← Chapters

ငါးမ၏ ဖျားယောင်း‌သွေး‌ဆောင်မှု

Vol. 74 Ch. 966

ငါးမ၏ ဖျားယောင်း‌သွေး‌ဆောင်မှု

Vol. 74 Ch. 966

လျန်းဟွာဟွန်နှင့် ယွင်ချွီးရှို့တို့နှစ်ယောက်စလုံး အံ့ဩတုန်လှုပ်ကာ ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့သည် ချင်မူနှင့် သိုင်းအဆင့်တစ်ဆင့်သာ ကွာသော်လည်း အင်အားချင်း ကွာခြားမှုက ကြီးမားလွန်းနေ၏။

သူတို့၏ လက်ရှိခန္ဓာကိုယ်များက ကောင်းကင်တံတားအဆင့် ဖြစ်သည့်အတွက် တောင်ကောင်းကင်မုခ်ဝကို ဖြတ်မသွားရသေးပေ။ ချင်မူသည် နတ်ဘုရားတစ်ပါး ဖြစ်နေရာ သူတို့ထက် အဆင့်တစ်ဆင့် သာသွား၏။

အတိတ်တုန်းက သူတို့နှစ်ယောက်အနေဖြင့် အဆင့်တစ်ဆင့်သာ မြင့်သော နတ်ဘုရားများအသာထား၊ အဆင့်နှစ်ဆင့် မြင့်သော အစစ်အမှန်နတ်ဘုရားများကိုပင် မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ဖူးသည်။

ဥပမာ လျန်းဟွာဟွန်က ‘မူကို သတ်မည့် သိုင်းကွက်များ’ မပေါက်ကြားစေရန် ကောင်းကင်နတ်အရှင်ဟောင် မဟာလေဟာနယ်သို့ စေလွှတ်ခဲ့သော တပည့်များကို သတ်ဖြတ်ခဲ့ပြီး ထိုတပည့်အားလုံးသည် အစစ်အမှန်နတ်ဘုရာအးဆင့်များ ဖြစ်ကြ၏။

ကောင်းကင်နတ်အရှင်အဖြစ် ပြန်လည်မွေးဖွားလာသော ကောင်းကင်နတ်ဧကရီနှင့် အရှင်ယွမ်မုတို့က လျန်းဟွာဟွန်နှင့် ယွင်ချွီးရှို့ကို ကိုယ်ပွားများအဖြစ် အသုံးချကာ လူ့ပြည်တွင် အပျင်းပြေ လျှောက်သွားနေကြခြင်း ဖြစ်သည်။ သို့တိုင်အောင် သူတို့တွင် သိမြင်နှံ့စပ်သော ဗဟုသုတများနှင့် အတွေ့အကြုံများစွာ ရှိနေသေးသည့်အတွက် အစစ်အမှန်နတ်ဘုရားများမှာ သူတို့၏ကိုယ်ပွားများအား မယှဉ်နိုင်ကြပေ။

သို့တိုင်အောင် သူတို့ထက် အဆင့်တစ်ဆင့်သာ မြင့်မားသည့် ချင်မူက ကောင်းကင်ဘုံတစ်ထပ် ကွာခြားနေသကဲ့သို့ သူတို့ကို လွှမ်းမိုးထားသည်။ ချင်မူသည် ကောင်းကင်၏အလွန်တွင် ရပ်နေစဉ် သူတို့မှာ မြေပြင်ထက်၌သာ ရှိနေ၏။ မူကို သတ်မည့် သိုင်းကွက် ၁၈ ကွက်ပင် သူ့ဆီသို့ လက်လှမ်းမမှီချေရာ အသေမသတ်နိုင် ဖြစ်နတော့သည်။

လျန်းဟွာဟွန် စတင်တိုက်ခိုက်သည့်အချိန်မှ ညီအစ်မနှစ်ယောက် အဖမ်းခံလိုက်ရသည့်အချိန်အထိ တစ်ယောက်မှ ချင်မူ့ကို ထိပင် မထိနိုင်လိုက်ပေ။ ချင်မူက ရှောင်လည်း မရှောင်၊ သူတို့၏သိုင်းကွက်များ၊ ကောင်းကင်နတ်သိုင်းများကိုလည်း မဖြိုခွင်းဘဲ ချီစွမ်းအင်ကို ဒိုင်းသဖွယ် အသုံးပြု၍ ခုခံနေရုံသာ ရှိသည်။

