ဟင်းလင်းပြင်ထဲက ရွှင်ပျော်ပျော်ကျေးရွာ
Vol. 74 Ch. 969
ချင်မူ ညာဘက်ရှိ တံခါးကို ဒုတိယအကြိမ် ထပ်ဖွင့်ကြည့်သည်။ မြင်ကွင်းသည် ပြောင်းလဲသွားပြန်၏။ ယခုတွင် မည်းနက်နေ၍ မည်သည်ကိုမျှ မမြင်ရတော့ပေ။
ရုတ်တရက် အမှောင်ထုထဲမှ ဧရာမမျက်လုံးကြီးတစ်လုံး ဘွားခနဲ ထွက်လာသည်။
ချင်မူမှာ တံခါးကို ချက်ချင်း ပိတ်လိုက်ရပြီး ရင်တဒိန်းဒိန်း ခုန်နေတော့သည်။ ‘လေဟာနယ်တံတားအဆုံးမှာ တံခါးဖွင့်ကြည့်ရတာတွေက တော်တော် စိတ်လှုပ်ရှားစရာကောင်းတာပဲ…. တံခါးတစ်ချပ် ဖွင့်လိုက်တိုင်း လန့်လန့်သွားတယ်”
သူ တံခါးကို နောက်တစ်ကြိမ် ဖွင့်ကြည့်လိုက်သည့်အခါ ပေါက်ကွဲနေသော တွင်းနက်ကြီးတစ်တွင်းအား မြင်လိုက်ရသည်။ ချင်မူ တသိမ့်သိမ့် တုန်ရီသွားပြီး တံခါးကို ကပျာကယာ ပြန်ပိတ်လိုက်သည်။
ချင်မူ ပွင့်လိုက်ပိတ်လိုက် ထပ်လုပ်ကြည့်ရင်း နောက်ဆုံးတွင် ပဒုမ္မာကြာပွင့်နှင့် အခန်းတစ်ခန်းအား တွေ့သွား၏။
ချင်ဖုန်းကျင့်က တစ်စုံတစ်ခုကို နားထောင်နေပြန်သည်။ တစ်ယောက်ယောက်က သူ့ကို ပြောပြနေကြောင်း သိသာသည်။ “အခု ဘယ်ကို နှစ်ကြိမ်၊ ညာကို တစ်ကြိမ်၊ အလယ်ကို ငါးကြိမ်၊ ညာကို သုံးကြိမ်၊ အလယ်ကို တစ်ကြိမ်၊ ညာကို နှစ်ကြိမ်၊ ဘယ်ကို လေးကြိမ်၊ အလယ်ကို ခုနစ်ကြိမ် ဖွင့်…”
သူသည် ထူးဆန်းသော စကားဝှက်တစ်ခုကို ပြောနေသည့်အလား ထင်ရ၏။ ချင်မူက သေသေချာချာ နားထောင်၍ မှတ်သားနေသည်။ ဤသည်က တံခါးကို ဖွင့်နိုင်မည့် စကားဝှက် ဟုတ်ရိုးမှန်လျှင် ယနေ့ထိတိုင်အောင် ရွှင်ပျော်ပျော်ကျေးရွာကို မည်သူမျှ ရှာမတွေ့ခဲ့သည်မှာ ဖြစ်နိုင်၏။
သာမန်လူတစ်ယောက်ဆိုလျှင် တံခါးထဲသို့ ဝင်ကြည့်ရုံသာ ဝင်ကြည့်လိမ့်မည်။ ပိတ်လိုက်ဖွင့်လိုက် လုပ်ကြည့်နေမည်မဟုတ်ပေ။
တံခါးထဲ ဝင်လိုက်လျှင် ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေ့လို ဖန်ဆင်းရှင်တို့၏ ထောင်ချောက်အတွင်း၌ ပိတ်မိသွားလိမ့်မည်။ သူတို့ လွတ်မြောက်လာလျှင်ပင် တံခါး၏အစီအစဉ်နှင့် ပတ်သက်ပြီး သိနေမည်မဟုတ်သဖြင့် ကူကယ်ရာမဲ့နေမည်။
ပို၍အရေးကြီးသည်မှာ တံခါးကို ဖွင့်လိုက်ပိတ်လိုက် အကြိမ်များစွာ လုပ်ရန် လိုအပ်ခြင်းပင်။ အဆက်မပြတ် စမ်းသပ်ကြည့်နေဖို့ လိုသည်။ ထို့အပြင် တံခါးတစ်ချပ်တိုင်း၏ အနောက်၌ အန္တရာယ်များသော နေရာများ ရှိ၏။ ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားဆောင်၊ မြေအောက်ဘုံအရှင်သခင်၏ အရှေ့ သို့မဟုတ် ကမ္ဘာဦးသစ်ပင်၏ အရှေ့၊ အစရှိသဖြင့် အန္တရာယ်များသော နေရာများ ဖြစ်ကြသည်။ သတိမထားလျှင် တံခါးအနောက်ရှိ အရာ၏ သတ်ဖြတ်ခြင်း ခံရလိမ့်မည်။
