အခန်း (၁၀၆၄)
Vol. 76 Ch. 1064
ဟန်မူယဲ့က လက်မြှောက်သည်။ ဓားကန်က တောက်ပလာသည်။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ကမ္ဘာတစ်ခုလုံးက တုန်ခါသွားသည်။
စွန်းဝူကျူးနှင့် လော့ခွန်းက ဓားရေကန်တွင် ဆယ်နှစ်ကြာအောင် ကျင့်ကြံခဲ့သည်။
ဆယ်နှစ်အကြာတွင် လော့ခွန်းက အံ့ဖွယ်ချင်တိုင်းပြည်သို့ ပြန်သွားသည်။ စွန်းဝူကျူးက ကောင်းကင်ထန်၏ ဓားကန်ကို စောင့်ရှောက်နေပြီး ဟန်မူယဲ့၏ကိုယ်စား ကောင်းကင်ထန်တိုင်းပြည်၏ စောင့်ရှောက်သူဖြစ်လာသည်။
ဟန်မူယဲ့က လှေတစ်စင်းနှင့်အတူ မြစ်တစ်လျှောက် လွင့်မျောနေပြီး မော့ချူတိုင်းပြည်သို့ ရောက်လာသည်။
အထီးကျန်လှေကလေးသည် မြစ်ထဲတွင် ဦးတည်ချက်မဲ့စွာ လွင့်မျောနေခဲ့သည်။
တစ်နေ့တွင် တံငါရွာလေးတစ်ရွာသို့ ရောက်လာသည်။
တံငါရွာ၏အပြင်ဘက်တွင် ကလေးများက တစ်ပေခန့်ရှည်လျားသော လှေပေါက်စလေး၏ပတ်ဝန်းကျင်တွင် စုပြုံနေကြသည်။
“ရှုကြွယ်၊ ဒါက အန္တရာယ်များလွန်းတယ်”
“ဟုတ်တယ်။ ရွက်တိုင်နဲ့ လှော်တက်တွေမရှိရင် ဘယ်လှေက ရွေ့လျားနိုင်မှာလဲ”
ကလေးများက လှေပေါ်တွင်ရှိသော ၁၁နှစ် ၁၂နှစ်အရွယ် ကလေးတစ်ယောက်ကို စိုးရိမ်စွာ ပြောနေကြသည်။
သို့သော် ထိုကလေးက လက်မြှောက်ပြီး လှေ၏နောက်မြီးကို လက်ဖြင့် ရိုက်လိုက်သည်။
လှေဝမ်းတွင် သစ်သားများ ရိုက်ခတ်သွားသောအသံကို ကြားနိုင်သည်။ ထို့နောက် လှေအောက်တွင်ရှိသော သစ်ရွက်များက လည်ပတ်လာပြီး လှေကလေးကို မြစ်လယ်သို့ တွန်းပို့သည်။
လှေက မမြန်သော်လည်း ရွက်တိုင်မရှိပေ။ လှော်တက်လည်း မရှိပေ။
“လှော်တက်တွေ မလိုတော့ဘူးဟ”
လှေပေါ်တွင် ပေါ့ပါးစွာရှိနေသော ကလေးကို မြင်လိုက်ရသောအခါတွင် တခြားကလေးများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
“ရှုကြွယ်၊ အံ့အားသင့်စရာပဲ”
လှေပေါ်တွင်ရှိနေသော ကလေးက မတ်တပ်ရပ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ လက်နှစ်ဖက်ကို ဆန့်ထုတ်သည်။
“မြင်လား။ ငါ ရှုကြွယ်က လောကမှာ အကောင်းဆုံးလက်မှုပညာရှင် ဖြစ်လာလိမ့်မယ် ....”
သူ့စကားအဆုံးတွင် လှေက ယိမ်းထိုးလာပြီး သူက မြစ်ထဲသို့ ပြုတ်ကျသွားသည်။
“မြန်မြန်လေး ကယ်ကြပါ”
“သွားပြီ။ ရှုကြွယ်က ရေမကူးတတ်ဘူး”
....
