← Chapters

ဖြောင့်မတ်တည်ကြည်သော လူသား

Vol. 74 Ch. 965

ဖြောင့်မတ်တည်ကြည်သော လူသား

Vol. 74 Ch. 965

ချင်မူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ လျန်းဟွာဟွန် လမ်းလျှောက်လာနေသည်ကို မြင်လိုက်ရသည်။ သူမသည် လော့ဝူရွှမ်နှင့် သူ၏ခြေရာအတိုင်း ဤနေရာအထိ လိုက်လာခဲ့ခြင်း ဖြစ်မည်။

သို့သော် ရွှေရောင်သဲကန္တာရအတွင်းရှိ မိုးလေဝသနှင့် ကောင်းကင်အခြေအနေမှာ ခန့်မှန်းမရသည့်အပြင် ထူးဆန်းသောအရာများစွာလည်း ရှိသည်။ သဲကန္တာရအတွင်း၌ ထူးဆန်းသော အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့သည့်အတွက် ဖန်ဆင်းရှင်များ နောက်ဆုံးစုဝေးခဲ့ရာ ဤနေရာသို့ လိုက်မှီလာရန် ရက်အနည်းငယ် နောက်ကျခဲ့ခြင်း ဖြစ်တန်ရာ၏။

“ဟုတ်တာပေါ့”

ချင်မူကား နည်းနည်းလေးမျှ မနှိမ့်ချပေ။ သူက လျန်းဟွာဟွန်ဆီမှ အကြည့်လွှဲ၍ လေဟာနယ်တံတားဆီသို့ ကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဆက်ပြော၏။ “မဟာလေဟာနယ်မှာ ကျွန်‌တော့်ကို ခြိမ်းခြောက်နိုင်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူး.... ခင်ဗျားလည်း မခြိမ်းခြောက်နိုင်ဘူး ကောင်းကင်နတ်ဧကရီ... အရှင်မယွမ်မုလည်း မခြိမ်းခြောက်နိုင်ဘူး”

သူ လျန်းဟွာဟွန်ကို ဆက်မကြည့်တော့သည့် အကြောင်းရင်းမှာ လျန်းဟွာဟွန်၏ ပုံပန်းသွင်ပြင်က ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မု၏ အသွင်အပြင်ဖြင့် အနည်းငယ် ဆင်သောကြောင့် ဖြစ်၏။ သူမမှာ ခါးသေး၊ ရင်ချီလျက် လှပနေပြီး လမ်းလျှောက်လိုက်သည့်အခါတိုင်း ကျားသစ်မလေး လမ်းလျှောက်လာသကဲ့သို့ တင်းရင်းဖွံ့ထွားသော တင်ပါးတစ်စုံမှာ လှုပ်ယမ်းနေသည်။ သူ့အတွက်တော့ အလွန်စွဲမက်စရာ ဖြစ်နေသည်။

‘ကောင်းကင်နတ်ဧကရီက ငါ့အကြိုက်ကို သိနေတာများလား’

ချင်မူ တုန်လှုပ်သွားသည်။ ‘ဒီအမျိုးသမီးကတော့ကွာ ငါ့အားနည်းချက်ကို ပစ်မှတ်ထားနိုင်အောင် ငါ့ကို သေသေချာချာ လေ့လာထားတာပဲ... ငါကတော့ သူ့အကြောင်း ဘားမှမသိဘူး’

သို့သော် သူ မသိသည်မှာ ကောင်းကင်နတ်ဧကရီကို သူ့ကို ဆွဲဆောင်ရန် လျန်းဟွာဟွန်အသွင် ပြောင်းထားခြင်း မဟုတ်ပေ။ သူမက ကောင်းကင်နတ်အရှင်ဟောင် သူ့အမေပေါ် ထားရှိသည့် အချစ်အား လှုံ့ဆော်ရန်သာ ကြိုးစားနေခြင်း ဖြစ်သည်။ ထို့ကြောင့် တိုက်တိုက်ဆိုင်ဆိုင် သူမ၏လျန်းဟွာဟွန်အသွင်မှာ ချင်မူ့အကြိုက်နှင့် ထပ်တူကျသွား၏။

ချင်မူမှာ ထူးဆန်းသောအတွေးများကို ခေါင်းထဲမှ ထုတ်ရင်း လေဟာနယ်တံတားကို ဆက်၍ စိုက်ကြည့်နေသည်။