မှန်သည်၊ ဖန်ဆင်းရှင်များ ဤဆန်းကြယ်နေရာနှင့် အိမ်သုံးအိမ်ကို ဖန်ဆင်းခဲ့တုန်းက အမိကမ္ဘာမြေ အသက်ရှင်နေသေးသည်။ ယခုတွင် သူမ သေနေပြီဖြစ်၍ တံခါးအား နတ်ဘုရားတချို့သာ စောင့်ကြပ်နေရာ ကမ္ဘာဦးဘုံထဲရှိ ကမ္ဘာဦးသစ်ပင်ဆီသို့ တံခါးအား ဖွင့်လိုက်လျှင် အန္တရာယ်မများပေ။
အခြေအနေက အန္တရာယ်များသည့် တံခါးများကို တစ်ကြိမ်တစ်ခါမျှသာ ဖွင့်လျှင် အသတ်ခံရနိုင်ခြေ နည်း၏။ ခဏခဏ ဖွင့်မှ အသတ်ခံရဖို့ များသည်။
‘ဖန်ဆင်းရှင်တွေက သိပ်အစွမ်းထက်တာပဲ… ခိုင်ဧကရာဇ်က တံခါးဖွင့်တဲ့အစီအစဉ်ကို ဘယ်လို သိသွားတာပါလိမ့်’
ချင်မူမှာ ဤအချက်ကို တခဏ တွေးပြီးနောက် သဘောတရားတစ်ခု စဉ်းစားမိသွားသည်။
ကောင်းကင်နတ်အရှင်ယွင် ခိုင်ဧကရာဇ်ဆီသို့ ပေးခဲ့သော မြေပုံတွင် တံခါးဖွင့်နိုင်မည့် အစီအစဉ် ပါလောက်၏။
ကောင်းကင်နတ်အရှင်ယွင်နှင့် မဟာလေဟာနယ်၏ ဖန်ဆင်းရှင်များသည် မဟာဧကရာဇ်ကို ထောင်ချောက်ဆင်ရန် အတူတူ ပူးပေါင်းခဲ့ကြရာ ကောင်းကင်နတ်အရှင်ယွင်နှင့် မဟာလေဟာနယ် ဖန်ဆင်းရှင်များ၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်ကြောင်း သေချာ၏။ ဖန်ဆင်းရှင်များ မဟာလေဟာနယ်မှ ထွက်သွားသည့်အချိန်တွင် တံခါးကို ဖွင့်နိုင်မည့်အစီအစဉ်အား ပြောခဲ့လောက်သည်။
ချင်ဖုန်းကျင့်က တံခါးဖွင့်နိုင်မည့် အစီအစဉ်ကို ထပ်ခါတလဲလဲ ရွတ်ပြပြီးနောက် ပြောသည်။ “မင်း အစီအစဉ်ကို မှန်မှန် မှတ်ထားနော်… မဟုတ်ရင် ရွှင်ပျော်ပျော်ကျေးရွာရဲ့ တံခါးကို ဖွင့်နိုင်မှာမဟုတ်ဘူး… ပြီးတော့ ရွှင်ပျော်ပျော်ကျေးရွာထဲမှာ လျှောက်မသွားနဲ့… အဖေနဲ့အမေက သတ်စရာရှိတာတွေ သတ်ပြီးရင် မင်းအတွက် လှေတစ်စင်း လွှတ်ပေးလိုက်မယ်တဲ့”
ချင်မူ ခေါင်းညိတ်လိုက်သည်။
ချင်ဖုန်းကျင့်၏ပုံရိပ် ပြိုကွဲသွားပြီး သူ့အသံက ဝေးသထက် ဝေး၍ သွားသည်။ “မှတ်ထားနော်…. တစ်ယောက်တည်း လျှောက်မသွားနဲ့… အဲဒီအရသာရှိတဲ့ ဖန်ဆင်းရှင်တွေက ရက်စက်တယ်…”
သူ့ပုံရိပ် ပျောက်ကွယ်သွားသည့်အခါ ချင်မူမှာ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ သူက ဘယ်ဘက်သို့ သွားပြီးနောက် ပြောလိုက်သည်။ “ဒီကို ကြည့် နောင်တော်လော့”
