ဝိုင်းရံတိုက်ခိုက်ခြင်း
Vol. 88 Ch. 1231
အခန်း (၁၂၃၁) ဝိုင်းရံတိုက်ခိုက်ခြင်း
“တာအိုရောင်းရင်း... အမှားတွေဆက်တိုက်ကျူးလွန်နေတာ ရပ်လိုက်ပါ”
နေခြည်ဧကရာဇ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်တစ်ဖက်က ကြေးမုံမှန်အလင်းတန်းကိုဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဖမ်းယူဆုပ်ကိုင်ရန် ကြိုစားလိုက်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူနှင့်စကားပြောရန် စိတ်မဝင်စားပေ။ ပုဆိန်သွားလှံရှည်အမြီးက နေခြည်ဧကရာဇ်၏လက်ဖဝါးကို ရိုက်ချလိုက်သည်။
နေခြည်ဧကရာဇ်၏လက်ဝါးရိုက်ချက်က စဉ်ဆက်မပြတ် ပြောင်းလဲနေသည်။
သူ၏လက်ဝါးရိုက်ချက် အလင်းနှင့်အရိပ်များစွာကြားတွင် အနီရောင်တိုင်လုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ရှည်လျားသောတိုင်လုံးကြီးက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ အမြီးဖျားနှင့်အတိအကျတူညီသည်။ တန်ခိုးစွမ်းအားရော အင်အားပါ တူညီခြင်း ဖြစ်၏။
လှံရှည်နှစ်ခု တိုက်မိပြီးနောက် နေခြည်ဧကရာဇ်ရော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ပါ ခန္ဓာကိုယ်များ တုန်ခါသွားကြသည်။
နေခြည်ဧကရာဇ်က လက်ဖဝါးကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး သူ၏လက်ဖဝါးမှအလင်းတန်းများ ပျံ့ကျဲသွားကြာ အနီရောင်တိုင်လုံးကြီးသည်လည်း ပျောက်ကွယ်သွားသည်။
အလင်းရောင်များပျောက်ကွယ်သွားသည်နှင့် သူ၏လက်ဖဝါးထက်တွင် မီးလောင်ဒဏ်ရာများထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်လုံးက လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများ ဖြစ်ကြသော်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က နှစ်ထောင်ပေါင်းများစွာ ပိုမို အသက်ကြီးလေသည်။ သူက နဂါးသင်္ချိုင်းတွင် ဖိနှိပ်ခံခဲ့ရသည့်တိုင် နေခြည်ဧကရာဇ်ထက် အတွေ့အကြုံပိုမိုများပြားသည်။
နေခြည်ဧကရာဇ်က စိတ်ပျက်သွားခြင်းမရှိဘဲ အခြားလက်တစ်ဖက်ဖြင့် ကြေးမုံမှန်အလင်းတန်းကို ဆုပ်ကိုင်ထားသည်။
ရှေးဟောင်းကြေးမုံမှန်အတွင်းမှ ဖယောင်းတိုင်မီးအိမ်က ပြင်းပြင်းထန်ထန် ယိမ်းထိုးလှုပ်ရှားလျှက်ရှိပြီး မီးတောက်မီးလျှံ နဂါးငွေ့တန်းတစ်ခု ထွက်ပေါ်လာကာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထံသို့ ကြဲပက်ဝင်ရောက်သွားသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က တစ်ပတ်လှည့်လိုက်ပြီး သွေးနီရောင်မီးတောက်များက နဂါးငွေ့တန်းကို လောင်ကျွမ်းဝါးမျိုပစ်လိုက်သည်။
