← Chapters

ဒီနေ့ သူပြန်လာတာ နောက်ကျတယ်

Vol. 10 Ch. 27

ဒီနေ့ သူပြန်လာတာ နောက်ကျတယ်

Vol. 10 Ch. 27

“မင်းလွင်၊ အခုကနေစပြီး ဆက်ဖြစ်မယ့်အရာတွေက နင်နဲ့မဆိုင်တော့ဘူး။ ရဲဘက်ဆိုင်ရာအလုပ်ဖြစ်သွားပြီ။ အိမ်ပြန်ပြီးတော့ သတင်းကောင်းစောင့်နေပါ၊ ဟုတ်ပြီလား။”

လင်ဒါက မင်းလွင်ရဲ့ပခုံးကိုပုတ်ပြီးတော့ ပြုံးပြလိုက်တယ်။ အရပ်သားအနေနဲ့ မင်းလွင်ကူညီနိုင်တာက ဒီလောက်ပါပဲ။ သူက သံသယဝင်စရာသက်သေတချို့ကို ရှာပေးခဲ့ပြီးသားဖြစ်ပြီး မူးယစ်ရဲတွေအနေနဲ့ လုပ်စရာဆိုလို့ မူးယစ်ဂိုဏ်းကို ဝင်စီးပြီးရှာဖွေဖို့ပဲ လိုတော့တာပါ။ မူးယစ်ဂိုဏ်းမှန်ရင် လက်နက်တွေရှိတတ်တာမလို့ ပစ်ခတ်မှုဖြစ်ပွားနိုင်ပြီး အရပ်သားတစ်ယောက်အတွက် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့်မလို့ လင်ဒါက သူ့ကိုပြန်ခိုင်းနေတာ။

“အင်း၊ ငါသိပါတယ်။” မင်းလွင်လည်း သူ့ကိုပြုံးပြလိုက်ပြီး ရဲကားထဲကနေ ထွက်လိုက်တယ်။ အဲဒီနောက် ဆိုင်ကယ်ပေါ်တက်လိုက်တယ်။ အိမ်အပြန်လမ်းမှာတော့ သီချင်းလေးတညည်းညည်းနဲ့ပေါ့။

ဒါပေမဲ့ ခဏနေတော့ သူ့စိတ်ထဲကို အတွေးတစ်ခုဝင်လာပြီး ဆိုင်ကယ်ကို လမ်းဘေးချရပ်လိုက်တယ်။ “နေပါဦး၊ ပလာဒင်လုပ်ငန်းမျက်နှာဖုံးနောက်က မူးယစ်ဂိုဏ်းကို ရဲက ဝင်ဖမ်းမယ်ဆိုရင် ဖလေရာလည်း ကြားညပ်ပါသွားနိုင်တယ်မဟုတ်လား။ ပြီးတော့ သူက လာစစ်တာမလို့ ရဲတွေထက်အရင်ဦးပြီး မူးယစ်ဆေးထုတ်လုပ်နေတာကို သိသွားမယ်ဆိုရင်ရော။”

ဖလေရာနှုတ်ပိတ်ခံရနိုင်ခြေရှိတယ်ဆိုတာကို တွေးမိတော့ သူဖုန်းကိုထုတ်လိုက်ပြီး ဖလေရာပေးထားတဲ့နံပါတ်ကို ဆက်လိုက်တယ်။

တူ... တူ... တူ...တူ...

[လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားမှုမရှိပါသဖြင့်။]

အချိန်အကြာကြီးစောင့်ဆိုင်းပြီးတဲ့နောက် ကြားရတဲ့အော်ပရေတာရဲ့ဖြေဆိုမှုကြောင့် မင်းလွင်စိတ်ပူလာပေမဲ့ လေပူတွေကိုမှုတ်ထုတ်ပြီး ခေါင်းအေးအေးထားလိုက်တယ်။

“ထပ်ခေါ်ရမယ်၊ မသေချာဘဲနဲ့ လှုပ်ရှားမယ်ဆိုရင် ပြဿနာတစ်ခုခုဖြစ်လာလိမ့်မယ်။”

မင်းလွင်က သူ့ကိုယ်သူပြောရင်းနဲ့ နောက်တစ်ခါဖုန်းထပ်ခေါ်တယ်။ တတူတူအသံကြားရပြီး သုံးကြိမ်မြောက်တဲ့အထိ ဖြေသူမရှိပေမဲ့ လေးကြိမ်မြောက်မှာတော့...

[လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ တပ်ဆင်ထားခြင်းမရှိပါသဖြင့်...]

“တစ်ခုခုထူးခြားနေပြီ။” မင်းလွင်က စိတ်ထဲထင့်သွားပြီး လင်ဒါကို ဖုန်းကနေ မက်ဆေ့တန်းပို့လိုက်တယ်။ ‘ဖလေရာကို ဆက်သွယ်လို့မရတော့ဘူး၊ ဒုက္ခရောက်နေတာ ဖြစ်နိုင်တယ်။’

စာပို့ပြီးတာနဲ့ မင်းလွင်က ဆိုင်ကယ်ကို နောက်ပြန်လှည့်ပြီး ပလာဒင်စမ်းသပ်ခန်းဘက်ကိုမောင်းပါတယ်။ သူ့ဦးနောက်ထဲမှာတော့ အတွေးတွေက ထူထပ်လာနေတယ်။

“မူးယစ်ရဲတွေရောက်လာဖို့က အချိန်ကြာတော့ ရဲတွေက အနည်းဆုံး ဒီနေ့ညပိုင်းလောက်မှ ဝင်စီးတာမျိုးလုပ်မှာ။ သူတို့ဝင်စီးတာနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်လာမှာပဲ။ မူးယစ်ဂိုဏ်းက ဖ​လေရာကို ဓားစာခံအဖြစ်အသုံးချနိုင်သလို အပြစ်တွေပုံချလို့လည်းရတယ်။ ခုချက်ချင်းကယ်ဆယ်ရေးမစ်ရှင်လုပ်ဖို့ကျ နယ်မြို့က ရဲတွေနဲ့တင်မလုံလောက်ဘူး။ ငါတို့တစ်ခုခုကြံမှဖြစ်မယ်။”

...

ဖလေရာက အမှောင်ခန်းထဲမှာ ပြန်သတိရလာပါတယ်။ ဒီအခန်းထဲမှာ အလင်းရောင်က မှိန်မှိန်ပဲရှိပြီး နှာခေါင်းကနေ ဓာတုပစ္စည်းရနံပြင်းပြင်းကိုကနေပါတယ်။ စက်မှုလုပ်ငန်းတစ်ခုရဲ့စမ်းသပ်ခန်းမှာ ရှိမနေသင့်တဲ့ အရာတစ်ခုပါ။

“နင်တို့ ငါ့ကိုဘာလုပ်လိုက်တာလဲ...” ဖလေရာက ဖြည်းဖြည်းချင်းပွင့်လာတဲ့ တံခါးကိုလှမ်းကြည့်ပြီးတော့ ​ပြောလိုက်တယ်။ သူ့အမြင်တွေက ဝေဝါးနေရာကနေ တဖြည်းဖြည်းကြည်လင်လာနေတယ်။ ဒါကြောင့် ဝင်လာတဲ့သူတွေထဲမှာ မားကပ်နဲ့ရေဂင်ပါမှန်း သူသတိထားမိပါတယ်။

“မင်းနှာခေါင်းကို မေ့ဆေးနဲ့နည်းနည်းလေးတို့လိုက်ရုံပါ။ မင်းက မေးခွန်းတွေတအားများနေတာကိုး။”

“ရှင်တို့က တကယ်ပဲ ကုမ္ပဏီရဲ့နာမည်အောက်မှာ တရားမဝင်တဲ့အလုပ်တွေ လုပ်နေတာကိုး...”

ရေဂင်က ဖလေရာရဲ့ရင်ထဲက နာကျင်မှုအပြည့်နဲ့စကားကို ကြားပြီးတဲ့နောက်မှာတော့ ပြုံးလိုက်ပါတယ်။ “ငါတို့မိသားစုက ငါးနှစ်အတွင်းမှာပဲ ရှယ်ယာပမာဏနှစ်ဆကျော်တိုးအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဒီလုပ်ငန်းကနေရတဲ့ အကျိုးကျေးဇူးတွေကနေတစ်ဆင့်ပေါ့။”

သူ့စကားသံမှာ အပြစ်မကင်းတဲ့ခံစားချက်မျိုးမပါသလို ဒီလုပ်ရပ်အတွက် ရှက်ရွံနေတဲ့ပုံလည်းမရပါဘူး။ အဲဒီအစား သူက ဖိုင်တစ်ခုကို ထုတ်ပေးတယ်။

