အားလုံးကိုအနိုင်ယူ
Vol. 88 Ch. 1235
အခန်း (၁၂၃၅) အားလုံးကိုအနိုင်ယူ
အမတခုံရုံးမှ အုပ်စိုးရှင် (၅)ပါး တည်ဆောက်ထားသော ‘ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်’ ကို ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် (၂)ခုဖြင့် ဖျက်ဆီးလိုက်ကြောင်းတွေ့ရှိသည်နှင့် တစ်စုံတစ်ခု မှားယွင်းပြီဖြစ်ကြောင်း အနက်ရောင်ပိုးသားဧကရာဇ် သဘောပေါက်လိုက်သည်။
ရန်ကျောက်ကဲက လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အတည်ပြုပြီးဖြစ်သည့်တိုင် အနက်ရောင်ပိုးသားဧကရာဇ်က လက်လျှော့လိုခြင်း မရှိသေးပေ။
ဤတိုက်ပွဲက ရန်ကျောက်ကဲနှင့် ဝမ်ကျန်းချန်၏ တိုက်ပွဲမဟုတ်ပေ။ ယခုတိုက်ပွဲတွင် အခြားသောပါဝင်သူ များစွာရှိသည်။
အမတခုံရုံးမှ ကျင့်ကြံသူများက စန်းချင်း (၃)ပါးအဆက်အနွယ်များထက် တန်ခိုးစွမ်းအား နည်းပါးကြသော်လည်း သူတို့အားလုံးက နတ်ဘုရားတံခါးကိုဖွင့်လှစ်ထားသည့် အစစ်အမှန်နတ်ဘုရားများ ဖြစ်ကြသည်။ ထို့ပြင် သူတို့နှင့်အတူ အမတမှော်ဝင်ပစ္စည်းတစ်ခုလည်းပါရှိပြီး ပြင်းထန်သော တိုက်ပွဲအစီအရင်တစ်ခုလည်း တည်ဆောက်နိုင်သည်။
သို့ရာတွင် ယခု ရန်ကျောက်ကဲက အမတခုံရုံးမှ အုပ်စိုးရှင် (၅)ပါး၏ ‘ဒြပ်စင်ငါးပါး နေဖမ်းစားအစီအရင်’ ကို ဖျက်ဆီးလိုက်ပြီး အုပ်စိုးရှင် (၅)ပါးကို ဖိနှိပ်ထားကာ ရွမ့်မင်ယန်ကိုပင် အေးဆေးစွာ အနိုင်ယူလိုက်နိုင်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဖြင့်တိုက်ခိုက်နေသော ဖယောင်းနေခြည်ဧကရာဇ် ဤတိုက်ပွဲတွင် ပါဝင်လာပြီး သူတို့ဘက်မှ (၇)ယောက်ပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် ရန်ကျောက်ကဲကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထိုသို့စဉ်းစားမိသည်နှင့် အနက်ရောင်ပိုးသားဧကရာဇ်က ဤနေရာတွင် ဆက်မနေတော့ရန် သဘာဝကျကျ ဆုံးဖြတ်ခဲ့သည်။
နိုင်မည်ထင်လျှင်တိုက်ခိုက်ပြီး မနိုင်ဘူးထင်လျှင် ပြေးရုံသာ ရှိသည်။
မပြတ်မသားပြုလုပ်နေပါက သူသာလျှင် ထိခိုက်နစ်နာပေမည်။
အနက်ရောင်ပိုးသားဧကရာဇ် ချက်ချင်းပင် နေရာမှထပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုခဏတွင် သူ၏မျက်လုံးထဲ၌ လက်သီးချက်တစ်ချက်အား တွေ့မြင်လိုက်ရ၏။
ရန်ကျောက်ကဲ၏ လက်သီးချက်။
ထိုက်ချင်အဆက်အနွယ် ၊ ရှန်းထျန်းဝူထိုက်၏ ပထမဆုံးဖြစ်သော ‘ထိုက်ယိလက်သီးသိုင်း’ ပင် ဖြစ်သည်။
ထိုက်ယိလက်သီးသိုင်း၏ လေးနက်မှုကို နားလည်နိုင်ရန်မှာ အနက်ရောင်ပိုးသားဧကရာဇ် အမြဲတမ်းမက်ခဲ့သော အိပ်မက်ဖြစ်သည်။
သူ၏ ဘဝတစ်လျှောက်လုံး ထိုက်ချင်အဆက်အနွယ် သိုင်းပညာရပ်များကို သုတေသနပြုခဲ့ပြီး ‘ရှန်းထျန်းဝူထိုက်’ ၏ အမြင့်ဆုံးအဆင့်ဖြစ်သော အခြားပညာရပ် (၄)ခုကို နက်နဲစွာ နားလည်ခဲ့သည်။
