မာနကြီးသော အစ်ကိုကြီး
Vol. 74 Ch. 968
ချင်မူက သားသတ်ဒယ်အိုး၏ မှတ်ဉာဏ်မှတစ်ဆင့် အားချိုအဖြစ် နေထိုင်ခဲ့ဖူးကာ အားချို၏ အတွေ့အကြုံများကို ဖြတ်သန်းခဲ့ဖူးလေသည်။ အားချိုအဖြစ်နှင့် သူသည် ချိုသေးသေးလေးပေါက်နေသော သူ၏သမီးလေးကို ပခုံးပေါ်တွင် တင်လျက် ယိုတုမဟာတာအို၏ သံကြိုးအလေးကြီးများကို ဆွဲကာ ကောင်းကင်နတ်ဘုံတခွင် သောင်းကျန်းသတ်ဖြတ်ခဲ့၏။ ယိုတု၏အမှောင်ထုက ကောင်းကင်နတ်ဘုံအား စိုးမိုးလွှမ်းခြုံသွားခဲ့သည်။
ချင်မူမှာ အားချိုအဖြစ် ခံစားခဲ့ရသောကြောင့် ထိုအဖြစ်အပျက်များမှာ သူ့ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထင်ကျန်ရစ်ခဲ့သည်။
ကောင်းကင်နတ်အရှင်ရှုမှာ သားသတ်ဒယ်အိုးကို မြင်လျှင် ဝိုးတိုးဝါးတား မှတ်မိလာသည်။ သူမ၏အမူအရာက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားကာ ချင်မူ့ဆီသို့ အေးစက်စက် ကြည့်၏။
“ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ဟွေ့၊ ကျွန်မတို့သုံးယောက်ဆို လေဟာနယ်တံတားကို ဖြတ်ပြီး တစ်ဖက်ကမ်းဆီ သွားနိုင်တယ်”
သူမသည် သားသတ်ဒယ်အိုးကို အဖက်မလုပ်ဘဲ ပရမတ္တလှေအား ထိန်းနေသော ကောင်းကင်နတ်အရှင်ဟွေ့ထံ ကြည့်ကာ အကြံပြု၏။ “တစ်ယောက်နဲ့တစ်ယောက် ရိုးရိုးသားသား ဆက်ဆံပြီး အလုပ်လုပ်ရင် ရွှင်ပျော်ပျော်ကျေးရွာရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လိမ့်မယ်”
ကောင်းကင်နတ်အရှင်ဟွေ့၏အသံ ထွက်လာသည်။ “ငါ မင်းနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ် ရှိခဲ့တယ်... မင်းက ငါ့ကို ငြင်းခဲ့တာ တစ်ခုပဲ”
ကောင်းကင်နတ်အရှင်ရှုက ချင်မူ့ထံ လှမ်းကြည့်ကာ မေးသည်။ “ကောင်းကင်နတ်အရှင်မူကရော ဘယ်လိုသဘောရလဲ”
ချင်မူလည်း သားသတ်ဒယ်အိုးကို သိမ်း၍ ပြုံးလိုက်၏။ “ကျွန်တော်က ရွှင်ပျော်ပျော်ကျေးရွာကို ရှာဖို့ အစီအစဉ် ရှိတာ ကြာပါပြီ”
ကောင်းကင်နတ်အရှင်ရှုက ခေါင်းညိတ်သည်။ သူမတစ်ယောက်တည်း လေဟာနယ်တံတားထဲသို့ ဝင်ခဲ့၍ ဒဏ်ရာအပြင်းအထန် ရခဲ့ရာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ပြီး အားပြန်ဖြည့်နေ၏။
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်နတ်အရှင်၏ သဘောထားက သူ့ကို သံသယဝင်မိစေသည်။ သဘောတရားအရ ကောင်းကင်နတ်အရှင်ရှုအနေဖြင့် သားသတ်ဒယ်အိုးအား သတိထားမိသင့်၏။ သို့သော် သူမသဘောထားအရ မှတ်မိရုံမျှသာ ရှိကြောင်း ထင်ရှားပေသည်။ ၎င်းကြောင့် စိတ်လှုပ်ရှားသွားပုံလည်း မရပေ။