ထိုနေရာတွင် ကောင်းကင်နတ်အရှင်ရှုသည် အမှန်တကယ် ပိတ်မိနေ၏။ သူမက အတိုင်းအဆမရှိ သန်မာအားကောင်းပါသော်လည်း လေဟာနယ်တံတား၏ အဆုံးသတ်တွင် အန္တရာယ်နှင့် ကြုံတွေ့နေရလေသည်။

လေဟာနယ်တံတားက ကွဲကြေနေသော အပိုင်းအစများဖြင့် ဖွဲ့တည်နေခြင်း ဖြစ်၍ တံတားအဆုံးတွင် ပြိုကွဲနေသည့် အပိုင်းအစများမှာ တစ်ခုနှင့်တစ်ခု ပို၍ပင် လှမ်းသည်။ အကယ်၍ လေဟာနယ်ဟင်းလင်းပြင်မှာ ၎င်းဘာသာ၎င်း ပြိုကွဲနေရုံမျှသာဆိုလျှင် ကောင်းကင်နတ်အရှင်ရှုကို ပိတ်ထားနိုင်မည်မဟုတ်ပေ။ သို့သော် ပြိုကွဲပျက်စီးနေမှုက အမြင့်ဆုံးအမှတ်သို့ ရောက်ရှိနေသဖြင့် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုများလည်း ထူးဆန်းစွာ ဖြစ်ပေါ်နေသည်။

လေဟာနယ်ဟင်းလင်းပြင်မှာ အသက်ရှူနေသကဲ့သို့ ပြိုကွဲသွားလိုက်၊ စုစည်းသွားလိုက် ဖြစ်နေသည်။ သို့တိုင်အောင် ထိုသို့ဖြစ်ပျက်နေသည့်တိုင်၊ လေဟာနယ်တံတား၏အလွန်တွင် စကြဝဠာကမ္ဘာများစွာသည် မွေးဖွားလာလိုက်၊ ပျက်စီးလိုက် ဖြစ်နေလိမ့်မည်။

ကောင်းကင်နတ်အရှင်ရှုကဲ့သို့ ပြိုင်ဘက်ကင်းသော ဖြစ်တည်မှုတစ်ခုပင် ဤအခိုက်အတန့်၌ ခြေတစ်လှမ်းလှမ်းရန် အခက်တွေ့နေသည်။ သူမမှာ အန္တရာယ်များသော အခြေအနေထဲ ရောက်နေ၍ ရှေ့လည်း တိုးမရသလို၊ နောက်လည်း ဆုတ်မရပေ။

သူမ၏ကောင်းကင်နန်းဆောင်များမှာ လေဟာနယ်တံတား၏ ပြိုကွဲပျက်စီးနေမှုကြောင့် အကြီးအကျယ် ထိခိုက်ထား၍ သူမ၏သိုင်းအဆင့်မှာလည်း ယခင်နှင့်စာလျှင် အားနည်းနေသည်။

‘သူ့ကောင်းကင်နန်းဆောင်တွေက မြင်ယောင်ဖန်ဆင်းထားတာ မဟုတ်ဘူး... တကယ် ပွင့်နေတာ... မြင်ယောင်ဖန်ဆင်းထားတာနဲ့ဆိုရင် ကောင်းကင်နန်းဆောင်တွေက ပျက်စီးသွားပြီး ပြန်လည်ဖွဲ့တည်လာနိုင်တယ်... သူ့အနေနဲ့ မဟာလေဟာနယ်ရဲ့ အဆုံးတစ်ဖက်ကို တိုက်ရိုက်သွားတောင် သွားနိုင်ဦးမှာ’

ချင်မူ အကြည့်လွှဲပြီး သူ့ဘာသာသူ တွေးသည်။ ‘ကောင်းကင်နတ်အရှင်ရှုက မြင်ယောင်ဖန်ဆင်းကျင့်စဉ်ကို မသိဘူး... ဒီတော့ သူက ကောင်းကင်နတ်ဘုံမှာ ပုန်းအောင်းနေတဲ့ ဖန်ဆင်းရှင်မဟုတ်တာ သေချာသွားပြီ’

ကောင်းကင်နတ်ဘုံ၌ ဖန်ဆင်းရှင်တစ်ယောက် ပုန်းအောင်းနေခြင်းမှာ ချင်မူ၏ ခန့်မှန်းချက်တစ်ခု ဖြစ်သည်။

