လှေတစ်စင်း၊ ကောင်းကင်နတ်အရှင်သုံးယောက်
Vol. 74 Ch. 967
ပရမတ္တလှေက လေဟာနယ်တံတားတစ်လျှောက် ရွက်လွှင့်သွားသည်။ လှေတွင် သင်္ကေတအမှတ်အသားများစွာ ခတ်နှိပ်ထားပြီး အဆိုပါအမှတ်အသားတို့သည် လေဟာနယ်ထဲရှိ အက်ကွဲကြောင်းများနှင့် ဆုံတွေ့ရသည့်အခါတိုင်း တောက်ပလင်းလက်ကာ အသက်ဝင်လာတတ်၏။
ပရမတ္တလှေသည် ခိုင်ဧကရာဇ်ခေတ်မှ အသိအမြင်ဗဟုသုတများ ပေါင်းဆုံနေသော အစုအဝေးကြီး ဖြစ်၏။ ကောင်းကင်နတ်အရှင်ယွင်ဆီမှ ခိုင်ဧကရာဇ် ရထားသော မြေပုံကိုပါ ထည့်ပေါင်းလိုက်လျှင် လှေကား ကောင်းကင်နတ်အရှင်ရှုပင် မဖြတ်သန်းနိုင်သော ဤလေဟာနယ်တံတားကို ဖြတ်ကျော်နိုင်ပေသည်။
သို့သော် ချင်မူ အနည်းငယ် စိတ်ပူမိသေးသည်။ ဤလှေက သူ၏စိတ်ကူးအတွေးဖြင့် မြင်ယောင်ဖန်ဆင်းထားသည့် အရာမဟုတ်ပါလော။ နတ်ဘုရားများ၊ မိစ္ဆာများ အမှန်တကယ် တည်ဆောက်ထားသည့် လှေမဟုတ်ပေ။ လှေ၏ ခိုင်မာတောင့်တင်းမှုနှင့် သင်္ကေတအမှတ်အသားများ၏ စွမ်းအားအရ တကယ့်လှေအစစ်နှင့် ယှဉ်နိုင်မည်မဟုတ်။
‘လေဟာနယ်တံတားကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်သွားနိုင်ပါစေလို့ပဲ ငါ မျှော်လင့်မိတယ်’ သူက တစ်ယောက်တည်း တိတ်ဆိတ်စွာ တွေးနေသည်။
လေဟာနယ်တံတားသည် နေရာအမျိုးမျိုးတွင် ပြိုကွဲနေ၏။ ထိုကဲ့သို့ပြိုကွဲနေသော နေရာသို့ သူတို့ ရောက်လာသည့်အခါတိုင်း လေဟာနယ်ဟင်းလင်းပြင်မှာ ပြိုကွဲသွားပြီး ပေါက်ကွဲမှုများ ဖြစ်ပေါ်တတ်သည်။ ဤသို့ဖြင့် ပေါက်ကွဲပျက်စီးလိုက်၊ ဖြစ်တည်လာလိုက်ဖြင့် အဆက်မပြတ် သံသရာလည်နေပြီး ဤဖြစ်ရပ်က လှေမျက်နှာပြင်ထက်ရှိ သင်္ကေတအမှတ်အသားများအား တိုက်စားဖျက်ဆီးတတ်လေသည်။
ချင်မူ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူ နောက်လှည့်ကြည့်လိုက်သည့်အခါ လှေမှာ တံတား၏ ဆယ်ပုံတစ်ပုံခန့်သာ ကျော်ဖြတ်လာရသေးကြောင်း တွေ့လိုက်ရသည်။ အခြားတစ်ဖက်နှင့် အလွန်ဝေးကွာသေးလေသည်။
လော့ဝူရွှမ်၏အမူအရာလည်း ပြောင်းလဲသွားသည်။ လေဟာနယ်တံတားက သူ ထင်ထားသည်ထက် များစွာ အန္တရာယ်များ၏။ လေဟာနယ်ပေါက်ကွဲမှုစွမ်းအားက သူကဲ့သို့ နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တစ်ယောက်ကိုပင် လောင်ကျွမ်းပြာကျပစ်ရန် လုံလောက်ပေသည်။
ပရမတ္တလှေက ချင်မူ၏စိတ်ကူးအတွေးများမှတဆင့် ဖန်ဆင်းထားသည့်အချက်ကို ထည့်တွက်ပါက ဤမျှအတိုင်းအတာအထိ ရောက်လာနိုင်ခြင်းကပင် သူ့အထင်ထက် ကျော်လွန်နေပြီဖြစ်သည်။
သို့သော် ပရမတ္တလှေမှာ စတင်ပျက်စီးလာ၏။ ဤလှေအနေဖြင့် တံတားကို ဖြတ်ကျော်ဖို့ အသာထား၊ တံတား၏တစ်၀က်သို့ပင် ရောက်နိုင်တော့မည်မဟုတ်ပေ။
“ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ် ပွင့်လိုက်စမ်း” ချင်မူက ခပ်အုပ်အုပ် အော်လိုက်သည့်အခါ ကောင်းကင်ရတနာနယ်ပယ် ပွင့်လာသည်။ သူက နယ်ပယ်အတွင်း၌ မတ်မတ်ရပ်ပြီး သူ့ခေါင်းအထက်တွင် ကြယ်တာရာများ တောက်ပနေ၏။ ကြယ်တာရာများက ကောင်းကင်နယ်စားမင်းအသွင် ဖွဲ့တည်သွားပြီး ထိုက်ကျိစက်၀န်းတွင်လည်း သူ၏မျက်နှာ ထင်ဟပ်သွားကာ မြေအောက်ဘုံအရှင်သခင် ဖြစ်လာ၏။
သူ၏ အနောက်၌ ခမ်းနားထည်ဝါသော ကမ္ဘာဦးသစ်ပင် ပေါ်ထွက်လာသည်။ သစ်ပင်၏အပေါ်တွင် ကြယ်ရောင်များက ပြိုးပြိုးပျက်ပျက် လက်လျက် ကောင်းကင်တစ်ခွင် စိုးမိုးသွား၏။ ရှေးဟောင်းနတ်ဘုရားများက ကြယ်တာရာများအကြား၌ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ အရပ်လေးမျက်နှာ နတ်မင်းလေးပါးကလည်း ထိုက်ကျိစက်၀န်း၏ ထောင့်လေးထောင့်တွင် မားမားမတ်မတ် ရပ်နေကြသည်။
ဤနတ်ဘုရားများ၊ မိစ္ဆာများတွင် ချင်မူ၏မျက်နှာများ ရှိကြ၏။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်တွင် အားနည်းချက်များစွာ ရှိကြောင်း ချင်မူ သိထားသော်လည်း သူ၏သိုင်းအဆင့်က ယခုအချိန်အထိ မပြည့်စုံသေးသဖြင့် ၎င်းကို အရေးပေါ်ထုတ်သုံးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ချင်မူက ကောင်းကင်ရတနာနယ်ပယ်၏ အလယ်တွင် ရပ်လျက် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ထုတ်လွှတ်သည်။ ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်သည် လေထဲတွင် နဂါးများသဖွယ် လူးလွန့်ဖွဲ့တည်လာပြီးနောက် အလင်းတန်းများအသွင် ပြောင်းလဲကာ ရှေးဟောင်းနတ်ဘုရားအယောက် နှစ်ထောင်ကျော်နင့် ဆက်သွယ်သွား၏။
သူက မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို လေ့လာတွေးခေါ်ထားသည်။ ၎င်းသည် မပြည့်စုံသေးသော အပိုင်းအစတစ်ခုသာ ဖြစ်ပါသော်လည်း ရှေးဟောင်းနတ်ဘုရားတို့၏ ပုံရိပ်နှစ်ထောင်ကျော် ပါဝင်သဖြင့် မျက်မှောက်ခေတ်၏ ရှေးဟောင်းနတ်ဘုရားစနစ်ထက် များစွာသာလွန်နေသည်။
ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်က ရှေးဟောင်းနတ်ဘုရားအားလုံးနှင့် ချိတ်ဆက်ကာ ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲတွင် ကြီးမားသော ရှေးဟောင်းနတ်ဘုရားစနစ် ကွန်ယက်ကြီးတစ်ခုအား ဖော်ဆောင်ထား၏။
ချင်မူ၏ ရှေးဟောင်းနတ်ဘုရားအယောက် ၂၀၀၀ ကျော်က တစ်ပြိုင်တည်း မြင်ယောင်ဖန်ဆင်းရင်း ပရမတ္တလှေ၏ အပျက်အစီးများကို ပြုပြင်ပေးကြသည်။ လှေမှာ လေဟာနယ်ဟင်းလင်းပြင်အလွှာများကို ဖြတ်လျက် တံတားအဆုံးသို့ ဦးတည်သွားနေသည်။
