စွမ်းရည်
Vol. 17 Ch. 231
ဟောခန်းထဲတွင် ကျူးယွဲ့က ဒေါသထွက်စွာ ဖြစ်နေသည့် အမူအရာက အပြင်ဘက်တောင်မှ တပည့်များကို ကြောက်ရွံ့စွာ တိတ်ဆိတ် နေစေခဲ့သည်။ ကျူးယွဲ့က ယခုအချိန်တွင် ပေါက်ကွဲတော့မည့် မီးတောင်အလား ဖြစ်နေသည်။
ကျူးယွဲ့မှာ လွန်စွာဒေါသထွက် နေသော်လည်းပဲ သူ၏ ဆင်ခြင်တုံတရားက သူ့ကို ထိန်းချုပ် ထားသေးသည့် အတွက်ကြောင့် ခဏအကြာတွင် အသက်ပြင်းပြင်း တစ်ချက်သာ ရှူလိုက်သည်။ သူကဲ့သို့ အတွင်းတောင် တပည့်တစ်ယောက်က ဇူယွမ်ကို မှန်ကန်သော အကြောင်းပြချက် မရှိပဲ သွားရောက် ရိုက်နှက်ပါက စည်းမျဉ်းများကို ချိုးဖြတ်ရာ ရောက်ပေလိမ့်မည်။
တကယ်တော့ ပိုအရေးကြီးသည်မှာ ဇူယွမ်၏ဘေးတွင် အလွန် စွမ်းအားကြီးပြီး ထူးဆန်းသည့် သတ္တဝါငယ်လေး တစ်ကောင် ရှိနေခြင်းပင် ဖြစ်သည်။ ထိုအကောင်က သူ့ထက် လုံးဝကို အားမနည်းပေ။ သူတစ်စုံတစ်ခု လုပ်ရန် ကြိုးစားပါက အဆုံးသတ်တွင် အခြေအနေ မကောင်းနိုင်ပေ။
ကျူးယွဲ့မှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ် သွားသော်လည်းပဲ သူ၏ မျက်နှာပေါ်တွင် ဒေါသထွက်နေဆဲပင် ဖြစ်သည်။ သူက လူအုပ်ကြီးကို ကြည့်ကာ လေးတွဲ့စွာ ပြောလိုက်သည်။
“ဆက်လေ့ကျင့်နေကြ”
“ဒါက ဂူဟွမ်ဂျီရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ ဘယ်သူမှ ဝင်စွက်ဖက်လို့ မရဘူး”
“ဂူဟွမ်ဂျီ ရှာတွေခဲ့တဲ့ ကြီးမြတ်သော ဆရာကြီးက သူမရဲ့ကျင့်စဉ်ကို ခုန်လွှားပြီး တိုးတက်စေနိုင်ဖို့ ငါ မျှော်လင့်မိပါတယ်”
သည်အချက်တွင် လူတိုင်းက ပြက်ရယ်ပြုသည့် အရိပ်အမြွတ်များ ပါဝင်သည့် သူ့အသံကို ကြားလိုက်ရသည်။ သူ့အနေဖြင့် ဂူဟွမ်ဂျီ ပြဿနာနှင့် ကြုံတွေ့မည်ဟု ခံစားမိပေသည်။ ထိုအချိန်တွင် သူမက ဇူယွမ်ကြောင့် နဝေတိမ်တောင် ဖြစ်သွားခဲ့သည်ကို ယုံကြည်သွား ပေလိမ့်မည်။
အခြားသော တပည့်များသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက် ကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင် ပဟေဠိများက ကျန်ရှိနေဆဲ ဖြစ်သည်။
“ဘာလို့ ဂူဟွမ်ဂျီက ဇူယွမ်ဆီမှာ သွားလေ့ကျင့်ဖို့ ရွေးချယ်လိုက်တာလဲ”
“သူမက ... သူ့ကို စိတ်ဝင်စားနေတာ များလား”
သို့သော်လည်း သည်စကားလုံးများကို နာကျင်စွာ ချေပပြောဆို လိုက်သည်။
“အဲဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ မင်း ဂူဟွမ်ဂျီက ဘယ်သူလို့ ထင်လိုလဲ။ အဲဒီလို တောကတက်လာတဲ့ ကောင်ကို သူမ စဉ်းစားပါ့မလား”
“ဒါဆို သူမက ဘာလို့ ဒီလို လုပ်ရတာလဲ”
“ဒါက ...
