အဆင့်မြှင့်ဖို့ဖိအားပေးခြင်း! မိုးမခရွက်ဘဲစားမှော်! ၃
Vol. 18 Ch. 257
ဒီအပင်တွေကိုယ်တိုင်ကိုက ကလိုရိုဖီးလ် သို့မဟုတ် တခြားရောင်ခြယ်ဆဲလ်များပါဝင်ပြီး နေရောင်ခြည်ကိုစုပ်ယူကာ ရေနှင့်လေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်အစာချက်၍ ကာဘိုဟိုက်ဒရိတ်နှင့်အောက်စီဂျင်ထုတ်ပေးသည်။ လေကိုသန့်စင်ပေးရုံမက ရေကိုလည်းသန့်စင်ပေးသည်။ ငါးများမှီတင်းရန်အတွက်လည်း အရေးပါသည်။
အဓိကအကျဆုံးမှာ ဂိမ်း၏အာနိသင်များက လက်တွေ့လောကထက် သေချာပေါက်ပိုအားကောင်းမည်ပင်။
နောက်ပြီး ဒီရေမျောပင်များက မြင်ကွင်းကိုလည်း အလှဆင်နိုင်သည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား လယ်ကွက်မျိုးစေ့များကိုကြည့်ခိုင်းလိုက်သည်။ သူလိုချင်သောရေမျောပင်က ကတ်တလောက်အဆင့် ၁၊ ၂၊ ၃ အပင်များတွင်ပါမလာ။
အဆင့် ၁ နှင့် ၂ လယ်ကွက်တွင်စိုက်နိုင်သော အပင်များစွာရှိသည်။ အရင်က ရှန်းရွှေလက်ဆောင်ဆန်မျိုးနှင့် ငါးရှဉ့်၊ ရေချိုငါးတို့ကိုလည်း မွေးမြူခဲ့သည်။ တခြားဘာကိုမှ သေသေချာချာမကြည့်ခဲ့။
အရင်ကအကြမ်းဖျင်းသာကြည့်ပြီး တခြားအပင်များမှာ စံအိမ်အတွက်အသုံးမတည့်ဟု သဘောပေါက်ခဲ့၏။
လယ်ကွက်သီးနှံများကို အပြန်ပြန်အလှန်လှန်ကြည့်ပြီးနောက် အဆင့် ၂ လယ်ကွက်ထဲတွင် ဘဲစားမှော်မျိုးစေ့ကို အမှန်ပင်တွေ့လိုက်ရသည်:
(မိုးမခဘဲစားမှော်မျိုးစေ့)

(ဘဲစားမှော်ပင်အမျိုးအစားဖြစ်သည်။ အပင်ဖြစ်ချိန်အလွန်တိုတောင်းပြီး အလွန်အထွက်ကောင်းသည်။ စိုက်ပြီးလျှင် လှပသောမိုးမခရွက်ဘဲစားမှော်ပင်ဖြစ်လာမည်။ ရေနှင့်လေပတ်ဝန်းကျင်ကိုသန့်စင်စေရန်အသုံးပြုနိုင်သည်။ ရေကန်ရှုခင်းကိုလည်း အလှဆင်နိုင်သည်။ ရေလှိုင်းပုတ်တိုင်း လှပသောလှိုင်းလုံးအမြှောင်းများအဖြစ်မြင်နိုင်မည်။)
ချင်လင်က မိုးမခရွက်ဘဲစားမှော်ပင်ကို တုံ့ဆိုင်းခြင်းမရှိဝယ်ပစ်လိုက်ပြီး ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံဆီပြန်လာစေသည်။ သူက မိုးမခရွက်ဘဲစားမှော်မျိုးစေ့များကို လယ်ကွက်နှစ်ကွက်တွင်ကျဲလိုက်သည်။
