အခန်း (၁၀၅၃)
Vol. 76 Ch. 1053
ချန်ကျင်းယွီက ဟွမ်ကျစ်ဟူတို့ကို သိမ်းသွင်းရန်အတွက် ရောက်လာသော်လည်း ဆူပူခံလိုက်ရသည်။ ယခုအချိန်တွင် ချီယွမ်ဝူက သူ့ကို ရန်စနေသည်။ သို့သော် သူက မတိုက်ခိုက်ရဲပေ။
ကူယန်ဂိုဏ်းမှ လက်ရွေးစင်တပည့် အဆင့်သတ်မှတ်ချက်တွင် ချီယွမ်ဝူက သူ့ထက် အဆင့်မြင့်သည်။
ချီယွမ်ဝူက တိုက်ခိုက်နိုင်စွမ်းနှင့် ကျင့်ကြံခြင်းတွင် သူ့ထက် ပိုသာသည်။
“ဟမ့်၊ နောက်တစ်ကြိမ်မှပေါ့”
ချန်ကျင်းယွီက အေးစက်စွာ နှာမှုတ်လိုက်ပြီး ပုံရိပ်ကို သိမ်းဆည်း၍ ထွက်သွားသည်။
သူထွက်သွားသောအခါ ချီယွမ်ဝူကလည်း ပုံရိပ်ကို ဖယ်ရှားလိုက်ပြီး ဟွမ်ကျစ်ဟူကို ကြည့်သည်။
“ခေါင်းဆောင်ကျစ်ဟူ၊ ကျွန်တော်က ခင်ဗျားနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်”
‘ပူးပေါင်းမှာလား’
ဟွမ်ကျစ်ဟူက မျက်ခုံးပင့်သည်။
“မင်းရဲ့ခွန်အားနဲ့ ဦးဆောင်နိုင်စွမ်းအရ ပထမအလွှာမှာ အကြာကြီးနေမှာမဟုတ်ဘူး”
“ငါကလည်း ပထမအလွှာမှာ အကြာကြီးမနေချင်ဘူး”
ချီယွမ်ဝူက အထင်သေးနေသောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ကူယန်ဂိုဏ်းရဲ့လူတွေက ရည်ရွယ်ချက်မရှိဘူး။ တခြားလူတွေကလည်း သူတို့နဲ့ အတူတူပဲလို့ ထင်နေတယ်”
“ကောင်းကင်တစ်သောင်းမြို့ရဲ့ အပြင်ဘက်မှာ အဆုံးမရှိတဲ့ကမ္ဘာတွေ တည်ရှိတယ်”
သူက ဟွမ်ကျစ်ဟူကို ကြည့်လိုက်သည်။
“မင်းက အပြင်ကမ္ဘာကနေ ရောက်လာတာမဟုတ်လား”
ဟွမ်ကျစ်ဟူက အနည်းငယ် အံ့အားသင့်သွားသည်။
ချီဝူယွမ်က တခြားလူများထက် ဗဟုသုတပိုရှိသည်။
သူက ကျင့်ကြံဆင့်မြင့်မားရုံသာမက ကောင်းကင်တစ်သောင်းချောက်နက်၏ အပြင်ဘက်ကိုလည်း စူးစမ်းချင်နေသည်။
“ကောင်းကင်တစ်သောင်းချောက်နက်ရဲ့ အပြင်ဘက်က အစစ်အမှန်ကျင့်ကြံခြင်းလောက မဟုတ်လား”
ချီယွမ်ဝူက မျှော်လင့်နေသောမျက်နှာထားဖြင့် ပြောသည်။
“ဟုတ်တယ်။ ကောင်းကင်တစ်သောင်းချောက်နက်ရဲ့ အပြင်ဘက်က ကျင့်ကြံခြင်းလောကပဲ”
ဟွမ်ကျစ်ဟူက ခေါင်းညိတ်သည်။