ကောင်းကင်နတ်အရှင်ယွင်၏ သေဆုံးမှုနှင့် ပတ်သက်၍ သံသယဝင်စရာ အချက်များစွာ ရှိသည်။ ကောင်းကင်နတ်အရှင်ယွင်သည် ဖန်ဆင်းရှင်တစ်ယောက်၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရကာ သွေးကျိန်စာ အတိုက်ခံခဲ့ရ၏။ ချင်မူ ယွင်ကျန်းလီအတွက် ကျိန်စာဖြေပေးတုန်းကလည်း ထိုဖန်ဆင်းရှင်၏ အသိစိတ်အလျဉ်အား ဆုံတွေ့ခဲ့ရသည်။

အစတုန်းက ဤဖန်ဆင်းရှင်က မဟာဧကရာဇ် ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့၏။ မဟာဧကရာဇ်က မဟာလေဟာနယ်မြေပြင်တွင် သေဆုံးခဲ့သည့်တိုင် ဖန်ဆင်းရှင်တစ်ယောက်အတွက် ရုပ်ခန္ဓာနှင့် ဝိညာဉ်သေဆုံးခြင်းက အမှန်တကယ် သေဆုံးခြင်းနှင့် မတူပေ။ အသိစိတ်အလျဉ်ပါ သေဆုံးပျောက်ကွယ်သွားမှာ အမှန်တကယ် သေဆုံးပြီဟု ဆိုနိုင်သည်။

မဟာဧကရာဇ်အနေဖြင့် ကောင်းကင်နတ်ဘုံတွင် နေထိုင်ရန် ရုပ်ပန်းသွင်ပြင် ပြောင်းလဲထားမည်လား။ မပြောင်းလဲဘဲ ရှိနေသည်လားကိုတော့ ... မည်သူမျှ မသိနိုင်ပေ။

သို့သော် ကောင်းကင်နတ်အရှင်ရှု၏ အခြေအနေအရ ကောင်းကင်နတ်အရှင်ရှုသည် မဟာဧကရာဇ် မဟုတ်လောက်ပေ။

သူမသာ မဟာဧကရာဇ်ဆိုလျှင် ပြိုင်ဘက်ကင်းသော အသိစိတ်အလျဉ်ကို အသုံးပြု၍ တံတားအား ဖြတ်ကျော်လိမ့်မည်။

မှန်သည်၊ သရုပ်မှန် ပေါ်သွားမည်စိုးသဖြင့် အစစ်အမှန်စွမ်းအားကို ထုတ်မသုံးခဲ့သော ဖြစ်နိုင်ခြေလည်း ရှိသည်။

လျန်းဟွာဟွန်က လမ်းလျှောက်လာပြီး လော့ဝူရွှမ်ကို တစ်ချက်ကြည့်ကာ လေဟာနယ်တံတားအပေါ်၌ ပိတ်မိနေသော ကောင်းကင်နတ်အရှင်ရှုဆီသို့ ချက်ချင်း လှမ်းကြည့်သည်။ ထို့နောက်အေးစက်စက် ရယ်လိုက်၏။ “ကြောင်သူတော် ကြွက်သူခိုး”

ချင်မူမှာ လန့်သွားကာ မေးလိုက်သည်။ “ညီမငယ်လေး၊ နင် ဘာလို့ ကောင်းကင်နတ်အရှင်ရှုကို ကြောင်သူတော် ကြွက်သူခိုးလို့ ပြောတာလဲ”

“ညီမငယ်လေး ဟုတ်လား”

လျန်းဟွာဟွန်က အေးစက်စက် နှာခေါင်းရှုံ့ရင်း ပြောသည်။ “နင်က ငါ့ကို ညီမငယ်လေးလို့ ခေါ်ရဲတယ်ပေါ့... ငါ နင့်ခေါင်းကို လိုချင်တယ်... ဘယ်သူ့မှ နင့်ကို ကယ်နိုင်မှာမဟုတ်ဘူး”

သူမသည် တခဏ ရပ်ပြီးနောက် ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်ရှုရဲ့ တကယ့်အစွမ်းအစတွေက ဒီလောက်တင် မဟုတ်ဘူး.. ဒါပေမဲ့ သူက သရုပ်မှန်ပေါ်သွားမှာ ကြောက်လို့ သူ့ရဲ့ တကယ့်အစွမ်းအစတွေကို လျှိုထားတာ... သူ့ရဲ့အစွမ်းအစတွေကို ထုတ်ပြမယ့်အစား အန္တရာယ်ပဲ အကျခံလိုက်မယ့်သူလေ...”

