အမတခုံရုံးတဲ့လား ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကလွဲရင် သူတို့က ဘာကောင်တွေမှ မဟုတ်ဘူး
Vol. 88 Ch. 1227
အခန်း (၁၂၂၇) အမတခုံရုံးတဲ့လား ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကလွဲရင် သူတို့က ဘာကောင်တွေမှ မဟုတ်ဘူး
“အဲဒါက ငါတို့နှစ်ယောက် နောက်ဆုံးတွေ့ဆုံခြင်းဖြစ်မယ်လို့ ထင်မထားခဲ့ဘူး”
စောမင်ကျန့်၏ တောက်ပပြီး အားမန်ပြည့်နက်နေသောမျက်ဝန်းများက အလင်းရောင်မှိန်ဖျော့သွားသည်။ သို့သော် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။
ထို့ပြင် တစ်လောကလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော အရှိန်အဝါက ပို၍ပင် ကြမ်းတမ်းခက်ထန်လာသည်။
“ကျွင်းဟွမ်... တတိယကတိအတွက် မင်းတောင်းဆိုလာမယ့်အချိန်ကို ငါ စောင့်နေခဲ့တာ”
ခဏအကြာမှာတော့ သူက ဆန့်တန်းထားသည့်လက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး သိမ်မွေ့စွာဖြင့်...
“တခြားသူတွေ မင်းအကြောင်း မသိပေမယ့် ငါ သိတယ်”
သူက ဆက်ပြောသည်။
“အဂ္ဂိရတ်ခန်းမကို မင်းရှာတွေ့ပြီးပြီဆိုတာ ငါသိတယ် ၊ ဒါပေမဲ့ မင်းအတွက် အဲဒီနေရာကိုဝင်ဖို့ အချိန်မလုံလောက်တော့ဘူး မဟုတ်လား”
စောမင်ကျန့်လေသံက တိုးလျလို့နေသည်။
“အဂ္ဂိရတ်ခန်းမက စန်းချင်း (၃)ပါးအဆက်အနွယ်တွေ ပိုင်ဆိုင်တဲ့အရာပဲ ၊ ငါ မင်းဆီ သေချာပေါက် ယူလာပေးမယ်”
ထို့နောက် သူ၏လက်က လှုပ်ရှားသွားခြင်း မရှိသော်လည်း သူ့အရှေ့မှ ကြီးမားသော ရှေးဟောင်းချမ်းဟွာသစ်ပင်ကြီးက တဖြည်းဖြည်း အထက်သို့ မြင့်တက်လာသည်။
သစ်ပင်ကြီးက မြေပြင်ထက်မှ တည့်မတ်စွာ မြင့်တက်လာလေရာ အောက်ဘက်မှ မြေကြီးသည်ပင် ကြွတက်လာခဲ့သည်။
ထို့နောက် ရှေးဟောင်းချမ်းဟွာသစ်ပင်ကြီး မြေပြင်ထက်မှ လုံးဝ ကျွတ်ထွက်သွားပြီး အောက်ဘက်မြေကြီးတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကမ္ဘာမြေကြီးပျောက်ကွယ်သွားပြီး ဗလာနယ်ထဲတွင် ကြီးမားသည့် တွင်းနက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
စောမင်ကျန့် လက်တစ်ဖက်လှုပ်ရှားလိုက်သည့်အခါ ကြီးမားသော ရှေးဟောင်းချမ်းဟွာသစ်ပင်ကြီးက သေးငယ်သောအပင်ငယ်လေးအဖြစ် ပြောင်းလဲသွားပြီး သူ၏လက်ဖဝါးထက်တွင် ပျောက်ကွယ်သွားသည်။
သို့သော် မြေပြင်ထက်မှာတော့ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရောင်စုံအလင်းတန်းများထွက်ပေါ်လာသည်။
စောမင်ကျန့်ဘေးတွင်ရပ်နေသည့် ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် နှစ်ယောက်လုံး၏ စိတ်အစဉ်က ရောင်စုံအလင်းတန်းများအောက်တွင် ဖုံးလွှမ်းသွားခြင်း ခံရသည်။