ကောင်းကင်တစ်သောင်းမြို့သည် အားကောင်းသော်လည်း အပြင်လောကနှင့် မယှဉ်နိုင်ပေ။
“ကောင်းကင်တစ်သောင်းမြို့နဲ့ ချောက်နက်မှာ ငါက အကောင်းဆုံးကြိုးစားပြီး မင်းကို ကူညီပေးမယ်”
ချီယွမ်ဝူက ဟွမ်ကျစ်ဟူကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“မင်းက ကောင်းကင်တစ်သောင်းမြို့ကနေ ထွက်သွားတော့မယ်ဆိုရင် ငါ့ကို ခေါ်သွားပါ”
ဟွမ်ကျစ်ဟူက ချီယွမ်ဝူကိုကြည့်လိုက်ပြီး မေးသည်။
“ငါတို့က ထွက်သွားမယ်ဆိုတာ သေချာလို့လား”
“မင်းက အနှောင်အဖွဲ့မရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဆိုရင် ကောင်းကင်တစ်သောင်းမြို့မှာ နေလိမ့်မယ်”
ချီယွမ်ဝူက ခေါင်းခါသည်။
“ဒါပေမဲ့ မင်းက တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်ဘူး။ ကောင်းကင်တစ်သောင်းမြို့မှာ အကြာကြီး မနေနိုင်ဘူး”
သူ့စကားကြောင့် ဟွမ်ကျစ်ဟူက ပြုံးသည်။
“ကောင်းပြီ”
....
တောင်စောင်းတွင်စခန်းချနေသော ကျစ်ဟူတို့အုပ်စုကို အလင်းလွှာမှတစ်ဆင့် ကြည့်လိုက်ပြီး ဟန်မူယဲ့က အလင်းလွှာကို ဖယ်ရှားသည်။
ခဏအကြာတွင် သူက အခန်းထဲမှ ထွက်သွားသည်။ ကုန်းပတ်ပေါ်တွင်ရှိနေသော ဟူယွင်လုံက တစ်ဖက်သို့ လှည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“တာအိုရောင်းရင်းဟန်၊ ကျင့်ကြံလို့ ပြီးသွားပြီလား”
“ငါတို့က ကျားဝိညာဉ်အပျက်အစီးနယ်မြေကိုရောက်ဖို့ သုံးရက်လိုသေးတယ်”
ကျားဝိညာဉ်အပျက်အစီးနယ်မြေ ....
အပျက်အစီးနယ်မြေသည် ကောင်းကင်တစ်သောင်းချောက်နက်တွင်ရှိသော ပုံရိပ်ယောင်ကမ္ဘာများ၏နာမည် ဖြစ်သည်။
အပျက်အစီးနယ်မြေများတွင် ကျဆုံးသွားသော ကျွမ်းကျင်သူများ၏ စိတ်ဆန္ဒနှင့် ဝိညာဉ်အကြွင်းအကျန် ရှိနေသည်။
ထိုအပျက်အစီးနယ်မြေများသည် ကျင့်ကြံသူများ၏ ကမ္ဘာငယ်နှင့် ဆင်တူသည်။ သို့သော် အပျက်အစီးနယ်မြေများတွင် ကျွမ်းကျင်သူများ၏ စိတ်ဆန္ဒ ကျန်ရစ်နေခဲ့ပြီး အလွန်အန္တရာယ်များသည်။
သူတို့ ထွက်မလာခင် ဟူယွင်လုံက အပျက်အစီးနယ်မြေနှင့် ပတ်သတ်သော အချက်အလက်များအားလုံးကို ပြောပြခဲ့သည်။