‘ကောင်းကင်နတ်အရှင်ရှုက ရှေးဟောင်းနတ်ဘုရားဘုရင်လိုများလား... ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်းရဲ့ သားဆိုပေမယ့် ကောင်းကင်နယ်စားမင်းရဲ့ နေရာကို လိုချင်နေတယ်... ကောင်းကင်နတ်အရှင်ရှုရော အတွေးတူနေလောက်မလား... သူလည်း မြေအောက်ဘုံအရှင်သခင်နေရာမှာ အစားဝင်ချင်နေတာလား’
ကောင်းကင်နတ်အရှင်ရှုသည် မြေအောက်ချို လူပြန်ဝင်စားခဲ့သော အားချို၏ သမီး၊ ကောင်းကင်နတ်ဧကရာဇ်၏ လက်ထဲ ကျရောက်ခဲ့သော ကလေးဖြစ်၏။ သူမက မြေအောက်ဘုံအရှင်သခင်၏ အားနည်းချက် ဖြစ်လာခဲ့ပြီး မြေအောက်ဘုံအရှင်သခင်က သူမကို ဓားစာခံအဖြစ် အသုံးချကာ မြေအောက်ဘုံအရှင်သခင်အား ထိန်းချုပ်ခဲ့သည်။
ချင်မူမှာ ကောင်းကင်နတ်အရှင်ရှု မည်သို့ဖြစ်ပျက်သွားသည်လဲ၊ မည်ကဲ့သို့ သင်ကြားခံခဲ့ရသည်လဲ မသိပေ။
ထိုအချိန်တုန်းက ကောင်းကင်နတ်အရှင်ရှုမှာ ယခုလေးတင် မွေးဖွားလာခဲ့သော မိန်းကလေးတစ်ယောက်သာ ဖြစ်၍ မည်သည်ကိုမျှ မသိ၊ နားမလည်ခဲ့ပေ။ သူမ၏ အဆိုးအကောင်း ဆင်ခြင်နိုင်စွမ်းက ကောင်းကင်နတ်ဘုံအပေါ် မူတည်ခဲ့လိမ့်မည်။ သူမ မည်ကဲ့သို့သော လူတစ်ယောက် ဖြစ်လာခဲ့သည်ကိုလည်း ကောင်းကင်နတ်ဘုံကသာ ဆုံးဖြတ်နိုင်လိမ့်မည်။
‘ကောင်းကင်နတ်အရှင်ဟွေ့က သူ့ကို သတိထားဖို့ ငါ့ဆီ ပြောခဲ့တာဆိုတော့ ငါ သတိထားမှ ဖြစ်မယ်’ ချင်မူ တိတ်တိတ်ကလေး တွေးလိုက်မိသည်။
ကောင်းကင်နတ်အရှင်ရှု၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ချင်မူ မြင်ယောင်ဖန်ဆင်းခဲ့သော ပရမတ္တလေနှင့်အတူ ခရီးစဉ်သည် ပိုမိုအဆင်ပြေချောမွေ့လာ၏။
နောက်ဆုံးတော့ တံတားအဆုံးရှိ အိမ်သုံးအိမ်သို့ သူတို့ ရောက်လာကြသည်။ ချင်မူက ကြယ်သံလိုက်အိမ်မြှောင်ကို ထုတ်၍ လော့ဝူရွှမ်နှင့် ပရမတ္တလှေထဲမှ ခုန်ထွက်ကာ အိမ်သုံးအိမ်၏အရှေ့သို့ သွားလိုက်သည်။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုလည်း ခုန်ထွက်လာကြသည်။ သူတို့ ဆင်းသက်လိုက်သည်နှင့် ပရမတ္တလှေမှာ ဟင်းလင်းပြင်မုန်တိုင်းအတွင်း၌ ကွဲထွက်သွားပြီး မုန်တိုင်းအတွင်း စုပ်ယူခံလိုက်ရသော အသိစိတ်အလျဉ်များအသွင် လွင့်ပျယ်သွား၏။