ထို့ကြောင့် ထိုက်ယိလက်သီးသိုင်းကို တွေ့မြင်ခွင့်ရမည်ဆိုပါက အချိန်အလုံအလောက်သာ ရရှိမည်ဆိုလျှင် ထိုလက်သီးသိုင်း၏ အဓိပ္ပါယ်ကို နားလည်နိုင်မည်ဟု ယူဆခဲ့သည်။
ထျန်းကျိခန်းမအပြင်ဘက်တွင် ရန်ကျောက်ကဲနှင့် တိုက်ခိုက်ခဲ့ခြင်းနှင့် ယခု ရန်ကျောက်ကဲနှင့် တိုက်ခိုက်ရန် ရည်ရွယ်ခြင်းတို့က ထိုက်ယိလက်သီးသိုင်းကို တွေ့မြင်နိုင်ရန် ရည်မှန်းချက်အတွက်သာလျှင် ဖြစ်၏။
သို့ပေသိ ယခုတော့ အနက်ရောင်ပိုးသားဧကရာဇ် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။
အကြောင်းမှာ ရန်ကျောက်ကဲ၏လက်သီးချက်က သူ၏စိတ်နေသဘောထားကိုလည်း ကိုယ်စားပြုနေသောကြောင့်သာပင်။
ရန်ကျောက်ကဲက ထိုက်ယိလက်သီးသိုင်းကို အသုံးပြုလိုက်သည့်အခါ အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် ဤသိုင်းပညာ၏လေးနက်မှုကို နားမလည်နိုင်ဟု မဆိုလိုပေ။
အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် ထိုက်ယိလက်သီးသိုင်း၏ နက်နဲမှုကို နားလည်ခွင့်ရပြီး အကျိုးအမြတ်ရရှိနိုင်သည့်တိုင် ရန်ကျောက်ကဲက သူ့ကို အလွတ်ပေးမည်မဟုတ်ဆိုသော အနှီလူငယ်၏ စိတ်နေသဘောထားကို သဘောပေါက်လိုက်မိသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ယနေ့အတွက်တော့ သူ ထွက်ခွာသွားရန် မဖြစ်နိုင်တော့ပေ။
ရန်ကျောက်ကဲ၏လက်သီးချက်က လျှင်မြန်ခြင်း မရှိပေ။
ထိုလက်သီးချက်က စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကဲ့သို့ ခမ်းနားခြင်းမရှိသလို ကောင်းကင်ခွင်းလှံရှည်ကဲ့သို့ ကရုဏာတရားကင်းမဲ့ခြင်းလည်း မရှိပေ။
သို့သော် ဤလက်သီးချက်က အနက်ရောင်ပိုးသားဧကရာဇ်၏ ပတ်ဝန်းကျင်နေရာတစ်ခုလုံးသို့ ပြည့်နက်သွားသည်။
အနက်ရောင်ပိုးသားဧကရာဇ်က သူ၏ ဝိညာဉ်စွမ်းအားနှင့် စိတ်အာရုံကို မြှင့်တင်လိုက်သည်။
ရန်ကျောက်ကဲ၏လက်သီးချက်က အရပ်မျက်နှာနေရာတိုင်းမှ သူ့ထံသို့ ဝင်ရောက်လာသည်ဟု အာရုံခံလိုက်မိသည်။
ဤသည်က ထင်ယောင်ထင်မှားမဟုတ်သလို အယောင်ပြသက်သက်လည်း မဟုတ်ပေ။
လက်သီးချက်က တကယ့်လက်သီးချက်ဖြစ်နေပြီး ထိုလက်သီးချက်က မည်သည့်နေရာကဝင်ရောက်လာမည်ကို သိရှိနားလည်ရန် ခက်ခဲနေခြင်းမျိုးလည်း မဟုတ်ပြန်ပေ။
အမှန်တော့ လက်သီးတစ်ချက်ပင်ဖြစ်လင့်ကစား များပြားလှစွာသော လက်သီးများအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
ထိုလက်သီးချက်များက အရပ်မျက်နှာအသီးသီးမှဝင်ရောက်လာပြီး အနက်ရောင်ပိုးသားဧကရာဇ်၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားမည် ဖြစ်၏။