လူတိုင်းက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ အဖြေကို မစဉ်းစားနိုင်ကြပေ။
ကျူးဖန်က ကျူးယွဲကို နှစ်သိမ့်နိုင်ရန် ကြိုးစားလိုက်သည်။
“စိတ်ပူမနေပါနဲ့ အစ်ကို ဂူဟွမ်ဂျီက ဇူယွမ်ရဲ့ သရုပ်မှန်ကို သိပြီးတဲ့ အခါကျရင် အမြင်ရပြီး ပြန်လာပါလိမ့်မယ်”
ကျူးယွဲ့က အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
“သူမရဲ့ ရွေးချယ်မှုရဲ့ အကျိုးဆက်ကို သူမ တာဝန်ယူရမယ်”
“သူမက ငါ့ရဲ့ လက်အာက်မှာပဲ ဆက်လက် လေ့ကျင့်ရင် သူမရဲ့ ပါရမီနဲ့ဆိုရင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ရဲ့ ပထမအဆင့်ကို တစ်လတည်းနဲ့ ကျွမ်းကျင်သွား လိမ့်မယ် ...”
သူက သနားနေသည့်ဟန်ဖြင့် ခေါင်းခါယမ်း လိုက်သည်။
“ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ သူမက ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ပျက်စီးစေမယ်လို့”
“သူမက ဇူယွမ်ဆီမှာ ဘာတွေများ သင်ယူနိုင်မလဲ ငါတကယ် သိချင်မိတယ် ... ဟမ့် သည်စကားတွေသာ ဂူဟွမ်ဂျီရဲ့ အကြီးအကဲထံကို ရောက်သွားရင် ထိုသူက ဇူယွမ်ကို လုံး၀ ခွင့်လွှတ်မှာ မဟုတ်ဘူး”
လှောင်ပြောင်သရော်သော အပြုံးက ကျူးယွဲ့၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာခဲ့ပြီး သူက ဇူယွမ်၏ ပျက်စီးတော့မည့် ကံတရားကို မြင်ယောင်နေပြီ ဖြစ်သည်။
***
တောင်ပေါ်တွင် စမ်းချောင်းလေး တစ်ခုက စီးဆင်းနေသည်။
ဇူယွမ်က ကျောက်တုံး တစ်လုံးပေါ်တွင် ရပ်နေခဲ့ပြီး အနီရောင် ဝတ်စုံနှင့် မိန်းမပျိုလေးကို ကြည့်ကာ မေးလိုက်သည်။
“မင်းက သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ရဲ့ သွေးကြောဆယ်ခုကို ဖွင့်ပြီးပြီမလား”
ဂူဟွမ်ဂျီက ခေါင်းညိတ်လိုက်ပြီး သူမ၏ ညီညာသော မျက်ခုံးနှစ်သွယ်က ချက်ချင်းပင် ထိစပ်သွားပြီး ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ နောက်ထပ် သွေးကြောတွေ ရှာတဲ့အချိန်မှာ ပိုပိုပြီး ခက်ခဲလာတယ်။ ငါ ဒီနေ့တစ်နေ့လုံး ကြိုးစားခဲ့ပေမဲ့ ဆယ့်တစ်ခုမြောက် သွေးကြောကို ရှာမတွေ့နိုင်သေးဘူး”
သူမက ဇူယွမ်ကို မင်္သကာစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။
“နင်ငါ့ကို ဘယ်လို ကူညီမှာလဲ”
“ထိုင်လိုက်”
ဇူယွမ်က ကျောက်တုန်း တစ်တုံးကို ညွှန်ပြလိုက်သည်။
