ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်ရှေ့ထွက်လာခြင်း
Vol. 88 Ch. 1229
အခန်း (၁၂၂၉) ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်ရှေ့ထွက်လာခြင်း
တံတိုင်းနံရံအပျက်အဆီး အကြွင်းအကျန်များထက် ကျရောက်နေသည့် အလင်းတန်းက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အတွက် စိမ်းသက်ခြင်းမရှိသည့်အပြင် အတော်လေးပင် ရင်းနှီးမှုရှိနေသေးသည်။
အကြောင်းမှာ သူက ထိုအလင်းတန်းပိုင်ရှင်နှင့် တိုက်ခိုက်ဖူးသောကြောင့် ဖြစ်၏။
ထိုအလင်းတန်းက အထက်ဘုံကမ္ဘာရှိ အုပ်စိုးရှင် (၅)ပါးထဲမှ တစ်ပါးအပါအဝင်ဖြစ်သော ဖယောင်းနေခြည်ဧကရာဇ်ပိုင်ဆိုင်သည့် ကြေးမုံမှန်အလင်း ဖြစ်နေသည် မဟုတ်ပါလား။
ကြေးမုံမှန်အလင်းတန်းက ကြိုးတစ်ချောင်းပမာ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ အပျက်အဆီးများကို နေခြည်ဧကရာဇ်တို့အုပ်စုထံသို့ ဆွဲယူရန်ကြိုးစားနေသည်။
အမတခုံရုံးမှလူများက မီးလျှံထက်ယံအရှင်သခင်နှင့် ရန်ကျောက်ကဲကို ဝိုင်းဝန်းတိုက်ခိုက်ရန် အဓိကထားပြီး ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်တွင် စုဝေးခဲ့ကြသည်။
တစ်ချိန်တည်းပင် သူတို့က ရှောက်ကျွင်းဟွမ် သေပြီလား မသေသေးဘူးလားကိုလည်း သိချင်နေကြသည်။
ဒေါသထွက်နေသော မီးလျှံထက်ယံအရှင်သခင်က ရှောက်ကျွင်းဟွမ်ကို လိုက်လံတိုက်ခိုက်ခဲ့ကြသော အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို ရှာဖွေရန်အတွက် ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ကို ထိုးဖောက်ထွက်ခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ရှောက်ကျွင်းဟွမ်က ထွက်ပြေးသွားခြင်း မဖြစ်နိုင်ဘဲ ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ထဲတွင် အမှန်တကယ်သေဆုံးသွားကြောင်း အမတခုံရုံးမှလူများ ရိပ်မိသွားကြသည်။
ထိုသို့သောအခြေအနေမျိုးတွင် အမတခုံရုံမှလူများသည် စောမင်ကျန့်ကိုရှာဖွေရန် အပြည့်အဝ အာရုံစိုက်ခဲ့ကြသည်။
ရန်ကျောက်ကဲသည်လည်း ဤနေရာသို့ ရောက်ရှိနေကြောင်း သတိထားမိခဲ့ကြသော်လည်း အဂ္ဂိရတ်ခန်းမ၏တည်ရှိမှုကို လုံးဝမသိကြသဖြင့် ရန်ကျောက်ကဲသည်လည်း စောမင်ကျန့်၏ ထိုးဖောက်ထွက်မှုနောက်မှ လိုက်ပါလာမည်ဟု သဘာဝအတိုင်း ခန့်မှန်းခဲ့ကြသည်။
ထို့ကြောင့် ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိနေသော အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များနှင့် ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင် အပြင်ဘက်တွင် စောင့်ကြပ်နေသူများအားလုံးက စောမင်ကျန့် ထွက်ရာလမ်းကို တခဲနက်ပိတ်ဆို့ရန် အလျင်စလို လုပ်ဆောင်ခဲ့ကြသည်။
ထိုအချိန် လူအများစုက ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ကို စိတ်ဝင်စားမှု လျော့နည်းသွားကြသည်။
