← Chapters

ကန့်လန့်ကာ၏နောက်ကွယ်

Vol. 10 Ch. 26

ကန့်လန့်ကာ၏နောက်ကွယ်

Vol. 10 Ch. 26

“အလစ်သုတ်သမား... အလစ်သုတ်သမား၊ ကျွန်မပိုက်ဆံအိတ်ပါသွားပြီ။”

စျေးလမ်းတစ်ခုထဲမှာတော့ လူပုံစံညှင်းသိုးသိုးနဲ့သိုးမွှေးဦးထုပ်အတုကိုဆောင်းထားတဲ့ လူတစ်ယောက်က လမ်းသွားလမ်းလာအမျိုးသမီးတစ်ယောက်ရဲ့ပိုက်ဆံအိတ်ကို လုပြေးပြီး ထွက်လုဆဲဆဲဘက်စ်ကားပေါ် တက်ပြေးဖို့လုပ်တယ်။ ကံမကောင်းတာက ဘက်စ်ကားနဲ့အလစ်သုတ်သမားကြားမှာ ဘယ်ထရီဆိုင်ကယ်လေးတစ်စီးက ဝင်ရပ်လိုက်တာပါပဲ။

“ညီအစ်ကို၊ ခြေအကောင်းလက်အကောင်းရှိနေတာပဲ။ ပိုက်ဆံအိတ်ကို ပိုင်ရှင်ပြန်ပေးလိုက်ပြီး ကိုယ့်စရိတ်ကိုယ်ရှာစားပါ့လား။”

မင်းလွင်က အလစ်သမားဂုတ်ကို ဖမ်းဆွဲပြီးပြောလိုက်ပေမဲ့ ဟိုက လွယ်လွယ်လက်ခံရိုးလား။ သူ့ဘောင်းဘီအိတ်ထဲ ဝှက်သယ်လာတဲ့ ဓားကိုထုတ်ပြီး မင်းလွင်ရဲ့ရင်ကို ထိုးစိုက်ဖို့ကြိုးစားတာကြောင့် မင်းလွင်ရှောင်ရတယ်။ အလစ်သုတ်သမားကတော့ ဒါကိုအခွင့်ကောင်းယူပြီး လမ်းကြားတစ်ခုထဲ ပြေးဝင်ဖို့လုပ်တယ်။

“ရမလားကွ” ဒါပေမဲ့ ဘယ်ထရီဘီးပေါ်ရှိနေတဲ့ မင်းလွင်က အလစ်သုတ်သမားထပ် ပိုမြန်မြန်လှုပ်ရှားနိုင်တာကြောင့် လမ်းကြားအဝင်ဝကို ဆိုင်ကယ်နဲ့ပိတ်ရပ်လိုက်တယ်။ ပြေးစရာမြေမရှိတော့တဲ့ အလစ်သုတ်သမားလည်း ရှေ့လျှောက်ဘာဆက်လုပ်ရမလဲ မစဥ်းစားတတ်တော့ဘူး။

...

“ဟိုနားကဆိုင်က ကာ​ဗီယာပန်ကိတ်က အတော်ကောင်းတယ်လို့ လိုင်းပေါ်မှာတွေ့တယ်။ ဒီမှာဝင်ပြီးနေ့လယ်စာစားကြမလား။”

တူညီတဲ့ စျေးလမ်းကြားလေးထဲမှာပဲ ရေဂင်က ဖလေရာဘေးကနေ ကပ်လျှောက်ပြီးတော့ တန်ဖိုးကြီးစားသောက်ဆိုင်တစ်ခုကို ညွန်ပြလိုက်တယ်။ ကာဗီယာဆိုတာက ဆာဒင်းငါး၊ တူနာငါး၊ ဆော်လမွန်ငါး စတဲ့ငါးကြီးမျိုးတွေကနေရတဲ့ ငါးဥကိုဆားနယ်ထားတဲ့ စားစရာတစ်မျိုးဖြစ်ပြီး စိမ့်တဲ့အရသာရှိတယ်။သမုဒ္ဒရာထဲက ငါးတွေရဲ့မျိုးပွားနှုန်းကို မထိခိုက်စေဖို့ နိုင်ငံတကာအစိုးရတွေပူးပေါင်းပြီး ဥပဒေမျိုးစုံနဲ့တင်းကျပ်ထားတာမလို့ အခုခေတ်အခါမှာ စျေးပေါပေါနဲ့မရပါဘူး။ ဥစားငါးကြီးတွေကို မွေးမြူတဲ့စျေးကွက်ရှိပေမဲ့ နှစ်ရှည်စီမံကိန်းမလို့ မွေးမြူရေးငါးဥကလည်း စျေးကြီးပြီးတဲ့ စားစရာမျိုးပါ။