သူမက နောက်ဘက်ရှိ ကျောင်တုံးပေါ်တွင် ထိုင်ချလိုက်သည်။ ထိုအခါ သူမ၏ အနီရောင် အဝတ်များဖြင့် ဖုံးကွယ်ထားသော သူမ၏ ကောက်ကြောင်း အလှတို့မှာ ပိုမိုထွက်ပေါ်လာပြီး သူမ၏ သေးကျဉ်းသော ခါးမှာပေါ်လာကာ သူမ၏ ရွှေရင်အစုံမှာလည်း ကုန်းကမူလေးသဖွယ် ထွက်ပေါ်လာခဲ့သည်။
ဇူယွမ်လည်းပဲ သူမ၏ ရှေ့တွင် ထိုင်ချလိုက်သည်။
“မင်းရဲ့လက်ကို ဆန့်လိုက်”
ဂူဟွမ်ဂျီ၏ မျက်လုံးများမှာ အနည်းငယ် အေးစက်သွားပြီး ဇူယွမ်ကို စိုက်ကြည့်လိုက်သည်။
ဇူယွမ်က အကူအညီမဲ့စွာ သက်ပြင်းချကာ
“မင်း ငါပြောတာကို နားမထောင် နိုင်ဘူးလား”
ဂူဟွမ်ဂျီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဇူယွမ်ကို ဓားသွားအလား စိုက်ကြည့်ကာ
“နင်သာ ငါ့ကို အသားယူဖို့ ကြိုးစားနေတာ တွေ့လို့ကတာ့ ငါနင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”
ပြီးနောက် သူမ၏ လက်ကို ဇူယွမ်ဆီသို့ တန့်ပေးလိုက်သည်။
ဇူယွမ်၏ နှုတ်ခမ်း ထောင့်စွန်းများ မဲ့သွားပြီး သူ၏လက်ကိုလည်း ဆန့်တန်းကာ ဂူဟွမ်ဂျီ၏ လက်နှင့် ကပ်ထားလိုက်သည်။
သူတို့ နှစ်ယောက်၏ လက်ဖဝါးများ ထိကပ်သွားချိန်တွင် အေးစက်မှုများက လေထဲတွင် ပျံ့နှံ့သွားပြီး ဂူဟွမ်ဂျီ၏ နှလုံးသားမှာ အနည်းငယ် လှုပ်ခါသွားသည်။ သူမက ဇူယွမ်ကို ကြောက်မက်ဖွယ် ကောင်းသော အကြည့်ဖြင့် ကြည့်နေသော်လည်းပဲ သူမ၏ မျက်နှာတွင် ရှက်သွေးဖြာ နေပေသည်။
ဇူယွမ်က မျက်လုံး မှိတ်လိုက်ပြီး ပြောလိုက်သည်။
“သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လည့်ပတ်ကြည့်လိုက်”
ဇူယွမ်က သူမကို ဟာသလုပ်ရန် ကြိုးစားနေသည့် အရိပ်အယောင်များ မမြင်ရသော အချိန်မှ ဂူဟွမ်ဂျီက သူမ၏ လက်ဖဝါးမှ ခံစားချက်များကို ကြိုးစား လျစ်လျူရှုလိုက်ပြီး သူမ၏ မျက်လုံးကို မှိတ်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာဖြင့် သူမ၏ မှုလချီများကို သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်အတိုင်း လည်ပတ်လိုက်သည်။
မူလချီများက စတင်စီးဆင်းသွားပြီး တစ်ပတ်ပြီး တစ်ပတ် လည်ပတ်လိုက်သည်။
ဂူဟွမ်ဂျီလည်းပဲ ဆယ်တစ်ခုမြောက် သွေးကြောကို စတင်ပြီး အာရုံခံစား လိုက်သည်။
ဇူယွမ်က အနက်ဖော် မှော်စာလုံးကို အသက်သွင်းခဲ့ပြီး ထိုမှစွမ်းအားများကို ဂူဟွမ်ဂျီ၏ ခန္ဓာကိုယ်ထဲကို ရှာဖွေရန် ပို့လွှတ်လိုက်သည်။
စမ်းချောင်း အတွင်းမှရေများက ငြိမ့်ညောင်းစွာ စီးဆင်းနေပြီး ပုံရိပ်နှစ်ခုက မျက်နှာချင်းဆိုင် ထိုင်လျက်ရှိသည်။ လေထုမှာလည်း ငြိမ်းချမ်းလျက် ရှိသည်။