အိမ်သုံးအိမ်မှာ တောက်ပလင်းထိန်နေသည်။ ၎င်းတို့သည် လေဟာနယ်ထဲ၌ တည်ရှိသော်လည်း လေဟာနယ် ဟင်းလင်းပြင်မုန်တိုင်းကြောင့် မပျက်စီးသွားကြပေ။ မုန်တိုင်း၏ သက်ရောက်မှုလည်း မခံရသဖြင့် အလင်းရောင်များ မလှုပ်ခတ်ဘဲ ငြိမ်သက်စွာ ရှိနေသည်။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုလို ဖြစ်တည်မှုများပင် သူတို့၏ကိုယ်ပိုင်အစွမ်းအစများဖြင့် တံတားအား မဖြတ်ကျော်နိုင်သည်မှာ ထူးဆန်းပေသည်။ သို့သော် ဤအိမ်များသည် ဤနေရာတွင် မားမားမတ်မတ် ရပ်တည်နိုင်နေ၏။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အလယ်ရှိ အိမ်အခန်းထဲသို့ ဝင်သွားကြသည်။
ချင်မူ ရင်ထဲ လှုပ်ခတ်သွား၏။ သူက သူတို့နောက်မှ လိုက်မဝင်ဘဲ ချင်ဖုန်းကျင့်နှင့် ဆက်သွယ်ကြည့်သည်။
သူတို့နှစ်ယောက်မှာ သွေးချင်းဆက်သွယ်နေပြီး ခန္ဓာကိုယ်တစ်ကိုယ်တည်း၊ ဝိညာဉ်တစ်ကိုယ်တည်း ဖြစ်သည့်အတွက် တစ်ယောက်နှင့် တစ်ယောက်အကြား ထူးခြားသော ဆက်နွှယ်ပတ်သက်မှု ရှိထား၏။
မဟာလေဟာနယ်မှာတုန်းက ချင်ဖုန်းကျင့်ကို ဆက်သွယ်မရခဲ့ရာ ရွှင်ပျော်ပျော်ကျေးရွာ မည်သည့်နေရာတွင် ရှိနေနိုင်ကြောင်း မသိခဲ့ရပေ။ သို့သော် ဤနေရာသို့ ရောက်လျှင်ချင်း ဆက်သွယ်ကြည့်သည့်အခါ ချင်ဖုန်းကျင့်အား ခံစားလိုက်ရသည်။
သူ၏ကောင်းကင်ရတနာအတွင်းတွင် လိပ်ပြာတောင်ပံသဏ္ဍာန် အလင်းရောင် ရုတ်တရက် ဖွဲ့တည်လာပြီး ဘေးနှစ်ဖက်သို့ ဖြန့်ကျက်ကာ ကြီးသထက် ကြီးလာသည်။ မကြာမီ အလင်းရောင်သည် နှစ်ခြမ်းကွဲသွားကာ ဂလု ဟူသည် မြည်သံကို ထုတ်လွှတ်ပြီးနောက် မိစ္ဆာနတ်ဆိုးအငွေ့အသက်တို့ ပြည့်နှက်နေသော မျက်လုံးကြီးတစ်လုံးအား ဖော်ပြလိုက်၏။ မျက်လုံးကြီးက ချင်မူ၏ မူလဝိညာဉ်ဆီသို့ လှမ်းကြည့်ကာ ဝမ်းသာအားရ မေးတော့သည်။ “ညီဆိုးလေး၊ မင်း ဘယ်လိုလုပ် ဒီရောက်လာတာတုန်း”
မကြာခင် မျက်လုံးနှစ်လုံး ပေါ်လာပြီး ချင်ဖုန်းကျင့်၏ မျက်နှာဝဝကြီးက ခန္ဓာကိုယ်လုံးလုံးကြီးနှင့်အတူ ဟင်းလင်းပြင်ထဲမှ ထိုးထွက်လာသည်။