“ဒီအတိုင်းရှားပါးလို့ စျေးကြီးသွားတဲ့ စားစရာတစ်ခုပါပဲ။ အရသာထူးကောင်းတာမျိုးမရှိတော့ ပုံမှန်ဆိုင်တစ်ခုခုမှာပဲ ဝင်စားရအောင်။” ဖလေရာက ရေဂင်ကို ငြင်းလိုက်တယ်။ အကောင်းကြိုက်တာမျိုးမဟုတ်ပေမဲ့ ရေဂင်က သူ့ကိုဖားနေတာမျိုးကို မကြိုက်တာပါ။

အဆင်မပြေတဲ့ သူတို့စုံတွဲမြို့ထဲမှာလမ်းလျှောက်နေရင်းကနေ ဓားကိုင်ထားတဲ့လူတစ်ယောက် သူတို့ရှေ့ကို ပြေးလာတာ သတိထားမိလိုက်တယ်။ ပြီးတော့ အဲဒီလူနောက်ကနေ ဆိုင်ကယ်စီးလျက်ကပ်ပါလာတဲ့ ငွေရောင်ဝတ်စုံနဲ့လူတစ်ယောက်ကိုပါ သူတို့မြင်နေရပါတယ်။

“ဟမ်...” အလစ်သုတ်သမားက ဖလေရာကိုဖမ်းဆွဲပြီး လည်ပင်းကိုဓားနဲ့ထောက်လိုက်တဲ့အတွက် ဖလေရာထိတ်လန့်သွားတယ်။

“မင်းရှေ့တိုးရဲတိုးလာကြည့်၊ ဒီမိန်းကလေး ဘာဖြစ်သွားမယ်ထင်လဲ။ အား....”

အလစ်သုတ်သမားက ဖလေရာကို ဓားစာခံထားပြီး မင်းလွင်ကို အကျပ်ကိုင်လို့ရမယ်အထင်နဲ့ အခုလိုလုပ်ခဲ့တာဖြစ်ပေမဲ့ သူ့ထပ်ပိုလျင်တဲ့မင်းလွင်က ကျင်စက်က ပစ်ခတ်ရေးစနစ်ကိုသုံးပြီး အလစ်သုတ်သမားရဲ့လက်ကို လှမ်းပစ်လိုက်တာ။ မကြာခင်မှာပဲ အလစ်သုတ်သမားလည်း နာကျင်မှုကြောင့် လက်ထဲကဓားကို ပစ်ချလိုက်ရတယ်။

“ငမိုက်သား၊ အဖမ်းခံလိုက်တော့။” မင်းလွင်ကိုယ်တိုင်ကတော့ ဆိုင်ကယ်ပေါ်ကနေ ခုန်ထွက်လိုင်ပြီး ခြေထောက်ကိုဆန့်ထုတ်ကာ အလစ်သုတ်သမားရဲ့မျက်နှာကို ဖိနပ်နဲ့မိတ်ဆက်ပေးလိုက်တယ်။

“Rider Kick!” တစ်ချိန်တည်းမှာပဲ သူငယ်နာမစင်တဲ့ ရှစ်တန်းကျောင်းသားရောဂါရှိသူပီပီ ပါးစပ်ကနေ ပေါက်ကရတွေအော်နေသေးတယ်။

အထက်က ဖော်ပြခဲ့တဲ့ကိစ္စတွေအားလုံးက စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်သွားတာဖြစ်ပြီးတော့ ဖလေရာသတိပြန်ဝင်လာချိန်မှာတော့ အလစ်သုတ်သမားက မြေပြင်မှာမှောက်နေပြီဖြစ်ပြီး မျက်နှာမှာတော့ ဖိနပ်ရာကြီးနဲ့။ ငွေရောင်ဝတ်စုံနဲ့လူကတော့ ဖလေရာကို သူရဲကောင်းဆန်ဆန် ဒူးတစ်ဖက်ထောက်ပြီး ဦးညွှတ်လိုက်တယ်။ ပြီးတော့ လက်ကလေးကိုယူပြီး ဟန်ပါပါနမ်းလိုက်ပါလေရော။

“တစ်နေရာရာမှာ ထိခိုက်ဒဏ်ရာရသွားပါသေးလား၊ သခင်မလေး။”

“အာ... အင်း... ဘာမှမဖြစ်ပါဘူး။” ဒီတော့မှ ဖလေရာလည်း ပတ်ဝန်းကျင်ကို သတိထားမိလာပြီးတော့ ပြန်ဖြေလိုက်တယ်။ ဖလေရာ ရေဂင်ကိုလိုက်ရှာတော့ ကိုယ်တော်ချောက အနားမှာရှိတဲ့ ဆိုင်နံရံတစ်ခုကိုမှီပြီး မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ကြောက်လန့်နေပြီ။ ပါးစပ်ကလည်း ဓား၊ ဓားဆိုပြီး ရေရွတ်နေသေးတယ်။

