆိုင်ကယ်ရဲ့ရှေ့မှာထိုင်လိုက်တဲ့အချိန် ဖလောအာက နောက်ကနေဝင်ထိုင်တယ်။ နောက်တော့သူတို့နှစ်ယောက် မြို့လေးထဲ စပတ်ကြတယ်။ လေ​ပြေက သူတို့ခန္ဓာကိုယ်တွေကို တိုက်ခတ်နေပြီးတော့ ဖလောအာရဲ့ခါးအထိကျဆင်းနေတဲ့ ဆံပင်တွေက လေထဲမှာ တဖြတ်ဖြတ်လွှင့်မျောနေတယ်။ ဖလောအာက မင်းလွင်ရဲ့ခါးကို တင်းတင်းဖက်ထားပြီး ပြုံးရုံလေးပြုံးထားတယ်။

“နွေဦးရောက်လာပြန်ပြီနော်။ မင်းလွင်၊ ဘယ်ကောလိပ်တက်မယ်လို့ စဥ်းစားထားလဲ။”

ဖလောအာမေးလိုက်တဲ့မေးခွန်းကို မင်းလွင်သေချာပြန်မဖြေနိုင်ပါဘူး။ သူက အတွေးများနေတဲ့အတွက် ဆိုင်ကယ်ကိုလမ်းဘေးချမောင်းပြီးတော့ အရှိန်ကိုလျှော့လိုက်တယ်။

“ဖလောအာကရော ဘယ်တက္ကသိုလ်တက်မယ်စဥ်းစားထားလဲ။”

“ချီကာဂိုတက္ကသိုလ်မှာ ဗိသုကာမေဂျာလျှောက်ဖို့ စဥ်းစားထားတယ်။”

မင်းလွင်က ဖလောအာပြောတာကို နားထောင်ပြီးတဲ့နောက် အသက်ရှုသံအောက်ကနေ သက်ပြင်းတိုးတိုးလေး ချလိုက်တယ်။ ပြီးတဲ့နောက် သူက စိတ်ဓာတ်ကျနေတဲ့ လေသံနဲ့ပြန်ဖြေလေရဲ့။

“တကယ်တော့ တက္ကသိုလ်ဆက်မတက်တော့ဖို့ စဥ်းစားနေတာ။”

“ဘာဖြစ်လို့လဲ...”

“အောင်စာရင်းထွက်ပြီးတဲ့နောက် အမှတ်မကောင်းတာ သိလိုက်ရတယ်လေ။ အနားကကောလိပ်တစ်ခုခုမှာ ဒီပလိုမာတန်းတက်နိုင်ရုံလောက်ပဲရှိမှာ။ ဒီတော့ ငါက မင်းတက်မယ့်တက္ကသိုလ်ကို လိုက်မတက်နိုင်ဘူးလေ။”

ဖလောအာက မင်းလွင်ကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တယ်။ “အရင်က ပြောထားသလိုပဲ ကျွန်မက မင်းလွင်တက်မယ့်ကျောင်းကိုပဲတက်မှာ။ ကျွန်မက ဗိသုကာမေဂျာကို စိတ်ဝင်စားရုံပါပဲ။ ဘယ်မှာတက်ရတက်ရ အဆင်ပြေပါတယ်။”

မင်းလွင်က ဆိုင်ကယ်ကို လက်တစ်ဖက်လွှတ်လိုက်ပြီး ဖလောအာရဲ့လက်ကို ထိလိုက်တယ်။ သူ့နှုတ်ခမ်းတွေက ပြုံးယောင်သန်းသွားပေမဲ့ ခဏနေတော့ အပြုံးကပျောက်သွားတယ်။

“ဒါပေမဲ့ အဲဒီလိုဆိုရင် ဖလောအာအတွက် မတရားဘူးလေ။ ငါက ဖလောအာကို ဆွဲချသလိုဖြစ်နေမှာပေါ့။”

ဖလောအာက မင်းလွင်ရဲ့ပခုံးပေါ် မျက်နှာအပ်ထားရင်း ကွဲအက်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။ “အဲဒီလိုမဟုတ်ပါဘူး။ ကျွန်မက ရှင်နဲ့အတူအမြဲရှိနေမှာလေ။”

မင်းလွင်က ဆိုင်ကယ်ကို ရပ်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ ပြီးနောက် ဖလောအာရဲ့ပခုံးကိုဆုပ်ကိုင်ပြီး မေးလိုက်တယ်

။

“ဘာလို့လဲ... ငါတို့က ဒီအတိုင်းငယ်သူငယ်ချင်းတွေပဲလေ။ မင်းအနေနဲ့ ငါ့အနားမှာအမြဲရှိနေဖို့မလိုဘူး။ငါ့ကိုထားပြီး ထွက်သွားလို့ရနေရဲ့နဲ့...”