ချင်ဖုန်းကျင့်၏ ပုံရိပ်သည် လက်ပိုက်လျက် နေရာဟင်းလင်းပြင်ထဲ၌ ထိုင်နေ၏။ စောစောက ပျော်ရွှင်နေသော အရိပ်အယောင် ပျောက်သွားသွားပြီး သူက တစ်ဖက်သို့ လှည့်ကာ အေးစက်စက် ပြောသည်။ “ဘာလို့ ဒီရောက်လာတာလဲ... အချိန်တွေ ကြာသွားတာကြောင့်နဲ့ ငါ မင်းကို ခွင့်လွှတ်လိုက်ပြီမထင်နဲ့... မင်းက ငါ့ကို ကလော်ထုတ်ပြီး ယိုတုထဲ လွှင့်ပစ်ခဲ့တယ်... ငါ့ဝိညာဉ်ကိုတောင် ငါ့ဆီ ပြန်ပေးခဲ့တယ်... မင်းကြောင့် ငါ အကြာကြီး ငိုခဲ့ရတာကွာ... အခုတော့ ငါ့ဘဝက သာယာနေပြီ... နေ့တိုင်း နတ်ဘုရားမိစ္ဆာတွေနဲ့ သတ်ဖြတ်ပြီး စားသောက်နေရတာ သိလား... ငါ မင်းကို ပြောမယ်၊ မင်း ငါ့ကို လာမချော့နဲ့”
ချင်မူက ခေါင်းမော့ကာ ပြုံးပြလိုက်သည်။ “အစ်ကိုကြီး၊ ငါ အစ်ကိုကြီးကို လွမ်းနေတာ”
ချင်ဖုန်းကျင့်က ပြုံးလျက်သားဖြင့် သူ့ဘက် ပြန်လှည့်လာပြီး ပြောသည်။ “ငါလည်း မင်းကို လွမ်းနေတာကွ... မင်း ရွှင်ပျော်ပျော်ကျေးရွာမှာလား... ဘယ်နေရာမှာလဲ ပြော... ငါ မင်းကို လိုက်ရှာမယ်”
ချင်မူလည်း သူ၏တည်နေရာကို ပြောပြလိုက်၏။ “အစ်ကိုကြီး ရွှင်ပျော်ပျော်ကျေးရွာမှာ ရှိနေလားပဲ သိချင်တာပါ... အခု ငါနဲ့အတူ ကောင်းကင်နတ်အရှင်နှစ်ယောက် ပါလာတယ်... သူတို့ကိုတော့ ရွှင်ပျော်ပျော်ကျေးရွာဆီ မခေါ်လာချင်ဘူး... ငါ့ကိုလည်း လာမခေါ်နဲ့... ရွှင်ပျော်ပျော်ကျေးရွာက ဘယ်မှာလဲပဲ သိချင်တာ... အဲဒီကို ကိုယ့်ဘာသာကိုယ် လာခဲ့မယ်”
ချင်ဖုန်းကျင့်မှာ အတော်လေး စိတ်ပျက်သွားပုံရပြီး ပြန်ဖြေသည်။ “အိမ်သုံးအိမ်လို့ မင်း ပြောလိုက်သေးလား... အဲဒီအိမ်တွေအထဲက မာယာများတယ်... အဲဒါက ဟိုကောင်ကြီးတွေ ချန်ထားခဲ့တဲ့ ထောင်ချောက်ပဲ... မဝင်လိုက်နဲ့”
ချင်မူမှာ မှင်သက်သွားကာ မေးလိုက်မိသည်။ “အိမ်သုံးအိမ်က ဖန်ဆင်းရှင်တွေ ချန်ထားခဲ့တဲ့ ထောင်ချောက်လား”
သူ မတုန်လှုပ်သွားဘဲ မနေပေ။ ဖန်ဆင်းရှင်တို့သည် လေဟာနယ်တံတား၏ အဆုံးတွင် ထောင်ချောက်တစ်ခု ထားခဲ့၏။ တံတားကို ဖြတ်ကျော်လာသူများအနေဖြင့် ယင်းကို သတိမထားမိဘဲ ဆက်သွားနိုင်ရန် အိမ်သုံးအိမ်ထဲ ဝင်သွားမည်မှာ မလွဲဧကန်ပင်။
ဝင်လျှင်ချင်း ဖန်ဆင်းရှင်တို့၏ ထောင်ချောက်ထဲ ကျသွားပြီး ရှောင်နိုင်တော့မည်မဟုတ်ပေ။
ချင်မူသာ သတိရှိရှိဖြင့် ချင်ဖုန်းကျင့်ကို အရင်ဆုံး မဆက်သွယ်ခဲ့လျှင် ထိုသုံးအိမ်ထဲ ဝင်သွားမိသည်မှာ သေချာ၏။
“သူတို့က ဖန်ဆင်းရှင်တွေလား”
ချင်ဖုန်းကျင့်မှာ အူတူတူဖြစ်သွားသည်။ သူက ဖန်ဆင်းရှင်တို့အကြောင်း မသိသဖြင့် ခေါင်းကုတ်ရင်း ပြောသည်။ “တော်တော်တော့ စားလို့ကောင်းတယ်ကွ... အဲဒီကောင်ကြီးတွေက သိပ်ဆိုးတယ်.... နေ့တိုင်းနေ့တိုင်း တိုက်ခိုက်နေတော့ ရွှင်ပျော်ပျော်ကျေးရွာက ရွှင်ပျော်ပျော်စရာကို မဟုတ်တော့ပါဘူး... နေ့တိုင်း တိုက်ရခိုက်ရလို လူအင်အားလည်း အတော်လေး ဆုံးရှုံးရတယ်... ဒီက အစားအသောက်တော့ မဆိုးပါဘူး”