“မင်းဒီနေရာမှာ တစ်ခုခုမဖြစ်ချင်ရင် ဒီစာချုပ်မှာ လက်မှတ်ထိုးလိုက်ပါ။”

ဖလေရာက စာချုပ်ကိုဖတ်ပြီးတဲ့နောက် မျက်နှာကွက်ခနဲပျက်သွားတယ်။ ရှယ်ယာအရောင်းစာချုပ်ပါ။ စာချုပ်အရ ဘယ်ရီဂရင်းမိသားစုက သူတို့ပိုင်တဲ့ ရှယ်ယာအများစုကို အောက်စျေးနဲ့ရောင်းထုတ်ရမှာ။ တစ်နည်းအားဖြင့် ပလာဒင်မှာရှိနေတဲ့ ဘယ်ရီဂရင်းတွေရဲ့အာဏာကို အဆုံးသတ်ပစ်လိုက်တာပဲ။

“ဒါကိုလက်မှတ်ထိုးခိုင်းတာက အာမခံသဘောနဲ့ပါ။ ငါတို့ကို သစ္စာရှိနေသမျှ မင်းကိုမန်နေဂျာချုပ်ရာထူးမှာပဲ ဆက်ထားမှာ။ ပြီးတော့ မင်းနဲ့ငါနဲ့က စေ့စပ်ထားတာမလို့ အချိန်တန်ရင် မင်းနဲ့ပြန်ဆိုင်လာမှာပဲဥစ္စာ။”

“ဘယ်သူက ရှင့်ကို လက်ထပ်မယ်ပြောလို့လဲ သောက်ရူးရဲ့။” ဖလေရာက ဒေါသနဲ့အော်ဟစ်ပြီး ပြောလိုက်ပေမဲ့ ထိုင်ခုံနဲ့တွဲပြီး ကြိုးချည်ခံထားရတဲ့အတွက် မလှုပ်ရှားနိုင်ဘူး။ ရေဂင်က ဒေါသထွက်လာပြီး ဖလေရာကို ပါးရိုက်လိုက်တယ်။

ဖြန်း...

“သူ့ဆီကနေ လက်ဗွေယူလိုက်။” ရေဂင်က ဖလေရာတိတ်ဆိတ်သွားချိန်မှာပဲ ပြောလိုက်တယ်။ ရေဂင့်တပည့်တွေက ရှေ့ကိုထွက်လာပြီး ဖရာလီတာရဲ့လက်ကို မင်စွတ်ပြီး စာချုပ်ပေါ်မှာ အတင်းလက်ဗွေနှိပ်လိုက်တယ်။

“ဒါပေါ့၊ မင်းလက်ဗွေနဲ့က တကယ်တရားဝင်ပြီလို့တော့ ပြောဖို့ခက်ပေမဲ့ ငါတို့မှာရှေ့နေတွေအများကြီးပဲ။ ဘယ်ရီဂရင်းတွေက ဘာလုပ်နိုင်မှာမလို့လဲ။”

ဖလေရာက ရေဂင်ကို ဒေါသနဲ့ကြည့်နေလိုက်တယ်။ဒါပေမဲ့ အပိုတွေတစ်ခွန်းမှမပြောခဲ့ဘူး။ ပြောခဲ့ရင်လည်း လေကုန်တာပဲ အဖက်တင်မှာပါ။ မကြာခင်မှာပဲ ရေဂင်တို့အုပ်စုက ဖလေရာကို ခြိမ်းခြောက်နေရတာ ပျင်းရိသွားဟန်နဲ့ ​အခန်းထဲကနေ ထွက်သွားကြတယ်။ အစောင့်နှစ်ယောက် အခန်းအပြင်မှာကျန်ခဲ့တာကလွဲလို့ မြေအောက်စမ်းသပ်ခန်းက ငြိမ်သက်သွားတယ်။

...