ပရမတ္တလှေမှာ ပြင်းပြင်းထန်ထန် တုန်ခါနေ၍ ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်အတွင်းရှိ ရှေးဟောင်းနတ်ဘုရားများလည်း မငြိမ်သက်တော့ပေ။ ဤအခြင်းအရာကို မြင်တွေ့လျှင် လော့ဝူရွှမ်မှာ ကြောက်လန့်လွန်းသဖြင့် ရင်တဒိန်းဒိန်း ခုန်နေတော့သည်။
‘ငါ ရှေးဟောင်းနတ်ဘုရားအများကြီးကို တစ်ပြိုင်တည်း ထိန်းချုပ်နေရင် ပရမတ္တလှေကို ပြုပြင်ဖို့ လုံလောက်တဲ့အထိ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး’
တွေးလိုက်မိလျှင်ချင်း ချင်မူက မျက်လုံးပိတ်၍ အိပ်မက်ကမ္ဘာထဲသို့ ၀င်ရောက်လိုက်သည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ပူစီဖောင်းကြီးတစ်လုံး ထွက်ပေါ်လာ၏။ ယင်းက အိပ်မက်ကမ္ဘာဖြစ်သည်။ ပူစီဖောင်းကြီးသည် ကြီးသထက်ကြီးလာပြီး နောက်ဆုံးတွင် ကောင်းကင်ရတနာနယ်ပယ်တစ်ခုလုံးအား လွှမ်းခြုံသွားတော့၏။
ကောင်းကင်ရတနာနယ်ပယ်ထဲရှိ ချင်မူ၏ ကောင်းကင်နတ်ဘုရားတစ်ထောင်ကျော်က ခပ်ရေးရေး ပြုံးလိုက်ကြသည်။ တစ်ယောက်ချင်းစီက သူတို့၏အိပ်မက်ကမ္ဘာထဲသို့ ၀င်ရောက်သွားကြပြီး ပူစီဖောင်းကဲ့သို့ ကိုယ်ပိုင်အိပ်မက်ကမ္ဘာများ ဖန်တီးလာကြသည်။ ရလဒ်အနေဖြင့် ဤအိပ်မက်ကမ္ဘာအားလုံးအတွင်း၌ ရှေးဟောင်နတ်ဘုရားအားလုံးကား မြင်ယောင်ဖန်ဆင်းနေကြချေပြီ။
ဤသည်မှာ အလွှာနှစ်ထပ် အိပ်မက်၊ အိပ်မက်ထဲမှ အိပ်မက်များဟု ဆိုရပေမည်။
ထိုသို့လုပ်ခြင်းအားဖြင့် မြင်ယောင်ဖန်တီးရာတွင် အမှားလုပ်နိုင်သည့် ရှေးဟောင်းနတ်ဘုရားတချို့ ရှိကောင်းရှိနိုင်သော်လည်း မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်သည့် ရှေးဟောင်းနတ်ဘုရားများက ပိုများလေသည်။ ထို့ကြောင့် အမှားရာခိုင်နှုန်းက သိသိသာသာ လျော့နည်းသွားသဖြင့် ပရမတ္တလှေမှာ ပုံမှန်နှုန်းထားအတိုင်း အကောင်းပကတိ ပြန်ဖြစ်လာသည်။
လော့ဝူရွှမ်မှာ ပရမတ္တလှေ တည်ငြိမ်သွားသည်ကို မြင်မှ စိတ်သက်သာရာရသွား၏။ သူက ကောင်းကင်ရတနာနယ်ပယ်အတွင်းရှိ ချင်မူ့ဆီသို့ ကြည့်ကာ တွေးလိုက်မိသည်။ ‘သူ ဘယ်လောက် ကြာကြာ တောင့်ခံထားနိုင်မလဲမသိဘူး’
ပရမတ္တလှေက ရှေ့သို့ဆက်သွားသည်။ လှေပေါ်ရှိ သင်္ကေတအမှတ်အသားများက ပျက်စီးလိုက်၊ ဖွဲ့တည်လိုက် ဖြစ်နေသော်လည်း တဖြည်းဖြည်း အရှိန်ကျဆင်းလာသည်မှအပ လှေကား ငြိမ်သက်သွားပြီဟု ဆိုနိုင်လေသည်။
