← Chapters

လူသားအထွတ်ထိပ်အဆင့်သို့သွားရာလမ်း

Vol. 88 Ch. 1228

လူသားအထွတ်ထိပ်အဆင့်သို့သွားရာလမ်း

Vol. 88 Ch. 1228

အခန်း (၁၂၂၈) လူသားအထွတ်ထိပ်အဆင့်သို့သွားရာလမ်း

ထိုစကားကိုပြောပြီးနောက် စောမင်ကျန့်က စကားထပ်မဆိုတော့ဘဲ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။

ထို့နောက် ကောင်းကင်ထက်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး မီးလျှံထက်ယံအရှင်သခင်က ထိုအက်ကွဲကြောင်းအတွင်းဝင်ရောက်သွားကာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

အက်ကွဲကြောင်း ပြန်ပိတ်သွားသည်နှင့် ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့ ကျန်ရစ်ခဲ့သည့်နေရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သို့သော် ခဏအကြာတွင် ဤနေရာပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်ကို နှစ်ယောက်လုံး အာရုံခံလိုက်မိသည်။

ပုံရိပ်ယောင်ဗလာနယ်က ရေလှိုင်းများပမာ တုန်ခါနေပြီး ပင်လယ်မျက်နှာပြင်ထက်သို့ လေပြေလေး တိုက်ခတ်လာသည့်ပမာ ဖြစ်သည်။

ဤနေရာက အတော်လေး တည်ငြိမ်သော်လည်း ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ထဲတွင် တည်ရှိနေဆဲ ဖြစ်၏။ ယွမ်စီ အခိုးအငွေ့ ဟင်းလင်းပြင်တွင် အနှောက်အယှက်များရှိခဲ့ပါက ဤနေရာကိုလည်း လွှမ်းမိုးလာမည် ဖြစ်သည်။

ထင်ရှားသည်မှာ မီးလျှံထက်ယံအရှင်သခင်နှင့် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ တိုက်ခိုက်နေကြခြင်း ဖြစ်ဟန်တူသည်။ ပြင်းထန်သောတိုက်ပွဲက ယွမ်စီအခိုးအငွေ့ ဟင်းလင်းပြင်တွင် အပြောင်းအလဲများ ဖြစ်ပေါ်ရသည့် အကြောင်းရင်း ဖြစ်နိုင်သည်။

စောမင်ကျန့် ရှေ့ထွက်လိုက်ကတည်းက အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက ဝိုင်းဝန်းတိုက်ခိုက်ကြမည်သာ ဖြစ်သည်။ သို့သော် မီးလျှံထက်ယံအရှင်သခင်က အမတခုံရုံးမှလူများကို စိန်ခေါ်ရန် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပြီး လက်ဦးမှုလည်း ရယူနိုင်ခဲသည်။

ဤနည်းအားဖြင့် ယခင် သူ၏ သဲလွန်စများကို ဖုံးကွယ်နိုင်ခဲ့သလို ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နောက်သို့ ရန်သူများ ခြေရာခံမိမည်ကို ဟန့်တားနိုင်ပေမည်။

ယခု ရန်ကျောက်ကဲက ရောင်စုံအလင်းတန်းများကြားတွင် နစ်မြုပ်လျှက် ရှိသည်။

သူက အလင်းတန်းများအလယ်မှာပင် လက်ချောင်းများကို အသုံးပြုပြီး စည်းတံဆိပ်များ တစ်ခုပြီးတစ်ခု ရေးဆွဲလျှက် ရှိသည်။

အလင်းရောင်များက ဆက်လက်စီးဆင်းနေဆဲဖြစ်သော်လည်း စည်းတံဆိပ်များကတော့ နေရာတစ်ခုတွင် ပုံသေတည်ရှိနေကြသည်။

စုစုပေါင်း စည်းတံဆိပ် (၅)ခု ရှိလေသည်။

တစ်ခုက အလယ်ဗဟိုတွင်ရှိနေပြီး ကျန် (၄)ခုက ဘေးဘက်မှ ဝန်းရံထားသည်။

ရန်ကျောက်ကဲက လေထဲတွင်လွင့်ပျံနေသည့် အလယ်ဗဟိုမှ စည်းတံဆိပ်ထက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ထို့နောက် သူ၏လက်မှ အလင်းတန်း (၄)ခု လွင့်ပျံလာပြီး စည်းတံဆိပ် (၄)ခုတည်ရှိသော အရပ်မျက်နှာ (၄)ခုတွင် လှည့်ပတ်နေသည်။