ရန်ကျောက်ကဲပေါင်းများစွာက လက်သီးချက်ပေါင်းများစွာဖြင့် သူ့အားထိုးနှက်လိုက်သည့်ပမာ နေရာတိုင်းတွင် လက်သီးချက်များဖြင့် ပြည့်နက်နေသည်။
အနက်ရောင်ပိုးသားဧကရာဇ်၏မျက်နှာက ခံစားချက်ကင်းမဲ့နေပြီး သူ၏ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ခါသွားသည်။
သူ၏ခန္ဓာကိုယ်က ထိုနေရာမှာပင် ရှိနေပုံရသော်လည်း တကယ်တမ်း ထိုနေရာတွင် ရှိမနေတော့ပေ။
အနက်ရောင်ပိုးသားဧကရာဇ်က အရိပ်တစ်ခုပမာ ပြောင်းလဲသွားပြီး လူတစ်ယောက် လျှင်မြန်စွာရွေ့လျားသွားသည့်အခါ အရိပ်တစ်ခုထင်ကျန်နေသည့်ပမာ ဖြစ်သည်။
သို့သော် ထိုအရိပ်က အနက်ရောင်ပိုးသားဧကရာဇ် ကိုယ််တိုင်ပင် ဖြစ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အရိပ်အဖြစ်ပြောင်းလဲသွားကာ လက်တွေ့ကမ္ဘာလောကတွင် တည်ရှိနေခြင်း မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် ရိုးရှင်းသော ရောင်စိမ်တိမ်တိုက်များ ထွက်ပေါ်လာပြီး ထိုနေရာတွင် အနက်ရောင်ပိုးသားဧကရာဇ်အသွင်ရှိသော ခန္ဓာကိုယ်ကောက်ကြောင်းတစ်ခုသာ ကျန်ရစ်တော့သည်။
‘ထိုက်ရှီခုန်းမင်မရှိမှုခန္ဓာ’ နှင့် ‘အတိုင်းအဆမဲ့ထိုက်စုခန္ဓာ’ တို့ ပေါင်းစပ်လိုက်ပြီး ရန်ကျောက်ကဲ၏ လက်သီးချက်ကိုတားဆီးရန် အနက်ရောင်ပိုးသားဧကရာဇ်က ခံစစ်စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ထားသည်။
လက်သီးချက်ရိုက်ခတ်မိရာနေရာတိုင်းတွင် ရောင်စုံတိမ်တိုက်များ မရပ်မနားလွင့်ပျံထွက်ပေါ်လာသည်။
နောက်ဆုံးမှာတော့ လက်သီးချက်များ၏ ထိုးနှက်မှုကြောင့် အနက်ရောင်ပိုးသားဧကရာဇ် ပုံစံအမှန်ပင် ပြန်လည်ထွက်ပေါ်လာလုနီးပါး ဖြစ်လာသည်။ အရိပ်တစ်ခုအဖြစ်မှ မူလပုံစံသို့ ပြန်လည်ရောက်ရှိလာသည်။
အနက်ရောင်ပိုးသားဧကရာဇ် ရန်ကျောက်ကဲအား စူးစိုက်ကြည့်လိုက်သည်။
သူက ရန်ကျောက်ကဲ၏လက်သီးချက်ကို ယာယီပိတ်ဆို့ရန် အမြင့်ဆုံးအဆင့် ခံစစ်စွမ်းအားနှစ်ခုကို အသုံးပြုပြီးနောက် အခွင့်အရေးကိုအသုံးချကာ သူ၏လက်ညှိုးကို ရှေ့သို့ညွှန်ပြလိုက်သည်။
‘ထိုက်ချူးနတ်လက်ချောင်းသိုင်း’ က နေရာတိုင်းသို့ရောက်ရှိလာပြီး အချိန်နှင့်နေရာ၏ ပိုင်းခြားမှုအဓိပ္ပါယ်သည်ပင် ဆုံးရှုံးသွားပုံရသည်။
ထိုခဏမှာပင် အနက်ရောင်ပိုးသားဧကရာဇ်က လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ရန် အခွင့်အရေးကို ရှာဖွေပုံရသည်။
သူ၏ ခန္ဓာကိုယ်က ရိပ်ခနဲ ရှေ့သို့ရောက်ရှိသွားသည်။
သို့ပေသိ ထိုခဏမှာပင် အနက်ရောင်ပိုးသားဧကရာဇ်ထံသို့ မရေမတွက်နိုင်သော သံမဏိလက်သီးချက်များ ထပ်မံပစ်လွှတ်ဝင်ရောက်လာလေရာ အနက်ရောင်ပိုးသားဧကရာဇ်မှာ မည်သို့မှမတတ်နိုင်စွာပင် ကြည့်နေလိုက်ရတော့သည်။
ရန်ကျောက်ကဲက သူ့အား လက်သီးဖြင့် ထပ်မံထိုးနှက်လိုက်ခြင်း မဟုတ်ပေ။