အသိစိတ်ပြန်ဝင်လာရန် အတော်လေးကြိုးစားပြီးမှသာ ရန်ကျောက်ကဲ တည်ငြိမ်စွာ ရပ်တည်နိုင်ခဲ့သည်။ ထို့နောက် ဆေးဖက်ဝင် အပင်ရနံ့ ခပ်သင်းသင်းလေး ရရှိလိုက်သည်။
ရနံ့က အလွန်မပြင်းထန်သော်လည်း နေရာတိုင်းသို့ ပျံ့နှံ့နေဟန်ပင်။
တကယ်တော့ ရနံ့ရရှိသည်ဟု ရန်ကျောက်ကဲ အတိအကျ ပြောဆိုနိုင်ခြင်း မရှိပေ။
အကြောင်းမှာ မွှေးရနံ့က သူ၏သွေးကြောဆုံချက်များမှတစ်ဆင့် ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားသောကြောင့် ဖြစ်သည်။ ထို့ပြင် မွှေးရနံ့က အန္တရယ်ကင်းပြီး သူ၏ခန္ဓာကိုယ်ကိုပင် အလွန်အကျိုးပြုကြောင်း သေချာလျှက် ရှိသည်။
ထို့ကြောင့် သူက သွေးကြောဆုံချက်များကို ပိတ်ဆို့ခြင်းမရှိဘဲ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အသုံးပြုပြီး ဆေးဖက်ဝင်အပင်ရနံ့ကို သူ့ခန္ဓာကိုယ်ထဲသို့ ဦးတည်ဝင်ရောက်စေလိုက်သည်။
ထိုအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ လန်းဆန်းသွားသလို ခံစားလိုက်ရ၏။
မကြာမီ ရန်ကျောက်ကဲခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာလေသည်။
ရောင်စုံအလင်းတန်းများထဲတွင် နစ်မြုပ်လွှမ်းခြုံနေစဉ် သူ၏တန်ခိုးစွမ်းအားများ အတိုင်းအတာတစ်ခုအထိ တိုးပွားလာသည်ဟု ခံစားရသည်။
လက်နက်တစ်ခုပင်ဖြစ်လင့်ကစား အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်လည်း ရောင်စုံအလင်းတန်းများထဲတွင် အကျိုးကျေးဇူးများစွာ ရရှိလျှက် ရှိသည်။
ရန်ကျောက်ကဲက အောက်ဘက်မှ တွင်းနက်ကြီးအား လှမ်းကြည့်လိုက်သည်။
ရောင်စုံအလင်းတန်းများက ရှည်လျားသည့်မြစ်တစ်စင်းပမာ ဖြစ်တည်နေပြီး အဝေးတစ်နေရာမှ တစ်စုံတစ်ခုနှင့် ချိတ်ဆက်နေကြောင်း တွေ့မြင်လိုက်ရသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း တိတ်ဆိတ်စွာ တွေးလိုက်သည်။
မုယောက်ကြယ်စင်ထက်ယံအရှင်သခင်က ကောင်းကင်ဘုံနန်းတော်မှ အဂ္ဂိရတ်ခန်းမကို ရှာဖွေတွေ့ရှိရန် ခြေတစ်လှမ်းမျှသာလိုတော့ပေသည်။
အံ့သြဖွယ်ကောင်းသော ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်က မရေမတွက်နိုင်သောနေရာများနှင့် ချိတ်ဆက်ထားသောကြောင့် ပျောက်ဆုံးနေသော အဂ္ဂိရတ်ခန်းမတည်ရှိရာနေရာသို့ ပို့ဆောင်ပေးနိုင်စွမ်း ရှိသည်။
ရောင်စုံအလင်းတန်းများအလယ် ရန်ကျောက်ကဲ နစ်မြုပ်နေစဉ်မှာပင် သူ၏အသင်္ချေနဂါးနန်းတော်က ပြင်းထန်စွာ လှုပ်ခါသွားကြောင်း အာရုံခံလိုက်မိ၏။
တစ်ချိန်တည်းမှာပင် အသင်္ချေနဂါးနန်းတော်ထဲတွင်ရှိနေသည့် ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုသည်လည်း တုန်ခါနေခဲ့သည်။
တွင်းနက်ကြီးအထက်တွင် မတ်တတ်ရပ်နေသော စောမင်ကျန့်က ဖြည်းညင်းစွာဖြင့်...