စမ်းသပ်ခန်းရဲ့ခြံဝန်းအပြင်ဘက်မှာတော့ လင်ဒါနဲ့မင်းလွင်က နောက်တစ်ကြိမ်စုဝေးနေကြပြန်တယ်။ ဖလေရာက ရဲဝတ်စုံဝတ်ထားပေမဲ့ မင်းလွင်ကိုယ်တိုင်က သူ့ရဲ့သာမန်အဖြစ်ဆုံးဝတ်စုံတစ်စုံကို ရွေးဝတ်ထားတယ်။ ငွေရောင်ဆိုင်ကယ်ဝတ်စုံက တစ်နေရာရာကို ခိုးဝင်ဖို့အတွက်ဆိုရင် သိပ်ကိုသိသာထင်ရှားနေလွန်းတယ်လေ။

“မင်းလွင်... အဲဲဒီအကြံက ရူးမိုက်တာပဲ၊ အဲဒီလူတွေမှာက လက်နက်တွေနဲ့နော်။”

“ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို မကူညီဘဲ ကျွန်တော်မနေနိုင်ဘူး၊ ရဲအရာရှိ။”

“နင့်ကို ဒီကိစ္စတွေမှာ ဝင်မပါနဲ့တော့လို့ ပြောထားတယ်လေ။ အလွန်ဆုံးမှ ဓားစာခံတစ်ယောက်ရှိနေတယ်လို့ စစ်ဆင်ရေးတပ်ဖွဲ့ကို ပြောလိုက်ရုံပဲလိုအပ်တာ။” လင်ဒါက မင်းလွင်ကို အကျိုးသင့်အကြောင်းသင့်ရှင်းပြတယ်။ ဒါပေမဲ့ ကိုယ်တော်ချောကတော့ တက်ကြွနေဆဲပါ။

“ဒါပေမဲ့ အဲဒီအချိန်တိုအတွင်းမှာ ဓားစာခံက နစ်နာသွားနိုင်တယ်လေ။ မိန်းမလှလေးတစ်ယောက် ရန်သူ့လက်ထဲမှာ အဖမ်းခံလိုက်ရရင် ဘာတွေဖြစ်လာနိုင်တယ်လို့ထင်လဲ။ မဒမ်ဖလေရာက ရုပ်ချောချောလေးဆိုတော့ သူ့ကိုဖမ်းထားတဲ့သူတွေက တစ်ခုခုမလုပ်နိုင်ဘူးလား။ ပြီးတော့ ချမ်းလည်းချမ်းသာသေးတယ်။ ပိုင်ဆိုင်မှုတွေ အတင်းရောင်းခိုင်းတာတို့ အတင်းလက်ထပ်ခိုင်းတာတို့ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။”

“မင်းလွင်၊ နင့်အတွေးတွေက တအားအမြင့်ကြီးရောက်နေပြီ။” လင်ဒါက သူ့နဖူးက ထောင်ထလာတဲ့ သွေးကြောမျှင်တွေကို ဖျစ်ညှစ်ရင်းနဲ့ လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ မင်းလွင်ကတော့ လင်ဒါကို ကြောင်လေးတစ်ကောင် သခင်ဆီက ငါးကြော်တောင်းသလို မျက်လုံးတွေနဲ့ကြည့်ပြီး မရအရပူစာနေတုန်း။

“မမလင်ဒါရော အနာဂတ်မှာ ခုလိုအဖမ်းမခံရဘူးလို့ ပြောနိုင်လို့လား။ အဲဒီလိုဖြစ်ရင်ရော ကျွန်တော်က မကယ်ဘဲနေရမှာလား။”

လင်ဒါက မင်းလွင်ကို တတ်နိုင်သမျှတားဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ မင်းလွင်ရဲ့မျက်နှာထားကို လင်ဒါကြည့်ပြီးတဲ့နောက်တော့ သက်ပြင်းအရှည်ကြီးကို ချလိုက်ပါတော့တယ်။

“တကယ်လို့ ငါဆက်တားနေရင်လည်း နင်က ရတဲ့နည်းနဲ့ အထဲကိုခိုးဝင်ဦးမှာပဲမဟုတ်လား။” လင်ဒါက ထင်ကြေးပေးလိုက်တော့ မင်းလွင်က ခေါင်းညိတ်ပြတယ်။ “ဒါရူးတာပဲ။”လို့လည်း ရေရွတ်လိုက်သေးတယ်။

“ဟုတ်ပြီ၊ နင်အထဲကို ဝင်လို့ရတယ်။ ဒါပေမဲ့ နင်က ကျွမ်းကျင်ပညာရှင်မဟုတ်ဘူး။ ဒါကြောင့်မလို့ ရန်သူ့စခန်းကို တိတ်တဆိတ်ခိုးဝင်တဲ့ လေ့ကျင့်ခန်းတွေကို လေ့ကျင့်ဖူးတဲ့ ငါညွန်ကြားတဲ့အတိုင်း နင်လိုက်နာရမယ်။ နင်ငါပြောတဲ့အတိုင်းမလုပ်ဘဲ တစ်ခုခုမှားတာနဲ့ အသက်အန္တရာယ်စိုးရိမ်ရတယ်နော်။ ဒီလိုဆိုရင်တောင်မှ အထဲဝင်ချင်နေတုန်းပဲလား။”