ချင်မူက သူတို့နှစ်ယောက်ကို မြေပြင်ပေါ် ရိုက်ချလိုက်ပြီးနောက် မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးအား ချက်ချင်း ပိတ်လိုက်သည်။ သူ၏အိပ်မက်ကမ္ဘာက ပြန်လည်စတင်လာကာ မရေမတွက်နိုင်သော ချင်မူလေးများသည် အရှင်မယွမ်မု၏ ရုပ်ခန္ဓာပေါ် ကုပ်တွယ်တက်၍ အဆုံးသတ်မြို့ပျက်၏ သင်္ကေတအမှတ်အသားများ မှတ်သားနေကြ၏။

လျန်းဟွာဟွန်နှင့် ယွီချွီးရှို့မှာ ချင်မူ့ကြောင့် ကျင့်ကြံခြင်းအခြေခံ ချိတ်ပိတ်ခံထားလိုက်ရသဖြင့် တစ်လက်မလေးပင် မလှုပ်နိုင်ဘဲ မြေပြင်ပေါ်တွင် လှဲနေကြရသည်။

ယွင်ချွီးရှို့က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောသည်။ “ကောင်းကင်ဓားမလော့၊ ရှင် ကြောင်တောင်တောင်နဲ့ ဘာလုပ်နေတာလဲ… သူပုန်ချင်မူကို သတ်ပြီး ကျွန်မတို့ကို မကူညီတော့ဘူးလား”

လော့ဝူရွှမ်မှာ မကြားချင်ယောင်ဆောင်နေသော်လည်း ရင်ထဲတွင် တထိတ်ထိတ် ဖြစ်နေသည်။

ထိုနှစ်ယောက်က ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှ နှစ်ယောက် ဖြစ်သည်။ ယခုတွင် သူသည် သူတို့နှစ်ယောက်၏ အမိန့်များကို တိုက်ရိုက်ငြင်းဆန်လိုက်ပြီဖြစ်ရာ သစ္စာဖောက်သူပုန်အဖြစ် သေချာပေါက် နာမည်တပ်ခံရတော့မည်။ သူ့တစ်သက်လုံး ထိုနာမည်အား ပယ်ရှားနိုင်တော့မည်မဟုတ်ပေ။

‘ချင်မူ ကောင်းကင်နတ်ဧကရီနဲ့ အရှင်ယွမ်မုရဲ့ ကိုယ်ပွားတွေကို ဘယ်လိုရင်ဆိုင်မလဲ မသိဘူး’

လော့ဝူရွှမ်မှာ မသက်မသာ ဖြစ်နေဆဲပင်။ ‘လောကသခင်ခန္ဓာချင် ကြည့်ရတာ ဒီမိန်းမနှစ်ယောက်နဲ့ ပတ်သက်ပြီး မပြတ်မသား ဖြစ်နေပုံပဲ… သူတို့အလှကြောင့်နဲ့ အသက်ချမ်းသာပေးလောက်တယ်… စောစောက သူ သူတို့နှစ်ယောက်ကို ကြည့်နေတဲ့ ပုံစံကလည်း နည်းနည်းတစ်မျိုးကြီးပဲ… ဒီနှစ်ယောက်က သေကိုသေရမှာ…. မဟုတ်ရင် သူတို့ မဟာလေဟာနယ်ကနေ ထွက်သွားတာနဲ့ ဒီမှာ ဖြစ်ပျက်ခဲ့တာမှန်သမျှကို သူတို့မူရင်းခန္ဓာကိုယ်တွေ သိသွားလိမ့်မယ်”

မဟာလေဟာနယ်နှင့် ကောင်းကင်နတ်ဘုံသည် မတူညီသော ကမ္ဘာနှစ်စင်း ဖြစ်သည့်အတွက် လျန်းဟွာဟွန်နှင့် ယွင်ချွီးရှို့ ဤနေရာတွင် ကြုံတွေ့ခဲ့ရသည်များကို ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မု၏ ခန္ဓာကိုယ်အစစ်များမှ ခံစားရမည်မဟုတ်ပေ။ သို့သော် သူတို့ တစ်ကမ္ဘာတည်း ပြန်ဖြစ်သွားသည့်အခါ လျန်းဟွာဟွန်နှင့် ယွင်ချွီးရှို့၏ မှတ်ဉာဏ်များကို ရရှိသွားလိမ့်မည်။

ထိုသို့ဖြစ်လာခဲ့လျှင် ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုသည် ချင်မူနှင့် လော့ဝူရွှမ်အား သေချာပေါက် အသက်ချမ်းသာပေးတော့မည်မဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ သူတို့နှစ်ယောက်ကို မရရအောင် သတ်ဖြတ်လိမ့်မည်။