ရှုကြွယ်က ပြန်နိုးလာသောအချိန်တွင် လှေတစ်စင်းပေါ်သို့ ရောက်နေခဲ့သည်။
သူ၏ရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် ဟန်မူယဲ့က အစိမ်းရောင်ဝါးတုတ်တစ်ချောင်းကို ကိုင်ထားပြီး ပျော်ရွှင်စွာ ငါးမျှားနေသည်။
“ကျွန်တော့်ကို ကယ်တင်ပေးလို့ ကျေးဇူးပါပဲဆရာ”
ရှုကြွယ်က ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
ဟန်မူယဲ့က သူ့ကို လှည့်ကြည့်သည်။
ထိုအကြည့်က သူ့ဝိညာဉ်ကို ထွင်းဖောက်မြင်နိုင်ပုံပေါ်သည်။
“မင်းက လက်မှုပညာရပ်တွေကို နှစ်သက်တာလား”
ဟန်မူယဲ့က တစ်ဝက်ပျက်စီးနေသော လှေငယ်လေးကို ညွှန်ပြသည်။
လှေငယ်လေး၏ နောက်မြီးတွင် သစ်သားဖြင့် ပြုလုပ်ထားသော သစ်ရွက်ပန်ကာကို မြင်နိုင်သည်။
ရှုကြွယ်က ခေါင်းညိတ်သည်။
“ကောင်းတယ်”
ဟန်မူယဲ့က သူ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ငါက မင်းကို မော့ချူကျောင်းတော်ဆီ ခေါ်သွားမယ်။ မင်းက နတ်ဘုရားလက်မှုပညာရှင် ချူထျန်းယန်ရဲ့လက်အောက်မှာ သင်ယူရမယ်”
“မင်းက နှစ်တစ်ရာအတွင်း နတ်ဘုရားလက်မှုပညာရှင်အသစ် ဖြစ်လာခဲ့ရင် ငါ့ကို ကောင်းကင်ထန်ဓားရေကန်မှာ လာရှာပါ”
လှေက ဆက်လက်ရွေ့လျားနေသည်။ ဟန်မူယဲ့က ရှုကြွယ်ကို ကျင့်ကြံခြင်းနည်းစနစ်တချို့ သင်ကြားပေးခဲ့သည်။
သုံးလအကြာတွင် ဟန်မူယဲ့က မော့ချူတိုင်းပြည်၏ နန်းမြို့တော်မှ ထွက်လာပြီး လျှောက်သွားနေခဲ့သည်။
ရှုကြွယ်က မော့ချူတိုင်းပြည်၏ နံပတ်တစ်လက်မှုပညာရှင် ချူထျန်းယန်၏လက်အောက်တွင် သင်ကြားနေခဲ့သည်။
နှစ်သုံးဆယ်အကြာတွင် အံ့ဖွယ်ချင်တိုင်းပြည်၏ စစ်တပ်က စစ်ပွဲဆင်နွှဲလာသည်။
အံ့ဖွယ်ချင်တိုင်းပြည်၏ နဝမမင်းသား၊ စစ်နတ်ဘုရားလော့ခွန်းက စစ်သည်တစ်သန်းကို ဦးဆောင်ပြီး ကောင်းကင်ထန်တိုင်းပြည်သို့ ရောက်လာခဲ့သည်။
ကောင်းကင်ထန်တိုင်းပြည်၏ စစ်တပ်က ရှုံးနိမ့်သွားသည်။
ကောင်းကင်ထန်တိုင်းပြည်၏ စောင့်ရှောက်သူ စွန်းဝူကျူးက ဓားရေကန်တွင် လော့ခွန်းနှင့် တိုက်ခိုက်ခဲ့သည်။ အဆုံးတွင် စွန်းဝူကျူးက ရှုံးနိမ့်သွားပြီး ဒဏ်ရာရခဲ့သည်။
ကောင်းကင်ထန်တိုင်းပြည်၏ တစ်ဝက်ခန့် ပျက်စီးသွားသည်။ စောင့်ရှောက်သူစွန်းဝူကျူးက ကောင်းကင်ထန်တိုင်းပြည်၏ အိမ်ရှေ့စံကို မော့ချူတိုင်းပြည်သို့ ပို့ဆောင်ပေးခဲ့သည်။
ဆယ်နှစ်အကြာတွင် အံ့ဖွယ်ချင်တိုင်းပြည်၏ စစ်တပ်က မော့ချူတိုင်းပြည်သို့ ရောက်လာသည်။
စစ်တပ်နှစ်ခုက မြစ်၏ တစ်ဖက်တစ်ချက်တွင် ရှိနေကြသည်။