ဖလောအာက မင်းလွင်ကို မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ မင်းလွင်ရဲ့မေးခွန်းတွေအတွက် သူ့မှာအဖြေရှိခဲ့ပြီးသား။

“ဘာလို့ဆိုရင် ကျွန်မက မင်းလွင်ကို ချစ်မိနေပြီး မင်းလွင်က ကျွန်မဘဝမှာ တစ်ယောက်တည်းသော တန်ဖိုးထားရသူဖြစ်နေလို့ပါ။”

“ဒါပေမဲ့ ငါမင်းကိုချစ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ။” မင်းလွင်က ကျောင်းပြီးတည်းက ဖလောအာကို အဖြေမပေးခဲ့ဘူး။ ဒါပေမဲ့ ဖလောအာကတော့ တွယ်ကပ်နေဆဲပါ။ သူက ခေါင်းခါလိုက်တယ်။

“ရှင်က ကျွန်မကို အဖြေမပေးရင်တောင် ကျွန်မက ရှင့်အနားမှာ ဖြစ်နိုင်သမျှ ဆက်ပြီးတွယ်ကပ်နေဦးမှာ။”

ဖလောအာရဲ့သဘောထားကို သိရပြီးတဲ့နောက်မှာတော့ မင်းလွင်က မြေပြင်က သူ့အရိပ်ကိုသူငုံကြည့်လိုက်ပါတယ်။ နောက်တော့ လေသံမာမာနဲ့ပြောလိုက်တယ်။

“အနာဂတ်မရှိတော့ဘဲ ကြေမွနေတဲ့​​ယောက်ျားကို ထားခဲ့ပြီး မင်းလမ်းကိုမင်းလျှောက်ပါတော့။”

မင်းလွင်က ဖလောအာကို ပြတ်ပြတ်သားသားငြင်းလိုက်တယ်။ ဒါပေမဲ့ ဖလောအာကတော့ မင်းလွင်ကို ပြုံးပြီးကြည့်နေဆဲပဲ။

“ကျွန်မ အဲဒီလိုမလုပ်နိုင်တာ ရှင်သိရဲ့သားနဲ့။” ပြီးတဲ့နောက် သူတို့နှစ်ယောက်တိတ်ဆိတ်သွားပြီး တစ်ယောက်ကိုတစ်ယောက် အကြာကြီးစိုက်ကြည့်နေခဲ့မိကြတယ်။ ဖလောအာက မင်းလွင်ရဲ့လက်တွေကိုဆုပ်ကိုင်ထားလိုက်တယ်။

“ရှင်က ကျွန်မကိုမချစ်တာမဟုတ်မှန်း ကျွန်မသိတယ်။ ရှင်က ဒီအတိုင်း ကျွန်မရဲ့အချိန်တွေကို ရှင့်အတွက် ဆက်ပြီးမဖြုန်းတီးစေချင်တာမဟုတ်လား။” ဖလောအာက ဒီစကားနဲ့အတူ ရှေ့ကိုတစ်လှမ်းတက်လိုက်တယ်။

“ရပ်လိုက်တော့...” မင်းလွင်က သူ့ရင်ထဲကနေ စူးခနဲခံစားလိုက်ရပြီး နေရာကနေထွက်သွားဖို့ ကြိုးစားခဲ့ပေမဲ့ ဖလောအာက သူ့လက်တွေကို တင်းတင်းဆုပ်ကိုင်ထားတယ်။

“ရှင့်ကိုယ်ရှင် တန်ဖိုးမရှိတဲ့လူတစ်ယောက်လို မြင်နေတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ ရှင်က တန်ဖိုးဖြတ်ရမတဲ့ တည်ရှိမှုမျိုးပါ။”

“တော်လိုက်တော့...” မင်းလွင်ရဲ့လည်ချောင်းက ခြောက်သွေ့နေတယ်။ သူပြောချင်တဲ့စကားတွေက ပါးစပ်ထဲကနေ ထွက်ကျမလာဘူး။ ‘ငါက ကိုယ့်အိပ်မက်အတိုင်းလျှောက်လှမ်းဖို့ ကျရှုံးသွားတဲ့လူတစ်ယောက်။ မိသားစုနဲ့မိတ်ဆွေတွေကို အမြဲဒုက္ခးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးနေတဲ့ လူတစ်​ယောက်လေ။ ဒါတောင်မှ ဘာကြောင့်လဲ။’