လော့ဝူရွှမ်က မဆိုင်းမတွ လျှောက်လာသည်။ ချင်မူ တံခါးတွန်းဖွင့်လိုက်သည့်အခါ တံခါး၏အနောက်တွင် ကမ္ဘာဦးဘုံ၏ ကမ္ဘာဦးသစ်ပင် ရှိနေ၏။ သစ်ပင်ထိပ်ဖျား၌ စောင့်ကြည့်နေကြသော နတ်ဘုရားများက ချက်ချင်းဆိုသလို ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကင်လက်နက်များ ထုတ်လွှတ်ကာ သူတို့ဆီ ပြေးဝင်လာသည်။ သူတို့၏ အော်သံများသည် ကောင်းကင်အား တသိမ့်သိမ့် တုန်ခါသွားစေ၏။
ချင်မူက လော့ဝူရွှမ်အား တံခါးထဲ တွန်းထည့်လိုက်ပြီးနောက် ပြုံးပြသည်။ “နောင်တော်လော့၊ ကမ္ဘာဦးဘုံဆီ အရင်ပြန်လိုက်ဦး… နောက်ကျ ကျွန်တော် ခင်ဗျားကို လာရှာပါ့မယ်”
လော့ဝူရွှမ်မှာ အတွန်းခံလိုက်ရသဖြင့် ကမ္ဘာဦးဘုံထဲ ပြုတ်ကျသွားသည်။ သူ့ဆီ လာနေသော နတ်ဘုရားများထောင်နှင့်ချီကို မြင်လျှင် သူ ကြက်သီးမွေးညင်းများ ထလာ၏။ သူက ဆဲဆိုပြီး နောက်ပြန်လှည့်လိုက်သော်လည်း တံခါးကား ပိတ်သွားပြီဖြစ်သည်။
သူ့မှာ နတ်ဘုရားများကို ရင်ဆိုင်ရုံအပြင် ရွေးချယ်စရာမရှိတော့ဘဲ တွေးနေမိသည်။ ‘ဒါကကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ ပိုင်နက်၊ ကမ္ဘာဦးဘုံထဲမှာ တည်ဆောက်ထားတဲ့ ကောင်းကင်နန်းဆောင်တစ်ခုပဲ… ဒီမှာ နတ်ဘုရားတွေ ငါ သတ်လိုက်ရင် ကောင်းကင်နတ်အရှင်ကို ပုန်ကန်သလို ဖြစ်လိမ့်မယ်… ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှာ ကောင်းကင်နတ်ဧကရီ၊ အရှင်မယွမ်မုနဲ့ ကောင်းကင်နတ်အရှင်ရှုကို ငါ အာခံထားပြီးပြီ… ကောင်းကင်နတ်အရှင်ဟောင်ကလည်း ငါ့ကို အလွှတ်ပေးမှာမဟုတ်ဘူး… ဒီတော့ မထူးတော့ပါဘူးကွာ’
သူ၏ချီနှင့် သွေးများသည် စုစည်းလာပြီး ကောင်းကင်ဓားမတစ်လက် အသွင်ပြောင်းလဲ၍ ကောင်းကင်နန်းဆောင်အား စောင့်ရှောက်နေသော နတ်ဘုရားများဆီသို့ ခုတ်ချလိုက်၏။ ‘သူ့ကို မသတ်ရင် ဒီကနေ ထွက်ဖို့ ခက်လိမ့်မယ်’
‘နောင်တော်လော့တော့ ငါ့ကို ဆဲနေလောက်ပြီ’
ချင်မူ တံခါးကို ပြန်ဖွင့်၍ ညာဘက်အိမ်၏ အရှေ့သို့ လမ်းလျှောက်သွားကာ တံခါးအား တစ်ကြိမ်ဖွင့်သည်။ ထို့နောက် အလယ်အိမ်ဆီ သွားပြီး တွေးနေမိ၏။ ‘အဲဒီလူ ကောင်းကင်နတ်အရှင်တွေကို ပုန်ကန်ပြီး လျှို့ဝှက်ချက်တွေလည်း အများကြီး ကြားထားတယ်…. ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်လုံး သူ့ကို မကြည်တော့ဘူး… အခု သူက ငါလို ကောင်းကင်နတ်အရှင်မူကိုလည်း ဆဲနေပြန်ပြီ ကျွတ်စ် ကျွတ်စ်’