“ဒါပေမဲ့ ရုတ်တရက်ကြီး မိန်းကလေးတစ်ယောက်ရဲ့လက်ကိုနမ်းတာတော့ လွန်တာပေါ့။” ဖလေရာက ရှက်ရှက်နဲ့ မင်းလွင်ကိုကမ်းပေးထားမိတဲ့လက်ကို ပြန်ရုပ်သိမ်းလိုက်တယ်။

မင်းလွင်ကလည်း ရှက်သွားပြီး ခေါင်းကိုကုပ်လိုက်ပါလေရာ။ “စိတ်မရှိပါနဲ့၊ သရုပ်ဆောင်တာ အားပါသွားလို့ပါ။”

သူတို့နှစ်ယောက် စကားပြောနေတဲ့အချိန်မှာပဲ စျေးလမ်း​ကိုတာဝန်ယူရတဲ့​ ဒေသခံရဲက အလစ်သုတ်သမားကို လက်ထိပ်ခတ်လိုက်တယ်။ မင်းလွင်က ရဲကိုခြေဟန်လက်ဟန်တွေပြပြီး လင်ဒါကို သူလုပ်ခဲ့တဲ့အကြောင်း ပြန်မတင်ပြဖို့ပြောတယ်။ ဦးရဲကြီးကလည်း အခြေအနေကိုသဘောပေါက်ပြီး မျက်စိပြန်မှိတ်ပြတယ်။

ဖလေရာက နာရီကိုငုံကြည့်လိုက်ပြီး “နေ့လယ်စာစားချိန်လည်းရောက်နေပြီဆိုတော့ ရှင်လည်းဝင်စားလိုက်ပါလား။” လို့ပြောတယ်။ ပြီးတော့ မင်းလွင်ဘာမှမပြောရသေးခင်မှာပဲ ဖလေရာက မင်းလွင့်လက်ဆွဲပြီး ငါးဆားနယ်ဥဆိုင်ထဲ ဝင်ပြီးသွားပြီ။

“ဖလေရာ၊ ခုနကပြောတော့ ကာဗီယာမစားဘူးဆို။”

ရေဂင်ကတော့ နောက်ကနေ ကုပ်ကုပ်လေးကပ်ပါလာတယ်။

...

“ဒီတော့ ရှင်က ဆိုရှယ်မီဒီယာမှာနာမည်ကြီး​နေတဲ့ မူမ်ရိုက်ဒါ လူအစစ်ဗားရှင်းဆိုတာလား။”

ဖလေရာက ဆိုင်ကလာချပေးတဲ့ ဟင်းလျာတွေကို တစ်ချက်ကြည့်လိုက်ရင်း မင်းလွင်ကို​မေးလိုက်ပါတယ်။ ဟင်းလျာက ပန်ကိတ်ပဲဖြစ်ပြီး ပန်ကိတ်ပေါ်မှာ လိမ္မော်ရောင်ဆော်လမွန်ငါးဥ ထမင်းစားဇွန်းတစ်ဇွန်းစာတင်ထားရုံပဲရှိတာပါ။ တစ်ပွဲကို ဒေါ်လာနှစ်ဆယ်လောက်ရှိတယ်။ ပြီးတော့ မင်းလွင်ရှေ့ကဟင်းပွဲကလည်း အဲဒါပဲ။ မင်းလွင်ကတော့ ဘာမှာလို့မှာရမှန်းမသိလို့ ဖလေရာမှာတဲ့ဟင်းပွဲလိုက်မှာတာ။

“သူတို့က အဲဒီလိုပြောကြပေမဲ့ ကျွန်တော့်ရဲ့ဟီးရိုးနာမည်က Silver Knightပါ။” မင်းလွင်က စိတ်ဓာတ်ကျကျနဲ့ပြောလိုက်တယ်။ အင်တာနက်ပေါ်ကလူတွေက သူပေးထားတဲ့ ဟီးရိုးနာမည်ထက် သူတို့ဘာသာသူတို့နာမည်အသစ်တွေပေးရတာကြိုက်ကြတယ်။ လမ်းသရဲသူရဲကောင်းတို့၊ မူမမ်ရိုက်ဒါလူဗားရှင်းတို့၊ လူသားတွေကိုအကျိုးပြုနေတဲ့ အိုသာခုဆိုင်ကယ်သမားတို့ စုံစေ့နေတာပဲ။ ပေးထားသမျှနာမည်တွေက မင်းလွင်အကြိုက်တစ်ခုမှမပါဘူး။

“ဒါနဲ့၊ ရှင်က ဘယ်လိုလုပ်ပြီး အဲဒီကိစ္စတွေလုပ်ဖို့ဖြစ်လာတာလဲ။”