ထို့နောက် ကြီးမားသည့် ရွှေရောင်စည်းတံဆိပ် ၊ ရှည်လျားပြီး ရေကဲ့သို့ထိုးဖောက်မြင်နိုင်သည့် ဓားရှည်တစ်လက် ၊ ထူးခြားဆန်းကြယ်ပြီး ဓားမြောင်အသွင်စတုဂံသဏ္ထန် စည်းတံဆိပ်နှင့် ကြီးမားသည့် အနက်ရောင်ဓားသေတ္တာတစ်ခုတို့ ထွက်ပေါ်လာသည်။

“ကောင်းကင်လည်ပတ်အလင်းဓားနဲ့ ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်က သိပ်တော့မကောင်းလှဘူး ၊ ဒါပေမဲ့ အခုချိန်မှာတော့ အသုံးဝင်သေးတယ်”

ရန်ကျောက်ကဲ ကျေနပ်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

ထူးကဲယန်စည်းတံဆိပ် ၊ ကောင်းကင်လည်ပတ်အလင်းဓား ၊ ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်နှင့် မိစ္ဆာဓားတောင်းတျဲတို့က အရပ်လေးမျက်နှာတွင် လှည့်ပတ်နေပြီး ရန်ကျောက်ကဲကတော့ အလယ်ဗဟိုတွင်ရှိနေသော စည်းတံဆိပ်ထက်တွင် ထိုင်နေသည်။

သူနှင့် အခြားသော လက်နက် (၄)ခုတို့က စည်းတံဆိပ်(၅)ခုကို ဖိနှိပ်ထားသည်။

ထို့နောက် မှိန်ဖျော့သည့် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။

ခဏမျှ လှုပ်ခါသွားပြီးနောက် နောက်ဆုံးတွင် ရောင်စုံအလင်းတန်းများ တည်ငြိမ်သွားသည်။

ရန်ကျောက်ကဲကတော့အ လင်းတန်းများထဲတွင် ရှိနေဆဲပင်။

ဆေးဖက်ဝင် အပင်ရနံ့က ရန်ကျောက်ကဲ၏ရုပ်ခန္ဓာကို အာဟာရဖြည့်တင်းပေးနေပြီ ပို၍သန်မာလာစေသည်။

နဂိုကပင် ကျင့်ကြံခြင်းအဆင့်ခိုင်မာပြီး စွမ်းအားကြီးမားသောလူတစ်ယောက်ဖြစ်လေရာ ယခု ဝိညာဉ်စွမ်းအားများ အလွန်ပြည့်ဝလာကြောင်း ရန်ကျောက်ကဲ ခံစားမိသည်။

သူ၏ခန္ဓာကိုယ်အား လေ့လာကြည့်လိုက်သည့်အခါ ကောင်းကင်ထက်တွင် ထွန်းလင်းနေသည့် ကြယ်စင်များ၏ ပုံစံအတိုင်းရှိနေသည်ကို အာရုံခံမိသည်။

ထိုမျှမက ရန်ကျောက်ကဲခန္ဓာကိုယ်အတွင်းရှိ စကြာဝဠာ ပြန်လည်မွေးဖွားခြင်းမှ ပျက်ဆိးခြင်းအထိ သဘာဝအတိုင်း ပြောင်းလဲမှုအဆင့်ဆင့်ကိုလည်း တွေ့မြင်နေရသည်။

သူ့ခန္ဓာကိုယ်မှ ဖုံးကွယ်နေသည့် သွေးကြောဆုံချက်အနည်းငယ်ပွင့်သွားစေရန် ကျင့်ကြံရခြင်းမရှိသေးသဖြင့် သူ့အနေဖြင့် ဗလာနယ်ကိုချိုးဖျက်ပြီး အစစ်အမှန်နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။