‘လောကသခင်ခန္ဓာချင်သာ ဒီနှစ်ယောက်ကို ကာကွယ်ပေးချင်တဲ့ စိတ်ရှိနေလို့ မသတ်နိုင်ရင် ငါကိုယ်တိုင် ငါ့ဓားမနဲ့ သူတို့ကို ခုတ်သတ်ပစ်မယ်’

လော့ဝူရွှမ်၏ မျက်လုံးအတွင်း၌ ဓားမရောင်များ လင်းလက်လာသည်။ ယွင်ချွီးရှို့သည် ပြိုင်ဘက်ကင်းသော အလှပိုင်ရှင်တစ်ယောက် ဖြစ်၍ မျက်မှောင်တစ်ချက် ကြုတ်လိုက်တိုင်း၊ တစ်ချက် ပြုံးလိုက်တိုင်း၊ ခန္ဓာကိုယ်လေး လှုပ်ရှားလိုက်တိုင်း အတိုင်းထက်အလွန် စွဲမက်ယစ်မူးဖွယ်ကောင်း၏။ လျန်းဟွာဟွန်ကလည်း ထူးခြားသော အလှပိုင်ရှင်တစ်ယောက်ဖြစ်သည်။ သာမန်ယောက်ျားသားတစ်ယောက်အနေဖြင့် သူတို့နှစ်ယောက်၏ ဆွဲဆောင်မှုတွင် ပြိုလဲမသွားအောင် စိတ်ထိန်းရန် မဖြစ်နိုင်ပေ။

သူတို့နှစ်ယောက်အား ချင်မူ သဘောကျနေသည်ကို နားလည်ပေး၍ ရသည်။

သို့သော် လော့ဝူရွှမ်က မတူပေ။

လော့ဝူရွှမ်သည် ဓားမကိုသာ ရူးသွပ်သည်၊ ဓားမကိုသာ ချစ်သည်၊ သူ့မျက်လုံးထဲတွင် အလှပဆုံးအမျိုးသမီးက ဓားမသာ ဖြစ်၏။ သူ၏တာအိုနှလုံးသားကလည်း အလွန်မာကြောသောကြောင့် ဤအမျိုးသမီး၏အလှများကို လျစ်လျူရှူကာ အညှာအတာမရှိ သတ်ပစ်နိုင်လေသည်။

ချင်မူ အိပ်မက်ထဲ ဝင်ရောက်နေစဉ် ချင်မူသေးသေးလေးများသည် သူ့အိပ်မက်ကမ္ဘာထဲ၌ သူတို့ရှာတွေ့ထားသည်များကို ဆူဆူညံညံ ဆွေးနွေးဖလှယ်နေကြ၏။ အရှင်မယွမ်မုကို သူတို့လေ့လာနေသော အမြန်နှုန်းက အလွန်မြန်သည်။

သူ လုပ်နေသော တိုင်းထွာမှုများက ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်း လုပ်သည်နှင့် မတူပေ။

ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းသည် ရှေးဟောင်းနတ်ဘုရားများကို တိုင်းတာသည့်အခါ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအမှတ်အသားများအား တိုင်းထွာ၍ မြေပုံထုတ်ပြီးနောက် ရုပ်ခန္ဓာများဆီသို့ ဆက်လက်တိုင်းတာကြရသည်။ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုကို အသေးစိတ်ဆုံးအထိ မှတ်သားပြီးနောက် တစ်ခုချင်း ပြန်လည်ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်သည်။

ချင်မူကမူ အရှင်မယွမ်မု၏ ခန္ဓာကိုယ်ပေါ်ရှိ အခြေခံသင်္ကေတအမှတ်အသားများကို အစီအစဉ်နေရာချရုံမျှသာ ချသည်။ သူ့အတွက် ဤအခြေခံသင်္ကေတအမှတ်အသားများအား စီစဉ်နေရာချရုံနှင့် လုံလောက်ပေသည်။

အဆုံးသတ်မြို့ပျက်၏ မဟာတာအိုတွင် အလွန်စိတ်ဝင်စားသည့်တိုင် မဟာတာအိုတစ်ခုလုံးကို တိုင်းတာ၍ မြေပုံထုတ်ရန်မှာ အချိန်ကုန်လွန်း၏။ အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်ထားလျှင်ပင် ထိုအဆင့်သို့ ရောက်ရန် အနည်းဆုံး နှစ်ပေါင်းထောင်ချီ ကြာမြင့်လိမ့်မည်။

ချင်မူ၏ ပန်းတိုင်သည် အဆုံးသတ်မြို့ပျက်ကို သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲ၌ တည်ဆောက်ရန် ဖြစ်သည်။ အဆုံးသတ်မြို့ပျက်၏ အခြေခံသင်္ကေတအမှတ်အသားများကို နားလည်ထားမှလည်း ထိုသို့လုပ်နိုင်လိမ့်မည်။