ထိုအချက်အလက်များက ကောင်းကင်ချောက်နက်ပုလဲ တစ်ရာခန့် တန်ဖိုးရှိသည်။
ကျားဝိညာဉ်အပျက်အစီးနယ်မြေတွင် ရှေးခေတ်၏ကျားမိစ္ဆာ ကျဆုံးသွားခဲ့သည်။
ထိုနေရာသည် ကျားကလန်၏နယ်မြေဖြစ်ပြီး အားကောင်းသော ကျားမိစ္ဆာများ နေထိုင်ကြသည်။
လွန်ခဲ့သောနှစ်များတွင် ကောင်းကင်တစ်သောင်းမြို့၏ အင်အားစုများက ကျားကလန်ကို ရှင်းပစ်ရန်အတွက် မကြာခဏ လှုပ်ရှားခဲ့ပြီး ရတနာများကို ရရှိခဲ့သည်။
ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ အထူးထွက်ကုန်များဖြင့် သွေးချီအား တိုးမြှင့်ပေးနိုင်သော ဆေးလုံးကို သန့်စင်နိုင်သည်။
အထူးသဖြင့် ကျားအရိုးနှင့် ကျားအရေပြား ဖြစ်သည်။ ထိုပစ္စည်းများသည် ကျင့်ကြံသူများ၏ ရုပ်ခန္ဓာကို တိုက်ရိုက် အားဖြည့်ပေးနိုင်သည်။
“ဒီတစ်ကြိမ်မှာ ငါတို့က ကျားဝိညာဉ်အပျက်အစီးနယ်မြေရဲ့ ဝိညာဉ်သုံးပါးတောင်တန်းမှာရှိတဲ့ ကျားမိစ္ဆာတွေကို အမဲလိုက်ရမယ်။ ဝိညာဉ်သုံးပါးတောင်တန်းရဲ့ ငှက်မိစ္ဆာဘုရင် ယွင်ထျန်းက ရွှေအင်မော်တယ်အဆင့်မှာ ရှိနေတယ်။ သူ့လက်အောက်မှာ ကောင်းကင်အင်မော်တယ်တွေ အများကြီးရှိတယ်။ နောက်ကွယ်မှာ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေ ရှိနေကြတယ်”
ဟူယွင်လုံက လေးနက်သောမျက်နှာထားဖြင့် တီးတိုးပြောသည်။
“တကယ်လို့ တာအိုရောင်းရင်ဟန်က မိစ္ဆာဘုရင်ယွင်ထျန်းကို သတ်နိုင်ရင် ငါတို့ညီအစ်ကိုတွေက သူ့အရိုးကို ဝယ်ချင်ပါတယ်”
သူက လက်သုံးချောင်းထောင်ပြသည်။
“ချောက်နက်ပုလဲလုံး သုံးထောင်ပေးမယ်”
အလွန်တန်ဖိုးရှိသည်။
ထို့အပြင် ကောင်းကင်ချောက်နက်ပုလဲ သုံးထောင်က ကြွယ်ဝမှုသာမက ဟန်မူယဲ့၏ ခွန်အားကို အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
“ကောင်းပြီ။ ကျွန်တော်က အကောင်းဆုံး ကြိုးစားပေးမယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက ရှေ့သို့ကြည့်သည်။
ထိုနေရာတွင် သားရဲတစ်ကောင်က သူတို့ဆီသို့ ပျံသန်းလာနေသည်.