“ငယ်ငယ်က ဝါသနာအရလို့ပဲဆိုပါတော့။”

“ဟီးရိုးရုပ်ရှင်တွေထဲမှာရော ဘယ်ဟီးရိုးကိုသဘောကျလဲ။”

“စပိုက်တာမန်းလေ။”

“စပိုက်တာမန်းမင်းသားက အခုဆိုရင် ငါးယောက်တောင်ဖြစ်နေပြီ။ ဘယ်မင်းသားကို ပိုသဘောကျလဲ။”

“တိုဘီပေါ့။”

ဖလေရာက မင်းလွင်ကို ပန်ကိတ်တွေအေးပြီး မာတောင့်လာတဲ့အထိ ဆက်အင်တာဗျူးနေခဲ့တယ်။ တတိယဘီးဖြစ်နေတဲ့ ရေဂင်တစ််ယောက်သာ သူမှာထားတဲ့ အနက်ရောင်ဆာဒင်းငါးဥနဲ့တက္ကဆက်ကာဗီယာအသီးအရွက်သုပ်ကို တိတ်တဆိတ်စားနေလေရဲ့။

“ဒါနဲ့၊ အစ်မတို့ကိုကြည့်ရတာ သာမန်လူတွေ ဟုတ်ပုံမပေါ်ဘူး။ ဘယ်လိုလုပ်ပြီး ကျွန်တော်တို့မြို့လေးဆီရောက်လာတာလဲ။”

မင်းလွင်က မေးလိုက်တော့မှ ဖလေရာကလည်း သူ့ကိုယ်သူ မိတ်ဆက်ပေးဖို့မေ့နေတဲ့အကြောင်း မေ့သွားပြီး လိပ်စာကတ်လေး ကမ်းပေးလိုက်တယ်။

“အစ်မက ပလာဒင်လုပ်ငန်းစုရဲ့မန်နေဂျာချုပ် ဖလေရာ ဘယ်ရီဂရင်းပါ။ ဒီက ဌာနခွဲတစ်ခုကို လာကြည့်တာလေ။ အကူအညီလိုတာရှိရင် ဖုန်းဆက်လိုက်။”

မင်းလွင်က ပလာဒင်လုပ်ငန်းစုရဲ့နာမည်ကို ပြန်ပြီးတွေးကြည့်လိုက်တယ်။ သူက ချက်ချင်းပဲ စက်မှုလုပ်ငန်းသုံးစက်ကြီးတွေကို သတိရသွားပြီး

“CNCစက်တွေအများကြီးထုတ်တဲ့ ကုမ္ပဏီမဟုတ်လား။ ပြောခါမှ ဒီမြို့ထဲမှာ အစ်မတို့သုတေသနနဲ့ဖွံဖြိုးရေးဌာနက စမ်းသပ်ခန်းတစ်ခုရှိနေတာပဲ။”

မင်းလွင်က ပြုံးနေတဲ့ပုံစံနဲ့ပြောလိုက်တာဖြစ်ပေမဲ့ သူ့မျက်လုံးတွေကတော့ ပြုံးမနေပါဘူး။ အဲဒီအစား ဖလေရာကို သံသယနဲ့ကြည့်နေတာ။ စားလို့ပြီးသွားတဲ့ ရေဂင်ကတော့ လေတစ်ချက်ချွန်လိုက်တယ်။ ဒီတော့မှ ဖလေရာလည်း သက်ပြင်းချလိုက်ပြီး

“လုပ်စရာအလုပ်တွေရှိသေးတဲ့အတွက် သွားလိုက်ပါဦးမယ်။ မင်းလွင်က စားလို့မပြီးသေးတော့ ဆက်စားလို့ရပါတယ်။ ကျွန်မပိုက်ဆံကြိုရှင်းပေးလိုက်မယ်။”

အဲဒီနောက်တော့ ဖလေရာက သူမှာထားတာတွေကို ဆက်မထိတော့ဘဲ မင်းလွင်ကိုလက်ဆွဲနှုတ်ဆက်ကာ ငွေရှင်းပေးပြီး ဆိုင်ထဲကနေ ထွက်သွားတယ်။ မင်းလွင်ကတော့ ပန်ကိတ်ကို မြည်းကြည့်လိုက်ပြီးနောက် သဘောမကျတဲ့ပုံစံနဲ့ပြန်ချလိုက်ပါတယ်။

“စိမ့်တာကလွဲပြီး ထူးခြားတာမရှိဘူးပဲ။” အဲဒီနောက်သူက ဖုန်းကိုထုတ်လိုက်ပြီး နံပါတ်တစ်ခုကိုတန်းခေါ်လိုက်တယ်။ တစ်ဖက်ကလည်း ချက်ချင်းဖုန်းကိုင်ပြီး ရင်းနှီးနေသူတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာတယ်။

“ဟယ်လို၊ မင်းလွင်။ ဘာကိစ္စလဲ။”

“အရာရှိလင်ဒါ၊ ပလာဒင်လုပ်ငန်းစုဘက်မှာ ထူးခြားမှုတစ်ခုရှိတယ်။”

...