“ကျွန်မပြောခဲ့ပြီးသား၊ ရှင်က ကျွန်မအတွက် သူရဲကောင်းဖြစ်ခဲ့ပြီးသား။ ဒါကြောင့် ရှင်က လူတိုင်းအတွက်လည်း သူရဲကောင်းဖြစ်လာနိုင်တယ်ဆိုတာ ကျွန်မယုံကြည်တယ်။ အဲဒီနေ့ကိုရောက်လာတဲ့အထိ ကျွန်မရှင့်ဘေးမှာ ရှိနေချင်တယ်။ ဒါကြောင့် ကျွန်မကို မောင်းမထုတ်ပါနဲ့တော့။”

ဖလောအာက မင်းလွင်ရဲ့ရင်ခွင်ထဲ ခေါင်းကိုထိုးဝင်လိုက်ပြီး မင်းလွင်ရဲ့ခန္ဓာကိုယ်ကို တင်းတင်းဖက်ထားလိုက်တယ်။ မင်းလွင်ကိုယ်တိုင်လည်း မျက်ရည်တွေ ထိန်းမရတော့ဘူး။

“ဖလောအာ၊ ကိုယ့်အတွက်တော့ မင်းရဲ့တည်ရှိမှုက နတ်ဘုရားမလေးတစ်ပါး အနားရောက်လာသလိုပါပဲ။”

“ဒါဆို မြို့ထဲဆက်ပြီးကင်းလှည့်ကြမဘား၊ သူရဲကောင်းကြီး။”

...

အဲဲဒီနောက်တော့ သူတို့နှစ်ယောက်က ဆိုင်ကယ်ပေါ်ပြန်တက်ဖြစ်ကြတယ်။ မင်းလွင်နဲ့ဖလောအာက သူတို့နှစ်ယောက်ကြားမှာရှိနေတဲ့ တံတိုင်းကြီးတစ်ခုပြိုကျသွားသလို ခံစားရပြီး တစ်ယောက်ကိုယ်တစ်ယောက် ပိုနားလည်လာကြသလို ခံစားကြရပါတယ်။

“မင်းလွင်၊ ရှင်ကောလိပ်မတက်တော့ရင် ကျွန်မလည်းမတက်တော့ဘူး။ ရှင့်အတွက် ဟီးရိုးအကူလုပ်ပေးမယ်လေ။”

“ဟင့်အင်း၊ အနားက ကောလိပ်မှာ ဖလောအာနဲ့အတူ ဗိသုကာမေဂျာတက်ကြမယ်။ ငါစိတ်မဝင်စားတဲ့မေဂျာပေမဲ့ ဖလောအာအတွက် ကြိုးစားပေးမှာပါ။”

ဖလောအာက မင်းလွင်ရဲ့စကားကြောင့် ပြုံးလိုက်မိတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်က မြို့ထဲဆက်သွားဖြစ်ကြတယ်။

တစ်နေရာရောက်တော့ မြို့မီးသတ်ရေကန်တစ်ကန်ရဲ့ကန်ဘောင်နားမှာ လူတွေစုပြုံနေတာ တွေ့လိုက်ရတဲ့အတွက် မင်းလွင်က ဆိုင်ကယ်ကိုရပ်ထားလိုက်ပြီးအခြေအနေသွားကြည့်တယ်။

“ဘာဖြစ်တာလဲ။” မင်းလွင်က ဖုန်းကိုင်ပြီးဓာတ်ပုံရိုက်နေတဲ့ အရပ်သားတစ်ယောက်ကို မေးလိုက်တော့ အဲဲဒီလူ​က ရေကန်အလယ်မှာ ရုန်းကန်နေရတဲ့ ကလေးတစ်ယောက်ကို လက်ညိုးထိုးပြပြီးပြောပါတယ်။

“ကောင်လေးတစ်ယောက် ကန်ထဲရေဆင်းကူးရင်းနဲ့ ကြွက်တက်သွားတယ်ထင်တယ်။ ရဲကိုဖုန်းဆက်ထားပေမဲ့ မရောက်လာသေးဘူး။”

မင်းလွင်က ပတ်ဝန်းကျင်က လူတွေကိုသေချာကြည့်လိုက်တယ်။ အကုန်လုံးက ကလေးတွေကယ်ဖို့ထက် ဖုန်းကိုယ်စီနဲ့ဓာတ်ပုံရိုက်နေကြတာ။