ထိုသားရဲက လေပြင်းများကို သယ်ဆောင်ထားပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲတော့မည်ဟု ထင်ရသည်။
ဟူယွင်လုံက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်သီးထိုးသည်။
သူ၏ သွေးချီက အင်မော်တယ်စွမ်းအင်နှင့် ပေါင်းစပ်သွားပြီး ပိုက်ကွန်တစ်ခု ဖြစ်လာသည်။ ထို့နောက် သားရဲကို လွှမ်းခြုံလိုက်သည်။
“ဘန်း”
သားရဲက လက်သည်းများဖြင့် ပိုက်ကွန်ကို ထိုးဖောက်လိုက်ပြီး ရှေ့ဆက်လာသည်။
သားရဲက အလွန်လျင်မြန်ပြီး ချက်ချင်းဆိုသလိုပင် သင်္ဘောပျံနှင့် ပေတစ်ထောင်အကွာသို့ ရောက်လာသည်။
ဟူယွင်လုံက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားပဲ လက်ထဲတွင် ဓားစွမ်းအင်ကို စုစည်းသည်။
အစိမ်းရောင်အင်မော်တယ်ဓားတစ်လက် ပေါ်လာသည်။ သူက ဓားကို မြှောက်လိုက်သည်။
“ဝီ”
ဓားအလင်းက ပေတစ်ထောင်အကွာအဝေးကို ကျော်ဖြတ်ပြီး သားရဲကို ခုတ်ချလိုက်သည်။
ထိုဓားအလင်းက သာမန်ဆန်သော်လည်း အလွန်လျင်မြန်သည်။
ထိုဓားချက်ကြောင့် ဟူယွင်လုံက အံ့အားသင့်သွားပုံပေါ်သည်။
သူက ထိုဓားချက်ကို မတားဆီးနိုင်ပေ။
“ကောင်းတယ်”
ဟူယွင်လုံက မနေနိုင်တော့ပဲ ချီးကျူးလိုက်သည်။
ဓားကျင့်ကြံသူများက အဆင့်တူတွင် ပြိုင်ဘက်ကင်းသည်ဟု ပြောကြသည်။ ထိုစကားက အမှန်ပင်ဖြစ်လိမ့်မည်။
ဟူယွင်လုံက အစိမ်းရောင်ဝတ်စုံနှင့် မတ်တပ်ရပ်နေသော ကျင့်ကြံသူများကို ခေါင်းညိတ်ပြလိုက်သည်။
“တာအိုရောင်းရင်းဟန်၊ ဒီတော်ဝင်ဝိညာဉ်သားရဲက တန်ဖိုးရှိတယ်။ အဲဒီသားရဲကို မင်းအတွက် ကောင်းကင်ချောက်နက်ပုလဲလုံးတွေနဲ့ လဲပေးပါ့မယ်”
ဟူယွင်လုံက လက်ကို ဝှေ့ယမ်းလိုက်သည်။ တပည့်ငယ်များက ပျံထွက်သွားပြီး သေဆုံးသွားသော သားရဲ၏အလောင်းကို ပြန်ယူလာကြသည်။
ထိုသားရဲက အလွန်အားကောင်းသည်။
ထိုသားရဲမျိုးသည် တန်ဖိုးရှိသည်။
ဟန်မူယဲ့က ထိုသားရဲကို ဂရုမစိုက်သော်လည်း မငြင်းခဲ့ပေ။
သူက သားရဲကို သတ်ဖြတ်ခဲ့သောလူ ဖြစ်သည်။ ထို့ကြောင့် သားရဲ၏ အဖိုးတန်ပစ္စည်းများကို သူက ပိုင်ဆိုင်သည်။
ထိုအရာသည် ဤတာဝန်၏စည်းမျဉ်း ဖြစ်သည်။
ထိုစည်းမျဉ်းကြောင့်သာမဟုတ်လျှင် သူက လိုက်လာမည်မဟုတ်ပေ။
သင်္ဘောပျံက ရှေ့ဆက်သွားသည်။ ကျင့်ကြံသူများက ဟန်မူယဲ့နှင့် စကားပြောရန် ရောက်လာကြသည်။