မှန်သည်၊ အရှင်ယွမ်မု၏ ရုပ်ခန္ဓာမှ အသေးစိတ်အချက်အလက်များနှင့် အဆုံးသတ်မြို့ပျက် မဟာတာအို၏ သင်္ကေတအစီအစဉ်များကို ရရှိနိုင်ပါက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအတွင်း၌ အဆုံးသတ်မြို့ပျက်ကို ပြုပြင်မွမ်းမံရန် အတိုင်းထက်အလွန် အထောက်အကူပြုလိမ့်မည်။

ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အက္ခရာသင်္ချာကျွမ်းကျင်သော ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများ၊ မိစ္ဆာများကို အရှင်ယွမ်မု၏ ရုပ်ခန္ဓာနှင့် အဆုံးသတ်မြို့ပျက်မဟာတာအိုအား အသေးစိတ်လေ့လာကာ တိုင်းထွားခိုင်းဖို့ ရည်ရွယ်ထားသည်။

အချိန်တချို့ကြာသော် ချင်မူ အိပ်မက်ထဲမှ နိုးထလာသည်။

သူက အရှင်မယွမ်မု၏ ရုပ်ခန္ဓာကို သူ၏တတိယမျက်လုံးအတွင်း၌ ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့နောက် ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်ဆီသို့ ကြည့်သည်။ မိန်းကလေးနှစ်ယောက်သည် တိမ်းမက်ယစ်မူးဖွယ် ကောက်ကြောင်းအသွယ်သွယ် ပေါ်လွင်အောင် လှဲနေကြရာ အတိုင်းထက်အလွန် ဆွဲဆောင်မှု ရှိနေကြ၏။

လျန်းဟွာဟွန်က အေးစက်သည်။ သူ့အကြည့်ကို သတိထားမိသည်နှင့် သူမခန္ဓာကိုယ်လေးမှာ တောင့်တင်းသွားသော်လည်း စွဲမက်စရာ ဖြစ်နေသေးသည်။

အခြားတစ်ဖက်တွင် ယွင်ချွီးရှို့က ဘွင်းဘွင်းထင်းထင်း ပိုဖြစ်သည်။ သူမက ရှိုက်ကြီးရှိုက်ဖိုအငင်ငင် ပေါ်လာအောင် ခန္ဓာကိုယ်အနေအထားကို ပြင်ရင်း အောက်နှုတ်ခမ်းလေး ဖိကိုက်ကာ ရယ်လိုက်၏။ “ကောင်းကင်နတ်အရှင်၊ ငါတို့ညီအစ်မနှစ်ယောက် အခု လှုပ်လို့မရတော့ဘူးနော်… ကောင်းကင်နတ်အရှင်ကြီးက ငါတို့ကို ဘာလုပ်မလို့လဲဟင်”

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားကာ ရယ်လိုက်မိသည်။ “ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မု နှစ်ယောက်လုံးက တော်တော်ဆိုးတာပဲဗျာ… ကြည့်ရတာ ဒူးထောက်ခိုင်းထားပြီး တင်ပါးလေးတွေကို နာနာချပေးမှနဲ့ တူတယ်”

လျန်းဟွာဟွန်၏မျက်နှာ သွေးဆုပ်ဖြူလျော်သွားသည့်အချိန် ယွင်ချွီးရှို့သည် မြေပြင်ထက်တွင် ခန္ဓာကိုယ်ကို လူးလွန့်လျက် တခစ်ခစ် ရယ်နေ၏။ “လာ… ငါ့တင်ပါးကို လာရိုက်လှည့်စမ်းပါ”

သူမသည် ရေကန်ထဲမှ ထွက်လာသော ငါးတစ်ကောင်အလား ဖြစ်နေ၍ သူမကို လှမ်းဆွဲပြီး ကူညီပေးလိုက်ချင်စိတ်များ ပေါက်ဖွားလာစေနိုင်၏။

ချင်မူမှာ မသင့်တော်မှန်း သိသော်လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူမကို လှမ်းဆွဲချင်လာသည်။ သို့သော် သူ့ရင်ထဲတွင် တွန့်ဆုတ်နေမိသည်။ ‘ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုကို ငါ အသက်ချမ်းသာပေးလို့ မဖြစ်ဘူးလေ’