“ဒီလောက်လူအုပ်ထဲ ရေကူးတတ်တဲ့သူပါမှာပဲ။ ဒါကိုတောင် လူကယ်ဖို့ထက် ဖုန်းနဲ့ဓာတ်ပုံရိုက်တင်ဖို့က အရေးကြီးနေတာလား။”

သူက ဒေါသထွက်ထွက်နဲ့ပြောလိုက်ပြီး ရေကန်ထဲကို ချက်ချင်းဒိုင်ပင်ပစ်ဆင်းချသွားတယ်။ ဖလောအာကတော့ ကန်ဘောင်ပေါ်ကနေ စိုးရိမ်တကြီးကြည့်ကျန်နေရစ်တာပေါ့။

လူတွေကတော့ ငွေရောင်ဝတ်စုံနဲ့လူငယ်လေးက ရေနစ်နေတဲ့ကလေးကိုကယ်တာကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ် တိုက်ရိုက်လွှင့်နေကြတယ်။ မကြာခင်မှာပဲ မောဟိုက်နေတဲ့မင်းလွင်က ကလေးနဲ့အတူ ကန်ဘောင်ပေါ်ကို ပြန်ရောက်လာကြတယ်။ ဒီတော့မှ လူတွေက လက်ခုပ်တီးပြီး အားပေးကြပါတယ်။

“မင်းလွင်၊ နင်က ဒုက္ခရောက်နေတဲ့ တခြားလူတစ်ယောက်ကို ကယ်လိုက်နိုင်ပြန်ပြီ။” ဖလောအာက သူ့ဝတ်ထားတဲ့ အပေါ်ထပ်အနွေးထည်အင်္ကျီကို ရေစိုနေတဲ့ကလေးပေါ်ခြုံပေးလိုက်ရင်း မင်းလွင်ကိုပြုံးပြလိုက်တယ်။ မင်းလွင်ကလည်း ပြန်ခေါင်းညိတ်ပြလိုက်တယ်။

“အင်း....”

ဒါပေမဲ့ ခဏနေတော့ ရဲဝတ်စုံကိုဝတ်ထားပြီး ဆံပင်ကို နောက်မှာမြင်းမြီးပုံစုချည်ထားတဲ့ ရဲမေတစ်ယောက်ရောက်လာပြီး မင်းလွင်ရဲ့လက်ကို လက်ထိပ်ခတ်ထားလိုက်တယ်။

“ကဲ... မြို့ရဲ့ပုံပြင်ထဲက သူရဲကောင်းကြီးရေ။ ရှင်ဒီကလေးကို ဘယ်လိုမြင်ပြီး ဘယ်လိုကယ်ခဲ့တယ်ဆိုတာကို ကျွန်မကိုအသေးစိတ် ဖြောင့်ချက်ပေးခဲ့ပါဦး။”

ဖလောအာကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေကို နားမလည်နိုင်တဲ့အတွက် ကြောင်ပြီးကြည့်နေပါတယ်။ မင်းလွင်ကတော့ သူ့ကိုလက်ထိပ်ခတ်ထားတဲ့ရဲမေကို အခက်တွေ့နေတဲ့မျက်နှာနဲ့ကြည့်လိုက်ပြီး ပြောလိုက်လေရဲ့။

“အ.... အရာရှိလင်ဒါ။”

...

ခဏနေတော့ မင်းလွင်တို့အုပ်စုက မြို့ငယ်လေးကရဲ့လူခြေတိတ်တဲ့ ကဖေးတစ်ခုမှာရောက်နေပါပြီ။ အရာရှိလင်ဒါကလည်း မှတ်စုထဲမှာ ကလေးကိုကယ်တဲ့အဖြစ်အပျက်မှတ်သမျှ ရေးမှတ်ပြီးတဲ့နောက်မှာ​ လက်ထိပ်ကို ဖြုတ်ပေးလိုက်ပါတယ်။

“ဒီလောက်ဆိုရပါပြီ၊ ဒါပေမဲ့ နေ့လယ်စာစားချိန်လည်းရောက်နေပြီဆိုတော့ စားသွားကြပါလား။ ငါပိုက်ဆံရှင်းပေးမယ်လေ။”

လင်ဒါက ပြောလိုက်တယ်။ မင်းလွင်က စိတ်ပျက်ပျက်နဲ့ သက်ပြင်းချလိုက်ပေမဲ့ ဖလောအာကတော့ ရုတ်တရက်ကြီး မင်းလွင်ရှေ့မှာပေါ်လာတဲ့ ရဲမေအလှလေးကို မကြည်တဲ့အကြည့်နဲ့ ကြည့်နေတုန်းပဲ။ သားပေါက်လေးတွေကို ကာကွယ်ဖို့လုပ်နေတဲ့ ငှက်အမေကြီးကျလို့။