ထိုလူများထဲတွင် ဓားကျင့်ကြံသူနှစ်ယောက် ရှိသည်။ တစ်ယောက်က လေဟာနယ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တာအိုတန်ခိုးရှင်မင်ယွမ် ဖြစ်သည်။ သူက အင်မော်တယ်ဓားကို လေ့ကျင့်ပြီး အလွန်အားကောင်းသည်။
နောက်တစ်ယောက်က ရွှေအမြုတေအဆင့်တွင်ရှိသော ဟူယွင်လုံ၏ဆရာတူအစ်ကို ချွမ်လင်း ဖြစ်သည်။
ဟန်မူယဲ့က သူတို့နှစ်ယောက်နှင့် အတွေ့အကြုံများ ဖလှယ်ခဲ့သည်။
သို့သော် သူတို့နှစ်ယောက်လုံးက အလွန်အံ့အားသင့်နေကြသည်။
ဟန်မူယဲ့က ဓားတာအိုတွင် အလွန်ပါရမီကောင်းပြီး စုဆောင်းမှု နက်ရှိုင်းသည်။
အကယ်၍ ဟန်မူယဲ့က အင်မော်တယ်ဘုရင်၏ တပည့်တစ်ယောက် ဖြစ်လာနိုင်လျှင် လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု ရွှေအင်မော်တယ်ချွမ်လင်းက နောက်ကွယ်တွင် ပြောခဲ့သည်။
သုံးရက်အကြာတွင် သင်္ဘောပျံက အနက်ရောင်တောင်တန်းတစ်ခုတွင် ရပ်တန့်လိုက်သည်။
တောင်တန်းက ပေသောင်းချီမြင့်မားပြီး တိတ်ဆိတ်ခြင်းနှင့် အမှောင်ထုကို သယ်ဆောင်ထားသည်။
ကောင်းကင်တစ်သောင်းချောက်နက်၏ အတွင်းပိုင်းတွင် ဤတောင်တန်းကဲ့သို့ မရေမတွက်နိုင်သော တောင်တန်းများ ရှိနေသည်။
“ဒါက အပျက်အစီးနယ်မြေပဲ။ အစောင့်အရှောက်သားရဲကို အနိုင်ယူပြီး အပျက်အစီးနယ်မြေထဲကို ဝင်ကြမယ်”
“တိုက်ရိုက်ဝင်သွားနိုင်တယ်။ ကိုယ်ပွားစေလွှတ်မယ်ဆိုရင်လည်း ရတယ်”
“ရွေးချယ်မှုနှစ်ခုလုံးမှာ အကောင်းအဆိုး ရှိတယ်”
ရွှေအင်မော်တယ်ချွမ်လင်းက ဟန်မူယဲ့၏ဘေးတွင် ရပ်နေပြီး ရှင်းပြသည်။
အကယ်၍ မူလခန္ဓာနှင့် တိုက်ရိုက်ဝင်သွားမည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီး၏ ဆန့်ကျင်ခြင်းကို လှုံ့ဆော်မိလမ့်မည်။ ထို့ကြောင့် အပျက်အစီးနယ်မြေထဲတွင်ရှိသော ကျွမ်းကျင်သူများက ဝိုင်းရံတိုက်ခိုက်လာလိမ့်မည်။
အစစ်အမှန်ကျွမ်းကျင်သူများကသာ မူလခန္ဓာနှင့် ဝင်ရောက်ကြသည်။
ကိုယ်ပွားသည် မူလဝိညာဉ်တစ်စိတ်တစ်ပိုင်းကို မြှုပ်နှံပြီး အပျက်အစီးနယ်မြေတွင်ရှိသော သက်ရှိများနှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် လောက၏ ငြင်းပယ်ခြင်းကို ခံစားရမည်မဟုတ်ပေ။
သို့ဖြစ်၍ ထိုလောကထဲတွင် ရောနှောနေနိုင်မည်ဖြစ်သော်လည်း လုံလောက်စွာ မသန်မာလျှင် ကိုယ်ပွားသည် သေဆုံးသွားလိမ့်မည်။
မူလဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးလိုက်ရသောကြောင့် ဝိညာဉ်က အားနည်းသွားလိမ့်မည်။