ထိုအခိုက်အတန့်တွင် ချင်မူ့အရှေ့ရှိ အိမ်ထဲမှ ပြင်းပြင်းထန်ထန် တုန်ခါသွားသော လှိုင်းတစ်လှိုင်း ဖြာထွက်လာပြီး အလွန်အန္တရာယ်များသည့် အရှိန်အဝါလည်း ထွက်ပေါ်လာ၏။ သိသိသာသာပင် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုကား အန္တရာယ်ကို ရင်ဆိုင်နေရသဖြင့် အိမ်ထဲ၌ တိုက်ခိုက်နေကြချေပြီ။ မည်သူနှင့် မည်သူ တိုက်ခိုက်နေသည်ကိုတော့ မသိရပေ။
သူတို့၏စွမ်းအားသည် ထူးခြား၏။ အမိကမ္ဘာမြေ၊ မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်းတို့လို ရှေးဟောင်းနတ်ဘုရားများပင် သူတို့ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ သို့တိုင်အောင် သူတို့၏ရန်သူများကလည်း သူတို့ဆီမှ သိုင်းကွက်များကို ဟန့်တားပိတ်ဆို့ရင်း အလားတူ သန်မာအားကောင်းကြဟန်တူ၏။
ချင်မူဘေးရှိ လော့ဝူရွှမ်မှာ အံ့အားသင့်သွားပြီး အိမ်ထဲ ပြေးသွားရန် ပြင်လိုက်စဉ် ချင်မူက သူ့ကို တား၍ အလျင်စလို မလုပ်ရန် အမူအရာပြသည်။
ချင်ဖုန်းကျင့်က ရှင်းပြ၏။ “အထဲမှာ ပိတ်မိသွားတာနဲ့ ပြန်ထွက်လာဖို့ ခက်တယ်... ငါတို့ဘိုးဘေးကြီးလည်း ဒီမှာ ပိတ်မိခဲ့ပြီး အပြင်ပြန်ရောက်ဖို့ နှစ်နဲ့ချီ ကြာခဲ့တယ် ကြားတယ်... ဒီဖန်ဆင်းရှင်တွေက အကျင့်မကောင်းပေမယ့် စားလို့တော့ တော်တော်ကောင်းကောင်းကွ”
သူ့စကားက တောင်ရောက်လိုက် ၊ မြောက်ရောက်လိုက် ဖြစ်နေသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူနှင့် ချင်မူသည် တစ်ဝမ်းတည်းမှ မွေးဖွားလာခြင်း ဖြစ်၍ ချင်မူ့အတွေးများလည်း သူ့အတွေးများနည်းတူ ဖြစ်ရာ နားလည်နိုင်လေသည်။
“ဒါဆို ရွှင်ပျော်ပျော်ကျေးရွာဆီ ဘယ်လိုသွားရမလဲ” ချင်မူက မေးသည်။
“အဲဒီမှာ အိမ်သုံးအိမ် ရှိတယ်”
ချင်ဖုန်းကျင့်က ဆက်ပြော၏။ “အလယ်အိမ်က ရွှင်ပျော်ပျော်ကျေးရွာဆီ သွားရာလမ်းပဲ”
ချင်မူ ဇဝေဇဝါ ဖြစ်သွားသည်။ “အလယ်အိမ်က ရွှင်ပျော်ပျော်ကျေးရွာဆီ သွားရာလမ်းဟုတ်လား”
ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေ့သည် ထိုအိမ်ထဲ ဝင်သွားခဲ့ပြီဖြစ်သော်လည်း အဘယ်သို့ပြု၍ ရွှင်ပျော်ပျော်ကျေးရွာကို ရှာမတွေ့သေးသနည်း။ ရန်သူများနှင့် အဘယ်ကြောင့် ရင်ဆိုင်ရသနည်း။