အမွှေးတိုင် တစ်တိုင်စာ ကုန်ဆုံးပြီးချိန်တွင် ဂူဟွမ်ဂျီမှာ စတင်ပြီး အနည်းငယ် စိတ်ပျက်လာသည်။ ယခုချိန်ထိ ဆယ့်တစ်ခုမြောက် သွေးကြောကို ရှာမတွေ့နိုင်သေးပေ။ အနည်းငယ်ခန့် စဉ်းစာပြီး နောက်တွင် သူမက ကျင့်ကြံခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ဇူယွမ်၏ အသံကို သူမ၏ နားတွင် ကြားလိုက်ရသည်။
“စိတ်တွေ ပျံ့လွင့်မနေနဲ့ ပြီးတော့ မခုခံထားနဲ့။ ငါစပြီး လမ်းညွှန်တဲ့အခါ မင်းရဲ့ မူလချီတွေက လိုက်ပြီး စီးဆင်းစေလိုက်”
ဂူဟွမ်ဂျီက မျက်မှောင် ကြုတ်သွားခဲ့သည်။ အခြားတစ်ယောက်၏ လမ်းညွှန်မှုအတိုင်း မိမိ၏ မူလချီများကို စီးဆင်းစေရန်မှာ လွန်စွာ အန္တရာယ် များလှပေသည်။ သူ့တွင် မကောင်းသော ရည်ရွယ်ချက် ရှိနေပါက မိမိ၏ မူလချီများကို ကသောင်းကနင်း ဖြစ်စေပြီး ထိုအခြေအနေတွင် လူတစ်ယောက်၏ သွေးကြောများကို ပျက်စီးစေ နိုင်ပေသည်။
ဇူယွမ်က ဂူဟွမ်ဂျီ၏ အတွေးကို သိပေသည်။ ထိုကြောင့် သူမက ထပ်မံ၍ တိုက်တွန်းခြင်း မရှိပဲ သူမ၏ အဖြေကိုသာ စောင့်ဆိုင်းနေသည်။ ထိုပြင် သူမက ပူပေါင်း ဆောင်ရွက်ခြင်း မရှိပဲ မည်သည်မှ လုပ်ဆောင်၍ မရပေ။
သူ့အနေဖြင့် ဂူဟွမ်ဂျီ တုံ့ဆိုင်းနေသည်ကို နားလည်ပေသည်။ သူမ၏ နေရာတွင် သူသာဆိုလည်း အခြားတစ်ယောက်၏ ညွှန်ပြမှုအတိုင်း မူလချီကို သူ၏ ခန္ဓာကိုယ်တွင် လည်ပတ်စေရန် လွယ်လွယ်ကူကူ သဘောတူမည် မဟုတ်ပေ။
ဒါဇင်ချီသည့် အသက် ရှိုက်စာခန့်အထိ တိတ်ဆိတ် နေပြီးနောက် ဇူယွမ်က ဂူဟွမ်ဂျီ၏ မူလချီများက နှေးကွေးစွာ စီးဆင်းလာသည်ကို ခံစားမိလိုက်သည်။
“ဇူယွမ် နင်လိမ်ညာ ပြောတာလား အမှန်တကယ် ပြောတာလား ကြည့်မယ်”
ဂူဟွမ်ဂျီ၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
သူမက တိကျပြတ်သားသူ တစ်ယောက် ဖြစ်သည်။ သူမသည် ဇူယွမ်ကို ယုံကြည်ရန် ရွေးချယ်ခဲ့မှတော့ ထပ်ပြီး တုံ့ဆိုင်းနေစရာ အကြောင်းပြချက် မရှိတော့ပေ။ သို့သော်လည်း သူသည် သူမကို လိမ်နေတယ် ဆိုပါက ဘယ်လိုတန်ဖိုးမျိုး ပေးဆပ်ရမည် ဆိုသည်ကို သိသွားစေမည်။
ဇူယွမ်က တိတ်ဆိတ်စွာ ဂူဟွမ်ဂျီ၏ ဆုံးဖြန်ချက် ပြတ်သားမှုကို လေးစားမိပေသည်။ ဆိုင်းတွခြင်းမရှိပဲ သူမ၏ မူလချီများကို စတင်လမ်းညွှန် ပေးလိုက်သည်။
မူလချီများက သူမ၏ သွေးကြောများ တစ်လျှောက် စီးဆင်းသွားပြီး စက္ကန့်အချို့ အကြာတွင် သူမ၏ ခန္ဓာကိုယ်ရှိ အမှတ် တစ်နေရာသို့ စုဝေးလာသည်။
ထိုအခိုက်တွင် ဂူဟွမ်ဂျီ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး အသက် ရှူသံများလည်း မြန်ဆန်လာခဲ့သည်။
ဖက် ...