“ကိုမင်းလွင်၊ ဒီက အရာရှိနဲ့ဘယ်ကနေဘယ်လိုရင်းနှီးသွားတာလဲဟင်။” ဖလောအာက လေသံပျော့ပျော့နဲ့မေးလိုက်တယ်ဆိုပေမဲ့ ​မင်းလွင်က လေထုထဲက ခြိမ်းခြောက်မှုကို ခံစားမိပြီးတော့ ကျောချမ်းလာတယ်။ ဒါကြောင့် မင်းလွင်က လေပူတွေကို မှုတ်ထုတ်ရင်းပြောလိုက်တယ်။

“ရင်းနှီးတယ်လို့တော့ ပြောလို့မရပါဘူး။ ပြိုင်ဖက်တွေလို့ပြောရမလား။” အဲဒီနောက်တော့ မင်းလွင်က သူနဲ့လင်ဒါ စတွေ့တဲ့အကြောင်းကို ပြောပြပါတယ်။

“ပြီးခဲ့တဲ့လက ညပိုင်းကင်းလှည့်ရင်းနဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းဖြစ်တယ်လေ။ ဖြစ်ချင်တော့ အရာရှိလင်ဒါကလည်း အဲဒီသူခိုးကို လူကိုယ်တိုင်လိုက်နေခဲ့ပြီးတော့ သူခိုးကို ပြိုင်တူဖမ်းမိတာပဲ။”

နောက်တော့ မင်းလွင်က ဖလောအာကို နားနားကပ်ပြီးတီးတိုးပြောလိုက်တယ်။ “ရပ်ကွက်ထဲကလူတွေပြောတာတော့ အရာရှိလင်ဒါက နယူးယောက်မှာ အထက်အရာရှိကိုပြန်ခံပြောမိလို့ ငါတို့မြို့လေးကိုရောက်လာတာတဲ့။ တရားဥပဒေကိုချစ်တဲ့ အလုပ်ဂျပိုးတစ်ယောက်ဘဲ။”

လင်ဒါကတော့ မင်းလွင်တစ်ယောက် ဖလောအာကို တီးတိုးပြောနေတာကိုကြည့်ပြီး မကျေမနပ်နဲ့ပြောလိုက်ပါတယ်။ “မင်းလွင်၊ နင်က ငါ့ကိုရှေ့မှာထားပြီး ငါ့အကြောင်း အတင်းပြောနေတယ်ပေါ့လေ။”

“ဟီးဟီး... စိတ်မရှိပါနဲ့အရာရှိလင်ဒါ။”

လင်ဒါကတော့ သက်ပြင်းချလိုက်ပြီးတော့ မင်းလွင်ကို ပြောလိုက်တယ်။ “ဒါပေမဲ့ မင်းလွင်၊ ရဲအရာရှိတစ်​​ယောက်အနေနဲ့ပြောရရင် နင်လုပ်နေတာတွေကို ရပ်လိုက်စေချင်တယ်။ လူတွေကိုကူညီတာက ကောင်းတယ်ဆိုပေမဲ့ နှစ်ဖက်သွားဓားလိုပဲ။”

လင်ဒါစကားပြောနေရင်း စားပွဲထိုးက သူတို့အတွက်မှာထားတဲ့ ဟမ်ဘာဂါတချို့နဲ့အာလူးချောင်းကြော်တွေ လာချပေးတယ်။ လင်ဒါက ဟမ်ဘာဂါကိုတစ်ကိုက်ကိုက်ပြီး ပြန်ချတယ်။ ပြီးတဲ့နောက်...

“နင်လူဆိုးတွေနဲ့ရင်ဆိုင်ရင်း ဒဏ်ရာရနိုင်သလို၊ သူများတွေကိုကယ်ရင်း ကိုယ်တိုင်ဒုက္ခရောက်သွားနိုင်ခြေလည်းရှိတယ်။ ပြီးတော့ တရားဝင်ဥပဒေထိန်းသိမ်းရေးအရာရှိမဟုတ်တဲ့နင်က တရားခံတွေကို ဖမ်းဆီးထိန်းသိမ်းခွင့်မရှိသလို တိုက်ခိုက်ပိုင်ခွင့်လည်းမရှိဘူး။ နင်က တရားဥပဒေရဲ့ကြိုးတန်းပေါ်မှာ တဲတဲလေးလျှောက်နေတာဖြစ်ပြီး တစ်ချက်လေးမှားတာနဲ့ ဥပဒေချိုးဖောက်သူဖြစ်သွားနိုင်တယ်။”