“မင်းအတွက် နောက်ဆုံးခြေလှမ်းကို ငါလျှောက်လှမ်းပေးပါ့မယ်”
ထို့နောက် သူက လက်ကိုအောက်သို့ဖိနှိပ်ချလိုက်သည့်အခါ ရှောက်ကျွင်းဟွမ်၏ ကိုယ်ပိုင်စည်းတံဆိပ်က သူ၏လက်ဖဝါးထက်တွင် တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။
အလင်းရောင်တစ်ချက်တောက်ပသွားပြီး တွင်းနက်ကြီးထဲမှ ပရမ်းပတာ ဗလာနယ်ထဲတွင် ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပလာသည်။
ထို ကျောက်စိမ်းအလင်းတန်းများ အတူတကွ စုစည်းသွားပြီး စီးဆင်းနေသည့် ရောင်စုံအလင်းတန်းများကို ဖြည်းဖြည်းချင်း တိုက်စားသွားသည်။
အဆုံးသတ်မှာတော့ ကျောက်စိမ်းအလင်းတန်းများက ရောင်စုံအလင်းတန်းများကို အပြည့်အဝ ဆွဲဖြဲပစ်လိုက်သည်။
စောမင်ကျန့်က အေးဆေးစွာဖြင့်...
“အဂ္ဂိရတ်ခန်းမကနေ ငါ ဘာမှမလိုချင်ပါဘူး”
သူက ဆက်ပြောသည်။
“သူ အမြဲတမ်း သွားချင်ခဲ့တဲ့နေရာကို ကျွင်းဟွမ်ကို ပို့ပေးချင်ရုံပဲ ရှိတာပါ”
ထို့နောက် သူက ရန်ကျောက်ကဲကိုလှည့်ကြည့်ရင်း...
“မင်းက စန်းချင်း (၃)ပါး လမ်းမှန်တာအိုက ရန်ရှင်းထန်ရဲ့မြေးဖြစ်သလို ရှောက်ကျွင်းဟွမ်ရဲ့အဆက်အနွယ်လည်းဖြစ်တယ် ၊ အဂ္ဂိရတ်ခန်းမက မင်း ဘာတွေရယူနိုင်မလဲဆိုတာ မင်းအစွမ်းအစအပေါ် မူတည်တယ် ၊ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
ရန်ကျေက်ကဲက စောမင်ကျန့်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီးနောက် မျက်လုံးများကိုမှိတ်လိုက်ပြီး စတင်အာရုံစူးစိုက်လိုက်သည်။
ထိုခဏတွင် သူ၏ဝိညာဉ်က သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့်အလား ခံစားလိုက်ရပြီး မြစ်တစ်စင်းပမာဖြစ်နေသည့် ရောင်စုံအလင်းတန်းများတစ်လျှောက် အဆုံးမရှိသောနေရာကိုဖြတ်သန်းကာ အဝေးဆီမှ အခြားတစ်ဖက်သို့ ရောက်ရှိသွားသည်။
အချိန် မည်မျှကြာသွားသည်မသိ ၊ သူ သတိပြန်ဝင်လာသည့်အခါ အရှိန်အဟုန်က ရုတ်ချည်းပင် နှေးကွေးသွားသည်။
သူ့ပတ်ပတ်လည်တွင်ရှိနေသည့် ရောင်စုံအလင်းတန်းများသည်လည်း ပို၍ မှေးမှိန်လာသည်။
ကြီးမားသောအရိပ်တစ်ခုက သူ့အနားသို့ ချဉ်းကပ်လာပြီး ပိုမိုနီးကပ်လာသည်နှင့်အမျှ ရှင်းလင်းစွာ တွေ့မြင်လာရသည်။
ရန်ကျောက်ကဲ ချက်ချင်းပင် စိတ်ဓာတ်တက်ကြွသွားမိသည်။