လော့ဝူရွှမ်ကို သူ မယုံခြင်းမဟုတ်ပေ။ ရွှင်ပျော်ပျော်ကျေးရွာသည် သူ့အတွက် အလွန်အရေးပါ၍ ဖြစ်၏။ ရွှင်ပျော်ပျော်ကျေးရွာအကြောင်း လူသိနည်းလေ၊ ကောင်းလေ ဖြစ်သောကြောင့် အရင်ပြန်လွှတ်လိုက်ခြင်းပင်။
ချင်မူက ချင်ဖုန်းကျင့်ပြောပြခဲ့သည့်အတိုင်း တံခါးများကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေသည်။ အတန်ကြာသော် ပြီးသွားသဖြင့် အလယ်အိမ်ဆီသို့ လျှောက်သွားကာ လက်နှစ်ဖက်ဖြင့် တွန်းဖွင့်လိုက်၏။
တံခါးနောက်မှ တောက်ပသောအလင်းရောင်က သူ့ဆီ ဖြာဆင်းလာသဖြင့် ချင်မူ့မျက်လုံးများ မှေးကျဉ်းသွားသည်။ သူက ၎င်းကို လက်ဖြင့် ကာလိုက်သည့်အခါမှ သူ့မျက်လုံးများမှာ ကျင့်သားရသွား၏။
သူ့အရှေ့တွင် တိမ်တိုက်များနှင့် ထိနေသည့်တိုင်အောင် မြင့်မားလှသော တောအုပ်ကြီးတစ်အုပ် ရှိသည်။ ကောင်းကင်ထဲတွင် ငှက်ကြီးများ ပျံသန်းသွားလာနေကြသည်။ တစ်ကောင်ဆိုလျှင် တောင်ပံခြောက်ဖက်ဖြင့် လှပသောတောင်တစ်လုံးအရှေ့၌ ပျံဝဲနေသည်။
တောင်များသည် အမြင့်အမျိုးမျိုး ရှိပြီး တိမ်တိုက်များက ပင်လယ်ပြင်ကြီးပမာ သူတို့အကြား၌ လွင့်မျောနေကြသည်။
တောင်ပံခြောက်ဖက်ငှက်က တောင်ကို ဖြတ်၍ ပျံသန်းသွားရင်း တိမ်ပင်လယ်ထဲ ဝင်ရောက်သွား၏။ ၎င်းဆီမှ ကျယ်လောင်သော အော်မြည်သံတစ်သံ ထွက်လာသည်။
ချင်မူ တံခါးထဲ ဝင်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ လေသည် မယုံနိုင်လောက်အောင် လန်းဆန်းနေပြီး ရေခိုးရေငွေ့လေးများပင် ပါဝင်နေ၏။
ရေသံလည်း ကြားရသည်။ သူ နောက်လှည့်ကြည့်လိုက်သည့်အခါ အိမ်သုံးအိမ်သည် သူ့အနောက်၌ ရှိနေ၏။
လေဟာနယ်တံတား၏အဆုံး အိမ်များမှာ တောင်ထိပ်မြင့်မြင့်တစ်ခုအပေါ်တွင် တည်ဆောက်ထားကြောင်း သူ မြင်ရသည်။ သူ့အနောက်ရှိ အိမ်သုံးအိမ်ကို ရေတံခွန်တစ်ခုက ဝန်းရံထား၏။ ရေတံခွန်က တောင်စောင်းဘေးမှ စီးကျလာကာ လမ်းတစ်ဝက်တွင် ဧရာမကျောက်တုံးကြီးတစ်တုံးအပေါ် ကျသွားပြီးနောက် ရေစီးကြောင်းနှစ်ခု ကွဲကာ စီးကျလာနေသည်။
ချင်မူ အောက်ငုံ့ကြည့်လိုက်သည့်အခါ လမ်းတစ်ဝက်၌ ရေတံခွန်နှစ်ခုအား မြင်လိုက်ရ၏။
‘ငါ အလယ်အိမ်ထဲ ဝင်ခဲ့တာပါ… ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ … ထူးဆန်းတယ်’