မင်းလွင်က ခေါင်းညိတ်ပြလိုက်တယ်။ လင်ဒါလည်းစိတ်ပျက်နေပေမဲ့ အတင်းလုပ်ပြုံးပြုံးထားရင်းကနေ

စမ်းသပ်ခန်းရဲ့အဆောက်အဦးမြေပုံကို ရဲကားထဲကနေထုတ်ပြီး မင်းလွင်ကိုစရှင်းပြလိုက်တယ်။

“လက်တွေ့ဘဝက ရုပ်ရှင်တွေထဲကလိုမဟုတ်ဘူး။ အထူးတပ်ဖွဲ့က မရောက်သေးတော့ ရန်သူ့ကင်းအဖွဲ့တွေကို ငါတို့အကြမ်းဖျင်းပဲ လေ့လာရသေးတယ်။ ဒီတော့ ဖလေရာကိုဖမ်းထားတဲ့နေရာကို သိဖို့က ဝေလာဝေး၊ ကင်းပုန်းတွေရန်ကနေ လွတ်အောင်ရှောင်နိုင်မယ်ဆိုတဲ့ အာမခံချက်တောင်မရှိဘူး။”

လင်ဒါက ပခုံးတွန့်ပြလိုက်တယ်။ လင်ဒါ့အမြင်မှာတော့ မင်းလွင်လုပ်နေတဲ့အရာက သေလမ်းရှာရုံပါပဲ။ သူက မင်းလွင်ကိုကြည့်ပြီး မေးလိုက်တယ်။

“မင်းလွင်၊ နင်သေနတ်ပစ်တတ်လား။”

မင်းလွင်က ခေါင်းညိတ်ပြပါတယ်။ “လေ့ကျင့်ရေးကွင်းမှာ သေနတ်ပစ်လေ့ကျင့်နေပြီဆိုပေမဲ့ လိုင်စင်တော့မရသေးဘူး။”

လင်ဒါက မင်းလွင်ဆီကနေ အဖြေသိရပြီးနောက်မှာတော့ ခါးမှာချိတ်ထားတဲ့သေနတ်အစား ဘောင်းဘီအောက်ခြေသလုံးမှာဝှက်ပြီးချိတ်ထားတဲ့ အရန်ခြောက်လုံးပြူးသေနတ်ကို ဆွဲယူလိုက်ပါတယ်။ ပြီးတဲ့နောက် အထဲက ကျည်ဆန်အစစ်တွေကိုနှုတ်ယူပြီး ရဲကားထဲက ဆိုက်အသေးဆုံး ရာဘာကျည်တွေကို အစားထိုးလိုက်တယ်။

“ရော့... ငါပေးတယ်လို့မပြောနဲ့။ အခုချိန်ကစပြီးတော့ အဲဲဒီသေနတ်နဲ့နင်ပစ်လိုက်သမျှ ပစ်ချက်တိုင်းက ငါပစ်တာလို့ပြောရမယ်။ လူတော့သေမှာမဟုတ်ပေမဲ့ နင့်ကိုယ်နင်တော့ အနည်းဆုံးကာကွယ်နိုင်မှာပါ။”

လင်ဒါက မင်းလွင်ကိုစိုးရိမ်လို့ စည်းကမ်းချက်တွေကို ချိုးဖောက်ပြီး အထူးခွင့်ပြုပေးခဲ့တာ။ တကယ့်တကယ်သတင်းပေါက်ကြားသွားရင် လင်ဒါဟာ ခုံရုံးဖွဲ့စစ်ဆေးခံရနိုင်ခြေရှိတယ်။

“နောက်တစ်ခုက ငါမသွားနဲ့ဆိုတဲ့နေရာကို မသွားနဲ့၊ နေရာတစ်ခုခုမှာ နေခဲ့ဆိုရင် နေခဲ့ရမယ်၊ နောက်ဆုံး ကိုယ်လွတ်ရုန်းပြေးတော့လို့ပြောရင်တောင် ပြေးဟုတ်ပြီလား။ စစ်တပ်သုံး လက်ဟန်ခြေဟန်တွေတော့ နင်နားလည်ပါတယ်။”

...