မသဲကွဲသော အသံတစ်ခု ကြားလိုက်ရသည်။ ထို့နောက် အံ့အားသင့်စွာပင် သူမ ခန္ဓာကိုယ် တစ်နေရာမှ သွေးကြောတစ်ခုက အရှိန်ဖြင့် ပွင့်သွားသည်ကို ခံစားမိလိုက်သည်။
သည်သွေးကြော ပွင့်ပြီးချိန်တွင် အစောပိုင်းက သူမ ဖွင့်လှစ်ထားသော သွေးကြော ၁၀ခုမှာ စတင် တုန်ခါသွားပြီး ပဲ့တင်သံ ပေးလာကြသည်။
သည်တုံ့ပြန်ချက်က ... အဖြေမှာ ရှင်းပေသည်။ သူမ ဆယ့်တစ်ခုမြောက် သွေးကြောပွင့်သွား ခဲ့ပြီ။
ဇူယွမ်က တကယ်ကို လုပ်ဆောင် နိုင်သည်တဲ့လား။
ဂူဟွမ်ဂျီ၏ နှလုံးသား တစ်ခုလုံး တုန်ခါနေသည်။ သူမက တစ်နေ့တည်းနှင့် ဇူယွမ်က ထိုသို့ လျင်မြန်စွာ ဆောင်ရွက်နိုင် လိမ့်မည်ဟု မထင်ထားပေ။
သူ ဘယ်လို လုပ်နိုင်ခဲ့တာလဲ။
ဂူဟွမ်ဂျီက အံ့အားသင့် နေသောကြောင့် သူမက သူ၏ သွေးကြောကို ဖွင့်ပြီးနောက် မူလချီများ ချောမွတ်စွာ လည်ပတ်နိုင်အောင် လုပ်ဆောင်ရန်ပင် မေ့နေသည်။
“မင်းရဲ့ မူလချီတွေကို မင်းကိုယ်တိုင် ချောမွေ့စွာ လည်ပတ်နိုင်အောင် လုပ်ရမှာနော်။ အဲဒီအပိုင်းမှာ ငါလည်း မကူနိုင်ဘူး”
ဇူယွမ်၏ အသံကို သူမ၏ နားတွင် ကြားလိုက်ရသော အချိန်မှ ဂူဟွမ်ဂျီ ပြန်သတိဝင် လာခဲ့သည်။ သူမက လျင်မြန်စွာ သူမ၏ မူလချီများကို လည်ပတ်လိုက်ပြီး တစ်ပတ်ပြီး တစ်ပတ် လည်ပတ် ပြီးနောက်တွင် သူ၏ သွေးကြောတွင် မူလချီများက ပိုမို ချောမွတ်စွာ စီဆင်းလာ နိုင်ခဲ့သည်။
ဇူယွမ်က သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဂူဟွမ်ဂျီ၏ ပတ်ပတ်လည်တွင် တိုးမြင့်လာသော မူလချီများကို ကြည့်ပြီး တိုးတိတ်စွာ သက်ပြင်း ချလိုက်သည်။ ကံကောင်းလျော်စွာပဲ သူအောင်မြင် ခဲ့ပေသည်။ မဟုတ်လျှင် ဂူဟွမ်ဂျီ၏ ဒေါသအောက်မှ လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ပေ။
“မူလကျောက်စိမ်း အပိုင်းအစ အခုငါးဆယ် ... ကြည့်ရတာ မြူခိုး အဆီအနှစ်ကို ထပ်ပြီး ဝယ်ယူနိုင်ပြီပဲ ဒါပေမဲ့ သနားစရာပဲ အခုအထိ နဂါးကိုးကောင် နိယာမကျင့်စဉ်ကို လျှို့ဝှက်သော ကျမ်းစာဆောင်က မငှားနိုင်သေးဘူး။ ငါ အလုပ်ကြိုးစားဖို့ လိုအပ်နေပြီပဲ”
ဇူယွမ် စိတ်အတွင်းမှ မှတ်ချက် ချလိုက်သည်။