သို့သော် အခြားသောအရာများကို စိတ်ဝင်စားသူအချို့ ရှိနေပေသေးသည်။
ဥပမာအားဖြင့်__
ရှောက်ကျွင်းဟွမ်ကွယ်လွန်သွားပြီးနောက် ဤနေရာတွင် တစ်စုံတစ်ခု ကျန်ရစ်ခဲ့သည်လား သိချင်နေကြသူများ ဖြစ်သည်။
သူမ၏ရုပ်အလောင်းကို စောမင်ကျန့်က ယူဆောင်သွားပြီး ဖြစ်နိုင်သော်လည်း ဤနေရာက သူမ မြေကျခဲ့ရာနေရာဖြစ်လေရာ အဖိုးတန် ရတနာပစ္စည်းများ ကျန်ရှိနေနိုင်သေးသည်။
ထိုအတွေးဖြင့် ဖယောင်းနေခြည်ဧကရာဇ်က ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်တွင် ဆက်လက်ရှာဖွေနေခြင်း ဖြစ်သည်။
နောက်တစ်ချက်မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားက အမတခုံရုံးမှ အစစ်အမှန်နတ်ဘုရားများထက် များစွာသာလွန်သော်လည်း မီးလျှံထက်ယံအရှင်သခင် စောမင်ကျန့်ကိုတော့ ယှဉ်ပြိုင်ရန် မလုံလောက်သေးကြောင်း ကောင်းစွာနားလည်ထားသည်။
ထို့ပြင် သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အပေါ် အပြစ်ပြုခဲ့သည်ဖြစ်ရာ စန်းချင်း (၃)ပါး အဆက်အနွယ် လမ်းမှန်ကျင့်ကြံသူအချင်းချင်း ဖြစ်သည့်တိုင် စောမင်ကျန့်က သူ့အပေါ် ဒေါသပုံချမည် ဖြစ်သည်။
ထို့ကြောင့် နေခြည်ဧကရာဇ်က အမတခုံရုံး၏ ပင်မတပ်များနောက်သို့ လိုက်မသွားဘဲ ဤနေရာတွင် ကျန်ရစ်ခဲ့ပြီး ရှောက်ကျွင်းဟွမ်မြှုပ်နှံထားသည့်နေရာကို ရှာဖွေနေခြင်း ဖြစ်သည်။
နေခြည်ဧကရာဇ်၏ဘေးနားတွင် အနက်ရောင်ဝတ်ဆင်ထားသည့် အလွန်ချောမောခန့်ညားသော သက်လတ်ပိုင်းလူရွယ်တစ်ယောက် ရှိနေသည်။ သူ၏မျက်နှာထားကတော့ ခံစားချက်ကင်းမဲ့လျှက် ရှိ၏။
အခြားသူမဟုတ် ၊ အနက်ရောင်ပိုးသားဧကရာဇ်ပင် ဖြစ်သည်။
အခြားတစ်ဖက်မှတော့ အမတခုံရုံးမှ အစစ်အမှန်နတ်ဘုရားအချို့ မတ်တတ်ရပ်နေကြသည်။ သူတို့က နေခြည်ဧကရာဇ် ၊ အနက်ရောင်ပိုးသားဧကရာဇ်တို့နှင့်အတူ လိုက်ပါလာသည့် အမတခုံရုံးမှ အနည်းငယ်သော လူအုပ်စု ဖြစ်၏။
သူတို့အပြင် ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ကိုရှာဖွေရန် ဤနေရာတွင် ကျန်ရစ်ခဲ့သော အမတခုံရုံးမှ ကျင့်ကြံသူအနည်းငယ်လည်း ရှိသေးသည်။
ရှောက်ကျွင်းဟွမ် ကွယ်လွန်သွားပြီဖြစ်ရာ အမတခုံရုံးက သူမကို စိတ်ဝင်စားခြင်း မရှိတော့ပေ။
သို့သော် ရှောက်ကျွင်းဟွမ်၏တပည့် ဟူယွဲ့ရှင်းနှင့် ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ တို့က ကောင်းကင်အမြုတေကျောက်တုံး အပိုင်းအစနှင့်ပတ်သက်ပြီး ကြီးမားသောဖြစ်ရပ်တစ်ခု ဖြစ်ပွားစေခဲ့သည်။ ထိုဖြစ်ရပ်မှတစ်ဆင့် ရွှယ်ချူးချင်နှင့် ရန်ကျောက်ကဲတို့၏ ပတ်သက်ဆက်နွယ်မှုကိုသုံးသပ်ပြီး အမတခုံရုံးမှ ကျင့်ကြံသူအချို့က ဤနေရာတွင် ဆက်လက်ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။
အနက်ရောင်ပိုးသားဧကရာဇ်က ရှေ့သို့တိုးလာရင်း...