သူ့မှာ ဖန်ဆင်းရှင်တို့ ဖန်ဆင်းထားသော ဆန်းကြယ်မှုများကြောင့် အံ့ဩမဆုံးတော့ပေ။ ထိုမျှဆန်းကြယ်သော အိမ်များကို မြင်ယောင်ဖန်ဆင်းနိုင်ကြသည့် သူ၏အစွမ်းက ကောင်းကင်နတ်အရှင်ယွဲ့၏ ဟင်းလင်းပြင်ပညာရပ်အောက် မနိမ့်ကျပေ။
‘ဒါက ရွှင်ပျော်ပျော်ကျေးရွာ ဖြစ်လောက်တယ်မလား’
ဤနေရာတွင် အသိစိတ်အလျဉ်တို့ သိပ်သည်းထူထပ်နေကြောင်း ချင်မူ ခံစားရသည်။ ဖန်ဆင်းရှင်များ ဖန်ဆင်းထားသော ကမ္ဘာတစ်စင်း ဖြစ်လောက်၏။ သို့တိုင်အောင် မဟာလေဟာနယ်လို ပျက်စီးမနေ၍ ကြောက်စရာမကောင်းပေ။ များစွာ အေးချမ်းသာယာနေသည်။
အတွေးတစ်ခု သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး သူ့လက်ထဲတွင် ဝိုင်ခွက်တစ်ခွက် ပေါ်လာသည်။
ချင်မူက သောက်ပြီးနောက် ခွက်အား လွှင့်ပစ်လိုက်ရာ ခွက်သည် ပျောက်ချင်းမလှ ပျောက်သွား၏။
‘ဘယ်လောက် ထူးဆန်းတဲ့နေရာလဲ…. မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကိုလည်း မသုံး၊ ငါ့အသိစိတ်အလျဉ်ကိုလည်း သိပ်မသုံးတာတောင် ငါ တွေးလိုက်တာနဲ့ ဝိုင်ခွက်က ငါ့လက်ထဲ ပေါ်လာတယ်… ဒီနေရာက တော်တော်မိုက်တာပဲ’
ချင်မူမှာ အထင်မကြီးမိဘဲ မနေတော့ပေ။ ‘ဒါဆို ဒီမှာ နေတဲ့ လူတွေက အလုပ်လုပ်စရာ မလိုတော့ဘူးပေါ့ ဟုတ်တယ်မလား… သူတို့ တွေးလိုက်ရုံနဲ့ ဝိုင်ကောင်းတွေ၊ စားကောင်းသောက်ဖွယ်တွေကို ဖန်ဆင်းနိုင်နေမှာလေ… အတွေးလေးတစ်ချက်နဲ့ အင်မတန် လှတဲ့ နန်းတော်တစ်ခုကိုတောင် ဖန်ဆင်းနိုင်တယ်… ဒါဖြင့် ဒီနေရာကို တကယ် ရွှင်ပျော်ပျော်ကျေးရွာလို့ ခေါ်လို့ရတာပဲ’
ထိုအတိုင်းဆိုလျှင် မြင်ယောင်ဖန်ဆင်းလိုက်တိုင်း အလုပ်ဖြစ်နိုင်အောင် အသိိစတ်အလျဉ်အဆင့်တစ်ခုတော့ ရှိထားရမည်။
ချင်မူ၏အသိစိတ်အလျဉ်သည် အားကောင်းပြင်းထန်၏။ သူ့အတွေးလေးတစ်ချက်ဖြင့် သူ ကူးပြောင်းပေးပို့နိုင်သော အသိစိတ်အလျဉ်ပမာဏက ကြောက်မက်ဖွယ်ရာကောင်းသည်။ ယင်းက သာမန် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ရရှိနိုင်သော အဆင့်တစ်ဆင့် မဟုတ်ပေ။
သူက တံခါးကို လှည့်ပိတ်သည်။ ထို့နောက် ရေတံခွန်အပေါ်တွင် ထိုင်ရင်း သူ့တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေသည်။ “အစ်ကိုကြီးက ငါ့ကို ဒီမှာ စောင့်ခိုင်းထားတယ်…. အမေတို့က ငါ့ကို လာကြိုမှာဆိုတော့ လျှောက်မစပ်စုပဲ ဒီမှာပဲ စောင့်နေတာ ကောင်းပါတယ်”