မင်းလွင်က သက်ပြင်းချလိုက်တယ်။ စိတ်ကူးယဥ်မဟုတ်တဲ့ လက်တွေ့လောကကြီးမှာက ဟီးရိုးဆိုတာ ဝါသနာပါတိုင်းလုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူးလေ။ဒါကိုမင်းလွင်ကိုယ်တိုင်လည်း နားလည်ထားပြီးသားပါ။

“ဒါကို ကျွန်တော်သိပါတယ်၊ အန္တရာယ်များတဲ့ကိစ္စတွေ မလုပ်ဘူးလို့လည်း အိမ်နဲ့သဘောတူခဲ့ပြီးသား။”

မင်းလွင်က ပြောလိုက်တော့ လင်ဒါက ခေါင်းညိတ်လိုက်တယ်။ သူ့မျက်နှာက ချက်ချင်းလေးနက်သွားပြီး ဆက်ပြောတယ်။

“ပြီးတော့ နောက်တစ်ခါ ကိစ္စတစ်ခုခုမှာကူညီပေးလို့ နင်ငါ့ကိုတွေ့ရင် ထွက်ပြေးဖို့မကြိုးစားပါနဲ့။ ရဲအရာရှိတစ်ယောက်အနေနဲ့ မှုခင်းဖြစ်စဥ်ကိုမှတ်တမ်းတင်ဖို့က အရေးကြီးတယ်။ ဒီတော့ နင့်ဆီက ဖြောင့်ချက်ရဖို့က အရေးအကြီးဆုံးပဲ။ နင်အမှားမလုပ်ထားရင်တောင် ရဲတစ်ယောက်ဆီ ဖြောင့်ချက်မပေးဘဲ ထွက်ပြေးတာမျိုးက သံသယကိုတိုးပွားစေတယ်ဆိုတာ သတိရပါ။”

“ဟုတ်ကဲ့အရာရှိ။” မင်းလွင်က လင်ဒါပြောသမျှကို ခေါင်းညိတ်နေပေမဲ့ စိတ်ထဲမှာ ဒီနေရာကနေ ထွက်သွားချင်နေပြီ။ ဒါပေမဲ့ လက်ချာပေး​နေတဲ့လင်ဒါက အဲဒီလိုလုပ်ရင် သူ့ကိုအချုပ်ထဲတန်းထည့်မယ့်မျက်နှာနဲ့လေ။

“ပြီးတော့ ဒီလက်မှတ်ကိုယူထား။ တခြားရဲတွေနဲ့တွေ့ရင် အနည်းဆုံးတော့ နင်က ယုံကြည်စိတ်ချရတဲ့သူဆိုတာ သိနိုင်တာပေါ့။” အရာရှိလင်ဒါက သူ့ကိုကတ်ပြားလေးတစ်ပြားပေးလိုက်တယ်။ ဒေသခံရဲသတင်းပေးကတ်ပြားပါ။ ပုံမှန်ဆိုရင်တော့ လူဆိုးဂိုဏ်းတွေထဲက သတင်းပေးတွေကိုပဲပေးတာမျိုးဖြစ်ပေမဲ့ မင်းလွင်ကတော့ ထူးခြားတယ်လို့ပြောနိုင်ပါတယ်။

...

နယူးယောက် ပလာဒင်အကြီးစားစက်မှုလုပ်ငန်းစုရဲ့မန်နေဂျာချုပ်ရုံးခန်းထဲမှာတော့ ဖလေရာက စာရွက်စာတမ်းတွေကိုတိုက်စစ်နေရင်းနဲ့ ခေါင်းကိုခါယမ်းလိုက်ပါတယ်။

“တကယ်ပဲ အဲဒီမြို့က ငါတို့ရဲ့ဌာနခွဲက ထူးဆန်းနေတယ်။ ငွေစာရင်းတွေကွာနေတာ သုံးလရှိပြီ။ ပြီးတော့ သုတေသနနဲ့ဖွံဖြိုးရေးအတွက်ဆိုပြီး ဘားဂျက်အများဆုံးရပြီး ဘာရလဒ်မှထွက်မလာဘူး။”