သို့သော် ထိုခဏတွင် ရှေးဟောင်းကြေးမုံမှန်အတွင်းမှ ဖယောင်းတိုင်မီးအိမ်အလင်းတန်း တုန်ခါမှုအောက်တွင် အနီရောင်မီးလျှံပုဆိန်သွားလှံရှည်က ရောင်ပြန်ဟပ်နေပြီး ထိုပုံရိပ်ယောင်က ကြေးမုံမှန်ထဲမှ လျှင်မြန်စွာထွက်ပေါ်လာကာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ရင်ဆိုင်လိုက်သည်။
နေခြည်ဧကရာဇ်၏ မျက်ဝန်းများက တည်ကြည်လေးနက်သွားသည်။
သူ၏ အမတချီစွမ်းအားများ မြင့်တက်လာပြီး ကြေးမုံမှန်မီးအိမ်နှင့် ပေါင်းစပ်သွားသည်။
နေခြည်ဧကရာဇ်က ပုံရိပ်ယောင်အရှင် အဆက်အနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။
ပုံရိပ်ယောင်ကျမ်းစာအပြင် များပြားလှစွာသော ကောင်းကင်ကျမ်းစာများဖြစ်သည့် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် အသင်္ချေစကြာဝဠာကောင်းကင်ကျမ်းစာတို့ကို ကျင့်ကြံထားသေးသည်။
များပြားလှစွာသော သိုင်းပညာရပ်များ ပေါင်းစပ်ပြီး သူကိုယ်တိုင်တီထွင်ထားသည့် အသင်္ချေသော ဖန်တီးမှုများ ပြုလုပ်နိုင်စွမ်းရှိသော ကြေးမုံမှန်သိုင်းပညာတစ်ရပ် ထွက်ပေါ်လာသည်။
ထို့ပြင် မိုးမြေစွမ်းအားများပါဝင်သည့် ဖယောင်းတိုင်မီးအိမ်အလင်းရောင်ကလည်း ထိုကြေးမုံမှန်သိုင်းပညာကို ပံ့ပိုးပေးထားသည်ဖြစ်ရာ အဆုံးမရှိပြောင်းလဲမှုများနှင့် အလှတရားများကို ဖြစ်ပေါ်စေသည်။
နေခြည်ဧကရာဇ်၏ သိုင်းပညာအယူအဆက သူ၏ အမတမှော်ဝင်ပစ္စည်းဖြစ်သော ကြေးမုံမှန်မီးအိမ်၏ တန်ခိုးစွမ်းအားအယူအဆနှင့်လည်း တူညီမှု ရှိနေသည်။
ဤသို့ နှစ်ခုပေါင်းစပ်မှုအောက်တွင် ကြေးမုံမှန်အတွင်းမှ ရောင်ပြန်ဟပ်မှု တန်ခိုးစွမ်းအားက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် တန်းတူဖြစ်နေပေသည်။
နှစ်ဖက်ရိုက်ခတ်မိသွားချိန်တွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အနေဖြင့် မည်သည့်အားသာချက်ကိုမှ ရယူနိုင်ခဲ့ခြင်း မရှိပေ။
နေခြည်ဧကရာဇ်၏ ကြေးမုံမှန်အလင်းရောင်ဆီမှ နဂါးငွေ့တန်းမီးတောက်များ အဆက်မပြတ် ထွက်ပေါ်လာပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဆီသို့ ပြန့်ကျဲဝင်ရောက်လာသည်။
ထိုမီးတောက်များက ထိခိုက်နိုင်စွမ်းမရှိပဲ အလွန်ပေါ့ပါးလှသည်။
သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကတော့ ထိုမီးတော်ကများထဲမှ အဖျက်စွမ်းအားကို ရှင်းရှင်းလင်းလင်း သိထားသည်။
ထိုတိုက်ခိုက်မှုသာ ထိမှန်မည်ဆိုပါက စန်းချင်း (၃)ပါး လမ်းမှန်တာအိုအဆက်အနွယ်မှ အစစ်အမှန်နတ်ဘုရားများသည်ပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။
နောက်တစ်ခုမှာ...