လှေကြီး တံတားအလယ်သို့ ရောက်ရှိလာသည့်အခါ လော့ဝူရွှမ်မှာ သူတို့စထွက်လာသည့်နေရာသို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာ၌ ဖန်ဆင်းရှင်များ တည်ဆောက်ထားသော ယဇ်ပလ္လင်မှာ သေးငယ်သော အစက်ကလေးတစ်စက်အသွင်သာ ရှိတော့၏။
လော့ဝူရွှမ် တံတား၏အဆုံးကို ကြည့်လိုက်သောအခါ အလင်းအစက်အပြောက်လေးများအား နေရာတိုင်းတွင် မြင်နေရသည်။ ဟင်းလင်းပြင်မုန်တိုင်းတွင် ပိတ်မိနေသော ကောင်းကင်နတ်အရှင်ရှုကိုလည်း တွေ့ရ၏။ သူမမှာ လေဟာနယ်တံတား၏ အဆုံးအထိ ရောက်အောင် ရုန်းကန်တိုက်ခိုက်ရင်း ကြိုးစားနေသည်။
ပရမတ္တလှေက စတင်လှုပ်ခါလာပြန်သည်။ လော့ဝူရွှမ် မျက်မှောင်ကြုတ်သွားပြီး အော်လိုက်သည်။ “ဂိုဏ်းသခင်ချင် ရှေ့ဆက်မသွားနဲ့တော့... မင်းရဲ့အသိစိတ်အလျဉ်က ဆက်ထိန်းပေးထားနိုင်မှာ မဟုတ်တော့ဘူး”
ချင်မူက အလွှာနှစ်ထပ်အိပ်မက်ထဲသို့ ရောက်နေသဖြင့် သူ၏စကားများသည် အိပ်မက်၏ဒုတိယအလွှာသို့ မထိုးဖောက်နိုင်ပေ။ လော့ဝူရွှမ် ထိတ်လန့်လာသည်။ သူ့မှာ လှေ၏ဘေးသို့ ကပျာကယာ သွားပြီးနောက် ခါးကိုင်းကာ အောက်သို့ ငုံ့ကြည့်လိုက်၏။ သင်္ကေတအမှတ်အသားများမှာ ဟင်းလင်းပြင်မုန်တိုင်းကြောင့် အဆက်မပြတ် ပျက်စီးနေချေပြီ။
တစ်ချိန်တည်းမှာပင် အမှတ်အသားအသစ်များ ပေါ်ထွက်လာနေ၏။ သင်္ကေတအမှတ်အသားများ ပေါ်ထွက်လာသည့်နှုန်းက ပျက်စီးနေသည့်နှုန်းနှင့် ညီမျှနေသည်။ ‘ဂိုဏ်းသခင်ချင် ဆက်တောင့်ခံထားနိုင်ပေမယ့် ကြာကြာမခံနိုင်တော့မှာ ငါ စိုးရိမ်မိတယ်’
လော့ဝူရွှမ် ရင်ထဲ မသက်မသာ ဖြစ်လာသည်။ ချင်မူက အလွှာနှစ်ထပ်အိပ်မက်ထဲသို့ ရောက်ရှိနေပြီး သူ့အသံကို မကြားရသောကြောင့် ချင်မူ့ကို သူ မနိုးနိုင်ပေ။
ချင်မူသည် အန္တရာယ်များနေသော လက်ရှိအခြေအနေကို သတိမထားမိဘဲ သူ့စိတ်တိုင်းကျသာ ဆက်သွားနေလျှင် လေဟာနယ်တံတားပေါ်တွင် ပရမတ္တလှေ ပျက်စီးသွားလိမ့်မည်။
ဤအခိုက်အတန့်တွင် ပရမတ္တလှေက တုံ့ခနဲ ရပ်သွားပြီး လေဟာနယ်တံတား၏ တောက်ပနေသော အစိတ်အပိုင်းတစ်ခုပေါ်သို့ ယိုင်သွားသည်။
လော့ဝူရွှမ် မှင်သက်သွား၏။ လေဟာနယ်တံတား၏ ထိုအစိတ်အပိုင်းအနားတွင် ဟင်းလင်းပြင်မုန်တိုင်းမရှိသဖြင့် ထိုနေရာတွင် အတန်ကြာ နားခိုနိုင်လိမ့်မည်။
သို့သော် တောက်ပနေသော အစိတ်အပိုင်းမှာ အထီးကျန်ကျွန်းတစ်ကျွန်းပမာ အရှေ့တွင်သော်လည်း၊ အနောက်တွင်သော်လည်းကောင်း မည်သည့်အရာမှ မရှိပေ။ ထိုနေရာတွင် ပိတ်မိနေခြင်းက ကောင်းမွန်သော ဗျူဟာတော့ မဟုတ်။
ချင်မူ၏ အိပ်မက်ကမ္ဘာ ပြိုကွဲသွားပြီး ချင်မူ နိုးထလာသည်။ သူက အသိစိတ်အလျဉ်ကို ပြန်လည်ဖြည့်တင်းရန် သင်္ဘောကို ရပ်လိုက်ရခြင်းဖြစ်သည်။