သို့သော် ရက်ရက်စက်စက်လည်း မသတ်ရက်ပေ။

ဤအခိုက်အတန့်တွင် လော့ဝူရွှမ်က ဓားမမြှောက်၍ ယွင်ချွီးရှို့အား နှစ်ပိုင်းခြမ်းပစ်လိုက်သည်။

ချင်မူ ထိတ်လန့်သွားသည်။

လော့ဝူရွှမ်သည် ဓားမ ထပ်မြှောက်လိုက်ပြန်ပြီး လျန်းဟွာဟွန်ကိုလည်း ခုတ်ချလိုက်၏။ ထို့နောက် ဓားမပေါ်ရှိ သွေးများကို သုတ်ကာ မည်းမှောင်နေသော အမူအရာဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်မူက အသက်နှစ်နှစ်တောင် ပြည့်သေးတာမှ မဟုတ်တာ… ဒီကဝေမနှစ်ယောက်က ကောင်းကင်နတ်အရှင်မူကို ဆွဲဆောင်ရဲအထိ ရမ်းကားလွန်းတယ်….. သူတို့ရဲ့ပြစ်မှုက အကြိမ်တစ်ထောင် အသတ်ခံရသင့်တယ်”

ချင်မူမှာ မြေပေါ်၌ လှဲနေသော မိန်းမလှလေးနှစ်ဦး၏ အလောင်းများကို ကြည့်ပြီး မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူက လော့ဝူရွှမ်ဆီ လှမ်းကြည့်လိုက်၏။

လော့ဝူရွှမ်က မျက်နှာမပျက်ဘဲ ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ရဲ့ တာအိုနှလုံးသားက ခိုင်မာလွန်းတော့ ဒီကဝေမနှစ်ယောက်ရဲ့ သွေးဆောင်းဖျားယောင်းတာ သေချာပေါက် ခံရမှာမဟုတ်ပါဘူး… ငါ မလိုအပ်ဘဲ လှုပ်ရှားလိုက်မိတယ်.. ဒါပေမဲ့ ဒီကဝေမနှစ်ယောက်က ကောင်းကင်နတ်အရှင်ကို သိက္ခာချနေလို့ မနေနိုင်ဘဲ ဓားမနဲ့ ဝင်ပါမိတာပါ… ကောင်းကင်နတ်အရှင် ခွင့်လွှတ်တော်မူပါ”

ချင်မူ ပြောလိုက်သည်။ “နောင်တော်လော့၊ မလိုပါဘူး… ကျွန်တော့်ကို ဂိုဏ်းသခင်ချင်လို့သာ ခေါ်ပါ… နောင်တော်လော့ မှန်တယ်…. ဒီကဝေမနှစ်ယောက်ကများ ရာရာစစ ကျွန်တော့်ကို သွေးဆောင်ရဲရတယ်လို့… ကျွန်တော်က ဖန်ဆင်းပညာရှင်မှာ ကျွမ်းတော့ သူတို့ခန္ဓာကိုယ်တွေကို ပြန်ဆက်လိုက်ရင် အသက်ပြန်သွင်းနိုင်ဦးမလား မသိဘူးနော်…”

လော့ဝူရွှမ်၏ နဖူးပေါ်တွင် သွေးကြောများ ထောင်လာသည်။ သူ၏ကျန်လက်တစ်ဖက်က ဓားမလက်ကိုင်ရိုးအပေါ် ဖိထားပြီး အကြောများ ထောင်နေ၏။ သူက ချင်မူ့ကို သတိပေးလေသည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့ခရီးရဲ့ ရည်ရွယ်ချက်က ဒီကဝေမနှစ်ယောက်ကို အသက်သွင်းဖို့ မဟုတ်ဘူး… လေဟာနယ်တံတားကို ဖြတ်ကျော်ဖို့ပဲ... ဂိုဏ်းသခင်ချင်၊ ကျေးဇူးပြုပြီး ပရမတ္တလှေကို မြန်မြန် မြင်ယောင်ဖန်ဆင်းပါတော့”

ချင်မူက ဓားမကို ဆုပ်ကိုင်ထားသည့် လော့ဝူရွှမ်၏ လက်ကို ကြည့်ကာ ရယ်လိုက်သည်။ “နောင်တော်လော့၊ မပူပါနဲ့…. ကျွန်တော်က မစဉ်းစားတတ်တဲ့ကောင် မဟုတ်ပါဘူး… အလှကြောင့် စုံလုံကန်းသွားမယ့်သူလို့လည်း မထင်ပါနဲ့… သူတို့ရဲ့ ကောင်းကင်နတ်ဘုံကျင့်စဉ်တွေကို ဖော်ထုတ်နိုင်အောင် သူတို့ကို အသက်ပြန်သွင်းပေးချင်ရုံပါ… တခြားရည်ရွယ်ချက် မရှိပါဘူး…. နောင်တော်လော့က ကျွန်တော့်ကို မယုံမှတော ဒီနေရာကနေ မြန်မြန်ထွက်သွားနိုင်အောင် ပရမတ္တလှေကိုပဲ မြန်မြန်မြင်ယောင်ဖန်ဆင်းလိုက်ပါ့မယ်”