သူက သိက္ခာတော်ရ ရဟန်းအိုကြီးတစ်ပါးပမာ အောက်သို့ ငုံ့ကြည့်နေသည်။ ရုတ်တရက် အတွေးတစ်ခု သူ့ခေါင်းထဲ၌ ပေါ်လာ၏။ ‘ဒီမှာ အကုန်လုံးသာ ရနိုင်ရင် အမေပြောသလို ဘယ်လိုလုပ်ပြီး အန္တရာယ်များတဲ့ နေရာတစ်နေရာ ဖြစ်နေတာလဲ… ဒါ့အပြင် ကောင်းကင်ဆရာသခင်စာပေသမား ယန်ယွင်ရှစ်ကလည်း ငါ့ကို ဒီနေရာဆီ မလာစေချင်လို့ နေရာတောင် မပြောပြခဲ့ဘူး’
‘စောစောက အစ်ကိုကြီးက ရွှင်ပျော်ပျော်ကျေးရွာကို လာပြီးနောက်ပိုင်း နတ်ဘုရားတွေ , မိစ္ဆာတွေနဲ့ နေ့တိုင်း တိုက်ခိုက်ပြီး စားရသောက်ရတယ် ပြောတယ်… ရွှင်ပျော်ပျော်ကျေးရွာက ဒီက ဖန်ဆင်းရှင်တွေနဲ့ စစ်ဖြစ်နေတာများလား’
‘ခိုင်ဧကရာဇ်က ကောင်းကင်နတ်အရှင်ယွင်ရဲ့ မြေပုံနဲ့အတူ ဒီကို ရောက်လာတာ… ကောင်းကင်နတ်အရှင်ယွင်နဲ့ ဖန်ဆင်းရှင်တွေက တည့်တယ်မဟုတ်လား… ရွှင်ပျော်ပျော်ကျေးရွာကို ဒီတိုင်း ထားပေးသင့်တာမဟုတ်လား… ဘာလို့ တိုက်ခိုက်နေတာလဲ’
…
သူ့စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်လာပြီး သူ့မှာ ငြိမ်ငြိမ်မနေနိုင်တော့ပေ။ ထိုအခိုက်အတန့်တွင် ခြေသံကြီးများ ထွက်ပေါ်လာသည်။
ချင်မူ ချက်ချင်း ထရပ်၍ ကြည့်လိုက်သည့်အခါ ရေတံခွန်အောက်မှ မော့ကြည့်နေသော ခေါင်းကြီးတစ်ခေါင်းအား မြင်လိုက်ရသည်။ ထိုဘီလူးကြီးသည် သူ့ကို ကြည့်နေပြီး သူ့နှာခေါင်းပေါက်ထဲမှ ရေစီးကြောင်းများက တဝုန်းဝုန်း ထွက်လာနေ၏။
၎င်းင်း၏ နဖူးထဲ၌ တတိယမျက်လုံးသဖွယ် နစ်မြုပ်နေသော ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်ကို မြင်လိုက်သည့်အခါ ချင်မူ ရင်ထဲတွင် တင်းကြပ်သွားသည်။
ဤဘီလူးကြီးကား ဖန်ဆင်းရှင်ပင်။
ထိုမျှကြီးမားသော ဖန်ဆင်းရှင်သည် အလွန်တရာ အင်အားကြီးမားလိမ့်မည်။
“မိုချား”
ဘီလူးကြီး ပါးစပ်ကြီးဖွင့်လိုက်သည့်အခါ သူ၏အသံသည် မိုးထစ်ချုန်းသွားကဲ့သို့ ဆူညံစွာ ဟိန်းထွက်လာ၏။ ဖန်ဆင်းရှင်က သိသိသာသာ ဒေါသထွက်နေပြီး ဧကပေါင်းများစွာ ကျယ်ဝန်းသော လက်ဝါးကြီးကို မြှောက်ကာ သူ့ဆီသို့ ရိုက်ချရန် ပြင်နေသည်။
ချင်မူ၏ တတိယမျက်လုံး ပွင့်လာသည်။ ဘီလူးကြီးက သူ့မျက်လုံးကို မြင်လျှင် ချက်ချင်း လက်ပြန်ရုတ်လိုက်ပြီး မကြာမီ အတိုင်းထက်အလွန် အားကောင်းပြင်းထန်သော အသိစိတ်အလျဉ်သည် ချင်မူ့ဦးနှောက်ထဲသို့ ဝင်ရောက်လာ၏။ “မင်းက ဘယ်မိသားစုကလဲ ကောင်လေး… မင်း အသက်ဘယ်လောက်လဲ ဘာလို့ ဒီရောက်လာတာလဲ”