“ဂိုဏ်းသခင်ချင် ကိုယ့်ကိုကိုယ် ဖိအား သိပ်မပေးပါနဲ့.... ဒီသင်္ဘောနဲ့ဆို ငါတို့ မဟာလေဟာနယ်ကနေ ထွက်သွားပြီး ကောင်းကင်နတ်ဘုံဆီ ပြန်နိုင်ပြီ.... ဒီသင်္ဘောက မဟာလေဟာနယ်ရဲ့ ထူးဆန်းမှုတွေကို တောင့်ခံနိုင်တဲ့အထိ အင်အားကြီးမားပါတယ်”
လော့ဝူရွှမ်က အကြံပြုသည်။ “မင်းရဲ့အသိစိတ်အလျဉ်က အခု အတော်လေး အင်အားနည်းနေတယ်... လေဟာနယ်တံတားကို မစူးစမ်းခင် ပြန်သက်သာလာအောင် နည်းနည်းလောက် စောင့်လိုက်ပါဦး”
“ခင်ဗျားရဲ့စကားက သဘာဝကျတယ်”
ချင်မူမှာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရင်း သူ၏အသိစိတ်အလျဉ်ကို အလျင်အမြန် ဖြည့်တင်းလိုက်သည်။ သူက ရယ်လိုက်၏။ “ဒါပေမဲ့ ကျွန်တော်တို့က လေဟာနယ်တံတားရဲ့ တစ်၀က်ကိုတောင် ဖြတ်လာခဲ့ပြီးပြီ.... အခြားတစ်ဖက်နဲ့ သိပ်မဝေးတော့ဘူးလေ... ဘယ်လိုပဲနေနေ ကြိုးစားကြည့်သင့်တယ်”
လော့ဝူရှန် မျက်မှောင်ကြုတ်သွားသည်။
“နောင်တော်လော့၊ စိတ်မပူပါနဲ့.... ကျွန်တော် ဘာလုပ်နေလဲ သိပါတယ်”
ချင်မူက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးကာ ပြောသည်။ “အခြားတစ်ဖက်ကို ဆက်သွားဖို့ ခက်လောက်ပေမယ့် ပြန်လှည့်ဖို့ကတော့ လွယ်တယ်.... ကျွန်တော်တို့ ဒီခရီးကို ဆက်မသွားနိုင်တော့ရင် ချက်ချင်း ပြန်လှည့်ပါ့မယ်”
လော့ဝူရွှမ် ရင်ထဲတွင် အနည်းငယ် တထင့်ထင့် ဖြစ်နေသေးသည်။ ချင်မူ့ကို သူ၏ပြိုင်ဘက်အဖြစ် သတ်မှတ်ထားခဲ့၍ ချင်မူ၏အကျင့်စရိုက်နှင့် ပတ်သက်ပြီး များစွာလေ့လာထားခဲ့ဖူးရာ ချင်မူ မည်မျှခေါင်းမာပြီး ယုံကြည်ချက်ခိုင်မာသူဖြစ်ကြောင်း သူ သိသည်။
ချင်မူက အတန်ကြာ နားပြီးနောက် စောစောကအတိုင်း ပြန်လုပ်သည်။ ကောင်းကင်ရတနာနယ်ပယ်ကို ဖွဲ့တည်၍ အလွှာနှစ်ထပ်အိပ်မက်ကမ္ဘာသို့ ဝင်ရောက်ကာ ပရမတ္တလှေအား ရှေ့သို့ဆက်လက်စေစားနေ၏။
လေဟာနယ်တံတားမှာ ပြိုကွဲနေသော အစိတ်အပိုင်းများဖြင့် ဖွဲ့တည်နေခြင်း ဖြစ်သည်။ အပိုင်းအစတစ်ခုနှင့် တစ်ခုကြား ဟ,နေရာ၊ ထိုဟနေသော နေရာမှ ဖြတ်သွားသည့်အခါတိုင်း သင်္ဘောရပ်၍ အနားယူနိုင်သော တောက်တောက်ပပ အပိုင်းအစများ ရှိတတ်သည်။
သို့သော် ယင်းအပိုင်းအစများမှာ အချိန်မရွေး ပျက်စီးသွားတတ်ပြီး ပြန်ဖွဲ့တည်လာလျှင်လည်း အခြားတွင်သာ ဖြစ်တတ်သောကြောင့် ကြာကြာ အနားမယူနိုင်ပေ။
ကောင်းသည်ကား ချင်မူသည် အမြဲသတိရှိ၏။ တောက်တောက်ပပ အပိုင်းအစများ မပျောက်ကွယ်သွားခင် သူက အိပ်မက်ကမ္ဘာထဲ ဝင်ရောက်တတ်သဖြင့် ဤအန္တရာယ်များအား ရှောင်းတိမ်းနိုင်သည်။