ဖလေရာက သူ့ခြေထောက်ကိုသူပဲ တစ်ချိန်လုံးငုံကြည့်နေခဲ့တယ်။ တကယ်တမ်းဒုက္ခရောက်တဲ့အချိန်ကျတော့ သူ့ကိုယ်သူတောင် မကာကွယ်နိုင်ခဲ့ဘူး။ အဖိုးချစ်တဲ့ ပလာဒင်ကုမ္ပဏီကို ကာကွယ်ဖို့ဆိုတာဝေးရော။

“အဖိုး၊ ဒီအသုံးမကျတဲ့ မြေးမက တောင်းပန်ပါတယ်။” ဖလေရာရဲ့မျက်လုံးထဲက မျက်ရည်တွေစီးကျလာတယ်။ တစ်နေရာလုံးက တိတ်ဆိတ်နေပြီး ပြင်ပမိုးကောင်းကင်ကြီးကို မမြင်ရတာကြောင့် အချိန်တွေ ဘယ်လောက်ကုန်သွားပြီလဲ သူမသိပါဘူး။

ဘုန်း...

“အစ်...” အသိဝင်လာတော့ မြေအောက်စမ်းသပ်ခန်းတံခါးက ပွင့်နေပြီဖြစ်ပြီးတော့ အပြင်မှာစောင့်​နေတဲ့ အစောင့်နှစ်ယောက်က မြေပြင်မှာ အမြုပ်တစီစီနဲ့ သတိလစ်နေပြီ။

“သာမန်အပျော်တမ်းသမားတစ်ယောက်အနေနဲ့ နင့်ရဲ့ကြံ့ခိုင်မှုက အံ့ဩစရာပဲ။ ရဲသင်တန်းက ငါ့ပြိုင်ဖက်တွေတောင် အဲဒီလောက်အကြာကြီး ငါနဲ့လိုက်ပြိုင်ပြီး မလှုပ်ရှားနိုင်ဘူး။”

“ဟီးရိုးတစ်ယောက်က သာမန်ရဲလောက်တောင် မစွမ်းဆောင်နိုင်ရင် ဘယ်လိုလုပ်ဟီးရိုးဖြစ်မှာလဲဗျ။”

“ငါက အထူးရဲလေ၊ သာမန်ရဲမဟုတ်ဘူး။”

“မှတ်မထားမိလို့ စိတ်မရှိပါနဲ့ဗျ။”

နောက်ထပ် ဖလေရာသတိထားမိတာကတော့ ရဲအရာရှိတစ်ယောက်နဲ့ သေနတ်ကိုင်ထားတဲ့ အရပ်ဝတ်တစ်ယောက် စမ်းသပ်ခန်းထဲ ဝင်လာတာကိုပါ။ ပြီးတော့ ဖလေရာက အဲဒီအရပ်သားကို ချက်ချင်းမှတ်မိသွားတယ်။

“ရှင်က... အဲဲဒီငွေရောင်ဝတ်စုံနဲ့ ဆိုင်ကယ်သမားမဟုတ်လား။”

...

ဖလေရာက လင်ဒါတို့နောက်ကနေပြီး သတိရှိရှိနဲ့ လိုက်လာခဲ့တယ်။ အပြင်ဘက်က စင်္ကြံလမ်းတစ်ခုလုံးက လူခြေတိတ်နေခဲ့ပေမဲ့ ဖလေရာအပြင်ရောက်တယ်ဆိုရင်ပဲ မီးတွေအကုန်ပွင့်လာပြီး လူသံတွေနဲ့ ရုတ်ရုတ်သဲသဲဖြစ်လာတယ်။

“ကြည့်ရတာ ငါတို့ရောက်နေတာကို သိသွားပြီထင်တယ်။ မင်းလွင်၊ မြန်မြန်လုပ်ရအောင်။”

“အင်း...” မင်းလွင်က လင်ဒါကို ခေါင်းညိတ်ပြလိုက်တယ်။ သူတို့နှစ်ယောက်က အတွဲညီညီလှုပ်ရှားရင်းနဲ့ဖလေရာကို အဆောက်အဦးပြင်ပဆီ ခေါ်လာကြတယ်။ လမ်းမှာတိုက်ရဖိုက်ရတာမျိုးရှိပေမဲ့ အများစုကို လင်ဒါကပဲ ကိုင်တွယ်သွားတယ်။