အပျက်အစီးနယ်မြေသည် ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖြစ်ပြီး အပြင်လောကနှင့် အချိန်စီးဆင်းမှု မတူညီပေ။ တချို့အပျက်အစီးနယ်မြေများတွင် အချိန်စီးဆင်းမှု အဆတစ်သောင်းခန့် ပိုမြန်သည်။
သို့သော် အပျက်အစီးနယ်မြေ၏ ကျင့်ကြံခြင်းသည် ပုံရိပ်ယောင်သာဖြစ်ပြီး ကျင့်ကြံထားသော စွမ်းအားများကို ပြန်သယ်မလာနိုင်ပေ။ ထို့ကြောင့် မူလဝိညာဉ်က အားကောင်းလာမည်မဟုတ်ပေ။
သို့သော် ဉာဏ်အလင်းနှင့် ထူးခြားသောရတနာများကို အပျက်အစီးနယ်မြေထဲမှ ထုတ်ယူလာနိုင်သည်။
တိုက်ပွဲ၏ ဆုလာဘ်ကိုလည်း ထုတ်ယူလာနိုင်သည်။
“အကြီးအကဲက ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”
ဟန်မူယဲ့က ရွှေအင်မော်တယ်ချွမ်လင်းကို ကြည့်သည်။
ရွှေအင်မော်တယ်ချွမ်လင်းက ရယ်လိုက်ပြီး ပြောသည်။
“ငါက အဲဒီကမ္ဘာထဲမှာ ကိုယ်ပွားတစ်ခုကို ထည့်ထားတယ်။ အခု လေဟာနယ်သန့်စင်ခြင်းအဆင့်အထိ ကျင့်ကြံပြီးပြီ”
“ငါ့တပည့်တွေထဲမှာ အများစုကလည်း မူလဝိညာဉ်ကို ငါ့ကိုယ်ပွားဆီမှ အပ်နှံပြီး တိတ်တဆိတ် ကျင့်ကြံနေကြတယ်”
ထို့နောက် သူက ဟန်မူယဲ့ကို အပြုံးတစ်ခုနှင့်အတူ ကြည့်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။
“ကောင်းပြီ။ အဲဒါဆိုရင် ကျွန်တော်ကလည်း မူလဝိညာဉ်ကို ဒီကမ္ဘာမှာ မြှုပ်နှံလိုက်မယ်”
....
ကျားဝိညာဉ်အပျက်အစီးနယ်မြေတွင် မူလဝိညာဉ်ကို မြှုပ်နှံရန် မခက်ပေ။
သူက တောင်တန်းပေါ်သို့ ခြေချလိုက်သောအခါ ပုံရိပ်ယောင်ကမ္ဘာထဲသို့ ရောက်သွားသည်ဟု ခံစားလိုက်ရသည်။
သူ၏ ပတ်ဝန်းကျင်က လှုပ်ရှားနေပြီး မရေမတွက်နိုင်သော အဖြူအနက်စွမ်းအားများသည် သူ့ဆီသို့ တိုးဝင်လာသည်။
ကပ်ဘေး ....
ဟန်မူယဲ့က အံ့အားသင့်သွားသည်။
ကပ်ဘေးစွမ်းအား ဖြစ်သည်။
ကောင်းကင်တစ်သောင်းချောက်နက်သည် ကပ်ဘေး၏ နောက်ဆုံးတိုက်ပွဲနေရာဟု ပြောကြသည်။ ဤနေရာတွင် ကပ်ဘေးစွမ်းအား တည်ရှိနေသည့်အတွက် မထူးဆန်းပေ။
အပျက်အစီးနယ်မြေသည် ကပ်ဘေးတွင် ပျောက်ကွယ်မသွားပဲ ဆက်လက်တည်ရှိနေသည်။ ထို့ကြောင့် ကပ်ဘေးစွမ်းအားကို သယ်ဆောင်ထားသည်။
သူက လက်မြှောက်ပြီး ကပ်ဘေးစွမ်းအားကို စုပ်ယူလိုက်သည်။
ကပ်ဘေးက အရာအားလုံးကို ဖျက်ဆီးနိုင်သည်။ ဟန်မူယဲ့က စွမ်းအားအနည်းငယ်ကိုသာ စုပ်ယူလိုက်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားတော့မည်ဟု ခံစားလိုက်ရသည်။
သူက ကပ်ဘေးစွမ်းအားကို သယ်ဆောင်မထားခဲ့လျှင် ချက်ချင်းသေသွားနိုင်သည်။