အရှေ့တွင် ပိတ်မိနေသည့် ကောင်းကင်နတ်အရှင်ရှုနှင့် သူတို့နီးကပ်လာကြသည်။
သူတို့အနေဖြင့် ဤအမျှအတိုင်းအတာအထိ ရောက်လာနိုင်ခြင်းအပေါ် ဂုဏ်ယူသင့်လေသည်။ ကောင်းကင်နတ်အရှင်ရှုသည် ကောင်းကင်နတ်အရှင်ဆယ်ယောက်အနက် သိုင်းအဆင့်မြင့်ဆုံး၊ ကောင်းကင်နတ်ဘုံတစ်ပိုင်းအဆင့် မဟုတ်ပါလော။ ချင်မူက အဆင့်နိမ့်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ပရမတ္တလှေကို ထိန်းချုပ်လျက် ကောင်းကင်နတ်အရှင်ရှုအနား ချဉ်းကပ်လာနိုင်ခဲ့၏။
ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုတော့ မည်သူမျှ မသိပေ။
လော့ဝူရွှမ်က လှေဦးတွင် ရပ်လျက် ကောင်းကင်နတ်အရှင်ရှုဆီသို့ ကြည့်သည်။ သူမသည် ပရမတ္တလှေကို သတိထားမိသည့်အလား လှေဆီ လာနေ၏။
လော့ဝူရွှမ်သည် ချီစွမ်းအင်နှင့်အတူ ဓားမတစ်ဖက် ဖန်ဆင်းကာ ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူက တွေးနေသည်။ ‘ငါ့အစွမ်းအစတွေအရဆို ကောင်းကင်နတ်အရှင်ရှုကို ထိပ်တိုက်ရင်ဆိုင်ဖို့ မလွယ်ဘူး... ဒါပေမဲ့ ငါက ပိုပိုပြီး သတ္တိကောင်းလာနေတယ်... ငါ့ခေါင်းထဲ ပထမဆုံး ရောက်လာတာက ကောင်းကင်နတ်အရှင်ရှုကို သတ်ဖို့ပဲ”
သူ့မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။
အတိတ်တုန်းက ကောင်းကင်နတ်အရှင်ရှုကဲ့သို့ ဖြစ်တည်မှုများနှင့် တွေ့လျှင် သူ ပထမဆုံးတွေးမိသည်မှာ အရိုအသေပေးရန် ဖြစ်သည်။ ယင်းသည် သူ့ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော အကျင့်တစ်ခု ဖြစ်လာခဲ့၏။
သို့သော် ချင်မူနှင့် ဆုံတွေ့ပြီးနောက် သူ၏အကျင့် ပြောင်းသွားခဲ့သည်။ မဟာလေဟာနယ်သို့ လမ်းတွင် ကောင်းကင်နတ်အရှင်ဟုန်၏ ပုံရိပ်နှင့်ပင် တိုက်ခိုက်ခဲ့ဖူးသည်။
ချင်မူနှင့် များစွာ ထိတွေ့ဆက်ဆံရလေလေ၊ သူ့အကျင့်ကား ပျက်လာလေလေပင်။ သူသည် လျန်းဟွာဟွန်နှင့် ယွင်ချွီးရှို့ကိုပင် သတ်ပစ်ခဲ့သေး၏။ သူတို့နှစ်ယောက်က ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မု ဖြစ်သည်ကို ထည့်တွက်လျှင် ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်နိုင်သည်။
ယခုတွင် သူ ပို၍သတ္တိကောင်းလာသည်။ ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်က ကိုယ်ပွားများသာ ဖြစ်သော်လည်း ကောင်းကင်နတ်အရှင်ရှုကား ကောင်းကင်နတ်အရှင်စစ်စစ် မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် ပရမတ္တလှေမှာ ပြင်းပြင်းထန်ထန် တုန်ခါသွးသည်။ ချင်မူ ကမ်းကပ်ရန် ပြင်နေသော တောက်ပနေသည့် အစိတ်အပိုင်းလည်း ပျောက်ကွယ်သွား၏။