ချင်မူ တဟားဟား ရယ်မိတော့သည်။ “နတ်ဧကရီလည်း အဲဒီတိုင်းပဲ မဟုတ်လား... ခင်ဗျား ကျွန်တော့်ကို တကယ် ရင်ဆိုင်ချင်ရင် ခင်ဗျားရဲ့ အစွမ်းအစအစစ်တွေကို ထုတ်သုံးလိုက်ရုံပဲ... ကျွန်တော် ရှုံးမှာ သေချာတယ်လေ... ဒါပေမဲ့ နတ်ဧကရီက မူကို သတ်မယ့်သိုင်းကွက်တစ်ရာကို သင်ဖို့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တပည့် သွားလုပ်သေးတယ်.... ဒီတော့ ခင်ဗျားလည်း ကြောင်သူတော် ကြွက်သူခိုးဆိုတာ အသိသာကြီးပဲဗျာ... ကောင်းကင်နတ်အရှင်လို့ ခေါ်တဲ့ ခင်ဗျားတို့ ဆယ်ယောက်စလုံးက တကယ့် ကြွက်သူခိုးတွေချည်းပဲ.. ဖြောင့်မတ်မှန်ကန်တဲ့သူ တစ်ယောက်မှ မပါဘူး”

“ကောင်းကင်နတ်ဘုံမှာ ဖြောင့်မတ်မှန်ကန်တဲ့သူတွေက သေကုန်တာ ကြာပြီ”

လျန်းဟွာဟွန်သည် ပြုံးတောင့်ပြုံးခဲ ပြုံး၍ သူ့ကို စိတ်ဝင်တစား မေးသည်။ “ကောင်းကင်နတ်အရှင်မူကရော၊ ဖြောင့်မတ်မှန်ကန်တဲ့သူလား”

ချင်မူမှာ သူမ၏ ဖွံ့ဖွံထွားထွား ရင်သားများဆီမှ အကြည့်လွှဲရင် အလေးအနက် ပြန်ဖြေသည်။ “ကျွန်တော်က ကောင်းကင်နတ်ဘုံမှာ တကယ့်ကို ရှားမှရှားတဲ့ ဖြောင့်မတ်မှန်ကန်တဲ့သူတစ်ယောက်ပဲ” ထိုသို့ပြောနေရင်း တစ်ချက် ခိုးမကြည့်မိဘဲ မနေပေ။

လျန်းဟွာဟွန်က အင်္ကျီကော်လံကို အပေါ်တင်၍ အခွင့်အရေးအယူမခံရရန် လုံလုံခြုံခြုံ ဖုံးသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေမှာ ဟာကွက်တွေ အများကြီးပါတယ်... ငါ ကောင်းကင်နတ်အရှင်ဟောင်ဆီက သင်ခဲ့ရတဲ့ မူကို သတ်မယ့် သိုင်းကွက် ၁၈ ကွက်ထဲမှာ သိုင်းကွက်တစ်ကွက်စီတိုင်းက နင့်ရဲ့ ဟာကွက်တွေကို ပစ်မှတ်ထားတယ်... နင်တော့ သေမှာ မလွဲဘူး... ငါ့ လင်ခိုးမညီမတော်ရဲ့ အ‌လောင်းတော်ကို ငါ့ဆီ ပြန်ထည့်ပေးရင် ငါ နင့်ကို အသက်ချမ်းသာပေးမယ်”

သူမက ခပ်တိုးတိုး ဆက်ပြောသည်။ “နင့်ကို အသက်ရှင်ရက် ထားတာက ငါ့အတွက် အတော်လေး အသုံးဝင်တယ်... ဒါပေမဲ့ နင့်ကို မျက်လုံးတွေကိုတော့ ဖောက်ထုတ်ပစ်မှာ... မျက်လုံးက သူခိုးမျက်လုံးနဲ့”

ချင်မူ စိတ်ဖြင့် အမိန့်ပေးလိုက်သည့်အခါ အရှင်မယွမ်မု၏ အလောင်းသည် သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျသည်။ သူက ပြန်ဖြေသည်။ “ဒါကလည်း တန်ဖိုးကြီးတာမှ မဟုတ်တာဗျာ... နတ်ဧကရီ လိုချင်လည်း ယူသာ သွားလိုက်... ကျွန်တော့်မျက်လုံးတွေကိုလည်း ဖောက်ထုတ်ပစ်ချင်သပဆို ဖောက်ထုတ်ပစ်လိုက်ပါ... ကျွန်တော့်ဖန်ဆင်းကျင့်စဉ်က ရုပ်ခန္ဓာအသစ်တောင် တည်‌ဆောက်ပေးနိုင်တယ်”