သိုင်းသူတော်စင် နဝမအဆင့် အမတကူးပြောင်းခြင်း နှောင်းပိုင်းအင့် ကျင့်ကြံသူများစွာအတွက် ထို ဖုံးကွယ်နေသည့် သွေးကြောဆုံချက်အနည်းငယ်ကို ကျင့်ကြံရန်မှာ အခက်ခဲဆုံးအရာ ဖြစ်သည်။

ထိုအဆင့်ရောက်လျှင် ရှေ့ဆက်တိုးရန် အခက်ခဲဆုံးဖြစ်ပြီး မစုံလင်မှုမှ ပြီးပြည့်စုံမှုသို့ ပြောင်းလဲရာတွင်လည်း အထူးခက်ခဲသည်။

အထက်ဘုံကမ္ဘာမှ ကျင့်ကြံသူအများစုမှာ ဤအဆင့်တွင် နှစ်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းရာနှင့်ချီပြီး ပိတ်မိနေကြသည်။ ထိုသို့ဖြင့် သူတို့၏အလားအလာများ ကုန်ဆုံးခဲ့ပြီး နောက်ဆုံးတွင် သေခြင်းတရားဖြင့်သာ အဆုံးသတ်ကြရသည်။

သို့ပေသိ ယခုအချိန်တွင် ရန်ကျောက်ကဲက သူအလိုရှိသည့်အတိုင်း ထိုသွေးကြောဆုံချက်များ ပွင့်သွားစေရန် အချိန်မရွေး ကျင့်ကြံနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

သို့ဖြစ်ရာ ချက်ချင်းဆိုသလိုပင် ကျင့်ကြံခြင်းအောင်မြင်ပြီး အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သော အခြေအနေတွင် ရှိသည်။

ရန်ကျောက်ကဲအနေဖြင့် သိုင်းသူတော်စင် နဝမအဆင့်မှ သိုင်းသူတော်စင် ဒဿမအဆင့်သို့တက်လှမ်းရန် စန်းချင်း (၃)ပါး အဆက်အနွယ် သိုင်းပညာရပ် အသစ်များ လိုအပ်သည်။

သို့သော် သူ့လက်ထဲတွင် စန်းချင်း (၃)ပါး အဆက်အနွယ် သိုင်းပညာရပ်များ များစွာရှိနေပြီဖြစ်ရာ ထိုသိုင်းကျမ်းများကို တစ်ခုပြီးတစ်ခု လေ့လာရုံသာ ရှိသည်။

ထို့ပြင် သူက အခြားသော သိုင်းပညာရပ်များစွာလည်း လေ့လာထားသဖြင့် နက်နဲသော ၎င်းပညာရပ်များကို ကျေညက်စေရန်အတွက် အချိန်လိုအပ်သည်ဟု ခံစားမိသည်။

ယခု သူက စန်းချင်း (၃)ပါး အဆက်အနွယ် (၃)ခုလုံး၏ သိုင်းပညာရပ်များကို ကျင့်ကြံထားသဖြင့် သူ သင်ယူခဲ့သမျှ အရာများကို ချေဖျက်ရန် နည်းလမ်းရှာရပေမည်။

မကြာသေးခင်က သူ ရရှိထားသော ကောင်းကင်ဖွင့်ကျမ်းစာနျင့် နတ်ဘုရားသုတ်သင်ဓားသိုင်းတို့က ယွိချင်အဆက်အနွယ်နှင့် စန့်ချင်အဆက်အနွယ်တို့၏ ထူးခြားထင်ရှားသော သိုင်းပညာရပ်များ ဖြစ်ကြသည်။ ထိုနက်နဲပြီး စွမ်းအားကြီးမားသော သိုင်းပညာနှစ်ရပ်၏ အသိပညာများလေ့လာရာတွင် ရန်ကျောက်ကဲ အချိန်များစွာ ကုန်လွန်ခဲ့သည်အမှန်ပင်။

ရန်ကျောက်ကဲ သိုင်းသူတော်စင်အဆင့်တက်ရောက်စဉ်က စန်းချင်း (၃)ပါး သိုင်းပညာရပ်များဖြင့် တက်ရောက်ခြင်းမရှိဘဲ စန်းချင်း (၃)ပါး၏ လမ်းစဉ်တစ်ခုကိုသာ ရွေးချယ်ခဲ့မည်ဆိုလျှင် ကျင့်ကြံခြင်းအတွက် အချိန်များစွာ ကုန်လွန်မည် မဟုတ်ပေ။