နောက်နှစ်နာရီ အကြာတွင် ဂူဟွမ်ဂျီမှာ ကျင့်ကြံ၍ ပြီးသွားခဲ့သည်။ မြူခိုး အဆီအနှစ်များကို သူမ၏ ဆယ့်တစ်ခုမြောက် သွေးကြောထဲကို သွင်းပေးခြင်းဖြင့် ချောမွေ့သွားခဲ့ပြီး သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် ပထအဆင့်ကို အောင်မြင်ရန် ခြေတစ်လှမ်းသာ လိုအပ်ပေတော့သည်။
သူမ၏ မျက်တောင် ရှည်ကြီးများ လှုပ်ရှားသွားပြီး သူမ၏ မျက်လုံးအစုံမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
ဇူယွမ်က သူမ၏ ရှေ့တွင်ရှိသော ကျောက်တုံးပေါ်တွင် မတ်တတ် ရပ်လိုက်ပြီး သူမကို ကြည့်လိုက်သည်။
“ဘယ်လိုလဲ။ အခု ငါမလိမ်ဘူး ဆိုတာ မင်းယုံပြီမလား”
ဇူယွမ်က ရယ်မောလိုက်သည်။
ဂူဟွမ်ဂျီက ချက်ချင်းပင် ရှက်သွေးဖြာသွားပြီး ဇူယွမ်ကို ရှုပ်ထွေးသော မျက်နှာ အမူအရာနှင့် ကြည့်လိုက်သည်။ အချိန်အတန် ကြာပြီးမှ သူမက တုံ့ပြန်ပြောလိုက်သည်။
“နင်ဘယ်လို လုပ်နိုင်ခဲ့တာလဲ”
ဇူယွမ်က ပေါ့ပေါ့တန်တန် ပြောလိုက်သည။
“ငါ့ရဲ့ မြင်နိုင်စွမ်းက ကောင်းမွန်နေရုံပါ”
ဂူဟွမ်ဂျီက မည်သည်မှ ထပ်မမေးတော့ပေ။ သူမက ခဏမျှ တုံ့ဆိုင်းနေပြီး ချိုသာသော အသံလေးနှင့် ပြောလိုက်သည်။
“ကျေးဇူးပါ”
သူမက သည်အချိန်တွင် အကျိုးအမြတ် အများဆုံး ရလိုက်ကြောင်း ကောင်းကောင်း သိပေသည်။ ဇူယွမ်၏ ကြီးမားသော စွမ်းဆောင်မှုမျိုးကို ကျူးယွဲ့က ဘယ်တော့မှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
“ဇူယွမ်က သူလက်ကို ဝှေ့ယှမ်းလိုက်ပြီး။
“မင်းက ငွေကြေးပေးတယ် ငါက ကိုယ်စွမ်း ဉာဏ်စွမ်း စိုက်ထုတ်ပေးတယ်။ ဒါနှစ်ယောက်လုံး တစ်ယောက် လိုအပ်ချက်ကို တစ်ယောက် ပေးတာပဲ”
“နောက်ကျနေပြီ။ မင်းနောက်ထပ် ဆယ်ရက်အတွင်း ဒီနေရာမှာ ငါ့ကို လာရှာနိုင်တယ်။ မင်း ဆယ်ရက်အတွင်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို အောင်မြင်နိုင်ဖို့ ငါအကောင်းဆုံး လုပ်ပေးမယ်”
စကား ပြောပြီးနောက် သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အနောက်သို့ လည့်ကာ ပေါ့ပေါ့ပါးပါး ထွက်ခွာ သွားတော့သည်။
ဂူဟွမ်ဂျီက သူထွက်သွားသည်ကို ကြည့်ရင်း နီဆွေးသော နှုတ်ခမ်းကို အသာအယာ ကိုက်လိုက်သည်။ အချိန်အချို့ ကြာမြင့်ပြီးမှ သူမက တိုးတိတ်စွာ ရေရွတ်လိုက်သည်။
“သည်ကောင် ... စွမ်းရည်နည်းနည်း ရှိသားပဲ ...”