ထိုစစ်ပွဲတွင် မော့ချူ၏ နတ်ဘုရားလက်မှုပညာရှင်အသစ် ရှုကြွယ်က အစွမ်းပြခဲ့သည်။ သံမဏိစစ်သင်္ဘော အစင်းတစ်ရာသည် အံ့ဖွယ်ချင်၏ စစ်သည်တစ်သန်းကို ရှုံးနိမ့်သွားစေခဲ့သည်။
အံ့ဖွယ်ချင်၏ ရာဇပလ္လင်ကို ဆက်ခံထားသော လော့ခွန်းက ဒေါသထွက်သွးသည်။ သူက အံ့ဖွယ်ချင်၏ မြင်းစီးစစ်သည်တစ်သိန်းကို ဦးဆောင်ပြီး မြစ်ကမ်းပါးသို့ ရောက်လာခဲ့သည်။
စွန်းဝူကျူးနှင့် ရှုကြွယ်က ပူးပေါင်းခဲ့သည်။ သို့သော် သူတို့က အံ့ဖွယ်ချင်စစ်တပ်နှင့် အလွန်အားကောင်းသော လော့ခွန်းကို မတားဆီးနိုင်ခဲ့ပေ။
သို့သော် ထိုတိုက်ပွဲက တစ်ရက်အကြာတွင် ရပ်တန့်သွားသည်။
လင်းရှောင်ဂိုဏ်းဟု အမည်ရသော ဂိုဏ်းတစ်ဂိုဏ်း ပေါ်လာပြီး လော့ခွန်းကို ဒဏ်ရာရစေခဲ့သည်။ ထို့နောက် စွန်းဝူကျူးနှင့် ရှုကြွယ်ကို ခေါ်သွားကြသည်။
သူတို့ကို တားဆီးရန်အတွက် လော့ခွန်းက အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း ဒဏ်ရာများနှင့်အတူ ထွက်ပြေးခဲ့ရသည်။
လော့ခွန်းက ပျောက်ကွယ်သွားသောကြောင့် အံ့ဖွယ်ချင်တိုင်းပြည်က ပြိုလဲသွားသည်။ စစ်ပွဲမီးတောက်များက နေရာတိုင်းတွင် ရှိနေသည်။
“ဆရာ၊ ကျွန်တော်မှားသွားပါတယ်”
ဓားရေကန်၏ရှေ့တွင် ပျက်စီးနေသောချပ်ဝတ်နှင့် လော့ခွန်းက ဦးညွတ်လိုက်ပြီး ဒူးထောက်ထားသည်။ သူ့နဖူးက မြေပြင်နှင့် ထိတွေ့နေသည်။
ရုတ်တရက်ပေါ်လာသော ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
“ငါ့ကိုပြောပါအုံး။ မင်းက ဘယ်နေရာမှာ မှားသွားတာလဲ”
လော့ခွန်းက ခေါင်းမော့သည်။ သူ့မျက်လုံးများက မီးတောက်နေသည်ဟု ထင်ရသည်။
“ကျွန်တော်က မသန်မာသလို ထာဝရရှင်သန်ခြင်းကိုလည်း မရသေးဘူး။ ဒါပေမဲ့ မောက်မာနေခဲ့တယ်”
သူက ပြိုင်ဘက်ကင်းနေလျှင် ထာဝရရှင်သန်နိုင်လိမ့်မည်။
ထာဝရရှင်သန်ရန် ပြိုင်ဘက်ကင်းနေရမည်။
ပြိုင်ဘက်ကင်းရန် မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ရမည်။
ထိုလုပ်ငန်းစဉ်က အလွန်ခက်ခဲသည်။
“တကယ်တော့ မင်းက မမှားပါဘူး”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။
“မင်းရဲ့အမှားက လုံလောက်အောင် မသန်မာသေးတာပဲ”
လော့ခွန်းက ဦးညွတ်လိုက်ပြီး အော်ပြောသည်။
“ဆရာ၊ ကျေးဇူးပြုပြီး ဝူကျူးကို ကယ်ပေးပါ”
“ဒီဘဝမှာ သူက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ညီအစ်ကိုပါပဲ”
သူက ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့၏အကြည့်ကို မြင်ရသည်။