သို့သော် ဤသည်က သူလိုချင်သည့်အရာ ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။

ယခင်ကလည်း ဤသို့ပင်ဆုံးဖြတ်ခဲ့သလို ယခုလည်း ဤအတိုင်းပင် ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက ရောင်စုံအလင်းတန်းများအလယ်တွင် အစစ်အမှန်နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်နိုင်သည့်တိုင် ထိုခြေလှမ်းကိုလှမ်းရန် အလျင်စလို မလုပ်ခဲ့ပေ။ ထိုအစား သူက စိတ်ကိုတည်ငြိမ်စွာထားရင်း သိုင်းပညာရပ်များစွာ၏ နိယာမများကို နားလည်ရန် ကြိုးစားခဲ့သည်။

ရောင်စုံအလင်းတန်းများ၏ အကူအညီဖြင့် ရန်ကျောက်ကဲ၏ ဝိညာဉ်စွမ်းအားများ မြင့်မားလာပြီး အတွေးစိတ်ကူးများသည်လည်း လျှင်မြန်လာသည်။

ထို့ကြောင့် သူ၏ သိုင်းပညာလေ့လာနိုင်စွမ်းက နှစ်ဆမြင့်တက်လာသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ရန်ကျောက်ကဲကိုကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

“ဒီကောင်လေး အောင်မြင်မှုရနေတာဟာ အလကားမဟုတ်ဘူးပဲ”

ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား အထက်ဘုံကမ္ဘာသို့ သတင်းသွားရောက်ပေးပို့ရန် တောင်းဆိုခဲ့သော်လည်း ၊ မီးလျှံထက်ယံအရှင်သခင်က အမတခုံရုံးမှလူများကို အာရုံပြောင်းစေသည်အထိ စောင့်ဆိုင်းနေရသဖြင့် ချက်ချင်းထွက်ခွာခြင်း မရှိသေးပေ။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏စိတ်အာရုံကို ပိုပြီးဆွဲဆောင်နိုင်သည်မှာ ရန်ကျောက်ကဲ ပြုလုပ်ထားသည့် စည်းတံဆိပ် (၅)ခု ဖြစ်သည်။

ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမသို့မဝင်ရောက်မီ အန္တရယ်ကင်းစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် စီစဉ်ထားသည်။

သို့သော် ဤနေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ပါက အချိန်နှင့်နေရာ အဆက်မပြတ်ပြောင်းလဲနေသော ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ထဲတွင် အဂ္ဂိရတ်ခန်းမသို့ သွားရာလမ်းက ပျောက်ကွယ်သွားနိုင်သည်။

ရန်ကျောက်ကဲက ဤနေရာတွင်နေထိုင်ရန်ရွေးချယ်ခဲ့ပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား အထက်ဘုံကမ္ဘာသို့ သွားရောက်ခိုင်းသည့် အကြောင်းရင်းမှာ အဂ္ဂိရတ်ခန်းမဆီသို့ သွားရာလမ်းကြောင်းကို တည်ငြိမ်အောင်လုပ်ရန် နည်းလမ်းရှိသောကြောင့်ပင်။

“သူသုံးတဲ့သိုင်းပညာက ထူးခြားပြီး နည်းနည်းရင်းနှီးနေသလို ခံစားရတယ် ၊ ဒါပမေဲ့ ငါ့ရဲ့ နက်ရှိုင်းတဲ့ကျင့်ကြံခြင်းအဆင့်နဲ့တောင် ဒီသိုင်းပညာရဲ့အနှစ်သာရကို နားမလည်နိုင်ဘူး”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် တွေးလိုက်သည်။