လျန်းဟွာဟွန် အံ့အားသင့်သွားသည်။

လမ်းတစ်လျှောက်လုံး သူမမှာ ချင်မူ့ကို သတ်နိုင်မည့် နည်းလမ်းများအပါအဝင် ဖြစ်နိုင်ခြေပေါင်း မရေမတွက်နိုင်အောင် စဉ်းစားခဲ့ရ၏။ မသေခင် မယုံနိုင်ဖြစ်သွားမည့် ချင်မူ၏အမူအရာ၊ သူ ပြောမည့် နောက်ဆုံးစကားများကိုလည်း တွေးကြည့်ဖူးသည်။ သို့တိုင်အောင် ချင်မူက အရှင်မယွမ်မု၏ အခေါင်းကို အသာတကြည် ထုတ်၍ သူမဆီ ပေးမည့် ဖြစ်နိုင်ခြေကိုတော့ မစဉ်းစားခဲ့မိပေ။

သူမက ရှေ့သို့ လျှောက်သွားပြီး သလင်းကျောက်ခေါင်းတလားဆီသို့ လက်တစ်ဖက် လှမ်းလိုက်သည်။ ချင်မူ့ကိုလည်း သတိအနေအထားဖြင့် ကြည့်နေ၏။

သို့သော် ချင်မူ ရိုးသားသောအမူအရာ ရှိပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

လျန်းဟွာဟွန်၏ လက်ဝါးသည် သလင်းကျောက်ခေါင်းတလားဆီ ဖြည်းဖြည်းချင်း လှမ်းနေပြီး သူမအကြည့်ကလည်း ချင်မူ့ဆီမှ မခွာပေ။

ချင်မူက ပြုံးပြလိုက်သည်။ “နတ်ဧကရီ၊ သတိထား‌‌နော်”

သူ ပြောပြီးသည့်အချိန်မှာပဲ လျန်းဟွာဟွန်၏အနောက်ရှိ ဟင်းလင်းပြင်သည် ပွင့်ထွက်လာပြီး ချောက်နက်တစ်ခု ပေါ်လာ၏။ ဖြူသွယ်သွယ် လက်တစ်ဖက်က ချောက်ထဲမှ ထွက်လာသည်။ ၎င်း၏ လက်ငါးချောင်းမှာ ရှည်လျားသွယ်ဆင်းနေပြီး ထူးဆန်းသော လက်ဗွေရာများ ရှိ၏။ လက်က လျန်းဟွာဟွန်၏ ဦးခေါင်းနောက်သို့ တိတ်ဆိတ်စွာ ချဉ်းကပ်လာသည်။

သို့သော် လျန်းဟွာဟွန်မှာ အနည်းငယ်မျှ သတိထားမိပုံမရပေ။ ဖြူသွယ်သွယ် သူမ၏ နောက်စေ့သို့ ရောက်လာသည့်အချိန်မှာပဲ သူမ၏ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

လက်မှာ လေကိုသာ ဖမ်းဆုပ်မိလိုက်၍ ချက်ချင်း နောက်ဆုတ်လိုက်သော်လည်း နောက်ကျသွားချေပြီ။ လျန်းဟွာဟွန်က ထိုချောက်နက်၏ ဘေးသို့ ရောက်လာပြီး လက်ဝှေ့ယမ်းက ချောက်ထဲသို့ လက်ဝါးပို့လွှတ်လိုက်သည်။ “မိန်းမပျက်လေး... နင် ငါ့ကို တစ်ခါ အငိုက်ဖမ်းပြီး နောက်တစ်ကြိမ် ထပ်အငိုက်ဖမ်းလို့ ရဦးမယ်ထင်လား”

ချောက်နက်ထဲမှ ဘုတ်ခနဲ မြည်သံ ကြားလိုက်ရပြီး ယွင်ချွီးရှို့က တခစ်ခစ် ရယ်လျက် ထွက်လာသည်။ “မမကြီးက အမှားတွေကနေ သင်ခန်းစာ ယူထားတာပဲ... ကြည့်ရတာ ညီမလေး ကောင်းကောင်း သင်ပေးထားလို့ ဒီလောက် ဉာဏ်ကောင်းလာတာ ထင်တယ်နော်”

သူမအပြုံးက ပန်းကလေးတစ်ပွင့်လို လှပသော်လည်း လှုပ်ရှားမှုများက အတိုင်းထက်အလွန် ရက်စက်ကြမ်းတမ်းသည်။ ရှိသမျှ စွမ်းအားအလုံးစုံ ထုတ်ဖော်လျက် သူမ၏လက်သီးထဲသို့ ပို့လွှတ်လိုက်သည့်အခါ သူမအနောက်၌ ပျံဝဲနေသော ကောင်းကင်နန်းဆောင်များနှင့်အတူ ခမ်းနားလှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