လော့ဝူရွှမ်မှာ ကျောရိုးတစ်လျှောက်လုံး စိမ့်အေးသွားပြီး ဆွံ့အသွားသည်။ ချင်မူသည် ထိုအစိတ်အပိုင်းအနား၌ ကမ်းကပ်ရန် ရှိသမျှအသိစိတ်အလျဉ်အများစုအား အသုံးချခဲ့ရ၏။ သို့သော် အစိတ်အပိုင်းက ပျောက်ကွယ်သွားရာ နားစရာနေရာ မရှိပေ။
ချင်မူ အသိစိတ်အလျဉ် ကုန်ခမ်းသွားလျှင် သူတို့အနေဖြင့် တောက်ပနေသော အခြားအစိတ်အပိုင်းတစ်ခုဆီသို့ မသွားနိုင်တော့ပေ။
‘အခုမှတော့ ပြန်လှည့်လို့မရတော့ဘူး’
လော့ဝူရွှမ် ကူကယ်ရာမဲ့လာသည်။ လေဟာနယ် ဟင်းလင်းပြင်မုန်တိုင်းကြောင့် ပရမတ္တလှေ ပျက်စီးလာသည်ကို မြင်လျှင် သူ့မှာ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “ငါတို့တော့ သေပြီ…”
ချင်မူက အိပ်မက်ထဲတွင် ဆက်လက်အိပ်ပျော်နေသည်။ အိပ်မက်ကမ္ဘာထဲ၌ ချင်မူ၏ ရှေးဟောင်းနတ်ဘုရားများက ပြိုင်တူအော်ကြသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ … ဘယ်ရောက်နေလဲ”
လော့ဝူရွှမ် တုန်လှုပ်သွားသည်။ ‘ဂိုဏ်းသခင်ချင်က ဘာလို့ ကောင်းကင်နတ်အရှင်ဟွေ့ကို ခေါ်နေတာလဲ’
ရှေးဟောင်းနတ်ဘုရားတို့၏ အသံများက အသံစီးကြောင်းအသွင် ပြောင်းလျက် နားကွဲလုအောင် ကျယ်လောင်လာသည်။ “ခင်ဗျား ဒီပေါ် ရောက်နေတာ ကြာပြီ… အခု ကူညီပေးဖို့ အချိန်ကျပြီ”
လော့ဝူရွှမ်မှာ ရင်ထဲတွင် အေးခဲသွားပြီး ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ ‘ကောင်းကင်နတ်အရှင်ဟွေ့က တကယ်ပဲ ဒီလှေအပေါ်မှာလား.. ဟုတ်သား ကောင်းကင်ဆရာသခင်ယွဲ့ လေဟာနယ်တံတားမြေပုံကို ဆွဲပြတုန်းက သူ့ရွှေရောင်နဂါးလည်း ရှိနေတာပဲ.... ကောင်းကင်နတ်အရှင်ဟွေ့ လေဟာနယ်တံတားရဲ့ နေရာကို သိသွားတာပဲ ဖြစ်မယ်... သူက အခုထိ မပေါ်လာသေးဘဲ ငါ မသိအောင် လှေပေါ်မှာ ပုန်းနေတာကိုး.. ငါ့အစွမ်းအစတွေအရ ငါ သူ့ကို မမြင်နိုင်ဘူး... ဒါပေမဲ့ သူ တကယ် ရှိနေတာရော ဟုတ်ရဲ့လား”
သူ ထိုသို့တွေးနေစဉ် ပရမတ္တလှေ၏အလယ်၌ ကောင်းကင်နတ်အရှင်ဟွေ့၏ ပုံရိပ်ပေါ်လာသည်။ သူ၏ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်မီးလျှံများသည် လေဟာနယ်ကို မီးတောက်တိုက်သွင်း၍ ဟင်းလင်းပြင်မုန်တိုင်းအား ခုခံပေးနေ၏။
ကောင်းကင်နတ်အရှင်ဟွေ့သည် လော့ဝူရွှမ်ကို အလုပ်လုပ်နိုင်သော်လည်း ချင်မူ့ကိုတော့ အရူးမလုပ်နိုင်ပေ။ ပရမတ္တလှေက ချင်မူ မြင်ယောင်ဖန်ဆင်းထားခြင်းမဟုတ်ပါလော။ သူ မည်သည့်နေရာတွင် ပုန်းပုန်း၊ ချင်မူ၏မျက်စိအောက်မှ လွတ်မြောက်မည်မဟုတ်ပေ။