“သူက တကယ့်ကို အထင်ကြီးစရာလူငယ်တစ်ယောက်ပဲ ၊ ကျင့်ကြံသူတစ်ယောက် ဒီလိုထုံးတမ်းအစီအရင်မျိုး ပြုလုပ်နိုင်တာ ငါ့ဘဝမှာ တစ်ခါမှ မတွေ့မြင်ခဲ့ဖူးဘူး”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် စောင့်ဆိုင်းနေစဉ် ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်အား ရိုက်ခတ်နေသော အနှောက်အယှက်များ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ကြည့်ရသည်မှာ မီးလျှံထက်ယံအရှင်သခင်နှင့် အမတခုံရုံးကျင့်ကြံသူများအားလုံး ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်နှင့် ဝေးရာသို့ ရောက်ရှိသွားပုံရသည်။

သို့သော်လည်း တိုက်ပွဲ၏ လွှမ်းမိုးမှုကြောင့် ဤနေရာ၏မျက်နှာပြင်များတွင် အက်ကြောင်းများစွာ ထွက်ပေါ်နေဆဲဖြစ်ကာ ဤသည်က ရှောင်လွှဲမရသည့် အရာပင် ဖြစ်၏။

စောမင်ကျန့်က သူ၏ တန်ခိုးစွမ်းအားဖြင့် ဤနေရာကို ကာကွယ်ပေးရန် ကြိုးစားမည် မဟုတ်ပေ။ အကြောင်းမှာ စောမင်ကျန့် ဤနေရာမှ မထွက်ခွာလျှင် အမတခုံရုံးမှလူများကို ဤနေရာသို့ ဖိတ်ခေါ်သလို ဖြစ်နေပေလိမ့်မည်။

ရောင်စုံအလင်းတန်းများ တောက်ပလာသည်နှင့် ရန်ကျောက်ကဲ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ယိုးမင်ဂမ္ဘီရစက်ဝန်းကို ထုတ်ယူလိုက်သည်။

အနက်ရောင် သံမဏိစက်ဝန်းကြီးက လည်ပတ်နေပြီး စက်ဝန်းထက်မှ အမြောင်းပေါက် (၁၂)ပေါက်အနက် (၁၁)ပေါက်မှာ အလင်းရောင်များမှေးမှိန်နေပြီး ကျန်ရှိသည့် အမြောင်းပေါက်တစ်ပေါက်ကတော့ အလင်းရောင် လင်းလက်တောက်ပနေသည်။

ထို့နောက် ယိုးမင်ဂမ္ဘီရစက်ဝန်းမှ အလင်းတန်းများနှင့် များပြားလှစွာသောအရိပ်များ စတင်စီးဆင်းလာပြီး ဗလာနယ်ကို ဖုံးအုပ်ကာ ရောင်စုံအလင်းတန်းများအားလုံကို စိမ့်ထွက်ခြင်းမရှိစေရန် လွှမ်းခြုံရစ်ပတ်ထားလိုက်သည်။

“ဒါဖြင့် ငါသွားတော့မယ်”

မြင်ကွင်းကိုကြည့်ရင်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပျံသန်းထွက်ခွာသွားသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ဗလာနယ်ထဲမှ ထွက်ခွာသွားချိန်တွင် မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ အပျက်အဆီးတံတိုင်းနံရံများကို ထပ်မံမြင်တွေ့ခဲ့ရသည်။

သို့သော် ဗလာနယ်ထဲတွင် လူရိပ်များရှိနေကြောင်း ရုတ်တရက် သတိထားလိုက်မိသည်။

ထိုလူများထဲမှတစ်ယောက်က သူ၏ဦးခေါင်းထက်မှ အလင်းတန်းအလွှာတစ်ခု ထုတ်လွှတ်လိုက်ပြီး အပျက်အဆီး တံတိုင်းနံရံတစ်ခုကို ဆွဲယူရန် ကြိုးစားနေသည်။

“ဒါက...”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏မျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။

နောက်ဆုံးတော့ ဤနေရာကို တစ်ယောက်ယောက် ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။

စောမင်ကျန့်ကြောင့်မဟုတ်သလို ရန်ကျောက်ကဲ နစ်မြုပ်နေသည့် ရောင်စုံအလင်းတန်းများကြောင့်လည်း မဟုတ်ပေ။

ထိုသူများက ကောင်းကင်ဘုံနန်းတော်၏ အကြွင်းအကျန်များကြောင့် ရောက်လာကြခြင်း ဖြစ်လေ၏။

All Chapters