လျန်းဟွာဟွန်လည်း ရှိသမျှ အစွမ်းအလုံးစုံ ထုတ်၍ တိုက်ခိုက်သည်။ မိန်းကလေးနှစ်ယောက်ကား ခန့်မှန်းမရသော လှုပ်ရှားမှုများဖြင့် ပတ်ဝန်းကျင်တွင် ပြေးလွှားရင်း တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြလေသည်။

ဘုန်း

ဖန်ဆင်းရှင်တို့၏ ဧရာမခန်းမကြီးတစ်ခုမှ သူတို့၏ ကောင်းကင်နတ်သိုင်းများကြောင့် တိုက်ရိုက်အငွေ့ပျံသွားသော်လည်း နောက်တခဏတွင် ထိုခန်းမသည် ပြန်လည်ဖွဲ့တည်လာ၏။

လျန်းဟွာဟွန်နှင့် ယွင်ချွီးရှို့၏ ကောင်းကင်နတ်သိုင်းများက အတိုင်းထက်အလွန် အားကောင်း၍ ဤနေရာကို အလွယ်တကူ ဖျက်စီးနိုင်ပါသော်လည်း ဤနေရာတွင် အရာအားလုံးသည် မြင်ယောင်ဖန်ဆင်းထားခြင်း ဖြစ်၏။ ထို့ကြောင့် ပျက်စီးသွားသော်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်လေသည်။

ချင်မူ သူတို့၏တိုက်ပွဲကို စောင့်ကြည့်နေပြီး တခဏကြာသော် ခေါင်းမယမ်းမိဘဲ မနေတော့ပေ။

လျန်းဟွာဟွန်နှင့် ယွင်ချွီးရှို့၏ တိုက်ပွဲသည် ပြင်းထန်ပါသော်လည်း ထုတ်လွှတ်နေသော အစွမ်းအစများမှာ လက်နက်ကောင်းကင်နတ်အရှင်ယွီ၏ အဆင့်သာ ရှိသည်။ ပြိုင်ဘက်ကင်းသိုင်းပညာအစစ်တို့အား ထုတ်မသုံးပေ။ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားမည်စိုးသဖြင့် သိုင်းကွက်အစစ်များကိုလည်း ထုတ်မပြပေ။

‘ဒီညီအစ်မနှစ်ယောက်ရဲ့ တိုက်ပွဲက ထပ်ပြီး စိတ်ဝင်စားစရာမရှိတော့ဘူး ထင်တယ်... သူနဲ့ လိုက်လျောချင်ယောင်ဆောင်နေလည်း အလကားပဲ’

ဤသို့ တွေးမိသည်နှင့် သူက လက်တစ်ဖက် လှမ်းကာ ဝှေ့ယမ်းလိုက်သည်။ သလင်းကျောက်ခေါင်းတလားသည် ဝုန်းခနဲ ထောင်မတ်လာပြီး ကျွီခနဲ ပွင့်လာကာ အရှင်မယွမ်မု၏ အလောင်းကို ပြသ၏။

ချင်မူ မျက်လုံးပိတ်၍ အိပ်မက်ထဲ ဝင်လိုက်သည့်အခါ သူ၏အိပ်မက်နယ်က သလင်းကျောက်ခေါင်းတလားအား လျင်မြန်စွာ လွှမ်းခြုံသွာသည်။ သူ့စိတ်ထဲမှ ချင်မူပေါက်စလေးများက ပြေးထွက်လာကာ အရှင်မယွမ်မု၏ ရုပ်ခန္ဓာအပေါ် ခုန်တက်သွားကြသည်။ အကုန်လုံး နေရာပေါင်းစုံထဲ ဝင်နေကြလေသည်။ တချို့က အင်္ကျီလက်အိုးထဲပင် ဝင်၍ အရှင်ယွမ်မု၏ ရုပ်ခန္ဓာအပေါ်ရှိ သင်္ကေတအမှတ်အသားများအား လေ့လာနေသည်။

ယွင်ချွီးရှို့မှာ ဤအခြင်းအရာကြောင့် ထိတ်လန့်သွား၍ သိုင်းကွက်များ ဖရိုဖရဲ ဖြစ်သွားသည်။ လျန်းဟွာဟွန်က ချက်ချင်းဆိုသလို ဟာကွက်များကို အမိအရ ထိုးနှက်လိုက်သဖြင့် ယွင်ချွီးရှို့မှာ သွေးအန်ရင်း ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားကာ ဖန်ဆင်းရှင်တို့၏ ခန်းမများအား ဝင်တိုက်တော့သည်။