သူက မြေပြင်ပေါ်ရှိ အလှလေးနှစ်ယောက်၏ အလောင်းများဆီသို့ ကြည့်လိုက်ပြန်ကာ နှမြောတသ သက်ပြင်းချလိုက်သည်။ ‘ဖန်ဆင်းကျင့်စဉ်တွေနဲ့ သူတို့ကို အသက်သွင်းနိုင်ပါ့ဦးမလား မသိဘူး… လော့ဝူရွှမ်က တော်တော်ရက်စက်တာပဲ’

ချင်မူမှာ သုန်မှုန်ကာ မကျေမနပ် ဖြစ်နေသည်။ ‘ငါက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်လို မစဉ်းစားတတ်ပြီး မွှန်နေတဲ့ကောင်လည်း မဟုတ်ဘူး… ငါ့ကို အဲဒီလောက် သတိပေးနေစရာလိုလို့လား… လှတဲ့အရာတွေကိုတော့ ဘယ်သူမဆို ကြိုက်တာပဲလေ… ငါ သူတို့ကို အသက်သွင်းနိုင်ရင်တောင် တခြားဘာအတွေးမှ ရှိမှာမဟုတ်ဘူး… အလွန်ဆုံး နည်းနည်းပါးပါး ကလူကျီစယ်တာလောက်ပဲ လုပ်မှာပါ’

ချင်မူ၏ကျင့်စဉ်စနစ်သည် အလွန်ထူးခြား၏။ အားလုံး၏ ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်က အလွှာအထပ်ထပ်ဖြင့် ဖွဲ့တည်ထားပြီး အဆင့်ဆင့်မြင့်မားသွားခြင်း ဖြစ်သည်။ ချင်မူ့တွင်မူ ကောင်းကင်ရတနာတစ်ခုနှင့် ကောင်းကင်နန်းဆောင် ဆယ့်လေးခု ရှိနေသည်။

ထို့ကြောင့် ချင်မူ့အတွက် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ဖွဲ့စည်းတည်ဆောက်ပုံများကို ပြောင်းလဲရန် ပိုမိုလွယ်ကူသည်။

များစွာမကြာလိုက်ဘဲ အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်ကို သူ ဖန်ဆင်းဖွဲ့တည်ပြီးသွားသည်။ အဆုံးသတ်မြို့ပျက်သည် ထိုက်ကျိစက်ဝန်း၏ ထိုက်ကျိအင်းကွက်တစ်ကွက် ဖြစ်လာပြီး ကောင်းကင်နတ်မြစ်က ထိုနေရာမှတစ်ဆင့် ယိုတုသို့ စီးဆင်းသွား၏။ စက်ဝန်း၏အောက်သို့ ရောက်သည့်အခါ တစ္ဆေမြစ် ဖြစ်လာသည်။

သူ၏အဆုံးသတ်မြို့ပျက် အသူရာချောက်နက်မှာ အကြမ်းထည်သာ ရှိသေးသော်လည်း ယိုတု၊ ရွှမ်တုနှင့် ယွမ်တုကို ဆက်သွယ်ပေးထားသဖြင့် ချင်မူ၏ချီစွမ်းအင်ကို များစွာ တိုးပွားလာစေသည်။

အဆုံးသတ်မြို့ပျက်ကို ဖန်ဆင်းပြီး ကမ္ဘာလောကသုံးခုနှင့် ဆက်သွယ်ရာတွင် သူ၏သိုင်းအဆင့်က များများစားစား မမြင့်တက်သွားသော်လည်း ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကို အသုံးချနိုင်စွမ်း ပိုမြန်လာသည်။ ထို့ကြောင့် ပရမတ္တလှေကို မြင်ယောင်ဖန်ဆင်းခြင်းမှာ များစွာလွယ်ကူလာ၏။

များမကြာလိုက်ဘဲ ပရမတ္တလှေ၏ ကောက်ကြောင်းကို မြင်ယောင်နိုင်သွားသည်။ အသိစိတ်အလျဉ်ပမာဏများစွာ လိုအပ်နေရုံသာ ရှိ၏။ သူ၏အသိစိတ်အလျဉ်မှာ ကောက်ကြောင်းကို မြင်ယောင်ဖန်ဆင်းပြီးနောက် ကုန်ခမ်းသွားချေပြီ။