နောက်တွင် ဘယ်လောက်မြန်မြန်အပင်ဖြစ်လဲ ချက်ချင်းသိလိုက်ရ၏။
နာရီအနည်းငယ်သာရှိသေး။ ညနေမတိုင်ခင် သူ့စိတ်ထဲတွင် မိုးမခရွက်ရင့်ပြီဖြစ်ကြောင်း အသိပေးစာရလိုက်သည်။
သူကဂိမ်းဇာတ်ကောင်အား ရင့်နေသောမိုးမခရွက်ဘဲစားမှော်ပင်အား ချက်ချင်းခူးစေပြီး အဆင့် ၂ လယ်ကွက်နှစ်ကွက်တွင် မျိုးစေ့အသစ်များကျဲထားလိုက်၏။
ရေလှောင်တမံအတွင်း ဘဲမွေးမည့်ဧရိယာမှာ အလွန်ကျယ်သည်။ ရိတ်ထားသောမိုးမခရွက်ဘဲစားမှော်တစ်သုတ်တည်းနှင့် လုံးဝမလောက်။
ထို့နောက် စံအိမ်မှထွက်၍ အပြာရောင်ထရပ်ကားကို ဂိုဒေါင်ဆီမောင်းလာပြီး ဂိမ်းထဲဝင်လိုက်သည်။
သိုလှောင်ခန်းထဲရောက်သောအခါ ရိတ်ထားသောမိုးမခရွက်ဘဲစားမှော်ပင်များကိုမြင်ပြီး နည်းနည်းအံ့သြသွားသည်။ အားလုံးကိုအိတ်နှင့်သွပ်ထားပြီး အရွက်များသာဖော်ထားသောကြောင့်ပင်။
အိတ်ပေါ်တွင် 'မိုးမခရွက်ဘဲစားမှော်'ဟူသော စာလုံးများလည်းရေးထားသည်။
နောက်ပြီး အိတ်တွေအများကြီးနှင့် စုစုပေါင်း ၁၀ အိတ်ရှိ၏။ ၉ အိတ်ကိုတစ်စုတည်းထားပြီး တခြားအိတ်ကိုသီးသန့်ခွဲထားသည်။
အရည်အသွေးမတူ၍ဖြစ်ရမည်။
ချင်လင်ကလျှောက်သွားပြီး အိတ်ကိုမလိုက်သည်။ ကတ်တီ ၄၀ ခန့်ရှိသဖြင့် လယ်ကွက်နှစ်ကွက်မှစုစုပေါင်းမိုးမခရွက်ဘဲစားမှော်ကတ်တီ ၄၀၀ ထွက်သည်။
ထို့နောက် မိုးမခရွက်ဘဲစားမှော်အိတ်ပေါ်မှ မှတ်ချက်ကိုကြည့်လိုက်သည်:
(မိုးမခရွက်ဘဲစားမှော်: အရည်အသွေး ၁)
(အာနိသင်များစွာနှင့် အလွန်လှသောဘဲစားမှော်ပင်ဖြစ်သည်: အစာချက်ခြင်း +၁၊ ရေပတ်ဝန်းကျင်သန့်ရှင်းစေခြင်း +၁၊ အလှအပ +၁၊ ဆွဲဆောင်မှုရှိခြင်း +၁၊ အသွင်အပြင် +၁)
ထိုထဲမှအရည်အသွေး ၃ မျိုးက ဘဲစားမှော်၏ပြိုင်ဘက်ကင်းပင်။

အလင်းရောင်နှင့်အစာချက်ခြင်းက လေထုကိုပိုကောင်းစေသည်။ ရေပတ်ဝန်းကျင်သန့်ရှင်းစေခြင်းက ရေကိုကြည်လင်စေခြင်း၊ ရေကိုသန့်စင်ပေးခြင်းနှင့် ဘဲများစွာရှိခြင်းကြောင့် မမြင်ရသောအန္တရာယ်တချို့ကို ဖယ်ရှားပေးနိုင်သည်။
အလှအပ၊ ဆွဲဆောင်မှုနှင့် အသွင်အပြင်တို့မှာ ပြောစရာမလိုတော့။ အားလုံးက ရှုခင်းနေရာအတွက်အကောင်းဆုံးအရည်အသွေးများဖြစ်သည်။