“ကောင်းကင်နတ်အရှင်မူ၊ ငါ့ရဲ့ လက်ရှိအစွမ်းအစနဲ့တောင် ငါ ကြာကြာ တောင့်မခံနိုင်ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့၏ အသံက ကျယ်လောင်စွာ ဟိန်းထွက်လာ၏။ “ငါ ခဏတော့ တောင့်ခံပေးမယ်... မင်း ဒီအခွင့်အရေးကို အသုံးချပြီး အသိစိတ်အလျဉ် ပြန်ဖြည့်ချည်”
ချင်မူ အိပ်မက်ကမ္ဘာထဲမှ ချက်ချင်း ထွက်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟွေ့ ပရမတ္တလှေကို ကာကွယ်နေစဉ် သူက လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်တွင် အပြည့်အဝ အာရုံစူးစိုက်လျက် အသိစိတ်အလျည်အား အားပြန်ဖြည့်နေသည်။
များစွာမကြာလိုက်ဘဲ ကောင်းကင်နတ်အရှင်ဟွေ့မှာ ညည်းတွားလိုက်ရပြီး ဆက်လက်မတောင့်ခံနိုင်တော့ပေ။ ချင်မူက တမုဟုတ်ချင်း မြင်ယောင်ဖန်ဆင်းရင်း အစားထိုးနေရာယူလိုက်၏။ ကောင်းကင်နတ်အရှင်ဟွေ့က တင်ပျဉ်ခွေထိုင်လျက် ကျင့်စဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းနေသည်။
နှစ်ယောက်သား ခန္ဓာကိုယ်ချင်း လှည့်၍ တစ်ယောက်နေရာတစ်ယောက် အစားထိုးလိုက်ကြသည်။ နောက်ဆုံးတော့ လေဟာနယ်တံတား၏ အဆုံးက နီးကပ်လာပြီး အလင်းစက်များလည်း ကြီးမားလာသည်။ ထိုအလင်းများသည် လေဟာနယ်ထဲရှိ အိမ်သုံးလုံးဆီမှ အလင်းရောင်များဖြစ်ကြောင်း သတိထားမိလိုက်၏။
‘ဒီမှာ နေတဲ့ လူတွေ ရှိသေးတယ်လား’ ချင်မူ့ရင်ထဲတွင် မျှော်လင့်ချက်များ ပေါက်ဖွားလာသည်။
ရုတ်တရက် လှေဦး၌ အလင်းရောင်တစ်ရောင် ဖျတ်ခနဲ လင်းသွား၏။ ကောင်းကင်နတ်အရှင်ရှုက တုန်ရီစွာဖြင့် ပေါ်လာသည်။
လော့ဝူရွှမ်က ချက်ချင်း ဓားမဆွဲထုတ်ကာ ကောင်းကင်နတ်အရှင်ရှုဆီသို့ ခုတ်ချလိုက်သည်။ ထိုအမျိုးသမီး၏မျက်လုံးများ အေးစက်စက် တောက်ပသွား၏။ သို့သော် ချင်မူက အလျင်အမြန် လက်မြှောက်၍ လော့ဝူရွှမ်ကို တားလိုက်လေသည်။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “လှေပေါ် တက်လာပြီဆိုကတည်းက ကျွန်တော်တို့ လူတစ်ယောက် ဖြစ်သွားပြီ... အကုန်လုံးက ဒုက္ခအတူတူ ရောက်နေတာပဲမဟုတ်လား... ကောင်းကင်နတ်အရှင်ရှု၊ အားချိုကို မှတ်မိသေးလား”
ကောင်းကင်နတ်အရှင်ရှု အနည်းငယ်မှင်သက်သွားသည်။ ချင်မူက ပြုံး၍ ကောင်းကင်နတ်အရှင်ရှု၏ ခေါင်း၌ ပေါက်နေသော ချိုကွေးတစ်စုံအပေါ် အကြည့်ရောက်သွား၏။
သူက ဒယ်အိုးကြီးတစ်လုံး ထုတ်လိုက်သည်။ ထိုဒယ်အိုးဆီမှ မျက်နှာများစွာ ထွက်လာပြီး ချင်မူ့ကို ဝန်းရံလှည့်ပတ်ကြလေသည်။
ထို့နောက် သူတို့က ချင်မူ့ကို မျက်နှာမူ၍ အော်ကြသည်။ “အားချို”
ကောင်းကင်နတ်အရှင်ရှု၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ “ရှင်”