သူ့မြင်ကွင်းအတွင်း ဝင်ရောက်လာသည်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ အဂ္ဂိရတ်ခန်းမပင်ဖြစ်နေသည် မဟုတ်ပါလား။
သို့သော် ခန်းမပုံစံတည်ဆော်ကထားပုံက သူ၏မှတ်ဉာဏ်ထဲမှ အဂ္ဂိရတ်ခန်းမနှင့် အတိအကျ တူညီနေခြင်း မရှိပေ။
ယခင်တစ်ချိန် ကောင်းကင်ဘုံနန်းတော်တွင်ဆိုလျှင် ထိုခန်းမက ကျောက်ဖြူသားဖြင့်တည်ဆောက်ထားပြီး မှိန်ဖျော့သည့် ရွှေရောင်အလင်းတန်းများ တောက်ပနေလေ့ရှိသည်။
ယခုတော့ အဂ္ဂိရတ်ခန်းမက အလွန်မှေးမှိန်နေပြီး အုံ့ဆိုင်းမှောင်မိုက်လျှက် ရှိသည်။
ထိုခဏမှာပင် အဂ္ဂိရတ်ခန်းမအတွင်းမှ အေးစက်သည့်ရောင်ဝတစ်ခု ထွက်ပေါ်လာပြီး သူ့အရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
ထို အေးစက်သည့်ရောင်ဝါက ခံစားချက်ကင်းမဲ့နေသလို အမုန်းတရားနှင့်အမျက်ဒေါသများလည်းပါဝင်နေပေသည်။ တစ်ခုနှင့်တစ်ခု ရောယှက်နေသော ဆန့်ကျင်ဘက်ခံစားချက်များက ရန်ကျောက်ကဲဆီသို့ အတိအကျပင် ပျံ့နှံ့လာသည်။
အေးစိမ့်မှုက ရန်ကျောက်ကဲ၏ဝိညာဉ်အား တစ်စက္ကန့်အတွင်း အေးခဲသွားမတတ် ဖြစ်ရသည်။
“ဒါက အတော်လေး ရင်းနှီးနေသလိုပဲ ၊ ဒါပေမဲ့ အတိအကျတော့လည်း မတူပြန်ဘူး...”
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ရယူစဉ်က ထိုကဲ့သို့သော စွမ်းအားရောင်ဝါတစ်ခုနှင့် ထိတွေ့ခဲ့မိကြောင်း ရန်ကျောက်ကဲ ချက်ချင်း သတိရလိုက်မိသည်။
သို့သော် ယခုတစ်ခေါက် ထိုရောင်ဝါထဲတွင်ပါဝင်သည့် ခံစားချက်က ပိုမိုသိသာထင်ရှားသလို ပိုပြီး ပြင်းထန်နေသည်။
ထို့ပြင် ထိုရောင်ဝါကို စေလွှတ်ပေးပို့သူက ရွှယ်ရှောက်ကျိကျင်းမီးပြင်းဖို့ကို ယူဆောင်သွားသည့် ရန်ကျောက်ကဲအား မှတ်မိသိရှိနေဟန် ရှိသည်။
ထို့ကြောင့် ယခုတစ်ကြိမ် ထိုရောင်ဝါထဲတွင် အမျက်ဒေါသကိုသာမက အံ့အားသင့်မှုနှင့် မုန်းတီးမှုများကိုပါ အာရုံခံနိုင်ခြင်း ဖြစ်သည်။
“ဟင်...”
စောမင်ကျန့်၏အသံက လူသူကင်းဝေးသည့်နေရာတစ်ခုမှ ထွက်ပေါ်လာသည်။
ထိုအခါမှ ထူးဆန်းပြီးအေးစက်သောရောင်ဝါက တစ်ချက်လှုပ်ရှားသွားကာ ချက်ချင်းပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲလည်း သတိပြန်ဝင်လာပြီး မျက်လုံးများဖွင့်ကြည့်လိုက်သည်။ သူ၏စိတ်ဝိညာဉ်လွင့်မျောသွားသော်လည်း ရုပ်ခန္ဓာကတော့ မူလနေရာမှာ ရှိနေဆဲပင်။
စောမင်ကျန့်က အောက်ဘက်မှ တွင်းနက်ကြီးကိုကြည့်ရင်း...