ဟန်မူယဲ့၏ အကြည့်က အချိန်နှင့်တည်နေရာကို ကျော်ဖြတ်သွားပုံပေါ်သည်။
လော့ခွန်းက တစ်ခုခုကို မြင်လိုက်ရပုံပေါ်သည်။ သို့သော် သေချာကြည့်ရန် ကြိုးစားလိုက်သောအခါတွင် မှုန်ဝါးသွားသည်။
“သွားကြစို့”
ဟန်မူယဲ့က ရေရွတ်လိုက်ပြီး လက်မြှောက်သည်။
ထောင်ချီနေသော ဓားအလင်းများသည် ဓားရေကန်ထဲမှ ထွက်လာပြီး ပေတစ်သောင်းရှည်လျားသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့က နဂါးဦးခေါင်းပေါ်သို့ ရောက်သွားပြီး လော့ခွန်းကို လမ်းပြပေးသည်။ နဂါးဓားက ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ထက်တွင် ပျံသန်းသွားသည်။
နဂါးဓားက ဓားရေကန်မှတစ်ဆင့် အရှေ့ပင်လယ်သို့ ပျံသန်းလာခဲ့သည်။
လောကတစ်ခုလုံးသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။
“အကြီးအကဲ ကောင်းကင်ဓားပဲ”
“ကောင်းကင်ထန်တိုင်းပြည်ရဲ့ စောင့်ရှောက်သူဟောင်းနဲ့ အံ့ဖွယ်ချင်တိုင်းပြည်ရဲ့ ဘုရင်ပဲ ....”
မရေမတွက်နိုင်သော လူများက ထိတ်လန့်စွာ ပြောသည်။
“ဒီလောကမှာ တကယ်ပဲ အင်မော်တယ်တွေ ရှိနေတာလား”
ဤတစ်ကြိမ်တွင် လူတိုင်းက အင်မော်တယ်ကို မြင်လိုက်ရသည်။
နဂါးဓားပေါ်တွင် ရှိနေသောလူက အင်မော်တယ်မဟုတ်လျှင် မည်သူဖြစ်မည်နည်း။
“ဘုန်း”
အဆုံးမရှိသော ဓားအလင်းသည် ကောင်းကင်ထက်တွင်ရှိသော အတားအဆီးကို ချိုးဖောက်ခဲ့သည်။
အရှေ့ပင်လယ်တွင် အင်မော်တယ်စွမ်းအင် ပေါ်ထွက်လာသည်။
“ဘယ်မိစ္ဆာက ငါ့ရဲ့ လင်းရှောင်တာအိုဂိုဏ်းကို တိုက်ခိုက်ရဲတာလဲ”
ခမ်းနားသောအသံတစ်သံ ပေါ်ထွက်လာသည်။
ရွှေရောင်ချပ်ဝတ်နှင့် မရေမတွက်နိုင်သော စစ်သည်များ ရောက်လာကြသည်။
နဂါးဓားက ဟိန်းဟောက်လိုက်ပြီး စစ်သည်များ၏ဝင်္ကပါကို ဖျက်ဆီးသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ဓားတစ်လက်ကို ဆင့်ခေါ်သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားဖြင့် ခုတ်ချသည်။ ပင်လယ်ပြင်က မိုင်ရာချီအကွာအထိ လှိုင်းထန်သွားသည်။
ထိုဓားချက်ကြောင့် ကျန်ရှိနေသော ရွှေရောင်ချပ်ဝတ်စစ်သည်များက ကြောက်ရွံ့နေပြီး နောက်ဆုတ်သွားကြသည်။
လမ်းတစ်လျှောက်တွင် လော့ခွန်းက ဟန်မူယဲ့၏ နည်းလမ်းများကြောင့် ထိတ်လန့်နေခဲ့သည်။
ထိုအရာသည် အင်မော်တယ်တစ်ပါး၏စွမ်းအား ဖြစ်သည်။
“ငါ့တပည့်ကိုတောင် ခေါ်သွားရဲတယ်ပေါ့။ မင်းတို့ လင်းရှောင်တာအိုဂိုဏ်းက ဆက်ရှိနေစရာမလိုတော့ဘူး”
ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။
လူတစ်ယောက်နှင့် ဓားတစ်လက် ....