ပလာဒင်လုပ်ငန်းစုက နိုင်ငံရဲ့ပထမတန်းစားကုမ္ပဏီတစ်ခုဖြစ်ခဲ့ပေမဲ့ အခုနှစ်ပိုင်းတွေမှာ ကျဆင်းနေခဲ့တာကြာပါပြီ။ သူတို့ရဲ့အဓိကထုတ်ကုန်တွေက သံလုပ်ငန်းစက်ရုံတွေအတွက် စက်ပစ္စည်းတွေထော​က်ပံပေးရတာမျိုးဖြစ်ပေမဲ့ နိုင်ငံခြားကတင်သွင်းလာတဲ့ စက်ယန္တရားတွေက ပိုစျေးချိုလာတာကြောင့် ကြီးမားတဲ့ဖိအားကို ခံစားနေရပြီ။

“ကုမ္ပဏီစီးပွားရေးကျဆင်းနေတဲ့အချိန်မျိုးမှာ အလွဲသုံးစားမှုဖြစ်တယ်ဆိုတာ လုံးဝသည်းမခံနိုင်စရာပဲ။ လူကိုယ်တိုင်သွားစစ်မှဖြစ်မယ်။”

ဖလေရာက သူ့အတွေးနဲ့သူစဥ်းစားလိုက်ပြီးတဲ့နောက် ရုံးတွင်းသုံးဖုန်းကိုကိုင်ပြီး နံပါတ်တစ်ခုကို ဆက်လိုက်ပါတယ်။

“ဟယ်လို၊ ရုံးတွင်းဆက်သွယ်ရေးဌာနကလား။ အဲဒီမြို့ကဌာနခွဲကို မန်နေဂျာချုပ်အနေနဲ့လာစစ်ဆေးဖို့ရှိတယ်လို့ အကြောင်းကြားလိုက်ပါ။”

ဒါပေမဲ့ဖုန်းရဲ့တစ်ဖက်ကနေပြီး ထွက်လာတဲ့အဖြေကြောင့် ဖလေရာက မျက်မှောင်ကြုတ်လိုက်ပါတယ်။

“မန်နေဂျာချုပ်ခင်ဗျ၊ အဲဒီမြို့ကဌာန ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရေဂင်စီနီယာရဲ့အလေးပေးမှုခံရတဲ့ဌာနပါ။ ဘုတ်အဖွဲ့ကို အစီအရင်မခံဘဲ သွားဖို့အဆင်ပြေပါ့မလား။”

“သာမန်ခြောက်လတစ်ကြိမ်လုပ်တဲ့ ပုံမှန်စစ်ဆေးမှုကို တစ်လအချိန်စောပြီးလုပ်ရုံပဲလေ။ မန်နေဂျာချုပ်အနေနဲ့ ဘုတ်အဖွဲ့အထိ အစီရင်ခံစရာမလိုပါဘူး။”

ဖလေရာက စီစဥ်စရာရှိတာ စီစဥ်ခိုင်းလိုက်ပြီး ဖုန်းကိုချလိုက်တယ်။ ပြီးတဲ့နောက် သက်ပြင်းရှည်ကြီးကို ချလိုက်ပါတယ်။ ပလာဒင်လုပ်ငန်းစုကို ဘယ်ရီဂရင်းမိသားစုက တည်ထောင်ခဲ့တာဖြစ်ပေမဲ့ မိသားစုရဲ့ဒုတိယမျိုးဆက်က အရည်အချင်းမရှိတဲ့အတွက် ရေဂင်မိသားစုက ကုမ္ပဏီအတွင်းအာဏာရလာပါတယ်။

ဒါကြောင့်တည်ထောင်သူရဲ့မြေးဖြစ်တဲ့ ဖလေရာက အမှုဆောင်အရာရှိချုပ်အစား မန်နေဂျာချုပ်ပဲဖြစ်နေတာပါ။ ဖလေရာက စိတ်ပျက်ပျက်နဲ့စားပွဲပေါ်ခေါင်းချလိုက်တယ်။

“အဲဒီရေဂင်မိသားစုက ကုမ္ပဏီအကျိုးထက် သူတို့ကိုယ်ပိုင်အကျိုးစီးပွားကိုကြည့်တယ်။ အဲဒီဌာနခွဲက ကုမ္ပဏီပိုင်ငွေတွေကို အလွဲသုံးစားလုပ်နေတဲ့ နေရာတစ်ခုဖြစ်မှာပဲ။ သူတို့တစ်ခုခုစီစဥ်လို့မပြီးခင် အဲဒီနေရာကိုသွားပြီး သက်သေစုဆောင်းမှရမယ်။”

ဒေါက်... ဒေါက်... ဒေါက်...