သတိပေးခြင်းမရှိဘဲ ရုတ်ချည်းထွက်ပေါ်လာသော လက်ချောင်းတစ်ချောင်း ဖြစ်သည်။
ထိုလက်ချောင်းက အချိန်နှင့်နေရာ နယ်နိမိတ်ကိုဖြတ်ကျော်ပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ ဘယ်ဘက်ခြမ်းတွင် ထွက်ပေါ်လာခြင်း ဖြစ်၏။
ရှန်းထျန်းဝူထိုက် __ ထိုက်ချူးနတ်လက်ချောင်းသိုင်း
အနက်ရောင်ပိုးသားဧကရာဇ်...။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ မျက်နှာပြင်ထက်တွင် မီးတောက်မီးလျှံများ ရုတ်ချည်း ဟုန်းဟုန်းတောက် ထွက်ပေါ်လာသည်။
ထို့နောက် လေထုထဲတွင် နဂါးတစ်ကောင်အသွင် အနီရောင်မီးလျှံတစ်ခုထွက်ပေါ်လာပြီး လှံရှည်မျက်နှာပြင်ထက်မှာတော့ မှိန်ဖျော့ဖျော့အလင်းရောင် တောက်ပနေသည်။
နဂါးမီးလျှံက လှံရှည်ထိပ်ဖျားသို့ ကျရောက်သွားသည့်တစ်ခဏတွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က လှပသော အကွေ့အဝိုက်တစ်ခုဖန်ဆင်းကာ ကောင်းကင်ကို ဖြတ်ကျော်သွားသည်။
ထိုခဏတွင် သူ့ပုံစံက အရင်လို ကြမ်းတမ်းခက်ထန်ခြင်း မရှိတော့ပေ။
သူ၏ လှုပ်ရှားမှုများက တင်မာခြင်းလည်းမရှိ ၊ ပျော့ပြောင်းခြင်းလည်းမရှိတော့သလို တင်းမာမှုနှင့် ပျော့ပြောင်းမှုတို့ကို ပေါင်းစပ်ထားခြင်းလည်း မဟုတ်ပေ။
သို့သော် ထိုအရာများအားလုံးကို ကျော်လွန်သွားခဲ့ပြီး လှပသော အနီရောင်မီးလျှံ အကွေ့အဝိုက်လမ်းကြောင်းတစ်ခု ရေးဆွဲလိုက်ကာ ကြေးမုံမှန်အလင်းတန်းမှ ထွက်ပေါ်လာသော နဂါးငွေ့တန်းပေါက်ကွဲထွက်ခြင်းကို ရှောင်တိမ်းလျှက် အနက်ရောင်ပိုးသားဧကရာဇ်၏ လက်ချောင်းဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
တစ်ချိန်တည်းပင် သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များတုန်ခါသွားပြီး နောက်ပြန်လွင့်ထွက်သွားကြသည်။
လွင့်စင်ထွက်သွားပြီးနောက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က လှပသော အကွေ့အဝိုက်လမ်းကြောင်းတစ်ခုအဖြစ် ထပ်မံလှည့်ပတ်ကာ နေခြည်ဧကရာဇ်၏ ကြေးမုံမှန်အလင်းတန်းကို ကပ်သီလေး ရှောင်တိမ်းလိုက်ပြန်သည်။
ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် စွမ်းအားပေါက်ကွဲထွက်သွားသည်ကို အခွင့်ကောင်းယူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အချိန်နှင့်နေရာကို လျှင်မြန်စွာကျော်ဖြတ်ပြီး အခြားတစ်ဖက်သို့ ရွေ့လျားသွားသည်။
သူ၏ပစ်မှတ်က အမတခုံရုံးမှ နောက်ထပ် အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်သည်။
ဤနေရာသို့ရောက်လာသော အမတခုံရုံး အစစ်အမှန်နတ်ဘုရား စုစုပေါင်း (၆)ယောက် ရှိသည်။ သူတို့ထဲမှ (၅)ယောက်ကသာ တိုက်ပွဲအစီအရင်တည်ဆောက်ပြီး တန်ခိုးစွမ်းအား အားသာချက် ၊ အားနည်းချက်များကို မျှဝေကာ ပူးပေါင်းတိုက်ခိုက်ကြခြင်း ဖြစ်သည်။
ကျန်ရှိနေသောတစ်ယောက်က အစီအရင်ထဲတွင်မပါဝင်ဘဲ သီးသန့်လစ်လပ်နေသည်။
ထိုသူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သွားရာလမ်းကို ငွေရောင်အလင်းတန်းထုတ်လွှတ်ပြီး တားဆီးလိုက်သော မိန်းမပျို ဖြစ်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူမထံ ဦးတည်လာသည်ကိုတွေ့တော့ မိန်းမပျိုက နှာခေါင်းတစ်ချက်ရှုံ့ရင်း...