ဓားအလင်းတိုင်းသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။
မိုင်သုံးထောင်အကွာတွင်ရှိသော ကျွန်းတစ်ကျွန်းတွင် ရွှေအလင်းတန်း ကျဆင်းလာသည်။ ကျွန်းပေါ်တွင် ခန်းဆောင်တစ်ခု ရှိသည်။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
ခန်းဆောင်၏ရှေ့တွင် လက်ပြတ်သွားသော ရှုကြွယ်က ဒူးထောက်နေသည်။
“ဆရာ၊ အစ်ကိုကြီးက ....”
ရှုကြွယ်က သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ပုံကျသွားသည်။
ဟန်မူယဲ့၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာသည်။ သူက ဓားချက်ဖြင့် ရှေ့တွင်ရှိသော အတားအဆီးကို ဖျက်ဆီးပစ်လိုက်သည်။
“မိစ္ဆာကောင် ....”
“ငါတို့ရဲ့ လင်းရှောင်တာအိုဂိုဏ်းက ဒီကမ္ဘာကို ထိန်းချုပ်ထားတယ်။ ငါတို့ရဲ့ ဂုဏ်ကျက်သရေကို စော်ကားခွင့်မပြုနိုင်ဘူး”
“ကောင်းကင်မှာရှိတဲ့ ဘိုးဘေးတို့၊ လင်းရှောင်တာအိုဂိုဏ်းက နှစ်သန်းချီကြာအောင် တာအိုကို ထိန်းသိမ်းပေးခဲ့ပါတယ်။ အခု မိစ္ဆာကောင်ရဲ့ရှေ့မှာ အသက်စွန့်ဖို့ ဆန္ဒရှိပါတယ်“
ပုံရိပ်များက ဟန်မူယဲ့ဆီသို့ ပြေးဝင်လာကြသည်။
သူတို့က လျင်မြန်စွာ သေဆုံးသွားချင်ပုံပေါ်သည်။
ဟန်မူယဲ့၏ဓားက မရပ်တန့်ခဲ့ပေ။
ဓားချက်သည် ပုံရိပ်များနှင့် ခန်းဆောင်ကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်သည်။
အရာအားလုံးအတွက် ဓားတစ်ချက်သာ လိုအပ်သည်။
ဟန်မူယဲ့က ခန်းဆောင်ကို ဖျက်ဆီးလိုက်ပြီး အနည်းငယ် ရပ်တန့်သည်။
ခန်းဆောင်ထဲတွင် ပေသုံးဆယ်ကြီးမားသော မီးပြင်းဖိုတစ်ခု ရှိနေသည်။
“ဓာတ်စင်ငါးပါးမီးပြင်းဖို ....”
ထိုမီးပြင်းဖိုက ဓာတ်စင်ငါးပါးမီးပြင်းဖိုနှင့် အလွန်ဆင်တူသည်။
ယခင်က ရေမှင်စာသည် ဓာတ်စင်ငါးပါးမီးပြင်းဖို၏အောက်တွင် ဖိနှိပ်ခံခဲ့ရသည်။
လော့ခွန်းက ခုန်ထွက်လာပြီး မီးပြင်းဖိုကို ကန်ချလိုက်သည်။
မီးပြင်းဖိုထဲမှ အနီရောင်အလင်းလုံးတစ်ခု ပြုတ်ကျလာသည်။
“ဆရာ ....”
စွန်းဝူကျူး၏အသံသည် အလင်းလုံးထဲမှ ထွက်လာသည်။