“ဒီနေရာက ဘာလဲ”
ပိုးသားဧကရာဇ်၏ အမေးကို နေခြည်ဧကရာဇ်က အသံပို့လွှတ်မှုဖြင့် ပြန်ဖြေလိုက်သည်။
“ငါ့ခန့်မှန်းချက် မှန်တယ်ဆိုရင် ဒီနေရာက မဟာကပ်ဘေးကြီးမတိုင်ခင် ဒဏ္ဍာရီထဲက မိုးကောင်းကင်ခုံရုံးရဲ့ ကောင်းကင်ဘုံနန်းတော် အပျက်အဆီးအကြွင်းအကျန်တွေ ရှိနေတဲ့နေရာပဲ”
“မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်... ဟုတ်လား”
အနက်ရောင်ပိုးသားဧကရာဇ်၏မျက်ဝန်းများက တည်ငြိမ်နေဆဲပင်။
“မင်းက ဘယ်လိုဖြစ်လို့ သေချာနေရတာလဲ တာအိုရောင်းရင်း...”
နေခြည်ဧကရာဇ်က ရှင်းပြသည်။
“အရင်တုန်းက ငါ ထူးခြားတဲ့ရတနာပစ္စည်းတစ်ခု ရခဲ့ပြီး အဲဒါကို ငါ့ရဲ့ ကြေးမုံမှန်အလင်းထဲကိုပျော်ဝင်စေလိုက်တယ်”
သူက ဆက်ပြောသည်။
“အခု ကြေးမုံမှန်အလင်းက ဒီနေရာကို လမ်းပြပေးတာပဲ ၊ ဒါပေမဲ့ ဒီနေရာက အပျက်အဆီးတွေနဲ့ ပြည့်နေပြီး ဘာဝိညာဉ်စွမ်းအားမှ မရှိတော့ဘူး”
နေခြည်ဧကရာဇ်ရော အနက်ရောင်ပိုးသားဧကရာဇ်ရောက သူတို့ဘေးနားတွင်ရှိနေသည့် အမတခုံရုံးမှ ကျင့်ကြံသူများထက် တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ အသံပို့လွှတ်စကားပြောသည်ကို အခြားသူများ ခိုးပြီးနားထောင်မည်ကို စိုးရိမ်စရာ မရှိပေ။
သို့သော် အနက်ရောင်ပိုးသားဧကရာဇ်နှင့် နေခြည်ဧကရာဇ်တို့ လျှို့ဝှက်စွာ စကားပြောဆိုနေကြကြောင်း အမတခုံရုံးမှ အုပ်စိုးရှင်များ သိရှိကြသည်။ ထို့ကြောင့် သူတို့အားလုံးက မကျေမနပ်မျက်လုံးများဖြင့် သူတို့နှစ်ယောက်အား လှမ်းကြည့်လိုက်ကြသည်။
သို့ပေသိ အနက်ရောင်ပိုးသားဧကရာနှင့် နေခြည်ဧကရာဇ်တို့က အရေးစိုက်ခြင်းမရှိဘဲ တည်ငြိမ်သောမျက်ဝန်းများဖြင့်သာ အောက်ဘက်တွင်ရှိနေသော အပျက်အဆီးများကို စူးစိုက်ကြည့်နေကြသည်။
သူတို့ရောက်ရှိလာခြင်းက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အတွက် ပြဿနာကြီးတစ်ခု ဖြစ်လာသည်။
ကံကောင်းသည်မှာ ကြေးမုံမှန်အလင်းတန်းကို တွေ့မြင်လိုက်သည်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ၏ စွမ်းအားရောင်ဝါကိုထိန်းသိမ်းလိုက်ပြီး အချိန်မီ ပုန်းကွယ်လိုက်နိုင်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ့ကိုယ်သူ ဖုံးကွယ်ရာတွင် မတော်သော်လည်း နေခြည်ဧကရာဇ်တို့အုပ်စုက အဝေးဆီမှ ကောင်းကင်ဘုံနန်းတော်အကြွင်းအကျန်များကို အာရုံစိုက်နေသဖြင့် သူ့ကို သတိမထားမိကြပေ။