ချင်မူ မျက်မှောင်ကြုတ်မိသည်။ အသိစိတ်အလျဉ် ပြန်လည်ဖြည့်တင်းနေသော အချိန်ကို အခွင့်ကောင်းယူ၍ သူ၏အိပ်မက်ထဲ ဝင်ရောက်ကာ ချင်မူအသေးလေးများအသွင် ပြောင်းရင်း မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အား မည်သို့ပေါင်းစည်းရမလဲ တွက်ချက်နေသည်။

မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကို လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နှင့် ပေါင်းစည်းခြင်းသည် သူ့အိပ်မက်အတွင်း၌ မရေမတွက်နိုင်သော ချင်မူအသေးစားလေးများ နည်းလမ်းပေါင်းစုံဖြင့် သေဆုံးသွားခြင်းဟု ဆိုလို၏။

သို့သော် ဗြဟ္မဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်မှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရှုံးနိမ့်ပြီးနောက်မှ ပြီးပြည့်စုံသော ကျင့်စဉ်အား ဖန်တီးနိုင်မည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။

ချင်မူ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို ပေါင်းစည်းပြီး၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်အား လှည့်ပတ်ကာ ပရမတ္တလှေကို မြင်ယောင်ကြည့်၏။ အချိန်အနည်းငယ် သက်သာသွားသည်။

ပရမတ္တလှေ၏ အသေးစိတ်ပုံသဏ္ဍာန်များ တစတစ ရုပ်လုံးပေါ်လာသည်။ ချင်မူသည် နားလိုက်၊ မွမ်းမံလိုက် လုပ်နေ၏။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ လော့ဝူရွှမ်၏ ဒဏ်ရာများ အကောင်းပကတိအတိုင်း ပြန်သက်သာသွားပြီး ချင်မူ့ကို လာရှာသည့်အခါ ချင်မူ မြင်ယောင်ဖန်ဆင်းထားသော မိုင်ပေါင်းဒါဇင်ချီ ရှည်လျားသော လှေကြီးတစ်စင်းကိုသာ မြင်လိုက်ရသည်။ သူ့မှာ မယုံနိုင်လောက်အောင် အံ့ဩတုန်လှုပ်သွားတော့သည်။

ပရမတ္တလှေသည် ခိုင်ဧကရာဇ်ခေတ်တုန်းက ပညာရှင်တို့၏ အသိအမြင်များ ပေါင်းစည်းထားသည့်အရာ ဖြစ်၏။ ထိုကဲ့သို့ လှေမျိုး နှစ်စင်းတည်ဆောက်ခဲ့ကြသည်။ တစ်စင်းကို ခိုင်ဧကရာဇ်နှင့် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဘုံ ၃၃ ဘုံမှ အဆင့်မြင့်သိုင်းပညာရှင်များက မောင်းနှင်ကာ ရွှင်ပျော်ပျော်ကျေးရွာဆီသို့ သွားရောက်ခဲ့ကြသည်။

နောက်တစ်စင်းကတော့ ကောင်းကင်စက်မှုနတ်ဘုရားမျိုးနွယ်နှင့် သိကြားဗုဒ္ဓ လီရုံလန် တည်ဆောက်ခဲ့သော လှေဖြစ်သည်။ သူသည် ကျန်ရှိခဲ့သော နောက်လိုက်များကို ဦးဆောင်၍ ရွှင်ပျော်ပျော်ကျေးရွာသို့ သွားချင်ခဲ့သော်လည်း ရန်သူတို့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် လှေမှာ မဟာမြို့ပျက်ထဲသို့ ပျက်ကျခဲ့လေသည်။

ကောင်းကင်နတ်ဘုံရှိ ကောင်းကင်နတ်အရှင်များလည်း လှေကို ပြုပြင်ချင်သော်လည်း လှေ၏တည်ဆောက်ပုံက ရှုပ်ထွေးလွန်းသည်။ ပုံကြမ်းမရှိဘဲ ပြင်နိုင်မည့် နည်းလမ်းမရှိသောကြောင့် ထိုအတိုင်းသာ ထားခဲ့ကြရသည်။

သို့သော် လက်ရှိအချိန်တွင် ချင်မူတစ်ယောက်တည်း ပရမတ္တလှေအား မြင်ယောင်ဖန်ဆင်းခဲ့ချေပြီ။