“ဒီအထဲမှာ ထူးဆန်းတာတစ်ခုခုတော့ ဖြစ်နေတယ် ၊ အခုလုပ်နေတဲ့ကိစ္စပြီးရင် ငါကိုယ်တိုင်သွားပြီး စစ်ဆေးကြည့်မယ်”
ရန်ကျောက်ကဲ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
အမတခုံရုံးမှ ကျင့်ကြံသူများက စောမင်ကျန့်ကို အာရုံစိုက်နေကြသည်။ ထို့အတူ စောမင်ကျန့်ကိစ္စ မပြေလည်မချင်း တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့်လည်း အထက်ဘုံကမ္ဘာသို့ ပြန်နိုင်ဦးမည် မဟုတ်သေးပေ။
ဤသည်က ရန်ကျောက်ကဲနှင့် ဝါဒတောင်အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။
တွင်းနက်ကြီးကို စူးစိုက်ကြည့်ပြီးနောက် အချိန်အတန်ကြာ စဉ်းစားနေပြီးမှ ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား ပြောလိုက်သည်။
“အကြီးအကဲ... အထက်ဘုံကမ္ဘာကိုသွားပြီး အဖေ့ကို ဆက်သွယ်ပေးလို့ ရနိုင်မလား”
သူက ဆက်ပြောသည်။
“အဂ္ဂိရတ်ခန်းမမှာ လျှို့ဝှက်ကိစ္စတစ်ခု ဖြစ်နေတယ် ၊ အန္တရယ်ကင်းဖို့အတွက် ကျွန်တော့်မှာ အကြံတစ်ခုရှိတယ် ၊ ဒါပေမဲ့ လက်တွဲလုပ်ဖို့ လူ (၅)ယောက်လောက်လိုတယ် ၊ ဒီတော့ ကျွန်တော်နဲ့ အကြီးအကဲအပြင် နောက်ထပ် လူ (၃)ယောက် လိုသေးတယ်”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...
“ကောင်းပြီ...”
ထို့နောက် သူက စောမင်ကျန့်ကို လှည့်ကြည့်လိုက်ပြီး...
“မင်းကရော...”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က စောမင်ကျန့်အကြောင်း ကောင်းကောင်းသိရှိသည်ပင်။
“မင်း ရှောက်ကျွင်းဟွမ်အတွက် လက်စားချေမလို့လား”
စောမင်ကျန့်က...
“ဟုတ်တယ်... အမတခုံရုံးက ငါ့ကိုဖမ်းဆီးဖို့အတွက် ဒီ ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင် ပတ်ဝန်းကျင်နဲ့ ရင်းနှီးတဲ့သူတွေကို စေလွှတ်မှာပဲ ၊ ဒီတော့ ရှောက်ကျွင်းဟွမ်ကို ဒီနေရာအထိ လိုက်ဖမ်းတဲ့သူတွေ အသက်ရှင်နေသေးတယ်ဆိုရင် သေချာပေါက် ဒီနေရာကို ရောက်လာလိမ့်မယ်”
ဟုတ်ပေ၏။
ရှောက်ကျွင်းဟွမ်ကို လိုက်ဖမ်းဆီးသူများက ဤနေရာ၏ အသွင်အပြင်ကို ရင်းနှီးကြသည်။ တစ်ဖက်တွင်လည်း သူတို့အနေဖြင့် ဤနေရာတွင် စောမင်ကျန့်ကို ထိန်းထားနိုင်သည်။
သို့ပေသိ စောမင်ကျန့်က ထွက်ပြေးရန် လုံးဝ မစဉ်းစားခဲ့ပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကတော့ သူ့ကို ဖြောင့်ဖျရန် ကြိုးစားလိုက်သည်။
“အမတခုံရုံးက မင်းကိုဖမ်းဖို့ ဒီတစ်ခေါက် သေချာပြင်ဆင်ထားတယ်”
“အမတခုံရုံးတဲ့လား...”
စောမင်ကျန့်က ခံစားချက်ကင်းမဲ့စွာဖြင့် ရေရွတ်လိုက်သည်။
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကလွဲရင် သူတို့က ဘာကောင်တွေမှ မဟုတ်ဘူး”