လျန်းဟွာဟွန် လိုက်၍ တိုက်ခိုက်တော့မည့်အချိန် ယွင်ချွီးရှို့က ကပျာကယာ လှမ်းအော်သည်။ “ငါတို့ရုပ်ခန္ဓာတွေမှာ အဆုံးသတ်မြို့ပျက် မဟာတာအိုရဲ့ လျှို့ဝှက်ချက်တွေ ကိန်းဝပ်နေတယ်.. သူ ငါတို့ကို လေ့လာနိုင်သွားရင် သူ့ကို ဘာမှ လျှို့ဝှက်ထားနိုင်တော့မှာ မဟုတ်ဘူး... ငါ သူ့ကို မရှင်းနိုင်ဘူး... အစ်မ‌‌တော်ပဲ သူ့သတ်ပြီး ငါ့ရုပ်ခန္ဓာကို ပြန်ယူပေးနိုင်မှာ”

“အစ်မတော်၊ နင်နဲ့ ငါက အမြစ်တစ်မြစ်ထဲကနေ အတူ မွေးဖွားလာကြတာနော်... ငါ့ရုပ်ခန္ဓာရဲ့ မဟာတာအို ပေါ်သွားရင် နင်လည်း မလွတ်ဘူး”

ယွင်ချွီးရှို့က မျက်ရည်များဖြင့် သနားစဖွယ် ပြောနေသည်။ “မမကြီးနဲ့ ညီမလေး နှစ်ယောက်စလုံး သုဿန်မြေတောင် မရှိဘဲ သေသွားလိမ့်မယ်.. ညီမလေး မမကြီးကို ထိပ်တိုက်ရင်ဆိုင်ရင် ဘယ်လိုလုပ်နိုင်နိုင်မလဲ... ညီမလေး အဲဒီတုန်းက မမကြီးကို သတ်နိုင်ခဲ့တာကလည်း အငိုက်ဖမ်းနိုင်ခဲ့လို့ပါ... အခု မမကြီးက သတိဝီရိယ အပြည့်ရှိနေပြီဆိုတော့ ညီမလေး ဘာမှမလုပ်နိုင်တော့ပါဘူး”

သူမသည် မျက်ရည်များအား ဖြစ်ညစ်ထုတ်နေ၏။ “မမကြီး ညီမလေးရဲ့ ရုပ်ခန္ဓာကို ယူထားနိုင်ရင် မမကြီးက ညီမလေးရဲ့ အားနည်းချက်ကို ဆုပ်ကိုင်ထားသလို ဖြစ်သွားပြီလေ... ဒါဆို မမကြီးအတွက် ညီမလေး နွားလို၊ ခွေးလို အလုပ်လုပ်ပေးပါ့မယ်... မမကြီးကို သစ္စာမဖောက်ရဲပါဘူး”

လျန်းဟွာဟွန်က သူမကို ကြည့်၍ လေပေါ် ပျံတက်လိုက်ကာ မူကို သတ်မည့် သိုင်းကွက် ၁၈ ကွက်ထဲမှ တစ်ကွက်ဖြင့် ချင်မူ့ဆီသို့ တိုက်ခိုက်သည်။

ချင်မူမှာ မျက်လုံးပိတ်လျက် အိပ်မက်ထဲ ဝင်ရောက်နေသော်လည်း သူ့ခန္ဓာကိုယ်သည် ထလာ၏။ သူ့မျက်လုံးသုံးလုံးက တင်းတင်းပိတ်ထားပြီး လက်တစ်ဖက်ဖြင့် ဓားအား ပင့်‌မြှောက်လိုက်သည်။

သူ၏ဓားကွက်ထဲ၌ ဟာကွက်အား ချက်ချင်း တွေ့လိုက်ရသဖြင့် လျန်းဟွာဟွန်က ချင်မူ၏အားနည်းချက်ကို တိုက်ခိုက်ထိုးနှက်တော့သည်။

သို့တိုင်အောင် သူမ၏အသေသတ်သိုင်းကွက်က ချင်မူ့ဘေးနား ရောက်သွားသည့်အခါ မမြင်ရသော အတားအဆီးနံရံကို တွေ့လိုက်ရသကဲ့သို့ ချင်မူ့ရုပ်ခန္ဓာဆီ ဆက်မသွားနိုင်ပေ။