ဤလှေသည် ပရမတ္တလှေအစစ်ထက် အဆပေါင်းများစွာ သေးငယ်သော်လည်း ဖန်ဆင်းရှင်တို့၏ ဆန်းကြယ်နက်နဲမှုအား အမိအရ ဖမ်းဆုပ်နိုင်၏။ အသိစိတ်အလျဉ်ကို အသုံးချကာ ဧရာမလှေကြီးတစ်စင်းအား မြင်ယောင်ဖန်ဆင်းနိုင်ခြင်းမှာ မယုံနိုင်စရာကောင်းပေသည်။

နောက်ဆုံးတော့ ချင်မူက ပရမတ္တလှေ၏ နောက်ဆုံးလက်ကျန်အစိတ်အပိုင်းအား မြင်ယောင်ဖန်ဆင်းပြီးသွား၏။

ပရမတ္တလှေ၏ ကိုယ်ထည်ပေါ်မှ သင်္ကေတတစ်ခု လင်းလက်လာပြီး ၎င်း၏အနောက်မှ သင်္ကေတအမှတ်အသားတစ်ခုပြီးတစ်ခု တောက်ပလာကြသည်။ သင်္ဘောသည် လေလယ်သို ဖြည်းဖြည်းချင်း မြောက်တက်လာကာ ပျံဝဲနေသော မြေပြင်တစ်ခုပမာ ဖြစ်လာ၏။

“ကောင်စုတ်လေးချင်၊ မင်းကို ဖန်ဆင်းရှင်တစ်ယောက်လို့ သတ်မှတ်နိုင်ပြီ”

ချင်မူ၏စိတ်ထဲတွင် ရှုကျွင်း၏အသံ ပျံ့လွင့်လာသည်။ “ကမ္ဘာဦးခေတ်မှာ ဒီလောက်ရှုပ်ထွေးတဲ့ နတ်လက်နက်တစ်ခုကို မြင်ယောင်ဖန်ဆင်းနိုင်တဲ့ ဖန်ဆင်းရှင်များများစားစား မရှိခဲ့ဘူး.. အသိစိတ်အလျဉ်မှာ မင်းထက် သာတဲ့ ဖန်ဆင်းရှင်တွေ တစ်ပုံကြီး ရှိပေမယ့် ဒီလောက်ကြီးမားပြီး ရှုပ်ထွေးတဲ့အရာမျိုး ဖန်ဆင်းနိုင်တဲ့သူ လက်တစ်ဆုပ်ပဲ ရှိတယ်…. မင်းရဲ့အသိစိတ်အလျဉ်ကို အသုံးချနိုင်စွမ်းက မင်းရဲ့ ဘိုးဘေးတွေထက် သာနေပြီ”

“အခုလို ချီးကျူးတဲ့အတွက် တာအိုနောင်တော်ရှုကျွင်းကို ကျေးဇူးအများကြီးတင်ပါတယ်”

ချင်မူက သူ မြင်ယောင်ဖန်ဆင်းထားသော ဧရာမလှေကြီးပေါ် တက်၍ ပဲ့နေရာဆီ သွားလိုက်သည်။

လော့ဝူရွှမ်လည်း သူ့နောက်မှ လိုက်လာသည်။ ချင်မူသည် ရွာလူကြီး ပေးထားသော ကြယ်သံလိုက်အိမ်မြှောင်ကို ထုတ်၍ တွေဝေနေသည့်အမူအရာ ရှိ၏။ တခဏကြာသော် သူက ၎င်းကို လက်ဖြင့် ပွတ်လိုက်သည်။ ကြယ်သံလိုက်အိမ်မြှောင်အထက်တွင် ဓားရိပ်များစွာ ပေါ်လာပြီး သူ့ကြောင့် တဖျောင်းဖျောင်း ကျိုးပျက်ကုန်သည်။

ရွာလူကြီး၏ ချိတ်တံဆိပ် ပျောက်ကွယ်သွားချေပြီ။

ချင်မူ စိတ်အားတင်းကာ ကြယ်သံလိုက်အိမ်မြှောင်ကို ပရမတ္တလှေ၏ သံလိုက်အိမ်မြှောင်ဒိုင်ခွက်ပေါ် ထည့်လိုက်သည်။

ဧရာမလှေကြီးသည် တဝုန်းဝုန်း တုန်ခါလာပြီး ရုတ်တရက် လေဟာနယ်တံတားဆီသို့ ဦးတည်သွားတော့၏။

“ရွှင်ပျော်ပျော်ကျေးရွာ”

ချင်မူက လေဟာနယ်တံတားကို ပြုံး၍ ကြည့်နေသော်လည်း မျက်လုံးများမှာမူ ရီဝေနေသည်။ “ကျွန်တော် လာနေပြီ”

All Chapters