“ဝင်ခဲ့ပါ။” အပြင်ကနေ တံခါးခေါက်သံကြားရတဲ့အတွက် ဖလေရာက ပြန်ဖြေလိုက်တယ်။ မကြာခင်မှာပဲ တံခါးပွင့်သွားပြီးတော့ သူနဲ့ရွယ်တူလူငယ်တစ်ယောက်ဝင်လာတယ်။ ချောတယ်လို့ပြောလို့ရပေမဲ့ အဲဒီလူငယ်အနားမှာ မကောင်းတဲ့အရှိန်အဝါတစ်ခုက တွယ်ကပ်နေသလိုပဲ။

“ရေဂင်ဂျူနီယာပါလား။ ဘာကိစ္စလဲ။”

“ကိုယ်တို့က စေ့စပ်ထားတဲ့သူတွေလေ၊ အလုပ်ကိစ္စရှိမှ ဒီကိုလာရမှာလား။”

ရေဂင်က ဖလေရာရဲ့လက်ကို ကိုင်ပြီးဖွဖွလေးနမ်းလိုက်တယ်။ ဖလေရာရဲ့မျက်လုံးထဲမှာ မနှစ်မျို့တဲ့ အရိပ်အယောင်တချို့ဖြတ်သန်းသွားပေမဲ့ ဘာမှပြန်မပြောနိုင်ခဲ့ဘူး။

ဘယ်ရီဂရင်းမိသားစုက ကုမ္ပဏီကနေ လုံးဝထွက်မသွားရစေဖို့အတွက် ရေဂင်မိသားစုနဲ့လက်ထပ်ထားတဲ့မဟာမိတ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပြီး သားကောင်ဖြစ်လာတဲ့သူကတော့ ဒုတိယမျိုးဆက်ရဲ့တစ်ဦးတည်းသောသမီးဖလေရာပါ။ ဒါကြောင့် ရေဂင်ကို ငြင်းပယ်ပိုင်ခွင့်မရှိဘူး။

“ကိုယ့်ရဲ့အလှလေးက နယ်မြို့တစ်မြို့ကို ခရီးထွက်ဖို့လုပ်နေတယ်ကြားလို့ စိတ်မချတာနဲ့ အတူလိုက်ဖို့ဆုံးဖြတ်လိုက်တယ်လို့ လာပြောတာ။”

ဖလေရာက အဲဲဒီစကားကြားပြီးတဲ့နောက် သူ့မျက်နှာပေါ်က လုပ်ပြုံးလည်းပျောက်သွားတယ်။ ရေဂင်မိသားစုက ကုမ္ပဏီရဲ့ဌာနအများအပြားကို အိတ်ကပ်ထဲထည့်ထားတယ်ဆိုပေမဲ့ သတင်းက အဲဒီလောက်မြန်မြန်ပြန့်သွားမယ်မထင်ထားဘူး။

“သခင်လေးရေဂင်က တော်တော်နားပါးတာပဲ။”

“ဌာနတွင်းဆက်သွယ်ရေးဌာနမှာ အသိတချို့ရှိရုံတင်ပါ။” ရေဂင်က ဖလေရာရဲ့မေးကို လက်နဲ့ကိုင်ရင်း ပြောလိုက်တယ်

“အင်း၊ အခုက အလုပ်ကိစ္စနဲ့သွားမှာဆိုပေမဲ့ ကုမ္ပဏီတစ်ခုလုံးရဲ့သုတေသနဌာနမှူးဖြစ်တဲ့ ရှင်ပါပါရင် ပိုကောင်းမယ်ထင်တယ်။ အဲဒီဌာနခွဲက သုတေသနလုပ်နေတဲ့ကိစ္စတွေကို ရှင်က ရှင်းပြနိုင်မယ်ထင်တာပဲ။”

ဖလေရာက သူ့စိတ်ထဲက မကျေနပ်မှုတွေကို ဖုံးကွယ်ရင်းပြောလိုက်တယ်။ ဖလေရာက ရုတ်တရက်လှုပ်ရှားလာတဲ့အတွက် ရေဂင်မိသားစုက အဲဒီဌာနခွဲက သက်သေတိုင်းကို အလုံးစုံဖျက်ဆီးပစ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မလို့ သူတို့တွေက ရေဂင်ဂျူနီယာကိုအတူလွှတ်ပြီးတော့ ဖလေရာက အရေးကြီးတဲ့အချက်အလက်တွေရမသွားအောင်လို့ လိုက်ရှုပ်ခိုင်းတာ။

“ကောင်းပြီလေ၊ ကိုယ်တို့ရဲ့ခရီးမှာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးလာမယ်လို့ မျှော်လင့်ရတာပဲ။”

All Chapters