“ရှင်က ကျွန်မကို အားနည်းတယ်လို့ ယူဆတာလား”
သူမက ဆက်ပြောသည်။
“မိစ္ဆာတွေ... ကိုယ့်အရှေ့က အကျိုးအမြတ်လေးနည်းနည်းအတွက် ဂုဏ်ယူနေပြီး မျက်လုံးထဲ ဘယ်သူမှမထားဘူး ၊ ဘယ်အရာမှ ပြီးပြည့်စုံခြင်းမရှိဘူးဆိုတာ ရှင်တို့ သိသင့်တယ်"
သူမက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ တိုက်ခိုက်မှုကိုရှောင်ရှားရန် ခန္ဓာကိုယ်ကို ကွေးညွှန်လိုက်သည်။ ထို့နောက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဘေးဘက်မှ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
သူမ၏ လက်သီးထက်မှ ငွေရောင်အလင်းတန်းသည် ငွေရောင်လှံရှည်ကဲ့သို့ တောက်ပနေသည်။
သူမက လက်သီးကို လှံရှည်ပမာ အသက်သွင်းလိုက်ပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ ခါးအလယ်တည့်တည့်ကို မလျားလိုက် ကြားဖြတ်ဟန့်တားလိုက်သည်။
လှံရှည်၏ စွမ်းအားအကြီးမားဆုံး ဗဟိုချက်ကို တိုက်ရိုက်ချိုးဖျက်လိုက်ခြင်း ဖြစ်၏။
သူမ၏ တိုက်ခိုက်ရေးဆုံးဖြတ်ချက်က တိကျလှသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်မှ သွေးနီရောင်မီးတောက်များ တဟုန်းဟုန်းတောက်လောင်လာပြီး မီးလျှံများပေါက်ကွဲထွက်ကာ လှိုင်းလုံးကြီး ဖြစ်တည်လာသည်။
သို့သော် အင်္ဂါဂြိုဟ်ပုဆန်သွားလှံရှည်၏ မြန်နှုန်းက အနည်းငယ်နှေးကွေးသွားသည်။
သယက ပုဆိန်ရှည်အသွားကိုလှည့်ပတ်လိုက်ပြီး ရန်သူကို ခုတ်ပိုင်းချလိုက်၏။
မိန်းမပျိုက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏တိုက်ခိုက်မှုကို မရှောင်တိမ်းခဲ့ပေ။
သူမက…
"ဘယ်လိုလဲ… ငါက ကြောက်စရာကောင်းတယ် မဟုတ်လား"
သူမက လှံရှည်ကို လက်သီးဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး မျက်နှာချင်းဆိုင် တိုက်ခိုက်လိုက်သည်။
နှစ်ဘက်ရိုက်ခတ်မိသည့်အခါ နှစ်ယောက်စလုံး အတူတူ နောက်ပြန်ဆုတ်သွားကြသည်။
မိနမပျိုက သူမလက်ကို ငုံ့ကြည့်လိုက်သည်။ လက်က နီရဲနေသော်လည်း သွေးထွက်ခြင်း မရှိပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က လူသတ်လက်နက်တစ်ခု ဖြစ်သည်။
သူ့ကို သန့်စင်ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများက ထက်ရှမှုကိုအခြေခံထားသည်ဖြစ်ရာ ကြေးမုံမှန်အလင်းနှင့် စစ်ထိုက်ရှန်းထျန်းအလံရှည်တို့ထက် များစွာသာလွန်သည်။
ထိုသို့သော အမတမှော်ဝင်ပစ္စည်းတစ်ခုကို မိန်းမပျိုက လက်သီးအသုံးပြုပြီး ရင်ဆိုင်လိုက်ခြင်းက သာမန်လူတစ်ယောက် သံမဏိလှံရှည်တစ်လက်အား ထိပ်တိုက်ရင်ဆိုင်လိုက်သည့်ပမာ ဖြစ်သည်။
သူမက နှာခေါင်းတစ်ချက်ရှုံ့ရင်း...
“ရှင်က ဒီလောက်လည်း အစွမ်းမထက်ပါဘူး”
နေခြည်ဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့နှင့် ဆက်တိုက် တိုက်ခိုက်ခဲ့ရသော ပိုးသားဧကရာဇ်မှာ အသက်ရှူချိန်ပင်မရဘဲ အရှိန်ကုန်သော မြားတစ်စင်းပမာ ဖြစ်နေခဲ့သည်။
သို့သော် သူက တစ်ချက်ပင် စိတ်ပျက်ခြင်းမရှိဘဲ အေးဆေးစွာပင် ရန်သူကို မေးလိုက်သည်။
“မင်းကို ဘယ်လိုခေါ်ရမလဲ”
မိန်းမပျိုက တည်ငြိမ်စွာဖြင့်...