“ဘုတ်အဖွဲ့ဝင်လူကြီးမင်းမားကပ်၊ ရှင့်ကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။” ဖလေရာက အသက်ငါးဆယ်အရွယ် ထိပ်ပြောင်ပြောင်နဲ့ပိန်ပိန်လူကြီးကို ကြည့်နေရင်းကနေ ပြောလိုက်ပါတယ်။

“လုပ်ငန်းစုရဲ့မန်နေဂျာချုပ်က ကျုပ်ရဲ့ဇာတိမြေကို လာလည်တယ်ဆိုမှတော့ လာမနှုတ်ဆက်လို့ဘယ်ဖြစ်မလဲဗျ။” မားကပ်က ပြုံးပြီးပြောလိုက်ပေမဲ့ အပြုံးတုပါ။

မားကပ်က ဒီမြို့လေးမှာနေတဲ့ ပလာဒင်ရှယ်ယာရှင်တစ်ယောက်ဖြစ်ပေမဲ့ ကုမ္ပဏီတွေမှာက များသောအားဖြင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေက လုပ်ငန်းစုဌာနတွေရဲ့ စီမံအုပ်ချုပ်ရေးမှာ တိုက်ရိုက်ဝင်ပတ်သက်တာမျိုးရှားတယ်။ ဌာနတွေကို ဌာနမှူးတွေနဲ့မန်နေဂျာတွေကပဲ ကိုင်တွယ်တာမျိုးများပြီး သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို အမှုဆောင်အရာရှိချုပ်ကပဲ ဆုံးဖြတ်တာမျိုးပါ။ ဒီတော့ဒါရိုက်တာအဖွဲ့ဝင်တစ်​​​ယောက်က မန်နေဂျာချုပ်ရဲ့ခရီးစဥ်ရှိနေချိန် ကြိုအကြောင်းမကြားဘဲရောက်လာတာ သိပ်ထူးဆန်းတယ်။ နောက်ပြီး မားကပ်က ရေဂင်စီနီယာရဲ့ညာလက်ရုံးလေ။

“ရပါတယ်လေ၊ ကျွန်မဒီကိုလာတာ ဒီဌာနခွဲက သုတေသနတွေ တိုးတက်မှုရှိမရှိလာကြည့်တာ။ ရှင်တို့လုပ်နေတဲ့ သုတေသနတွေကို ရှင်းပြပေးဖို့အတွက်

တစ်​ယောက်ယောက်ကို ခေါ်ပေးလို့ရမလား။”

“ဟုတ်ပြီ၊ ကျုပ်ခုနလေးတင် ဒေါက်တာအန်တိုနီနဲ့ သုတေသနအကြောင်းပြောနေတာ။ ဒေါက်တာအန်တိုနီရေ။”

မားကပ်ပြောလိုက်တော့ အန်တိုနီဆိုတဲ့ အသားဖြူစုပ်စုပ်၊ လူကောင်သေးသေး၊ ဆံပင်နီနီမျက်မှန်နဲ့လူက အလုပ်သမားတွေကြားကနေ ရှေ့ထွက်လာပြီးတော့ သုတေသနအကြောင်းပြောပါတယ်။

“ဒီဌာနခွဲမှာ အဓိကလုပ်တဲ့သုတေသနက ကျုပ်တို့ CNCစက်တွေအတွက် လိုအပ်တဲ့ လွန်သွားတွေနဲ့စက်လက်တံတွေရဲ့ဒီဇိုင်းကို ဖွံဖြိုးတိုးတက်လာအောင် တီထွင်ကြံဆရတာပါ။ စက်လက်တံတွေရဲ့တိကျပြတ်သားမှုကောင်းမွန်မှ CNCစက်တွေရဲ့ကုန်ထုတ်စွမ်းအားက ကောင်းမွန်မှာပါ။”

“ကျွန်မက အခြေခံအချက်တွေအားလုံးကို နားလည်ပါတယ်။ ရှင့်ရဲ့သီးစစ်တစ်စောင်လုံးကို အလွတ်ရွတ်ပြစရာမလိုပါဘူး ဒေါက်တာ။ စမ်းသပ်မှုရလဒ်တွေကိုပဲ ကျွန်မကိုပြပါ။”