သူ၏ မူလလက်သီးချက်သည်ပင် အတိတ် ၊ အနာဂတ် ၊ ပစ္စပ္ပန် အချိန်အားလုံကို သိမ်းပိုက်အုပ်စိုးထားခြင်း ဖြစ်၏။
အချိန်ရေစီးကြောင်းတွင် မည်သည့်လမ်းကြောင်းပင်ဖြစ်စေ ၊ မည်သည့်အခိုက်အတန့်ပင်ဖြစ်စေ ၊ အတိတ်ဖြစ်စေ ၊ အနာဂတ်ဖြစ်စေ သူ၏လက်သီးချက်က တည်ရှိနေပြီး အနက်ရောင်ပိုးသားဧကရာဇ်ကို အဆက်မပြတ် ထိုးနှက်နေခဲ့သည်။
ထိုလက်သီးချက်က ကမ္ဘာဦးကာလမှ မြစ်ဖျားခံလာဟန်ရှိပြီး ကမ္ဘာလောကပျက်သုဉ်းချိန်အထိ တည်ရှိနေဟန် ရှိသည်။
အနက်ရောင်ပိုးသားဧကရာဇ်က ‘ထိုက်ချူးနတ်လက်ချောင်းသိုင်း’ က အချိန်ကန့်သတ်ချက်မှ ကင်းလွတ်သည်။
သို့သော် ယခုအချိန်မှာတော့ အနက်ရောင်ပိုးသားဧကရာဇ်မှာ ထာဝရအချိန်ကာလတစ်ခုထဲတွင် ချည်နှောင်ခံထားရပြီး လုံးဝ လွတ်မြောက်နိုင်ခြင်းမရှိဘဲ သံသရာလည်လျှက် ရှိ၏။
ရန်ကျောက်ကဲ၏လက်သီးချက်က နေရာတိုင်းတွင် သူ့ကိုစောင့်ဆိုင်းနေပြီး အရပ်ရပ်မှ ဝင်ရောက်လာနေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲ၏လက်သီးချက်က အနက်ရောင်ပိုးသားဧကရာဇ်ကိုနာကျင်စေခြင်းမရှိပေ။ သို့သော် သူသွားမည့်လမ်းကြောင်းကိုပိတ်ဆို့ထားပြီး သူ့ကိုလည်း မလှုပ်ရှားနိုင်အောင် တားဆီးထားသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က နေခြည်ဧကရာဇ်ထံမှ ရုန်းထွက်ပြီး ရန်ကျောက်ကဲအနားသို့လာရောက်ရန် ကြိုးစားနေသည်။
နေခြည်ဧကရာဇ်ကလည်း ဤသည်ကိုအရေးမစိုက်ဘဲ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဤအတိုင်း အလွတ်ပေးလိုက်မည် မဟုတ်ပေ။
ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ပူးပေါင်းမိသွားပါက အနက်ရောင်ပိုးသားဧကရာဇ်နှင့် အခြားသူများအားလုံး အကြီးအကျယ်ပြဿနာတက်မည်ဖြစ်ပြီး ဤနေရာမှ ထွက်ခွာသွားနိုင်မည် မဟုတ်တော့ပေ။ သူတို့အားလုံး သေချာပေါက် အန္တရယ်ကျရောက်ရပေလိမ့်မည်။
သူတို့အနေဖြင့် ရန်ကျောက်ကဲကို အလျှင်အမြန်တွန်းလှန်ပြီး ထွက်ပြေးရန် ကြိုးစားရပေမည်။
“အနက်ရောင်ပိုးသားဧကရာဇ်က အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေကို ဖိနှိပ်နိုင်စွမ်းရှိတယ်ဆိုရင် သိုင်းသူတော်စင်တစ်ယေက်ကိုလည်း ဖိနှိပ်နိုင်မယ်လို့ ယုံကြည်မှုရှိတယ် မဟုတ်လား”
ရန်ကျောက်ကဲက ပြုံးလျှက် ဆိုလိုက်သည်။
ထို့နောက် သူက ဘယ်ဘက်လက်ကိုအားထပ်ဖြည့်လိုက်ရာ ရွမ့်မင်ယန်၏ ရပ်တည်နိုင်မှု လုံးဝ ပြိုပျက်သွားရသည်။
ကနဦးကောင်းကင် ပြောင်းပြန်တန်ခိုးစွမ်းအားက ရေဝဲဂယက်တစ်ခုပမာ ရွမ့်မင်ယန်ကို အတွင်းထဲတွင် ထိန်းချုပ်ပိတ်ဆို့ထားသည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါကလည်း မင်းလိုပဲလုပ်နိုင်စွမ်းရှိတယ်”