သို့သော် အချို့သောသဲလွန်စများကိုတော့ သူတို့ သတိပြုမိခဲ့ကြသည်။
ရန်ကျောက်ကဲရှိနေသည့် ဗလာနယ်အစွန်းက ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်၏ အချိန်နှင့်နေရာ အပြောင်းအလဲများကြောင့် ပြင်းထန်စွာပျက်ဆီးသွားပြီး အက်ကွဲသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ရန်ကျောက်ကဲက သူ၏ကိုယ်ပိုင်ရောင်ဝါနှင့် ရောင်စုံအလင်းတန်းများကို ယိုးမင်ဂမ္ဘီရစက်ဝန်းအသုံးပြုကာ ဖုံးကွယ်ထားသဖြင့် နေခြည်ဧကရာဖ်တို့အုပ်စု မရိပ်မိနိုင်သော်လည်း ၊ ဤနေရာက အခြားသော သီးခြားကမ္ဘာတစ်ခုနှင့် ချိတ်ဆက်နေကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်သွားကြသည်။
နေခြည်ဧကရာဇ်တို့အုပ်စုက ထိုသီးခြားနယ်မြေတွင် မည်သည့်အရာများရှိနေကြောင်း မသိရှိကြသည့်တိုင် အထဲသို့ ဝင်ရောက်ကြည့်ရှုရန် ကြံစည်ခဲ့ကြသည်။
သူတို့က ရှောက်ကျွင်းဟွမ်ချန်ထားခဲ့သော သဲလွန်စများကို ရှာဖွေလိုကြသည်ဖြစ်ရာ နေရာတိုင်းကို အချိန်ပေးပြီး စစ်ဆေးချင်ကြသည်။
နေခြည်ဧကရာဇ်တို့အုပ်စု ဗလာနယ်အက်ကွဲကြောင်းဆီသို့ ချဉ်းကပ်လာပြီး တံတိုင်းနံရံအပျက်အဆီးများကြားတွင် ခေတ္တရပ်တန့်လိုက်ကြသည်။ ထို့နောက် သူတို့က ရန်ကျောက်ကဲရှိနေသည့် သီးခြားနယ်မြေကိုဝင်ရောက်ရန် ပြင်ဆင်လိုက်ကြ၏။
ဒါကိုမြင်တော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
ခဏမျှစဉ်းစားပြီးမှ သူက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး ပုန်းကွယ်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က မီးလျှံဘောလုံးတစ်လုံးအဖြစ်ပြောင်းလဲလိုက်ပြီး အဝေးတစ်နေရာသို့ လျှင်မြန်စွာ ပြေးထွက်သွားသည်။
သူ၏လှုပ်ရှားမှုကို နေခြည်ဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့ ချက်ချင်းတွေ့ရှိသွားကြသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က တည့်ထိုးလုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်သော်လည်း နှစ်ပေါင်းများစွာ အတွေ့အကြုံများသူပီပီ သူ့အနေဖြင့် ပေါ်ပေါ်ထင်ထင် လှုပ်ရှားမရနိုင်ကြောင်း သိရှိထားသည်။
သူက နေခြည်ဧကရာဇ်တို့အုပ်စုကို ရှောင်တိမ်းရန် ကြိုးစားရင်း စွမ်းအားရောင်ဝါကိုလည်း ထိန်းချုပ်ထားဆဲ ဖြစ်သည်။ သူက လျှို့ဝှက်စွာထွက်ပြေးရန် အခွင့်အလမ်းရှာနေသည်ဟု ရန်သူများ ထင်မှတ်သွားအောင် ပြုမူလိုက်ခြင်းပင်။
“သူ့ကိုတားလိုက်...”