ဖလေရာက အန်တိုနီကို ဖိအားပေးလိုက်တော့ အန်တိုနီက မားကပ်ကို အကူအညီတောင်းတဲ့အနေနဲ့ ကြည့်လိုက်တယ်။ မားကပ်က သက်ပြင်းချလိုက်ပြီး “သူ့ကို စမ်းသပ်ခန်းထဲ ခေါ်သွားလိုက်ကွာ။” လို့ပြောပါတယ်။

ဖလေရာကတော့ အဲဒီစိတ်မပါတဲ့အပြုအမူတွေကြောင့် မျက်မှောင်ကြုတ်ထားလိုက်ပါတယ်။ အဲဒီနောက်တော့ ဖလေရာကို သူတို့က စမ်းသပ်ခန်းထဲခေါ်ပြီး လွန်သွားတဲ့လက်တံဒီဇိုင်းအမျိုးမျိုးရဲ့သက်ရောက်မှုရလဒ်တွေကို သရုပ်ပြပါတယ်။ ဖလေရာက နှစ်နာရီသုံးနာရီလောက်ကြာတဲ့အထိ သူတို့စမ်းသပ်ပြတာတွေကို မပင်မပန်း​ကြည့်ပြီးတဲ့နောက် မှတ်ချက်ပေးလိုက်တယ်။

“ရှင်တို့မှာ ပစ္စည်းကိရိယာ စုံစုံလင်လင်ရှိသားပဲ။ ကျွန်မတို့ကုမ္ပဏီကထုတ်တဲ့ လွန်သွားတွေရော ပြိုင်ဖက်ကုမ္ပဏီတွေက လွန်သွားတွေရော အားလုံးရှိတယ်။”

ဖလေရာက ချီးကျူးသလိုမျိုး ပြောလိုက်တာဖြစ်တဲ့အတွက် အန်တိုနီက နည်းနည်းမာန်တက်သွားတယ်။ ဒါပေမဲ့ နောက်ပြောလိုက်တဲ့ စကားကြောင့် အားလုံးရဲ့မျက်နှာတွေ ပြောင်းလဲသွားတယ်။

“ဒါပေမဲ့ ဒါတွေအားလုံးက စျေးကွက်ထဲမှာ ရှိပြီးသားလွန်သွားတွေနဲ့စက်လက်တံတွေလေ။ ဘယ်မှာလဲ ရှင်တို့ဒီဇိုင်းဆွဲနေပါတယ်ဆိုတဲ့ ဒီဇိုင်းအသစ်က။ အပြီးမသတ်ရသေးရင်တောင် နမူနာပုံစံတော့ ရှိသင့်တယ်မဟုတ်လား။”

အန်တိုနီက ဖလေရာကြောင့် အကျပ်တွေ့သွားတဲ့လေသံနဲ့ ရှင်းပြတယ်။ “တကယ်တော့ အခုမှဒီဇိုင်းဆွဲတုန်းပဲရှိပါသေးတယ်။ နမူနာတောင် မလုပ်ရသေးပါဘူး။”

“ဒါဆိုလည်း နမူနာပုံကြမ်းရေးထားတဲ့ ဒီဇိုင်းစာရွက်ယူခဲ့။”

“ဒါက....”

“ဒေါ်လာသန်းလေးဆယ်ကို လေးလအတွင်းသုံးပြီး ပုံကြမ်းတောင် မဆွဲရသေးဘူးလို့တော့ မပြောနဲ့နော်။”

...

“ငါက နင့်ကိုဒီကိစ္စထဲ ထဲထဲဝင်ဝင်ဆက်မပါစေချင်တော့ပေမဲ့ လုပ်လက်စနဲ့ရထားတဲ့အချက်အလက်တွေကို စီစစ်ကြည့်ရအောင်။”

လင်ဒါနဲ့မင်းလွင်က ရဲကားတစ်စီးထဲမှာ အတူရှိနေပြီးတော့ လင်ဒါက အမှုတွဲဖိုင်တစ်ခုကိုဖောက်ကာ မင်းလွင်နဲ့အတူ စာရွက်တွေကို မျှဝေကြည့်ကြတယိ။

“ပြီးခဲ့တဲ့နှစ်တွေတုန်း​က နင်က မူးယစ်ဂိုဏ်းတစ်ခုကိုဖော်ထုတ်ခဲ့ပေမဲ့ သူတို့ရဲ့စမ်းသပ်ခန်း အသေးစားလေးကိုပဲ အရင်ရဲစခန်းမှုးနဲ့မူးယစ်တပ်ဖွဲ့က ဝင်ဖမ်းခဲ့တယ်မဟုတ်လား။”

“ပြီးတော့ အဲဒီရဲစခန်းမှူးက ရာထူးတိုးသွားပြီး ခင်ဗျားက ရာထူးချခံရလို့ ဒီကိုရောက်လာတယ်။” မင်းလွင်က ဆက်ပြောလိုက်တယ်။ လင်ဒါကတော့ ထင်မှတ်မထားတဲ့ စကားတစ်ခုကို ပြောလိုက်တယ်။