"အမတခုံရုံးက ဟန်လေဧကရီ ရွမ့်မင်ယန်"
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခေါင်းညိတ်လိုက်ပြီး…
"မင်းက လမ်းမှားလိုက်နေတဲ့ တခြားကျင့်ကြံသူတွေနဲ့ မတူဘူး ၊ မင်းလိုမျိုးပါရမီရှင်တွေက လမ်းမှားလိုက်ပြီး အရည်အချင်းတွေကို အလဟသ ဖြုန်းတီးနေတာပဲ"
"မင်းရဲ့ အရည်အချင်းတွေ နှမျောစရာပဲ … နှမျောစရာပဲ…"
ထိုစကားကြောင့် နေခြည်ဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ သူတို့က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် မိန်းမပျိုကြား စကားပြောဆိုမှုကို အရေးမစိုက်ကြပေ။
ရွမ့်မင်ယွမ်က အေးစက်စွာဖြင့်...
“သောက်ကြီးသောက်ကျယ်တွေ ပြောမနေနဲ့ ၊ ရှင်က ခေါင်းမာပြီး အကန့်အသတ်တွေကို နားမလည်ဘူး ၊ ဘယ်လိုပဲ အလင်းပြပါစေ နားလည်လာမယ့်သူမျိုး မဟုတ်ဘူး ၊ ရှင့်ရဲ့ တစ်ခုတည်းသောဦးတည်ရာက ပျက်ဆီးခြင်းပဲ”
သူမက ဆက်ပြောသည်။
“ရှင်က အရင်တုန်းက တစ်ခါသေဖူးတယ် မဟုတ်လား ၊ အခု လက်နက်တစ်ခုအနေနဲ့ ပြန်လည်မွေးဖွားလာပြီး အရှက်ကွဲနေခဲ့တာလို့ ငါ ကြားဖူးတယ် ၊ ဒီနေ့တော့ ရှင် ဒုတိယအကြိမ် သေရမယ့်နေ့ပဲ”
သူမ စကားပြောနေစဉ်မှာပင် အမတခုံရုံးမှ အခြားသော အုပ်စိုးရှင် (၅)ပါးက အစီအရင်အသုံးပြုကာ အသွင်တစ်မျိုးဖြင့် တိုက်ခိုက်လိုက်ကြသည်။
ထို အစစ်အမှန်နတ်ဘုရားများက တူညီသောသိုင်းဂိုဏ်းများမှ မဟုတ်ကြပေ။ အားလုံးက မတူညီသည့် သိုင်းပညာများကို လေ့ကျင့်ထားသူများ ဖြစ်ကြသည်။
သို့သော် တိုက်ပွဲအစီအရင်၏ တွန်းအားပေးမှုဖြင့် သူတို့၏သိုင်းပညာအယူအဆများက ဒြပ်စင် (၅)မျိုးအဖြစ် ပိုင်းခြားသွားပြီး အရှိန်အဟုန်ဖြင့် အဆက်မပြတ် စီးဆင်းသွားသည်။
ဤနည်းအားဖြင့် ဆက်စပ်မှုမရှိသော သိုင်းဂိုဏ်းများမှ နတ်ဘုရားများ တစ်သားတည်းကျသွားကြသည်။
သူတို့၏ ကြောက်စရာကောင်းသောအင်အားက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို လမ်းကြောင်း (၅)ခုမှ တိုက်ခိုက်ခဲ့ကြသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က တည်ငြိမ်ရှင်းလင်းစွာပင် လှုပ်ရှားလိုက်သည်။
သူ၏တိုက်ကွက်များက ယခင်တစ်ကြိမ်ကထက်ပင် ပိုမိုမြန်ဆန်လာပြီး လှုပ်ရှားမှုတိုင်းက ရန်သူ၏ တိုက်ပွဲအစီအရင် သိမ်မွေ့သောဟာကွက်များကို အတိအကျ ပစ်မှတ်ထားသည်။
ထိုအချိန် အခြားတစ်ဖက်မှ နေခြည်ဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့ကလည်း တိုက်ခိုက်မှု ထပ်မံစတင်လိုက်ကြသည်။
“တာအိုရောင်းရင်း... မင်း အနိုင်ရဖို့အခွင့်အရေးမရှိဘူး ၊ အရှုံးပေးလိုက်ပါ”
နေခြည်ဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား ထပ်မံနားချရန် ကြိုးစားလိုက်သည်။
သို့သော် သူ့စကားက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် အဝေးတစ်နေရာရှိ ကောင်းကင်ဘုံနန်းတော်အပျက်အဆီးများကြားတွင် အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာသည်ကို အာရုံခံလိုက်မိသည် မဟုတ်ပါလား။