ထိုအရည်အသွေးက သုံးပွင့်ဆိုင်ဇီးပင်နှင့်ဆင်တူနေ၏။
ကြည့်ရတာ ရေပေါ်တံတားနှင့်အလှမွေးဘဲလုပ်ငန်းက နည်းနည်းလျော့တိလျော့ရဲဖြစ်နေသလိုပင်။
အခမဲ့ဆိုရင် လူတွေဘယ်လောက်ပုံလာမလဲ ဘယ်သိနိုင်ပါ့မလဲ? ထိန်းသိမ်းဖို့ခက်နိုင်သည်။
ဒီအရည်အသွေးတွေနဲ့ ဘဲတွေရဲ့အသွင်အပြင်၊ အလှအပ၊ ပြိုင်ဘက်ကင်းမှုပေါင်းလိုက်ရင် ဝင်ကြေးကောက်ဖို့လိုမည်ထင်သည်။ ပန်းပင်လယ်ကဲ့သို့ ယွမ် ၅၀ ဆိုလုံလောက်ပြီ။
ရေပေါ်တံတားကို အလိမ်အကောက်လမ်းဆုံတွေထပ်ထည့်ပြီး ပိုရှည်အောင်လုပ်ရင် လူတွေပိုနေနိုင်မည်။ ကမ်းစပ်တွင် ရှုခင်းလျှောက်ကြည့်နိုင်ရန် လမ်းလျှောက်နေရာကိုလည်းလုပ်နိုင်သည်။
နောက်ပြီး ခရီးသည်တွေမှာ အစာကျွေးချင်တဲ့ဝါသနာရှိကြတယ်မလား? ဒီလှပပြီး ချစ်စရာကောင်းတဲ့ဘဲဖြူကြီးတွေကိုမြင်ရင် အစာကျွေးချင်စိတ်ကို လုံးဝတားနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် အချိန်ကျရင် ဆိုင်းဘုတ်တစ်ခုထောင်ထားရမည်_ ''ဘဲများနေမကောင်းမဖြစ်စေရန် ပြင်ပအစာများကျွေးခြင်းကိုတားမြစ်ထားသည်။ အစာကျွေးချင်လျှင် စံအိမ်၏အထူးဘဲစာကိုဝယ်နိုင်သည်။''
ခရီးသည်များကိုလက်မှတ်ယူပြီး သူ့ကိုဘဲစာကူကျွေးဖို့ပိုက်ဆံသုံးခိုင်းတာ ကောင်းသလိုလိုပင်။
ချင်လင်က မိုးမခရွက်ဘဲစာမှော်အိတ်ကိုကြည့်ပြီး မှတ်ချက်ကိုဖတ်လိုက်သည်။
(မိုးမခရွက်ဘဲစာမှော်: အရည်အသွေး ၂)
(အာနိသင်များစွာနှင့် အလွန်လှသောဘဲစားမှော်ပင်ဖြစ်သည်: အစာချက်ခြင်း +၂၊ ရေပတ်ဝန်းကျင်သန့်ရှင်းစေခြင်း +၂၊ အလှအပ +၂၊ ဆွဲဆောင်မှုရှိခြင်း +၂၊ အသွင်အပြင် +၂)
ထိုစာကိုမြင်လျှင် ချင်လင်ကမျှော်တလင့်လင့်ဖြစ်သွားသည်။
ဒီဘဲစားမှော်နဲ့အလှမွေးဘဲက မြင်ကွင်းလှလှဖြစ်လာမည်ဟု သူလုံးဝယုံကြည်ထား၏။
ပြီးလျှင် မိုးမခရွက်ဘဲစားမှော်အိတ်အားလုံးကို ဂိမ်းထဲမှထုတ်ပြီး ထရပ်ကားပေါ်တင်လိုက်သည်။
စံအိမ်သို့ပြန်မလာမီ ဂိမ်းထဲထပ်ဝင်ပြီး အရည်အသွေး ၂ ဘဲဥသုံးလုံးကိုထုတ်ယူလာခဲ့သည်။
ညကျရင် ဒီဘဲဥကိုမြည်းကြည့်ရမည်။
သူရယ် ကျောက်မိုချင်းရယ် သူ့အမေရယ် တစ်လုံးစီစားမည်။
သူကဒါဘဲဥလို့ပြောရင် သူတို့ယုံကြပါ့မလားမသိ။