“တကယ်တော့ ငါက ရာထူးချခံရလို့ ဒီကိုရောက်လာတာမဟုတ်ဘူး၊ မူးယစ်ရဲတပ်ဖွဲ့နဲ့FBIက ပူးပေါင်းပြီးလုပ်တဲ့ စီမံကိန်းတစ်ခုအရ တာဝန်ပေးခံရတဲ့ အထူးရဲတစ်ယောက်ပဲ။ ဟိုစခန်းမှူးကလည်း ရာထူးတက်သွားတာမဟုတ်ဘဲ စောင့်ကြည့်ခံနေရတာပါ။ ပြောရရင်တော့ ဂေါင်ကိုကိုင်ဖို့အတွက် ဇာတ်လမ်းဆင်ထားတာ။”

မင်းလွင်ကတော့ ထူးထူးခြားခြားအံ့ဩသွားပုံမပေါ်ဘူး။ သူ့အစွမ်းအစနဲ့အတူ ဒီဇာတ်လမ်းကို ခန့်မှန်းမိပြီးသား။ “အရင်တစ်ခါ စုံစမ်းပြီးကတည်းက ပလာဒင်လုပ်ငန်းစုနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေက ဆက်စပ်နေမှန်း ငါခန့်မှန်းမိတယ်။ သက်သေက မခိုင်လုံရုံပဲ။ ဒီနေ့ဖလေရာ ရုံးချုပ်ကနေဆင်းလာတော့မှ ငါ့ယူဆချက်ကို သက်သေပြလိုက်သလိုဖြစ်သွားတယ်။”

မင်းလွင်က ပြောလိုက်ပြီး ဖိုင်ထဲက ဓာတ်ပုံတချို့ကို ဆွဲထုတ်လိုက်တယ်။ ပလာဒင်တံဆိပ်နဲ့ ကွန်တိန်နာကားတွေက သုတေသနဌာနခွဲဝင်းထဲ နေ့စဥ်ဝင်ထွက်နေတဲ့ပုံတွေပါ။

“ဒီပုံတွေက အရင်လက ငါရိုက်ထားတာတွေ။ ငါတို့မြို့မှာရှိတာက ပလာဒင်စက်ရုံမဟုတ်ဘူး၊ ပလာဒင်စမ်းသပ်ခန်း။ ဒီလောက်ကုန်ဝင်ကုန်ထွက်ရှိစရာမရှိဘူး။ ကားတစ်စီးထဲကို ဝင်ကြည့်ဖို့ကြိုးစားဖူးပြီး မူးယစ်ဆေးတော့ တိုက်ရိုက်မတွေ့ရပေမဲ့ လိုအပ်တဲ့ကုန်ကြမ်းတစ်ခုကိုတော့ တွေ့ခဲ့တယ်။”

မင်းလွင်က အနက်ရောင်အစေးတွေနဲ့ပြည့်နေတဲ့ ဘူးခွံတစ်ခုကို ရိုက်ယူထားတဲ့ပုံကို ပြလိုက်တယ်။ လင်ဒါကလည်း ကောက်ချက်ချတယ်။

“အဲဒီစမ်းသပ်ခန်းက ​မူးယစ်ဆေးစက်ရုံဖြစ်နေနိုင်တယ်။”

မင်းလွင်လည်း ခေါင်းညိတ်လိုက်တယ်။ “ပလာဒင်နာမည်ကိုအသုံးချပြီး ဆေးတွေကိုအသယ်အပို့လုပ်နေရင် သာမန်လူတွေ သတိမထားမိနိုင်တော့ဘူးလေ။ ဒီကိစ္စမှာ ပလာဒင်ကုမ္ပဏီတစ်ခုလုံးမပါလောက်ဘူးဆိုပေမဲ့ ကွင်းဆက်တွေအရ ဘုတ်အဖွဲ့လူကြီးမားကပ်ကို အမြဲညွန်ပြနေလေ့ရှိတယ်။”

“ပြီးတော့ မားကပ်ကိုကာကွယ်ပေးနေတဲ့ ကုမ္ပဏီအတွင်းမဟာမိတ်က ရေဂင်စီနီယာပဲ။” လင်ဒါက ပြောလိုက်တယ်။

“ရေဂင်စီနီယာက ကြံရာပါဟုတ်မဟုတ်မသိပေမဲ့ သံသယဝင်ထိုက်တဲ့သူပဲ။” မင်းလွင်က ပြောလိုက်တယ်။ လင်ဒါကတော့ “ဒါနဲ့၊ ဖလေရာရောက်လာတာက ဘာကိုသက်သေပြလိုက်တာလဲ။” လို့မေးလိုက်တယ်။