“အလာတုန်းက ဝင်တဲ့လမ်းကနေ ပြန်သွားဖို့တော့ မဖြစ်နိုင်တဲ့ပုံပဲ။ ဟိုဖက်ခြံစည်းရိုးက သံဇကာနဲ့လုပ်ထားတာ။ ငါ့မှာ သံကြိုးဖြတ်တဲ့ညှပ်ပါလို့ ကိစ္စမရှိဘူး။ အဲဒီကိုသွားမယ်။”

လင်ဒါက ဦးတည်ရာတစ်ခုဆုံးဖြတ်လိုက်ပြီးနောက် အဲဲဒီကိုသူတို့သွားကြတယ်။ ဖြစ်ချင်တော့ ရန်သူတွေအများကြီးက သူတို့ကိုစဝိုင်းစပြုလာပြီဖြစ်ပြီး လင်ဒါဆီကနေ ညှပ်ကိုယူပြီး ခြံစည်းရိုးကိုဖြတ်နေတဲ့အချိန်မှာပဲ...

ဒိန်း...

သေနတ်သံတစ်သံနဲ့အတူ လင်ဒါရဲ့ပခုံးကနေပြီး သွေးတွေပန်းထွက်လာတယ်။

“ရဲအရာရှိ...”

“ဘာမှမဖြစ်ဘူး၊ ဆက်ဖြတ်နေလိုက်။ ဒါပေမဲ့ မြန်မြန်လုပ်မှဖြစ်မယ်။”

လင်ဒါက နောက်ဆုံးကျမှထွက်ဖို့ နဂိုကတည်းက စီစဥ်ထားပြီးသား။ ဒါကြောင့် မင်းလွင်လည်း လင်ဒါက ရန်သူတွေကို တောင့်ခံနေတုန်း ခြံစည်းရိုးကိုပြီးအောင် ဖြတ်ချလိုက်ပြီး ဖလေရာကို ဝင်ခိုင်းလိုက်တယ်။

“မစ်၊ ဟိုဖက်ခြမ်းမှာ ကျွန်တော်တို့ရဲကားရှိတယ်။” မင်းလွင်က ဖလေရာကို ခြံစည်းရိုးအပြင်ပို့ပြီးနောက်လင်ဒါကို ကြည့်လိုက်တယ်။ လင်ဒါကလည်း သူ့လိုပဲ ပြန်ဆုတ်လာနေပြီ။ ကံဆိုးချင်တော့ သေနတ်ပစ်ချက်တစ်ချက်က လင်ဒါရဲ့ခြေသလုံးကိုလာမှန်တယ်။

“အရာရှိ။” မင်းလွင်က လင်ဒါရဲ့အခြေအနေကိုကြည့်ပြီး ထိတ်လန့်သွားတယ်။ ရန်သူတွေကလည်း နီးလာပြီ။

“မင်းလွင်၊ ငါ့ကိုထားပြီးပြေးတော့။ ငါမပြေးနိုင်တော့ဘူး။ တခြားရဲတွေကိုပြောလိုက်။”

“ထားခဲ့စရာလားဗျ။” မင်းလွင်က ဒဏ်ရာရနေတဲ့ လင်ဒါကို ပွေ့ချီပြီးတော့ စပြေးတယ်။ မကြာခင်မှာပဲ သူတို့လည်း ခြံစည်းရိုးအပြင်ကိုရောက်လာပါတယ်။ ရန်သူတွေလိုက်နေတုန်းဆိုပေမဲ့ ခြံစည်းရိုးခြားနေတာကြောင့် ချက်ချင်းရောက်မလာနိုင်သေးဘူး။ မင်းလွင်ရင်ခွင်ထဲမှာ ရှိနေတဲ့လင်ဒါကတော့ တစ်ချက်ရင်ခုန်သွားတာပေါ့။

ဖျောက်... ဖျောက်... ဖျောက်...