ချင်မူ စိတ်သက်သာရာရသွားသည်။ သူ့လည်ဂုတ်ရှိ ကြက်သီးမွေးညင်းများ ပျောက်သွားပြီး သူက အသိစိတ်အလျဉ်သုံးကာ ထိုဖန်ဆင်းရှင်နှင့် ဆက်သွယ်လိုက်၏။ “ကျွန်တော်က အသက်နှစ်နှစ် ရှိပါပြီ.. ဒီကို အမှတ်ထင်ရောက်လာတာပါ… အိမ်တွေမြင်တာနဲ့ ဝင်ကြည့်မိလိုက်လို့ပါ… ဆရာကြီးက ဘယ်မျိုးနွယ်စုကလဲ”
“ငါက ရှို့မျိုးနွယ်စုက ရှို့ကျုံးပဲ… ဒီမှာ တစ်ခုခု မူမမှန်တာတွေ့လို့ လာကြည့်တာ”
ထိုဖန်ဆင်းရှင်ရှို့ကျုံးက အသိစိတ်အလျဉ် သုံး၍ သူ့ကို ချီးကျူးသည်။ “မင်းရဲ့အသိစိတ်အလျဉ်က အားမနည်းဘူး.. အသက်နှစ်နှစ်လေးနဲ့ ဒီလိုလုပ်နိုင်တာ ချီးကျူးစရာကောင်းတယ်… မင်းရဲ့ကျင့်စဉ်စွမ်းအင်က အရွယ်ရောက်ပြီးသားလူတွေထက်တောင် အားကောင်းသေးတယ်…မင့်ဆရာက ဘယ်သူလဲ”
“ကျွန်တော့်ဆရာက ရှုကျွင်းပါ” ချင်မူ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
သူ၏တတိယမျက်လုံးအတွင်းရှိ မဟာကမ္ဘာဦးအစ မူလကျောက်တုံးအတွင်းတွင် ရှုကျွင်း၏ ခေါင်းကြီးသည် အလွန်တရာ ဂုဏ်ယူမာန်တက်နေ၏။ သူ၏မျက်လုံးနှစ်လုံးက မျက်လုံးထဲ၌ လည်နေပြီး သူက ရယ်နေသည်။ “ခွေးကောင်လေး၊ ငါ့ကို ဆရာတင်ပြီး အခွင့်ကောင်းယူနေတယ်… ဒါပေမဲ့ ငါ မင်းကို အပြစ်မတင်ပါဘူး… ဟီးဟီး ငါ့နာမည်ကို သုံးလိုက်ရင် ဒီရှို့ကျုံး သေချာပေါက် ကြောက်သွားပြီး ဒူးထောက်အရိုအသေပေးလိမ့်မယ်… ငါက ကမ္ဘာခေတ်ဦးရဲ့ ဘုရင်သုံးပါးထဲက တစ်ပါးမဟုတ်လား”
“ရှုကျွင်းဟုတ်လား”
ရှို့ကျုံး၏ တတိယမျက်လုံးမှာ သိသိသာသာ တွေဝေသွားသည်။ သူ၏တတိယမျက်လုံးသည် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံး ဖြစ်ပါသော်လည်း တကယ့်မျက်လုံးအစစ်ပမာ ခံစားချက်မှန်သမျှ ဖော်ပြနိုင်၏။ သူက ခေါင်းယမ်းကာ ပြောသည်။ “တစ်ခါမှ မကြားဖူးဘူး… ဒါပေမဲ့ မင်းရဲ့အသိစိတ်အလျဉ်က အားကောင်းတော့ သူလည်း နယ်နယ်ရရတော့ မဟုတ်တန်ဘူး… ဒီနေရာက မာယာများတယ်…တလေဂျပိုးတွေ ဒီကို ခဏခဏ ရောက်လာတတ်တာဆိုတော့ ငါ့နောက် လိုက်ခဲ့… အန္တရာယ်ကင်းတဲ့ နေရာဆီ ခေါ်သွားပေးမယ်”
သူက လက်ဝါးမြှောက်၍ ရေတံခွန်အပေါ် တင်ကာ ချင်မူ့ကို ခုန်တက်ခိုင်းသည်။
ချင်မူမှာ မတက်ချင်သဖြင့် ချီတုံချတုံ ဖြစ်နေ၏။