“ခုနက ပလာဒင်ကုမ္ပဏီတစ်ခုလုံး မပါဘူးလို့ပြောလိုက်တယ်မဟုတ်လား။”

“အင်း...” မင်းလွင်ရဲ့စကားကြောင့် လင်ဒါက ခေါင်းညိတ်ပြတယ်။ မင်းလွင်က နောက်ထပ်ဓာတ်ပုံတစ်ပုံကို ဆွဲထုတ်လိုက်ပြီး အဲဒါက အန်တိုနီရဲ့ပုံပါ။

“ဒီလူအကြောင်းကို ကျွန်တော်ရဲအရာရှိကို စုံစမ်းခိုင်းတုန်းက သိရတဲ့အချက်တွေကြောင့်လေ။ ဒေါက်တာအန်တိုနီ၊ ဟားဗက်တက္ကသိုလ်ကနေပြီး ဓာတုဗေဒဒေါက်တာဘွဲ့ရထားတဲ့သူ။ ဒိန်းမိတ်နိုင်ငံ စကင်ဒီနေးဗီးယားနည်းပညာတက္ကသိုလ်မှာလည်း စက်မှုအင်ဂျင်နီယာဘွဲ့လွန်တန်းအောင်ထားသူမဟုတ်လား။”

“အင်း....”

“တရားနည်းလမ်းတကျ စဥ်းစားကြည့်မယ်ဆိုရင် ပလာဒင်လိုကုမ္ပဏီမျိုးက အလိုရှိမှာက နည်းပညာပစ္စည်းတွေကို ဒီဇိုင်းဆွဲပေးမယ့် အင်ဂျင်နီယာတစ်ယောက်ပဲ။ ဒေါက်တာအန်တိုနီက နှစ်မျိုးကျွမ်းကျင်တယ်ဆိုပေမဲ့ ဓာတုဗေဒမှာ ပိုကျင်လည်တယ်လို့ ခံစားရတယ်။ ပြီးတော့ ဒါတင်မဟုတ်သေးဘူး...”

မင်းလွင်က ဒိန်းမိတ်နိုင်ငံစကင်ဗီနေးဗီးယားနည်းပညာတက္ကသိုလ်ဆိုပြီး နိုင်ငံတကာပညာသင်များဖိုရမ်မှာ ရိုက်ရှာလိုက်တာနဲ့ မြောက်များစွာသော မကောင်းသတင်းတွေထွက်လာတယ်။

“အဲဒီတက္ကသိုလ်က ဒိန်းမိတ်နိုင်ငံနည်းပညာနှင့်သိပ္ပံဝန်ကြီးဌာနအသိအမှတ်ပြုလို့ပြောပေမဲ့ သက်မွေးသင်တန်းကျောင်းတစ်ခုအဖြစ် အသိအမှတ်ပြုတဲ့လိုင်စင်ပဲရှိတာ။ ဒီတော့ တရားမဝင်တက္ကသိုလ်လို့သူ့ဘာသာခေါ်နေတဲ့ သင်တန်းကျောင်းတစ်ခုပဲ။ ပြီးတော့ သင်တန်းကျောင်းတစ်ခုက ဘယ်တုန်းက ဘွဲ့လွန်ပေးခွင့်ရှိသွားတာလဲ။ သူတို့အများဆုံးပေးလို့ရတဲ့ တရားဝင်လက်မှတ်က ဒီပလိုမာပဲလေ။”

“ဒီတော့ ဒုတိယမြောက်ဘွဲ့လက်မှတ်က အတုပေါ့။” လင်ဒါက သဘောပေါက်သွားတယ်။ မင်းလွင်ကတော့ ဆက်ရှင်းပြတယ်။

“အန်တိုနီကို သုတေသနဌာနခွဲရဲ့ဌာနခွဲမှူးအဖြစ်ခန့်ထားတာက စက်ပစ္စည်းဒီဇိုင်းအတွက်မဟုတ်ဘဲ မူးယစ်ဆေးထုတ်ဖို့ဖြစ်နိုင်တယ်။ ဒါကြောင့်မလို့ သူ့ဆီကနေ ဘယ်လိုစက်မှုဒီဇိုင်းမျိုးမှ ထွက်လာမှာမဟုတ်ဘူး။ တစ်နေ့မဟုတ်တစ်နေ့တော့ မူးယစ်ကိစ္စနဲ့မဆိုင်တဲ့ အထက်လူကြီးက ဘားဂျက်တွေပျောက်နေပြီး ဒီဇိုင်းသစ်မရတာကို သတိထားမိတဲ့အတွက် လာစစ်ဆေးမှာပဲလေ။ ဖလေရာက အဲဒီလိုအထက်လူကြီးဖြစ်နိုင်တယ်။”

All Chapters