“ရဲကားဆီပြန်သွားကြတာပေါ့။ ဖလေရာက အဲဲဒီမှာစောင့်နေတယ်။”

မကြာခင်မှာပဲ သူတို့နှစ်ယောက်လုံး ရဲကားပေါ်တက်နိုင်သွားပြီး လင်ဒါက ကားစက်ကိုစနှိုးတယ်။ ဖလေရာနဲ့မင်းလွင်ကတော့ နောက်ခန်းမှာ အတူတူရှိနေကြတယ်။

“ဟိုလေ... ကျွန်မကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်.. ဘုရားရေ....” ဖလေရာက မင်းလွင်ကို ကျေးဇူးတင်ဖို့လုပ်လိုက်ပေမဲ့ သူ့စကားသံက အံ့ဩမှုကြောင့် တစ်ဝက်တစ်ပျက်နဲ့ရပ်တန့်သွားတယ်။

“အဆင်ပြေသွားမှာပါ....” မင်းလွင်ဆီကနေ ဖျော့တော့တဲ့ စကားသံထွက်လာပေမဲ့ ဖ​​လေရာက ထမအော်မိအောင် သူ့ပါးစပ်ကို လက်ဝါးနဲ့အုပ်ထားလိုက်တယ်။

ကားမောင်းနေတဲ့ လင်ဒါလည်း သူ့လက်တွေခြေတွေကို ပြန်ငုံကြည့်လိုက်တော့ သွေးတွေအများကြီးပဲ။ သူကိုယ်တိုင်လည်း ဒဏ်ရာရထားပေမဲ့ အဲဒီလောက်မများသင့်ဘူး။

“မင်းလွင်၊ အဲဒါ​က အော်တိုရိုင်ဖယ်လား။” လင်ဒါက စိုးရိမ်စိတ်ကို ထိန်းချုပ်နေရင်းနဲ့ မေးလိုက်တယ်။

မင်းလွင်ရဲ့နောက်ကျောကနေ သွေးတွေစိမ့်ထွက်နေပြီး မင်းလွင်ရဲ့မျက်နှာက သွေးမရှိသလိုဖြူ​ဖျော့နေပြီ။ သူ့နောက်ကျောတစ်ခုလုံးက ဇကာပေါက်လိုဖြစ်နေတယ်။ လင်ဒါကတော့ သူကြားခဲ့ရတဲ့ တဖျောက်ဖျောက်အသံကို ပြန်သတိရလာတော့တယ်။

“ဟုတ်မယ်နဲ့တူတယ်၊ ကျွန်တော်နားလိုက်ဦးမယ်။ ဆေးရုံရောက်ရင် နှိုးလိုက်နော်....”

“မင်းလွင်.. ရှင်သတိလွတ်သွားလို့မဖြစ်ဘူး။” ဘေးမှာရှိနေတဲ့ ဖလေရာက မျက်လုံးခါနီးမင်းလွင်ကို နှိုးပေမဲ့ နည်းနည်းလေးမှ မတုန့်ပြန်တော့ဘူး။ သူတို့နှစ်ယောက် ဆေးရုံရောက်တော့ အရေးပေါ်လူနာကုတင်ပေါ်တင်ထားရတဲ့ မင်းလွင်ရဲ့လက်တွေကိုတစ်ယောက်တစ်ဖက်ဆီ ကိုင်ထားဖြစ်ကြတယ်။

“မင်းလွင်၊ ငါ့ကိုထားပြီးပြေးတော့လို့ ပြောခဲ့ရဲ့သားနဲ့။” လင်ဒါက သူ့ဒဏ်ရာတွေကိုသူ လစ်လျူရှုထားပြီးရှိနေပေးတာမလို့ သူနာပြုက အတင်းဆွဲခေါ်နေပေမဲ့ ရနိုင်သလောက်မင်းလွင်ရဲ့လက်ကို ဆုပ်ကိုင်ပြီးပြောလို​က်တယ်။

“ရှင်နဲ့ကျွန်မက ခုမှစတွေ့တာလေ။ ဒီလောက်ထိလုပ်ပေးစရာလိုလို့လား။” ဖလေရာကလည်း မင်းလွင်ဘေးမှာရှိနေရင်း ငိုကြွေးနေတယ်။

...

ဖလော်အာကတော့ မေမေသီတာနဲ့အတူ မင်းလွင်သဘောကျတဲ့ မုန့်ဟင်းခါးချက်ဖို့ လုပ်နေပါတယ်။ ဒီလိုစားစရာမျိုးက ဒီနေရာမှာ တွေ့ဖို့အတော်ရှားတဲ့စားစရာမျိုးပေမဲ့ မေမေသီတာက ချက်တတ်တယ်လေ။

“ဒီနေ့ မင်းလွင်နောက်ကျနေသလိုပဲ။” ဖလော်အာ​က ဟင်းရည်ကိုစောင့်ကြည့်နေရင်းကနေ နာရီကိုမော့ကြည့်ပြီး ပြောလိုက်လေရဲ့။

All Chapters