“မဝင်နဲ့ဦး တံခါးကို အရင်ပိတ်”
ချင်ဖုန်းကျင့်က ဆက်ပြောသည်။ “ငါတို့အမေနဲ့အဖေ ဒီကို ရောက်လာတုန်းက တံခါးကို ပိတ်ပြီးမှ ပြန်ဖွင့်တယ်....အဲဒီလို ခဏခဏ လုပ်ပြီးမှ ရွှင်ပျော်ပျော်ကျေးရွာထဲ ဝင်နိုင်တာ... အသေးစိတ်တေ့ မမှတ်မိဘူး... ခဏလောက်စောင့်... ငါ သူတို့ဆီ သွားမေးပေးမယ်”
သူ့ပုံရိပ် ပျောက်ကွယ်သွားသည်။ ချင်ဟန်ကျန်းနှင့် သူ့ဇနီးအား သွားမေးနေခြင်း ဖြစ်တန်ရာသည်။
ချင်မူက တတိယအိမ်၏အရှေ့တွင် ရပ်၍ အထဲသို့ ကြည့်နေသည်။ အလင်းရောင်များမှာ ထင်းလင်းပြတ်သားနေသော်လည်း ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရျင်ရှု၏ အရိပ်များအား မမြင်ရသေးပေ။ ကောင်းကင်နတ်သိုင်းများ ထိတိုက်သွားသံနှင့် သူတို့၏အရှိန်အဝါများကိုသာ ကြားနေ၊ ခံစားနေရသည်။
ချင်မူ သေသေချာချာ ကြည့်နေမိ၏။ အခန်းမှာ ရိုးရိုးရှင်းရှင်းပင်။ အလင်းရောင်က အိမ်၏အလယ်တွင် အသေးစားနေတစ်စင်းပမာ ပျံဝဲနေသည်ကို ကြည့်ခြင်းအားဖြင့် မြင်ယောင်ဖန်ဆင်းထားခြင်း ဖြစ်လိမ့်မည်။
ထိုတံခါး၏ ဆန့်ကျင်ဘက်ရှိ နံရံအပေါ်တွင် ပန်းချီကားတစ်ခု ရှိသည်။ ပန်းချီကား၏ဘေးတွင် အသေးစားသစ်ပင်လေးသစ်ပင် တင်ထားသော စားပွဲတစ်လုံး ရှိ၏။
နံရံပေါ်ရှိ ပန်းချီက ချင်မူ့အာရုံကို တမုဟုတ်ချင်း ဖမ်းစားလိုက်သည်။ သူ ဂရုတစိုက် ကြည့်လိုက်သည့်အခါ ၎င်းက ပန်းချီမဟုတ်ဘဲ ကမ္ဘာတစ်ကမ္ဘာဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ဖန်ဆင်းရှင်များသည် အနုပညာ၌ မကျွမ်းကျင်၊ မတိုးတက်ပေ။ သူတို့က မြင်ယောင်ဖန်ဆင်းရုံသာ ရှိသော်လည်း နံရံအပေါ်ရှိ ပန်းချီကားမှာ အတိုင်းထက်အလွန် သက်ဝင်နေသည်။ အထဲ၌ လူပေါင်းများစွာ၊ ဿားရဲပေါင်းများစွာ သက်ဝင်လှုပ်ရှားနေ၏။ ဤသည်မှာ ဖန်ဆင်းရှင်တို့၏ ပန်းချီကားမဟုတ်ဘဲ ၊ သူတို့ မြင်ယောင်ဖန်ဆင်းထားသော ကမ္ဘာတစ်ကမ္ဘာ ဖြစ်နေသည်။
နံရံအပေါ်ရှိ ထိုကမ္ဘာမှာ အမှန်တကယ်တွင် အလွန်တရာ ကျယ်ဝန်း၏။ ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေ့သည် ထိုကမ္ဘာအတွင်း ဝင်ရောက်သွားမိပြီး ရန်သူများနှင့် ရင်ဆိုင်ရခြင်း ဖြစ်လိမ့်မည်။
“ညီဆိုးလေး၊ ငါ သိပြီ”