နေခြည်ဧကရာဇ် အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းပင် သူက မျက်မှောင်တစ်ချက်ကျုံ့ရင်း ကြေးမုံမှန်အလင်းရောင်အား အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဆီသို့ ချက်ချင်းပစ်လွှတ်လိုက်၏။
အခြားသူများကလည်း သူနှင့် အတွေးတူညီကြသည်။
ဤနေရာတွင် မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ချန်ထားခဲ့သော ရတနာပစ္စည်းများ ရှိကောင်းရှိနိုင်သည်။
စောမင်ကျန့်က ဘာမှယူဆောင်မသွားဘဲ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဤနေရာမှပစ္စည်းယူဆောင်ပြီး ထွက်ခွာသွားရန် အကူအညီတောင်းထားခြင်း ဖြစ်နိုင်သည်။
ထိုသို့တွေးမိသည့်အခါ သူတို့အားလုံး မီးလျှံဘောလုံးနောက်သို့ လိုက်ပါသွားကြတော့သည်။
ရန်သူက သူ့ကိုတွေ့ရှိသွားပြီဖြစ်ကြောင်း သိရှိသည်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အရှိန်အဟုန်ဖြင့် လျှင်မြန်စွာပျံသန်းထွက်ခွာသွားသည်။ မည်သည့်အရာကိုမှအရေးမစိုက်ဘဲ ပြေးရန်သာကြိုးစားနေကြောင်းပေါ်လွင်စေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
ရန်ကျောက်ကဲနှင့်အတူလက်တွဲပြီး ရန်သူများကိုတိုက်ခိုက်ခြင်းက ပိုမိုကောင်းမွန်သည့် ဖြေရှင်းချက်တစ်ခုဟု ထင်မှတ်ရသော်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကတော့ အဂ္ဂိရတ်ခန်းမ၏ လျှို့ဝှက်ချက်များကို အခြားသူများအား မသိစေချင်ခဲ့ပေ။
ထို့ပြင် ရန်ကျောက်ကဲက တစ်ယောက်တည်း ကျင့်ကြံမှုပြုလုပ်နေသည် မဟုတ်ပါလား။
ထို့ကြောင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ရန်သူများကို သူတစ်ယောက်တည်းဖြင့် အာရုံပြောင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
သူ မူလစီစဉ်ထားသည်က ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်မှထွက်ခွာပြီး အထက်ဘုံကမ္ဘာသို့ပြန်ရန်ဖြစ်လေရာ ယခုကဲ့သို့ ထွက်ပြေးခြင်းက လမ်းကြောင်းမှန်အတိုင်း ရှိနေသေးသည်ဟု ဆိုနိုင်သည်။
သို့ပေသိ ယခုထွက်ခွာသွားခြင်းက သူ့အတွက်များစွာခက်ခဲပြီး အန္တရယ်လည်းပိုများလေသည်။
“တာအိုရောင်းရင်း... ရပ်လိုက်ပါ”
နေခြည်ဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နောက်မှ အော်ဟစ်လိုက်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အေးစက်စွာဖြင့်...
“နေခြည်ဧကရာဇ်... မင်းရဲ့ကြောင်သူတော်မျက်နှာဖုံးကို ခွာချလိုက်ရင် ကောင်းမယ်”
ဖယောင်းနေခြည်ဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“မင်း ငါ့ကို ရန်ငြိုးထားတယ်ဆိုတာ ငါသိပါတယ် ၊ ဒါပေမဲ့ မင်းကို အမှန်တကယ် ကြားစေချင်တဲ့စကားတွေ ရှိတယ်”
သူက ဆက်ပြောသည်။
“မီးလျှံထက်ယံအရှင်သခင်က သူ့လမ်းသူလျှောက်နေတဲ့သူလေ ၊ ဘာစည်းမျဉ်းစည်းကမ်းတွေကိုမှ အရေးစိုက်တာမဟုတ်ဘူး ၊ တခြားသူတွေကိုလည်း အရေးမစိုက်ဘူး ၊ အခု သူ့ဒေါသစိတ်တစ်ခုတည်းကြောင့် ပြဿနာရှာလိုက်တဲ့ကိစ္စကြီးက စန်းချင်း (၃)ပါးအဆက်အနွယ် တပည့်တွေအားလုံးကို ဒုက္ခရောက်စေခဲ့တယ် ၊ အထက်ဘုံကမ္ဘာရဲ့ တရားမျှတမှုကို ထိန်းသိမ်းထားဖို့ ငါလည်း ခက်ခဲတဲ့ဆုံးဖြတ်ချက် ချလိုက်ရတာပါ”
“စည်းကျော်တဲ့သူက သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ ငါသိပါတယ် ၊ ဒါပေမဲ့ သူကတော့ အတော်လေး လွန်လွန်းအားကြီးတယ် ၊ သူ့အတွက် နောက်ကြောင်းပြန်လှည့်စရာ မရှိတော့ဘူး ၊ ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် သူ့ကို အချိန်မီတားဆီးဖို့လိုတယ် ၊ ငါလည်း ဒီအတွက် အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်”