ဤဖန်ဆင်းရှင်၏ အသိစိတ်အလျဉ် လှုပ်ရှားလိုက်သည့်အခါ ချင်မူမှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူ့လက်ဝါးပေါ် ရောက်သွားသည်။ ချင်မူ မတုန်လှုပ်မိဘဲ မနေတော့ပေ။
ရှို့ကျုံး၏အသိစိတ်အလျဉ်သည် သူ့ထက် အဆပေါင်းထောင်ချီ အင်အားကြီးမားနေသဖြင့် သူ့မှာ ချီစွမ်းအင်ကိုပင် လှုပ်ရှားမရပေ။
ချင်မူ၏လက်ရှိအသိစိတ်အလျဉ်မှာ ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် အသိစိတ်အလျဉ် သိုင်းပညာရှင် ယန်ရှောင်ချင်းလောက် အားမကောင်းသော်လည်း သူ့ထက်ပို၍ အရည်အသွေး မြင့်မား၏။
ရှို့ကျုံး၏ အသိစိတ်အလျဉ်မှာမူ သူ့ထက် အဆပေါင်းများစွာ အားကောင်းသလို၊ အရည်အသွေးလည်း ပိုမိုမြင့်မားသည်။ ထိုကဲ့သို့အသိစိတ်အလျဉ်မျိုးကား ကြောက်စရာကောင်းပေသည်။
ရှို့ကျုံးကား သာမန် ဖန်ဆင်းရှင်မဟုတ်လောက်ပေ။ ဖန်ဆင်းရှင်များအကြား အဆင့်အတန်း မြင့်မားလောက်သည်။
“မင်းက အသက်နှစ်နှစ်ပဲ ရှိသေးတာကို ဘာလို့ ဒီလို လျှောက်သွားနေတာလဲ… အဲဒီရှုကျွင်းဆိုတဲ့လူကတော့ တော်တော် လက်ဖျားခါစရာပဲ…မကောင်းဆိုးဝါးတွေ မင်းကို ခေါ်သွားမှာ သူ မကြောက်ဘူးလား… သူတို့ရဲ့အသိစိတ်အလျဉ်က မင်းထက် အများကြီး သန်မာအားကောင်းတယ်”
ရှို့ကျုံး၏ မျက်ခုံးနှစ်ဖက်ကြားရှိ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးဆီမှ အလင်းရောင်ဖြာထွက်လာပြိး ဧရာမရတနာယာဉ်ကြီးတစ်စင်း ပေါ်ထွက်လာသည်။ သူက ချင်မူ့ကို အပေါ်တင်လိုက်၏။ မိုင်ကိုးရာရှည်သော နဂါးကြီးက ယာဉ်ကို ဆွဲလျက် လေပေါ် ပျံတက်သွားသည်။
“အဲဒီတလေဂျပိုးတွေနဲ့ တွေ့လို့ကတော့ မင်း သေပြီ”
ရှို့ကျုံး လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ နေဝင်သွားသည်။ ကြယ်များ ကောင်းကင်တွင် ပြည့်နှက်သွားကာ ကြယ်အစုအဝေးတစ်စု ပေါ်လာ၏။ နဂါးကြီးက ကြယ်စင်တာရာများအကြား ပျံသန်းလျက် ယာဉ်ကို ဆွဲသွားနေသည်။ ရှို့ကျုံးက ဆက်ပြောသည်။ “အဲဒီတလေဂျပိုးတွေက ဘာမှစဉ်းစားတာမဟုတ်ဘူး.. အထူးသဖြင့် သူတို့ခေါင်းဆောင်ချင်ယဲ့ပေါ့… သူက ရက်စက်ပြီး မောက်မာတဲ့ ကောင်”
ရှုကျွင်းသည် အသိစိတ်အလျဉ်ကို သုံး၍ ရတနာယာဉ်အပြင်ရှိ မြင်ကွင်းကို ကြည့်လိုက်၏။ ထို့နောက် သူ တုန်လှုပ်သွားကာ အသိစိတ်အလျဉ်မှတစ်ဆင့် အသံပေးပို့လိုက်သည်။ “မင်း ကောင်းကောင်းသတိထား… ဒီဖန်ဆင်းရှင်က ငါ အင်အားအကြီးဆုံးအချိန်တုန်းကအောက် အားမနည်းဘူး”