လျန်းဟွာဟွန် အံ့အားသင့်သွားပြီး သိုင်းကွက်ကို နောက်တစ်ကွက်သို့ ချက်ချင်း ပြောင်းလဲလိုက်သည်။

ဤသိုင်းကွက်၏ ရလဒ်ကလည်း ပထမသိုင်းကွက်နှင့် အတူတူပင်။ ချင်မူ့အနားပင် မရောက်ခင် ပြိုကွဲသွားသည်။

လျန်းဟွာဟွန်မှာ သိုင်းကွက်များကို အဆက်မပြတ် ပြောင်းလဲနေသော်လည်း ချင်မူ့အနား လုံးဝ ကပ်မရသခြင့် ထိတ်လန့်လာပြီး လှမ်းအော်လိုက်သည်။ “မိန်းမပျက်လေး၊ ငါ သူ့ကို ထိန်းထားနေပြီ... နင် လာမကူညီတော့ဘူးလား”

ယွင်ချွီးရှို့လည်း ကပျာကယာ ရောက်လာကာ ညီအစ်မနှစ်ယောက် ချင်မူ့ကို ဝိုင်း၍ တိုက်ခိုက်တော့သည်။ လိပ်ပြာနှစ်ကောင် ပျံသန်းနေသည့်အလား ထင်ရ၏။ သူတို့ထုတ်လွှတ်နေသော ကောင်းကင်နတ်သိုင်းများမှာ တိုင်းတာ၍မရအောင် အင်အားကြီးမားလှသည့်တိုင် ချင်မူ့အနားသို့ မချဉ်းကပ်နိုင်သေးပေ။

လော့ဝူရွှမ်က ဤမြင်ကွင်းကို အဝေးမှ ကြည့်နေရင်း တုန်လှုပ်လာသည်။ ‘လောကသခင်ခန္ဓာချင်က နတ်ဘုရားတစ်ပါး ဖြစ်လာပြီးနောက်ပိုင်း တကယ်ကြီး အင်အားကြီးလာတာပဲ... သူ့ရဲ့စွမ်းအားတွေက အားကောင်းပြင်းထန်လွန်းလို့ ညီအစ်မနှစ်ယောက်တောင် ဖောက်မထွက်နိုင်ဘူး’

လက်ရှိအချိန်တွင် ချင်မူသည် နတ်ဘုရားအဆင့် ဖြစ်၏။ ကောင်းကင်နတ်ဧကရီနှင့် သူမ၏ညီမမှာ သူ့အောက် အဆင့်တစ်ဆင့်သာ နိမ့်ကျသော်လည်း ချင်မူနှင့် သူတို့အကြားရှိ ကွာဟမှုမှာ ကောင်းကင်ဘုံတစ်ထပ်နှင့် တူနေသည်။

“ငါတို့ ထိပ်တိုက် ရင်ဆိုင်လို့ မရတော့ဘူး ... ထွက်သွားကြစို့”

ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်က ရှောင်ပြီး ဆုတ်သွားကြသည်။ သူတို့၏အနောက်တွင် ချောက်နက်တစ်ခုစီ ပွင့်လာကြကာ နှစ်ယောက်သား အထဲဝင်ပေတော့မည်။

ထိုအချိန်မှာပင် ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံး ပွင့်လာပြီး တောက်ပသော အလင်းတန်းနှစ်တန်း ထွက်လာသည်။ ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်နှစ်ယောက်စလုံး သူတို့၏ချောက်များအတွင်း ဝင်သွားကြသော်လည်း ချောက်မပိတ်ခင် တစ်စက္ကန့်လေးအတွင်း အလင်းတန်းနှစ်တန်းလည်း လိုက်ဝင်သွား၏။

ကောင်းကင်မှာ ရုတ်တရက် သွေးရောင်လွှမ်းသွားပြီး မိန်းကလေးနှစ်ယောက် ပျောက်သွားသည်။

ချင်မူက ကောင်းကင်ထဲရှိ သွေးတန်းနှစ်တန်းဆီသို့ လှမ်းဆွဲလိုက်သည့်အခါ လျန်းဟွာဟွန်နှင့် ယွင်ချွီးရှို့မှာ လည်ဂုတ်မှ ဖမ်းဆုပ်ခံလိုက်ရပြီး ဟင်းလင်းပြင်ထဲမှ ထွက်လာကြကာ မြေပြင်ပေါ် ရက်ရက်စက်စက် ရိုက်ချခံလိုက်ရတော့သည်။

All Chapters