ချင်ဖုန်းကျင့်၏ ပုံရိပ်က သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲပ ထပ်ပေါ်လာသည်။ သူသည် ဆက်ပြော၏။ “အလယ်က တံခါးကို ဖွင့်လိုက်ပိတ်လိုက် လုပ်ရတာတင် မဟုတ်ဘူး... အခန်းအားလုံးကို အစီအစဉ်တစ်ခုအတိုင်း လုပ်ရတာ... အလယ်အခန်းက နံရံအပေါ်မှာ ပန်ချီကားတစ်ချပ် ရှိနေလား”
ချင်မူ ခေါင်းညိတ်ပြလိုက်သည်။
“မဝင်နဲ့... အဲဒါက ပြန်မွေးဖွားခြင်းကမ္ဘာပဲ.... မင်း ဝင်လိုက်တာနဲ့ ပြန်မွေးဖွားလာပြီး ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ မင်းရဲ့လူကို မင်း ပြန်သတ်မိလိမ့်မယ်”
ချင်ဖုန်းကျင့်သည် တစ်ခုခု ကြားလိုက်ရဟန်တူပြီး တခဏကြာသော် ဆက်ပြော၏။ “ဘယ်အခန်းကို သွား,... အဲဒီမှာ စားပွဲတစ်လုံးနဲ့ ဖယောင်းတိုင်တစ်ချောင်း ရှိလား ကြည့်”
ချင်မူ ဘယ်အခန်းသို့ သွားကြည့်ပြီးနောက် ခေါင်းယမ်းကာ ဖြေလိုက်သည်။ “အခန်းတော့ ရှိပေမယ့် စားပွဲတစ်လုံးနဲ့ ၊ ဓားတစ်လက်ပဲ တွေ့ရတယ်”
ချင်ဖုန်းကျင်က သူ့ကို ညွှန်ကြားနေသည်။ “တံခါးကို ပြန်ပိတ်ပြီး ဖွင့်ကြည့်... စားပွဲနဲ့ ဖယောင်းတိုင်ကို မြင်ရတဲ့အထိ”
ချင်မူ တံခါးကို ပိတ်၍ ပြန်ဖွင့်ကြည့်သည်။ သူ မှင်သက်သွား၏။
အခန်းအတွင်းရှိ မြင်ကွင်းမှာ ပြောင်းလဲသွားပြီး ကမ္ဘာဦးဘုံ၏ ကောင်းကင် ပေါ်လာသည်။ တံခါးအလွန်တွင် ကမ္ဘာဦးသစ်ပင်သည် နန်းဆောင်အလွှာအထပ်ထပ်ဖြင့် တည်ရှိနေ၏။ နတ်ဘုရားများက ကမ္ဘာဦးအသစ်ပင်အပေါ်၌ ရပ်လျက် စောင့်ကြပ်နေကြသည်။
သူတို့က ရုတ်တရက် ပွင့်လာသော တံခါးကို မြင်လိုက်လျှင် အံ့အားသင့်သွားကြပြီး နန်စစ်သည်တော်များကို ဆင့်ခေါ်ကြသည်။
ချင်မူ တံခါးကို ကပျာကယာ ပြန်ပိတ်၍ ဖွင့်လိုက်ပြနသ်ည်။ မိစ္ဆာနတ်ဆိုးမီးလျှံများ တဟုန်းဟုန်း တောက်လောင်နေသော ဧရာမမျက်လုံးကြီးတစ်လုံး ပေါ်လာ၏။
ထိုမျက်လုံးကြီးက လည်လျက် ချင်မူ့ကို ကြည့်နေသည်။ မျက်လုံကြီးအတွင်းရှိ နန်းဆောင်တစ်ဆောင်ထဲမှ မြေအောက်ဘုံအရှင်သခင်တစ်ပါး လမ်းလျှောက်ထွက်လာပြီး တွေဝေရှုပ်ထွေးနေသောအမူအရာဖြင့် ချင်မူ့ဘက်သို့ လှမ်းကြည့်နေသည်။
ချင်မူ တံခါးပိတ်၍ ပြန်ဖွင့်လိုက်ပြန်သည်။ အခန်းအတွင်းတွင် ရေကန်များ ပြည့်နေသော နန်းဆောင်တစ်ခု ပေါ်လာ၏။ မိန်းမလှလေးများက မိမွေးဖမွေးအတိုင်း ရေချိုးနေကြပြီး တစ်ယောက်ကိုတစ်ယောက် စနောက် ကျီစယ်နေကြသည်။
“ချောင်းကြည့်နေတယ်”