စကားပြောနေရင်းဖြင့်ပင် ရန်ကျောက်ကဲက နောက်ထပ်လက်သီးတစ်ချက် ထပ်မံထိုးနှက်လိုက်ပြီး အမတခုံရုံးမှ အခြားသောအုပ်စိုးရှင် (၅)ပါးကို ပိတ်ဆို့ထားလိုက်သည်။
သူတို့အားလုံး၏ ခန္ဓာကိုယ်များ တုန်ခါနေကြစဉ်မှာပင် ရန်ကျောက်ကဲက လက်ဖဝါးကို ပြောင်းပြန်လှန်လိုက်သည်။ သူ၏လက်ဖဝါးထက်တွင် အလင်းရောင်စက်ဝန်း (၁၂)ခု လှည့်ပတ်နေပြီး တစ်ခုတည်းပမာ ပေါင်းစည်းသွားသည်။
သို့သော် တောက်ပသည့်အလင်းရောင်ပျောက်ကွယ်သွားပြီး အမှောင်ထုသာလျှင် ကျန်ရစ်ခဲ့သည်။
ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရမှ ဖြစ်တည်လာသော တောင်မြင့်ကြီးဖြင့် ဖိနှိပ်ခံထားရသော စာပေသမားလူရွယ်မှာ အမှောင်ထု၏ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မှ (၁၁)ရပ်မြောက်ပညာဖြစ်သော “ကြမ်းတမ်းစုပ်ယူပညာရပ်” နှင့် (၁၂)ရပ်မြောက် ပညာရပ်ဖြစ်သော “ပြိုင်ဘက်ကင်းအဆုံးမဲ့”။
ထိုပညာရပ် (၂)ခု ပေါင်းစည်းလိုက်သည်နှင့် မှိန်ဖျော့သည့်အလင်းရောင်က တောင်မြင့်ကြီးကိုဝါးမျိုပစ်လိုက်ပြီး အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ရန်ကျောက်ကဲက ကျန်လက်တစ်ဖက်ကို စတင်ဝှေ့ယမ်းလိုက်သည်။
ကြီးမားသော စုပ်ယူစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အမတခုံရုံးမှ အခြားသောအုပ်စိုးရှင် (၄)ပါးကို သူ၏လက်ဖဝါးဆီသို့ ဆွဲယူလိုက်သည်။
အမတခုံရုံး အုပ်စိုးရှင် (၄)ယောက်မှာ သူတို့ကိုယ်သူတို့ တည်ငြိမ်ရန် ကြိုးစားလိုက်သော်လည်း ဖြည်းဖြည်းချင်း ရန်ကျောက်ကဲထံသို့ ဆွဲယူခြင်း ခံလိုက်ကြရလေသည်။
ထို့နောက်မှာတော့ ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်ရှေ့သို့ ရုတ်ချည်းရောက်ရှိလာပြီး လက်သီးချက်နောက်တစ်ချက် ထပ်မံပစ်လွှတ်လိုက်သည်။
ထိုလက်သီးချက်က မပြင်းထန်သော်လည်း လေးနက်လှပြီး နေရာနှင့်အချိန် ရပ်တန့်သွားသည့်ပမာဖြစ်ရာ အနက်ရောင်ပိုးသားဧကရာဇ်မှာ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ဤလက်သီးချက်ကို ခံယူရပေတော့မည်။
အနက်ရောင်ပိုးသားဧကရာဇ်၏မျက်ဝန်းများက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်ပမာ လက်ခနဲတောက်ပသွားပြီး ရန်ကျောက်ကဲ၏ သံမဏိလက်သီးသိုင်းကို သူ၏လက်ချောင်းသိုင်းဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။
သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် မှေးမှိန်သည့်အလင်းတန်းတစ်ခုက ရန်ကျောက်ကဲ၏ လက်သီးထက်တွင် မြင့်တက်ထွက်ပေါ်လာသည်။
မှောင်ရီသည့်အလင်းရောင်များအလယ်တွင် အမတခုံရုံးမှ လူရွယ်စာပေသမားအုပ်စိုးရှင်မှ, အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုအလယ်တွင် ထွက်ပေါ်လာပြီး မည်သို့မှမတတ်နိုင်စွာ ကြားညပ်သွားရလေတော့သည်။