အမျိုးသမီးနတ်ဘုရားများက အော်ဟစ်ပြီး ကန်စပ်၌ ချထားသော အဝတ်စများကို ကောက်ကာ အရှက်လုံအောင် ဖုံးကြသည်။ ချင်မူ့မျက်စိရှေ့တွင် ဟိုသည်ပြေးလွှားနေသော တင်ပါးဖွေးဖွေးလေးများသာ ပြည့်နေတော့၏။
“ငါတို့ကို ချောင်းကြည့်နေတာ ကောင်းကင်နတ်အရှင်မူပဲ”
“ဒီနှာဘူးကတော့.. ဒါက ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားဆောင်မှန်း မသိဘူးလား... ရာရာစစ ငါတို့ကို ချောင်းကြည့်ရဲရတယ်လို့... ဒီကိစ္စကို ဧကရာဇ်ဆီ တင်ပြပြီး ဒီနှာဘူးကို နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်မှာ သုတ်သင်ခိုင်းမယ်”
ချင်မူမှာ တင်ပါးများကိုသာ စိတ်ရောက်နေသဖြင့် ရှက်သွားပြီး ကပျာကယာ တံခါးပြန်ပိတ်ကာ ဖွင့်ကြည့်လိုက်သည်။ တံခါးအနောက်ရှိ ကမ္ဘာက ပြောင်းလဲသွားပြီး မိုင်တစ်ထောင် ရှည်လျားသော နဂါးစိမ်းကြီးတစ်ကောင်က တောင်ကြီးတစ်လုံးအား ရစ်ပတ်ထားသည်ကို မြင်လိုက်ရ၏။ နဂါးစိမ်းကြီးသည် မျက်လုံးများမှေးစဉ်းလျက် တောင်ကို အသုံးချကာ သွား, သွေးနေသည်။
ထိုအစိမ်းရောင်နဂါးကြီးက တစ်ခုခုကို အာရုံရလိုက်သဖြင့် အံ့ဩသွားပြီး မျက်လုံးဖွင့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ချင်မူ တံခါးပိတ်လိုက်၏။
“ဒီတံခါးက ထူးဆန်းတယ်... ဘယ်လိုလုပ်ပြီး တခြားနေရာတွေနဲ့ ဆက်နေတာလဲ... စောစောက ဧကရာဇ်ချင်းလုံမဟုတ်လား”
ချင်မူ တံခါးဖွင့်လိုက်သည်။ နောက်ဆုံးတော့ စားပွဲတစ်လုံးနှင့် ဖယောင်းတိုင်တစ်တိုင်သည် အခန်းထဲ၌ ပေါ်လာ၏။
ချင်ဖုန်းကျင့်၏အသံက သူ့ကို ဆက်လက်ညွှန်ကြားနေသည်။ “ညာဘက် အခန်းကို သွား၊ အထဲမှ ပဒုမ္မာကြာပွင့် မမြင်ရမချင်း တံခါးကို အဖွင့်အပိတ်လုပ်”
ချင်မူလည်း ညာဘက်အခန်းသို့ သွား၍ တံခါးပိတ်လိုက်သည်။ သူ ပြန်ဖွင့်လိုက်သောအခါ အော်ဟစ်သံများ ကြားရ၏။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်ဧကရီ ရေချိုးနေတာကို လာချောင်းကြည့်နေတယ်... ဟိုမှာ ရှေ့တည့်တည့်မှာပဲ”
ချင်မူမှာ သူ့ကို အမဲဖြတ်တော့မည့်အလား ဒေါကြီးမောကြီးဖြင့် ပြေးလာနေကြသော သပ်သပ်ရပ်ရပ် ဝတ်စားထားသည့် မိန်းကလေးများကို မြင်လျှင် ကပျာကယာ တံခါးပြန်ပိတ်ရင်း တွေးနေမိသည်။ “ဒီနေရာက ဘယ်လိုလုပ်ပြီး ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားဆောင် ဖြစ်နေတာပါလိမ့်”